Friday, 27 February 2009

အစည်းအဝေး ရက်သတ္တပတ်

တနင်္လာ နေ့ထဲက စလိုက်တဲ့ အစည်း အဝေးတွေ တပတ်လုံးပဲ။ အတိုဆုံးက ၃နာရီ အရှည်ဆုံးက ၅နာရီ။ ပထမဆုံး လုပ်ရတာက ခေါင်းဆောင် စည်းဝေး။ ဆရာမကြီးက အရမ်း ကြောက်စရာ ကောင်းတဲ့ အကြောင်းပဲ ထပ်ခါ ထပ်ခါ ပြောနေလို့ ခေါင်းဆောင် တွေလည်း ထုံကုန်တယ်။ ကော်ဖီ သောက်တဲ့ အချိန် ရောက်တော့ တယောက်က ထောက်ပြတယ်။ ဆရာမကြီး အတော် ကြောက်နေ ရှာတာတဲ့။ ဒါနဲ့ မသိ ဟန်ဆောင် နေလိုက်တယ်။ ခေါင်းဆောင်တွေ ကစပြီး ကြောက်ပြ နေမှတော့ တခြားသူတွေ ဘယ်လို နေမလဲ စဉ်းစားသာ ကြည့်တော့။

ခေါင်းဆောင် စည်းဝေး ပြီးတော့ ကုမ္ပဏီ အစည်းအဝေး။ အရေးကြီးသည် လို့ ခေါင်းစဉ်တပ်ပြီး စည်းဝေး ဖိတ်တာကို မလာနိုင်ပါ လို့ နံရံ တစ်ချပ်ပဲ ခြားတဲ့ နေရာကနေ အီးမေးနဲ့ အကြောင်းပြန်တဲ့သူ တယောက် ကလွဲလျှင် အားလုံး လာမယ်လို့ ပြန်စာ ရတယ်။ အဲ့ဒီ တယောက်ကို ဆရာမကြီးက စည်းဝေးလည်း မလာနဲ့ စစ်ဆေးရေးဝင်တဲ့ အချိန်ကိုလည်း မလာနဲ့ ခွင့်ယူပါ လို့ အကြောင်းပြန်လိုက်တယ်။ ဒါတွေ အားလုံး အလုပ်ရှုပ်နေတာနဲ့ ဖြစ်ပြီးမှ သိလိုက်တယ်။ အဲ့ဒီ တယောက်ကို အလုပ်က ရပ်စဲဖို့ သဘောတူချက် လာတောင်းနေလို့ စဉ်းစားပါ့မယ် လို့ ပြောလိုက်တယ်။ ကံဆိုးချင်တော့ အဲ့ဒီ တယောက် က လောလောဆယ် အတိုင်လည်း ခံထားရတယ်။

ကုမ္ပဏီ အစည်းအဝေး ပြီးတော့ အတိုင်ခံ ရတဲ့ ကိစ္စ အတွက် အစည်းအဝေး ခေါ်ရတယ်။ အတိုင်ခံရတဲ့ သူက ဘာအတွက်လဲ မေးနေလို့ ဘာပြောရမလဲ မသိအောင် ကြောင်သွားတယ်။ နောက် သက်သေ နှစ်ယောက်ပါ ခေါ်၊ တိုင်စာကို ပရင့်ထုတ် ပြီး အားလုံးကို ပြလိုက်တယ်။ ရုံးမှာက အတိုင်ခံရလျှင် ပြဿနာကို ၁ပတ်အတွင်း တိုင်တဲ့ သူကို အကြောင်းပြန်ရတဲ့ ပေါ်လစီ ရှိတယ်။ ပထမတော့ သူက ငြင်းတယ်။ စာမေးပွဲ လာဖြေတဲ့ သူကို မခြေမငံ ဆက်ဆံလို့ အတိုင်ခံရတာ။ ဖြစ်တာကလည်း နင်ဘာလို့ ကွန်ပြူတာ မသုံးတတ်ဘဲ စာမေးပွဲ လာဖြေ ရတာလဲလို့ မေးရာက စတာ။ အချိန်ကုန် သက်သာအောင် ရှည်ရှည် ဝေးဝေး မပြောတော့ဘဲ ကိုယ်နဲ့ မဆိုင်တဲ့ မေးခွန်းမျိုးတွေ မမေးပါနဲ့၊ လူတွေ ကို ချိုချိုသာသာ စကားပြောပါ လို့ တိုက်တွန်းခဲ့တယ်။ ကိုယ့်အတွက်ကတော့ ရီပို့ရေးဖို့ရယ် တိုင်တဲ့ သူကို အကြောင်းပြန်ဖို့ရယ် အလုပ် နှစ်ခု ပိုသွားတယ်။

