Saturday, 27 December 2008

နှစ်သစ် စိတ်ကူးသစ်

စိတ်သစ်လူသစ်နှစ်သစ်တဲ့။ နှစ်သစ်အတွက် မစဉ်းစားခင် ၂၀၀၈ အတွင်း ဘာတွေလုပ်ထား/ ဖြစ်လဲလို့ စဉ်းစားလိုက်တော့ ချစ်သော ဒေါ်ကြီးရဲ့ ၆၀ ပြည့်မွေးနေ့ပွဲ၊ အိမ်အသစ်၊ ဘလော့ဖတ်/ ရေး၊ လမ်းလျှောက်၊ ခရီးထွက်။ အကျေနပ်ဆုံးကတော့ ကိုယ်ပိုင် ဘလော့လေး ဖြစ်လာတာကိုပဲ။ ကိုယ်ရေးထားတဲ့ စာတွေကို အင်တာနက်ပေါ်မှာ မြင်ရပြီး စာဖတ်သူတွေပါ ရှိတယ်ဆိုတဲ့ အသိက ရတဲ့ ပီတိက တမူထူးခြားပါတယ်။ အဆောင် အယောင် အပြည့်အစုံ မရှိသေးပေမယ့် မေတ္တာနဲ့ လာလည်ကြတဲ့ မိတ်ဆွေ အားလုံးနဲ့ သင်ဆရာ မြင်ဆရာအားလုံးကို လှိုက်လှဲစွာ အထူးပဲ ကျေးဇူးတင်ပါတယ်။

ပထမဆုံး လုပ်ချင်တဲ့ အရာများနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ချရေးလိုက်တော့...
ရေများများသောက်ဖို့၊ မနက်အိပ်ရာထတိုင်း အကြောလျှော့ လေ့ကျင့်ခန်းလုပ်ဖို့၊ စာများများဖတ်ဖို့၊ အပန်းဖြေခရီးထွက်ဖို့ (ရန်ကုန်ပြန်တာ မပါ)၊ သင်တန်းတို တစ်ခုတက်ဖို့ (ဘာသင်ရမှန်း မသိသေး)၊ ရည်စူးထားတဲ့ အလှုတစ်ခု ဖြစ်မြောက်ဖို့။ အဓိကကတော့ နှစ်သစ်မှာ ပိုပြီး ကျန်းမာပျော်ရွှင်ဖို့လေ။

နှစ်သစ်မှာ စိတ်ကူးသစ်နဲ့ ဆုံးဖြတ်ချက်အသစ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ကိုယ်ရော စိတ်ပါ ကျန်းမာ သန်စွမ်းမှ ဖြစ်မယ်ထင်ပါတယ်။ ဇွဲမလျှော့ဘဲ ဆုံးဖြတ်ချက်တွေကို ကြိုးစား လုပ်ဆောင်ဖို့ လည်းလိုပါမယ်။ ကိုယ့်ကိုယ်ကို အားပေးဖို့လည်း အရေးကြီးပါသေးတယ်။ ဒါမှလည်း စိတ်ဓါတ် တက်ကြွမှုပိုရှိမှာ။ စာရင်းတို့ထားတဲ့ အထဲက တစ်ခု အောင်မြင်သွားတာနဲ့ ဆုချတာမျိုးပေါ့။ မအောင်မြင်ရင်လည်း အားလျှော့လို့ မဖြစ်ပါဘူး။ နောင်နှစ်တွေ ရှိသေးတယ်လေ။ တခါမှ မလုပ်ဖူးသေးတဲ့ ကိစ္စမျိုးဆိုရင်တော့ အောင်မြင်သွားရင် ပိုပြီး ပျော်စရာ ကျေနပ် စရာကောင်းပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်က သူငယ်ချင်းတစ်ယောက် ခေါ်လို့ ရေခဲစကိတ်စီးတာကို ဘ၀မှာ ပထမဆုံး လုပ်ဖူးသွားပါတယ်။ မမျှော်လင့် ထားတာမျိုး ဆိုရင်တော့ ပိုပျော်ဖို့ ကောင်းမှာပေါ့။ နှစ်သစ်မှာ စိတ်ကူးသစ်လေးတွေ ဖန်တီးနိုင်ပါစေ။

10 comments:

  1. ပြည့်စေသော်..ပြည့်စေသော်

    ReplyDelete
  2. မမွန်ကြီးပြောသလိုပါပဲ။ (ဝေလေလေလိုက်တား)

    ReplyDelete
  3. ပထမ သုံးခုနဲ့ နောက်ဆုံးတစ်ခု တူနေတယ်။ အချင်းချင်း အားပေးစစ်ဆေးရမယ် ထင်တယ်။ ကလေးတွေလို စတားချာ့တ် ထားရမယ် ဟိ။

    ReplyDelete
  4. အမမီယာလို ဘာတွေလုပ်ဖြစ်မလဲ သေချာပြန်စဉ်းစားလိုက်အုံးမယ်။
    စိတ်ကူးသစ်တွေ အကောင်အထည်ဖော်နိုင်ပါစေ။
    လှပတဲ့နှစ်သစ်လေး ပိုင်ဆိုင်ပါစေ။

    ReplyDelete
  5. နိနိပြောသလိုပါပဲ..မမီယာ
    ပိုင်ဆိုင်နိုင်ပါစေ..

    ReplyDelete
  6. အောင်မြင်မှုများများ ပျော်ရွှင်မှုများများ ပိုင်ဆိုင်ရသော နှစ်သစ်ဖြစ်ပါစေဗျာ

    ReplyDelete
  7. နှစ်သစ်ဆုတောင်းတွေပြည့်ပါစေ။

    ReplyDelete
  8. နှစ်သစ်မှာ လုပ်ချင်တဲ့ အချက်တွေ တော်တော်များများ တူနေတယ်။ အဓိကကတော့ ကျန်းမာပျော်ရွှင်ဖို့ပေါ့လေ။ စိတ်ကူးတွေ အကောင်အထည်ဖော်နိုင်ပါစေ။

    ReplyDelete
  9. ပြည့်စုံပြီးမြောက် အောင်မြင်ပါစေ..မီယာရေ..

    ReplyDelete
  10. မီယာရေ နှစ်သစ်မှာပျော်ရွှင်ပါစေခင်ဗျာ

    ReplyDelete

Thank you for your time.