Wednesday, 27 May 2009

ရန်ကုန်သို့ အလည်ခရီး

မေလ ၄ ရက်နေ့က ရန်ကုန်ကို ၃ပတ် ပြန်လည်တယ်။ မိသားစုတွေနဲ့လည်း တွေ့ရင်း အနားလည်း ယူရအောင်လို့ ခွင့်တွေကို တကူးတက စုထားရတာ။ သွားခါနီးမှ ၀က်တုပ်ကွေး ကလည်း ကမ္ဘာပတ်နေတာနဲ့ လန့်တော့လန့်သား။ လမ်းခရီး တလျှောက်တော့ ချောချောမောမောပါပဲ။ ဘန်ကောက် လေဆိပ်ရောက်တော့ မမ KOM နဲ့ တခါက ပြောခဲ့ဖူးတာ သတိရပြီး ယောကျာ်းကို ဆေးလိပ် ၀ယ်ပါလို့ ပူဆာလိုက်တယ်။ ဒေါ်လာ ၂၀ဖိုး လို့ပြောတာကို ဆေးလိပ် ၂ဗူးဖိုး သူရှင်းတော့ ပေါင်၂၀ ဖိုးလောက်ကျနေတယ်။ ရှိစေတော့။ တခါမှ မလုပ်ဖူးတာတွေ လုပ်ရဦးမည်ပေါ့။ ဆေးလိပ်ဗူးတွေပေါ်မှာ ပြထားတဲ့ ဓါတ်ပုံတွေက အတော် ကြောက်စရာ ကောင်းပါတယ်။ ဆေးလိပ်ကို တရှိုက်မက်မက် သောက်နေကြတဲ့ မောင်လေးတွေကို မြင်ယောင်ပြီး စိတ် လေးသွားတယ်။ ရန်ကုန် လေဆိပ် ရောက်တော့ လူ၃ယောက် ကင်မရာနဲ့ စက်လှေကားက ဆင်းလာတဲ့ သူတွေကို ဓါတ်ပုံ ရိုက်နေတယ်။ ကိုယ်အပူချိန် အလကားနေရင်း မြင့်တတ်တဲ့ ကိုယ့်အတွက် နည်းနည်းတောင် စိတ်ပူသွားတယ်။ ခေါ်ထားရင် ဒုက္ခ။ လ၀ကရောက်တော့ ခွင့်စာ မယူလာလို့ D-form လုပ်ပါတဲ့။ ပြီးတာနဲ့ ပစ္စည်းတွေ ယူဖို့ စောင့်ရတယ်။ အနားမှာ တယောက်က ငါးကြီးဆီ ပါလားတဲ့။ အသည်း အဆီ ဖုံးနေလို့ ဆရာဝန်က သောက်ရမယ် ပြောလို့တဲ့။ ပစ္စည်း ရွေးပြီးတော့ အကောက်ခွန် အလှည့်။ ယောကျာ်းက ရိုးသားစွာနဲ့ ပိုက်ဆံ ၆၀လောက် ပါပါတယ် အရင် တခါကတော့ အလုပ်ရှုပ်တယ်လို့ ပြောပါတယ် ဆိုတော့ အဆူခံရတယ်။ သိပ်မဆိုးလာခင် ကိုယ့်ပစ္စည်း ကိုယ်ဆွဲပြီး အသာ လစ်လာခဲ့တယ်။ အပြင်ရောက်တော့ လာကြိုမည့်သူ မတွေ့ဘူး။ လူတွေ တော်တော် ကုန်သွားပြီ ဆိုတော့ တိုင်စီပဲ ငှားသွားမလား စိတ်ကူးနေတုန်း ကြိုတဲ့သူနဲ့ တွေ့သွားတယ်။ ဒီတခေါက်တော့ ပစ္စည်းလုသယ်တဲ့ သူတွေရဲ့ ဒုက္ခ မရှိဘူး။ ကားပေါ်ရောက်တော့ ဘယ်နှစ်ပတ် ခွင့်ရလဲလို့ မေးလို့ ၃ ပတ်ဆိုတော့ ဘာလုပ်မလို့လဲ တဲ့။ အိမ်မှာ ကောင်းကောင်း အနားယူမယ်လို့ တွေးထားတာ မှားများ သွားပြီလား။ ဘယ်သွားရင် ကောင်းမလဲလို့ အမြန်စဉ်းစား။

သွားတဲ့ကိစ္စက အလှူအတွက်။ အလှူကလည်း သွားရုံပဲ ဘာမှ စီစဉ်ဖို့ မလိုဘူး။ ပွဲမစခင် ယောကျာ်းကို မေးရတယ်။ ဘာလုပ်စေချင် သလဲလို့။ သူတို့ မိသားစုပွဲဆိုတော့ ကိုယ်က လိုတာ ဖြည့်ပေးမယ်ဆိုတဲ့ သဘောပါ။ ဘုန်းကြီးတွေ ရှေ့ မိုးတိုး မတ်တပ် ဓါတ်ပုံ မရိုက်နဲ့လို့ သတိပေးတယ်။ သူက ဗီဒီယိုရိုက် ကိုယ်က ဓါတ်ပုံရိုက် အဟုတ်ပဲ။ အမျိုးတွေ စုံအောင်လည်း လိုက်ရိုက်ရသေးတယ်။ တော်ကြာ မျက်နှာလိုက်တယ် ဖြစ်နေမှာ စိုးလို့။ ကလေးတွေကတော့ အကောင်းဆုံးပဲ။ ဓါတ်ပုံရိုက်မယ်ဆိုရင် သွားလေးတွေ ပေါ်တဲ့ အထိ ပြုံးပြကြတယ်။ ဘုန်းကြီးကျောင်းက စီစဉ်တဲ့ အစားအသောက်တွေကလည်း ကောင်းတယ်။ ယင်မနားသေးတဲ့ နေရာကို အမြန်ထိုင်ချပြီး ချဉ်ရည်ဟင်း ပူပူ၊ ငါးကြင်းကြော်နဲ့ ထမင်းစားတယ်။ အချိုကတော့ ထူးရေခဲမုန့်။ ဘုန်းကြီး ဟောတဲ့ တရားကို လင်မယား နှစ်ယောက် ပြန်ဆွေးနွေးဖြစ်ကြသေးတယ်။ သရဏဂုံတင်တဲ့ အကြောင်းဟောတာ။