အတိုင်ခံရတဲ့ ကိစ္စ အစည်းအဝေး ပြီးတော့ စစ်ဆေးရေး အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ ကုမ္ပဏီ ခေါင်းဆောင် တွေနဲ့ အစည်းအဝေး။ အားလုံးနဲ့ မိတ်ဆက် အပြီးမှာ ဆရာမကြီးက သူ့အကြောင်း စပြီးပြောပါတယ်။ နောက်ဆုံး လာစစ်သွားတဲ့ အဖွဲ့နဲ့ သူ ရန်ဖြစ်ရတဲ့ အကြောင်း၊ နောက်ဆုံး စိတ်ကျရောဂါ ဖြစ်ပြီး ဆရာဝန်နဲ့ ပြရတဲ့ အကြောင်း၊ ဒါကြောင့် သူ အရမ်း ကြောက်နေကြောင်း စသဖြင့် ပြောပါတယ်။ စစ်ဆေးရေး အဖွဲ့ရဲ့ ခေါင်းဆောင် ကလည်း သူနဲ့ မဆိုင်ပေမယ့် တောင်းပန်ပြီး ဒီတခေါက်တော့ အားလုံး ညှိနှိုင်းပြီး တိုင်တိုင် ပင်ပင် လုပ်မှာ ဖြစ်ကြောင်း၊ အပြန်အလှန် လေးစားမှုကို အရေးထားတဲ့ အကြောင်း ပြန်ပြောပါတယ်။ စိတ်ဝင်စား စရာကောင်းတာက grading ပေးတဲ့ အစည်းအဝေးတွေကို ဆက်သွယ်ရေး တာဝန်ခံ ပဲတက်ရမယ်လို့ လည်းပြောရော ဆရာမကြီးက ကိုယ့်ကို စိတ်မချတဲ့ မျက်နှာနဲ့ အမူအယာ ပြောင်းသွားတာ တွေ့လိုက်ရတာပဲ။

တယောက်ပြီး တယောက် အလ္လာပ သလ္လာပ ကိုယ့် ပညာရေးနဲ့ အလုပ် အကြောင်း ပြောကြတော့ စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်က အလျင်က စိတ်ရောဂါ မှုခင်း ဆရာဝန်။ စိတ်ပြေ လက်ပျောက် ဖြစ်အောင် ဒီ အလုပ်ကို ပြောင်းလိုက်တာ ၇နှစ် ရှိပြီတဲ့။ ဒါနဲ့ စိတ်ရောဂါ ဝေဒနာသည်တွေ အကြောင်း ပြောကြ ပြန်တော့ Silence of the lamb ထဲက Jack Nicholson ရဲ့ ဇတ်ကောင် လို လူမျိုး ထောင်ထဲမှာ သူ တွေ့ဖူးတယ်တဲ့။ ကျောချမ်း စရာကြီး။

စိတ်တွေ မနဲ ထိန်းထားရတယ်။ အပေါ် အောက် အတွင်း အပြင် ယုံကြည်မှု ရဖို့ မလွယ်ဖူး ဆိုတာ သိတယ်။ ကိုယ့်အကျိုး အတွက် လုပ်နေတာ မဟုတ်ဘူး လို့ ပြန် စဉ်းစား မိပြန်တော့ မယုံကြည်နိုင်တဲ့ သူတွေကို စိတ်ပျက်မိတယ်။

14 comments:

  1. မီယာက Forensic Psychiatrist ဟောင်းနဲ့ သွားတွေ့တာကိုး။ သူတို့အလုပ်က စိတ်ဝင်စားစရာလည်းကောင်း၊ တာဝန်လည်း ပိုကြီးတယ်။ စိတ်ရောဂါဝေဒနာသည်ကို secure unit (မှုခင်းစိတ်ရောဂါကု အထူး လုံခြုံသော ဆေးရုံ) က ပေးဆင်းလိုက်ပြီးမှ လူသွားသတ်တဲ့ အမှုတွေ ဟိုးလေးတကျော် ဖြစ်ခဲ့ကြတာကိုး။ Media တွေကလည်း ဒါမျိုးဆို ၀ိုင်းအမဲဖျက်ကြတယ်။ နိုင်ငံရေးသမားတွေ ကြောက်တဲ့ ဖြစ်ရပ်မျိုးပေါ့။ Political agenda တွေနဲ့ ဆက်စပ်နေတယ်။ Home office နဲ့ ဆက်သွယ် အလုပ်လုပ်ရတယ်။ သူတို့ရဲ့ဆေးရုံတွေကလည်း ထောင်လိုပဲ။ လုံခြုံရေး အထပ်ထပ်နဲ့။ မှတ်တမ်း မှတ်ရာတွေတော့ ပိုစနစ်ကျတယ်။ ခေါင်းပိုစားသလို ငွေပိုရပါတယ်။ ဆယ်မျက်နှာအောက် Report တစ်ခုလောက် ရေးရင် ပေါင်တစ်ထောင် အသာလေးပဲ။
    ကိုယ် သိတာလေးပဲ ၀င်ဖြည့်သွားတယ်နော်။ စိတ်မပျက်ပါနဲ့ မီယာ။ အလုပ်မှာတော့ လူက အမျိုးမျိုးပဲ။ တနင်္လာနေ့ကျရင် အားလုံး ပုံမှန် ပြန်ဖြစ်သွားမှာပါ။
    စနေ-တနင်္ဂနွေလေးကို ပျော်ရွှင်စွာ ကုန်လိုက်ပါ။ (ဘာသာပြန် ဆုတောင်းသွားသည်)

