Tuesday 10 July 2012

စိတ်

ကိုယ့်စိတ်အကြောင်းပဲ ကိုယ်ရေးချင်တာပါ။ တခါတလေ ပျော်လိုက် တခါတလေ ဝမ်းနည်းလိုက်နဲ့ ထိန်းရလည်း ခက်သလိုလို။ ကြိုးစားပြီး တရားမှတ် ဘုရားရှိခိုး ပုတီးစိတ် တာတွေ လုပ်ပေမယ့် စိတ်က ဟိုရောက် ဒီရောက်။ ဆယ်ကျော်သက် အရွယ်က ဒါမျိုး ဖြစ်ဖူးတယ်၊ ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်လို့ ဘာလုပ်ရမှန်း မသိ ယောင်တောင်တောင်နဲ့။ စိတ်ထဲမှာ အလိုမကျ ဖြစ်ပြီး စိတ်ဓါတ် ကျတာ။ ဘဝမှာ လိုချင်တာတွေ ကလည်း တခုပြီး တခု မပြီးနိုင် သလိုပဲ။ အလိုချင်ဆုံး ဆိုပြီး မျှော်လင့် ထားတဲ့ အရာတစ်ခုကို ရပြီး ရပ်သွား မလား မထင်နဲ့ နောက် တစ်ခုထပ်လိုချင်ပြန်ရော။ ကျောင်းသား ဘဝတုန်းက အလုပ်သွားတဲ့လူတွေ လမ်းမှာတွေ့ရင် ငါလည်း အလုပ်လုပ်ချင်လိုက်တာ လို့ တမ်းတမိတယ်။ စာကျက်ရတာ ပင်ပန်းတယ်လို့ ထင်တာ။ အလုပ် ရှိရင် ကိုယ့်ဝင်ငွေနဲ့ လိုချင်တာ ဝယ်ရရင် ပြည့်စုံပြီ ထင်တာလေ။ အလုပ်လည်း ဝင်ရော ကျောင်းသားတွေ လမ်းမှာတွေ့ရင် အပူ အပင် နည်းလိုက်ကြတာလို့ အားကျမိပြန်ရော။ သားသားနဲ့ပဲ အချိန်တွေ ကုန်နေတာနဲ့ တခါတလေ ကိုယ်ဘာလုပ်ချင်စိတ် ရှိလဲ ဆိုတာတောင် မသိတော့ဘူး။ အကူအညီ လာတောင်းတဲ့ သူငယ်ချင်းတွေ ကိုလည်း အရင်လို စိတ်ပါ ကိုယ်ရောက် မလုပ်ပေးနိုင်ဘူး။ multi-tasking skills တွေလည်း ဘယ်ပြတင်းပေါက်က ထွက်သွားလည်း မသိတော့ဘူး။ တစ်ခုဆို တစ်ခုပဲ စဉ်းစားနိုင် လုပ်နိုင်တော့တယ်။ အနာဂတ် ဆိုတာကို မတွေးရဲ သလိုပဲ။ ဒါနဲ့ တနေ့တာ အတွက် ရေတိုစီမံကိန်းပဲ လုပ်ဖြစ်တော့တယ်။