Tuesday, 17 March 2009

ကိုယ့်အကြောင်း အကောင်း

ဒီနေ့ ရလာတဲ့ အတွေးတခုပါ။ ဆရာ တချို့ကို မင်းတို့ ကောင်းကြောင်း ပြောပါဦး လို့မေးတာ ကိုယ့်ကို ကြောင်ပြီး ကြည့်ကြတယ်။ ဒါဆို ကျောင်းသားတွေရဲ့ တိုးတက်မှု အကြောင်း ပြောပါဦး ဆိုတော့ တခုပြီး တခု တယောက်ပြီး တယောက် ပြောလိုက်ကြတာ ရပြီလို့ ပြောယူရတယ်။ ကိုယ့်ကောင်းကြောင်း ကိုယ် ပြန်ပြော ရတာ ရီစရာကြီး၊ မသင့်လျော်ဘူး၊ မကြားကောင်းဘူး စသဖြင့် ထင်မြင် ယူဆ ထားကြတာ လူမျိုးတိုင်း ယဉ်ကျေးမှုတိုင်း မှာ ပဲ လားတောင် မသိပါ။ ကျွန်တော်က စည်းကမ်း အရမ်းရှိတယ်၊ ကျွန်မက ဒီဘာသာရပ်မှာ ကျွမ်းကျင်တယ်၊ ကျုပ်ကတော့ အ၀တ်အစား သန့်သန့် ပြန့်ပြန့် ၀တ်တယ်၊ ကိုယ်က ပေါင်းသင်း ဆက်ဆံရေး တော်တယ် လို့ ကိုယ့်အကြောင်း ကိုယ့်ဘာသာ အမွှန်း တင်ပြီး ပြောတဲ့သူမျိုး ရှိတော့ ရှိတယ် ရှားပါတယ်။ အဲ့သလို ပြောတာ ကြားလျှင်လည်း ဘာကြီးလဲဟ လို့ မျက်ခုံး ပင့်တတ်ကြပါသေးတယ်။

ကိုယ့်အကြောင်း အကောင်း မပြောနိုင်တဲ့ သူတွေထဲမှာ ကိုယ်လည်း ပါပါတယ်။ ချက်ချင်း ပြောလို့ မထွက်တာရယ်၊ ဘယ်တခုကို အကောင်းဆုံးလို့ ယူပြီး ပြောဖို့ စဉ်းစားနေတာရယ်၊ လူတွေ ဘယ်လို ထင်မှာလဲလို့ တွေးပြီး ကြောက်နေတာနဲ့ပဲ ကိုယ့်အကြောင်း အကောင်းပြောဖို့ ထွက်မလာပါဘူး။ ကိုယ့်ဘာသာတောင် အကောင်း ပြန်မပြောနိုင်တာ ကိုယ့်ပတ်ဝန်းကျင်ကို အကောင်း ဘယ်လိုမြင်နိုင်မှာလဲလို့ မေးခွန်း ထုတ်နေမိတယ်။ ကိုယ့်အနားက လူတွေကိုရော အကောင်း မြင်တတ်အောင် ဘယ်လို ဆွဲဆောင် နိုင်မှာလဲ။ လူဆိုတာက သိုးတွေလိုပဲ တယောက်လုပ်လျှင် နောက်ကလိုက်တတ်တဲ့ အမျိုးဆိုပဲ။ သူများ အကြောင်း အကောင်း ပြောနိုင်ဖို့ အကောင်း ပြောတတ်ဖို့ ကိုယ့်အကြောင်း အကောင်း ပြောတာက စရမယ် ထင်ပါတယ်။ ရှုပ်သွားပြီထင်တယ်။