    ReplyDelete
  2. အဆင်ပြေပါစေဗျို့ ...

    ReplyDelete
  3. မမီယာ အားလုံး အဆင်ပြေသွားမှာပါ။

    ReplyDelete
  4. ဖတ်ပြီး ဘယ်လိုကြီးမှန်းမသိဘူး အမမီယာ။ အစည်းအဝေးတွေ အလုပ်တွေ စိတ်ညစ်တယ်။ အားပေးရမယ်မှန်းသိပေမယ့် ညည်းတွားသွားတယ်။

    ReplyDelete
  5. ရုံး စတိုင်တွေ ဖတ်ပြီး မောလဲမော မွန်းလဲမွန်း သွားတယ် မီယာရေ။ အစစ အရာရာ အဆင်ပြေပါစေနော်။ ယုံကြည် စိတ်ချရတဲ့ ပတ်ဝန်းကျင်မှာလဲ ပျော်ရွှင်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

    ReplyDelete
  6. အဆင်ပြေပါစေ

    ReplyDelete
  7. အဆင်ပြေပါစေနော်။

    ReplyDelete
  8. အင်း..မလွယ်ဘူးနော်..။
    လူတွေလည်း pressure တွေ များနေကြတယ်ထင်ရဲ့။ အဆင်ပြေပါစေနော်..။

    ReplyDelete
  9. ဆရာမကြီးက မမီယာလားဟင်။ မပေါက်လို့ပါ။ :D

    ReplyDelete
  10. အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်.. စစ်ဆေးရေးနဲ့ ပတ်သက်တာတွေကို မှတ်တမ်းတစ်ခုအနေနဲ့ သိမ်းထားချင်လို့ ရေးတာပါ။ ကိုယ် pressure ဖြစ်နေတာတွေကို ချရေးမိနေတာကိုတော့ စိတ်မကောင်းပါ။
    ဆရာမကြီးက ကိုယ်တို့အားလုံးရဲ့ မန်နေဂျာ အကြီးဆုံးပါ... သူ့ အုပ်ချုပ်မှု စတိုင်တွေ နောက်ကြုံရင် ရေးပါဦးမယ်။

    ReplyDelete
  11. ညီမရေ… အမြဲရောက်ဖြစ်တယ်… ရုံးမှာ ညီမဘလော့ဂ်ကို ကော်မန့် ပေးလို့ မရဘူး… errorပြပြနေတယ်… တနေ့ ထဲကို အစည်းအဝေးတွေ ဆက်တိုက်တက်ရတာ အတော်ပင်ပန်းမှာပဲနော်… အမကတော့ ၂ ခုလောက်ဖြစ်သွားရင် နဲနဲဂေါက်ချင်လာရော…

    ReplyDelete
  12. မီယာရေ... အလုပ်ဆိုတာတော့ ဒီလိုပါပဲ...။ ကိုယ်တတ်နိုင်တဲ့ နေရာမှာ အကောင်းဆုံး လုပ်သွားတာပဲ ကောင်းပါတယ်။ စကားမစပ် - အလာပ္ပ သလာပ္ပ ဆိုတဲ့ စာလုံးမှာ သတ်ပုံမှားနေတယ်။ အလ္လာပ သလ္လာပ ဆိုမှ မှန်မယ် ထင်တာပဲ...။

    ReplyDelete
  13. ကိုဘရေ.. စာလုံးပေါင်း ပြင်လိုက်ပါပြီ။ ကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  14. ဘာဘဲဖြစ်ဖြစ် အစစ အဆင်ပြေပါစေလို့ ဆုတောင်းနေပါတယ်.. ဟိုတနေ့က ဖတ်ပြီးပြီ။ မှတ်ချက်ရေးလို့မရလို့...။ ဆုပဲတောင်းပေးနေရတယ်...။

    ReplyDelete

Thank you for your time.