20 comments:

  1. ဒီကလေးကိုလဲ ဆွမ်းစားဖိတ်ပါ။ ဗီဒီယို ရိုက်ရင် ပြုံးပြမှာပါ။
    ဆက်ရေးအုံးနော်။ ရန်ကုန် အတွေ့အကြုံတွေ..။ မမလို အခန်းဆက်ရေး။ ဒါတွေနဲ့ပဲ အလွမ်းဖြေနေတာ။

    ReplyDelete
  2. လာဖတ်သွားပါသည်။ လွမ်းနေသည်။

    ReplyDelete
  3. ဒါကြောင့် ပျောက်နေသကိုး...

    ReplyDelete
  4. မမီယာ..
    လွမ်းနေတာ..
    ဘယ်တွေရောက်သေးလဲ...

    ReplyDelete
  5. စားချင်လိုက်တာ
    အကုန်လုံး

    ReplyDelete
  6. ထူးရေခဲမုန့် စားချင်တယ်။ သီးစုံနော် သီးစုံ။

    ReplyDelete
  7. ရန်ကုန် ပြန်တဲ့အချိန်တွေ မတူပေမယ့် ရန်ကုန်မှာရှိနေတဲ့အချိန်တွေမှာ ၂ ပတ်လောက် တူနေတယ်.. ဒီလိုမှန်းသိ.. ဆက်သွယ်ပါတယ် .. :)

    ReplyDelete
  8. ထူးရေခဲမုန့်စားချင်တယ်...
    ပုဇွန်တောင် ပုဇွန်တောင် မြခွာညိုလမ်းကို လွမ်းသွားပြန်တယ်။ ဟိုဖက်ကမ်းကို ငှက်နဲ့ကူးချင်လိုက်တာ

    ReplyDelete
  9. မမီယာလည်း ရန်ကုန်ပြန်သေးတာကိုး.. အဲဒီလိုသာဆို အလှူကို လာပါတယ်.. ကြိုပြီး မချိန်းလိုက်ရဘူးနော်.. :( အလှူထမင်းပွဲကြီးက စားချင်စရာ.. :D

    ReplyDelete
  10. နွေးနေခြည်28 May 2009 at 09:02

    ထူးရေခဲမုန့် စားချင်လိုက်တာ...
    အလှူဆိုလို့ သာဓုခေါ်သွားပါတယ်

    ReplyDelete
  11. ထင်တော့ ထင်သား။ အလှုထမင်းပွဲကို လာစားချင်တယ်...

    ReplyDelete
  12. အလှူပွဲပုံကြီးကို အကြီးချဲ့ပြီး အသေးစိတ် သွားရည်ကျသွားတယ်။

    ReplyDelete
  13. အမ သေချာနားခဲ့ရရဲ့လားဗျ။ ပျော်စရာကောင်းတယ်နော်။ အိမ်ပြန်လည်ရတာ။

    ReplyDelete
  14. ပျော်ခဲ့လားအစ်မ.. သတိရနေတာ..

    ReplyDelete
  15. မမီယာ ကမြန်မာပြည် ပြန်သွားတာကိုး။ ဒါကြောင့် အသံတိတ်နေတာ။ စားခဲ့တာတွေ တင်ပါဦး။

    ReplyDelete
  16. ရိုက်ထားတဲ့ကလေးပုံလေးတွေတင်ပါအုံး။ပျော်ခဲ့လား။

    ReplyDelete
  17. ပျောက်နေတာ ဒါကြောင့်ကိုး။ ထမင်းပွဲကြီး ကြည့်ပြီး သွားရေကျသွားတယ်။ နောက်ထပ် ရန်ကုန် အကြောင်းတွေ မျှော်နေမယ်နော်။

    ReplyDelete
  18. ဟွင်းးး အလှူဖိတ်တောင် မဖိတ်ဘူး..း(

    ReplyDelete
  19. ထမင်းပွဲက လွမ်းစရာပဲ။ ကြည့်ပြီး ဗိုက်တောင် အတော်ဆာ သွားတယ်။

    ReplyDelete
  20. လေဆိပ်မှာ အဆင်ပြေတယ်ဆိုတော့ တယ်ဟုတ်ပါလား ပြန်ကြည့်ဦးမှပဲ။ ကျနော်ပြန်တိုင်းတော့ အနဲဆုံး ၂၀နဲ့၅၀ကြား ပုံမှန်ကုန်တယ် ဒါလေဆိပ်မှာတင်နော်.....။

    ReplyDelete

Thank you for your time.