မင်း အင်္ကျီလေးက လှလိုက်တာ လို့ ပြောလာလျှင် ကျေးဇူးတင်ပါတယ် လို့ ချီးမွမ်းတာကို ပြုံးပြုံးလေး ခံနေမယ့်အစား အို ဒါသိပ်ဈေးမကြီးပါဘူး ဈေးချတုန်းက ၀ယ်ထားတာပါ နံမည်လည်း မရှိပါဘူး ဆိုပြီး ဘယ်သူမှ မမေးဘဲ အရှည်ကြီးတွေ ရှင်းပြတတ်တယ်။ မင်း ဘ၀မှာ တိုးတက်မှုတွေ အများကြီး ရနေတာပဲ ဆိုလျှင်လည်း ငါက သာမန်လူပါ ငါ့မှာ အိမ်မရှိ ကားမရှိ ခရီးရက်ရှည် မထွက်နိုင် လိုချင်တာတွေ မ၀ယ်နိုင် ဆိုပြီး အဆိုးတွေကိုပဲ တသီတတန်းကြီး ပြောချတတ်ပါသေးတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကူးစက်ရောဂါ ရသလို တယောက် ကောင်းကြောင်း တယောက် ဆက်တိုက် ပြောနိုင်ဖို့ ကိုယ်တို့ အားလုံး ကိုယ့်ကောင်းကြောင်း ကိုယ် ပြောနိုင်ဖို့ အရင် ကြိုးစားရဦးမှာပါ။ ကဲ ကိုယ့် ကောင်းကြောင်း ကိုယ် ပြောကြည့်ကြ ရအောင်နော်။

16 comments:

  1. ကျွန်တော် ပေါင်းရသင်းရခက်ပါတယ်..
    စကားကို ဘုဂလန့်ပြောတတ်ပါတယ်...
    အာလူးများပါတယ်...
    ကိုယ့်အင်္ကျီလေးလှလိုက်တာချီးမွန်းရင်..
    ဈေးချလို့ ၀ယ်ဝတ်နိုင်တာ..လို့ပြန်ဖြေမြဲ..

    ReplyDelete
  2. ကိုယ့်ကောင်းကြောင်း ကိုယ်ပြောရတာ မြန်မာပြည်က လူတစ်ယောက် အနေနဲ့ ခက်တယ် ထင်တာပဲ။ ကိုယ့်ယဉ်ကျေးမှုမှာက နှိမ့်ချတာကို တန်ဖိုးထားတာကိုး။

    ReplyDelete
  3. သေချာပြန်စဉ်းစားတော့ ကိုယ့်မှာတစ်ခုမှကောင်းကွက်မတွေ့ဘူးကွယ်။

    အနဲ နဲ့ အများ ဆိုးကွက်လေးတွေ ချည်းပါပဲ။

    ReplyDelete
  4. ကောင်းကြောင်းပြောခိုင်းမှပဲ အားငယ်လိုက်တာ..ကောင်းကွက်မရှိပါလား.. အဟင့်

    ReplyDelete
  5. ရုတ်တရက်ဆိုတော့လည်း
    ချက်ချင်းအဖြေထုတ်နိုင်ဖို့ခက်သားပါ။
    ကိုယ့်ကိုယ်ကိုယ် တော်ကြောင်း၊ တတ်ကြောင်း
    ကိုယ့်ကိုယ်ကိုယ် ချီးမွှမ်းခန်း ဖွင့်ဖို့အတွက်တော့
    တက်ဖို့၊ လေ့လာဖို့ သင်တန်းမရှိပေမယ့်
    အဲလို ပြောဆို နေထိုင် ပြုမူတတ်တဲ့ လူတွေကိုလည်း မြင်ဖူးပါတယ်
    (အမြင်ကတ်လောက်အောင်ကိုပါပဲ)
    (ကိုယ်မလုပ်နိုင်လို့ လုပ်နိုင်တဲ့သူကိုလည်း ကြည့်မရ ဖြစ်တတ်တာ ကောင်းတဲ့ စိတ်ထားတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ချီးကျူးပါတယ်)

    ReplyDelete
  6. I agree with Pon Yate said ကိုယ့်ယဉ်ကျေးမှုမှာက နှိမ့်ချတာကို တန်ဖိုးထားတာကိုး။ We raised up like that.

    I don't know how to praise to myself. I am very scare of going to job interview because I don't know how to talk how good I am and so on. I know how good I am inside my mind, but I can't say out to anyone.

    ReplyDelete
  7. ကိုယ့်ကောင်းကြောင်း ကိုယ်ပြောနိုင်တာ ကောင်းပါတယ်။ မရှိတာ ကြွားမပြောဖို့ဘဲ အရေးကြီးတာပါ။ ငါ့လောက် တော်တဲ့ကောင် မြန်မာပြည်မှာ မရှိဘူး၊ ငါ့လောက်တတ်တဲ့ကောင် စင်ကာပူမှာ မရှိဘူး ဆိုတာမျိုး ကြားရတာတော့ နားကြားပြင်းကတ်လွန်းတယ်။ ဒီကြားထဲ ကိုယ့်ကိုယ်ကို ကမ္ဘာပေါ်မှာ အတော်ဆုံး ယောက်ျားလို့ ပြောတဲ့ကောင် မြင်ဖူးသေးတယ်။ ဟားဟား။ (Mr Bean ဟာသတောင် အဲဒီလောက် မရယ်ရဘူး။)

    ReplyDelete
  8. အင်း.. ပုံရိပ်ပြောသလိုပါပဲ.. ဂျပန်တွေလည်း အဲဒီလိုပဲ.. နှိမ့်ချပြီးပြောတတ်တာ အကျင့်လိုဖြစ်နေကြပြီထင်ပါရဲ့... ဒါပေမယ့် ကိုယ့်ကောင်းကြောင်း ကိုယ်ပြောရင်လည်း လူရီစရာ ကြီးဖြစ်နေမှာနော်..:D

    ReplyDelete
  9. ကိုယ့်ကောင်းကြောင်း ကိုယ်ပြောရမှာလား မီယာရယ်...(ဗေဒင်ဆရာကို ပြောခိုင်းလို့ရဘူးလားလို့...)
    အိမ်မှာ သားတွေကိုတော့ ခဏခဏပြောရပါတယ်...မေမေတို့ဆို မိဘစကားနားထောင်တယ်...စာကို ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် လုပ်တယ်..တို့ပေါ့...

    ReplyDelete
  10. ကိုယ့်ကောင်းကြောင်းလား.. ဟိ
    ပြောပြရရင် ... အလုပ်ကိုအကြွေးမထားတတ်ဘူး..
    တချက်ပဲ ပြောတော့မယ် ...ဟားဟား
    (ခု ဆို ခု လုပ်တတ်တဲ့ ဥာဉ်ကြောင့် တခါတလေတော့ ဆိုးကျိုးရတတ်သတဲ့)
    အမ ခင်မင်းဇော်

    ReplyDelete
  11. ကိုယ့်ကောင်းတာ အားသာတာ ပြောရမယ်ဆိုလို့ ပြောလိုက်ပြီ..
    တို့က ညံ့တဲ့နေရာမှာတော့ ထိပ်ပဲ မီယာရေ့
    ကိုယ်ရည်သွေးသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ :)

    ReplyDelete
  12. အလုပ်လျှောက်တဲ့ နေရာမျိုးမှာတော့ ကိုယ်ကောင်းကြောင်း တော်ကြောင်း ဘယ်လောက်စွမ်းဆောင်နိုင်ကြောင်း ပြောတာ အဆင်ပြေပါတယ်..
    ဒါပေမယ့် သာမာန် အာလာပ သလာပ စကားပြောတဲ့ နေရာမှာတော့ - ကိုယ်တော်ကြောင်း တတ်ကြောင်း အသားပေးပြီး ပြောလွန်းရင် အဆင်မပြေပါဘူး။ စကားအသွားအလာအရ တော်ကြောင်းတတ်ကြောင်း ပြောဖို့ လိုအပ်ရင်တော့ ပြောတာ အဆင်ပြေပါတယ်။

    ReplyDelete
  13. ကိုယ့်အကြောင်း အကောင်းဆိုတာမျိုးထက်.. ကိုယ့်ရဲ့ အားသာချက် က ဘာလဲ
    ကိုယ့်ရဲ့ အားနည်းချက်ကဘာလဲ ဆိုတာမျိုး အရင် သိထားသင့်တယ် လို့ ထင်ပါတယ်
    အထူးသဖြင့် ပညာရေး လောက မှာ အလုပ်လုပ် တဲ့ သူတွေ နဲ့ ခေ့င်းလုပ်သူတွေ ဌာန ဆိုင်ရာ အရာရှိတွေ လျွှူုရေး အဖွဲ့ အစည်း က ပုဂ္ဂိုလ်တွေ.. ကိုယ် ဘာော့င်းလဲ ဆိုတာ ပို သိထား သင့်ပြီးတော့.. စာသင်သားတွေ ကို လှလှ ပပ ပြန်ပြောတတ်ရမယ် .. ပါးစပ်က တင်မဟုတ်ပဲ လက်တွေ့ပါ မြင်သာအောင် လုပ်ပြ တတ်ရမှာ ..
    ..
    ထင်တာတွေ ပြောခဲ့ လိုက်ပြီ..
    အောက်ကပို့စ် ထဲ မှာ ကိုယ် မှန်တယ် ထင်ရင် ပြောရဲ ရမယ် ဆိုလို့...း)

    အဆင်ပြေပါစေ ညီမရေ..

    ReplyDelete
  14. အထူးသဖြင့် ပညာရေး လောက မှာ အလုပ်လုပ် တဲ့ သူတွေနဲ ခေါင်းဆောင်လုပ်သူတွေ ဌာန ဆိုင်ရာ အရာရှိတွေ လူမှုရေး အဖွဲ့ အစည်း က ပုဂ္ဂိုလ်တွေ.

    ReplyDelete
  15. အင်း..ဒါလည်း စဉ်းစားစရာပဲနော် မီယာ..ကျောင်းမှာတုန်းက ဆရာမတစ်ယောက်ရှိခဲ့တယ်..သူများအတင်းပြောတာ မကောင်းဘူးဆိုပြီး ကိုယ့်ကောင်းကြောင်း မိသားးစုအကြောင်းတွေ ကြွားတော့တာပဲ..။ ကောင်းတာချည်းပဲ ပြောရင် ကြွားတယ်လို့ ထင်တတ်ကြတာကိုး။

    ကိုယ်.ကောင်းကြောင်းပြောတာထက် ကိုယ်.ရဲ. အားသာချက် အားနည်းချက်တွေကို အမှန်အတိုင်း အရှိအတိုင်း ကိုယ်.ဘာသာတော့ သိထားသင်.တယ် ထင်တာပဲနော်..။

    အဲဒီလို အမှန်အတိုင်းကိုယ့်ဘာသာကြည့်မြင်နိုင်တဲ့ နေ.မှ တခါ ကွန်မန့်လာရေးပါ့မယ်..အဟဲ..(ခုတော. အားငယ်..:( )

    ReplyDelete
  16. လုပ်ငန်းခွင်ဈေးကွက်မှာ ကိုယ့်ကိုကိုယ် ရောင်းတဲ့အခါ (open and fair competition မှာ အလုပ် လျှောက်တာကို ဆိုလိုပါတယ်) ဒါဟာ မရှိမဖြစ် အရည်အချင်း ဖြစ်ပါတယ်။ မတတ်ခဲ့ပေမယ့် ကျင့်ယူရမှာပဲ။ မဟုတ်လို့ကတော့ ကိုယ့်လောက် အရည်အချင်း မရှိပဲ အာလူးကောင်းသူတွေရဲ့ နောက်လိုက် လုပ်နေရလိမ့်မယ်။ The choice is ours and we better get on with it!

    ReplyDelete

Thank you for your time.