Wednesday, 1 July 2009

ကိုယ်သိတဲ့ ပိုက်ဆံအကြောင်း

အရေးပါတယ်၊ အရာရောက်တယ်၊ ၀င်ဖို့ ခက်သလောက် ထွက်ဖို့ လွယ်တယ်။ ကိုယ်သိတဲ့ ပိုက်ဆံ အကြောင်းပါ။ ဒီပလိုမာပြီးတော့ ဆက်တက်ဖို့ ပိုက်ဆံ မရှိလို့ စာသင်တာ တခန်း ရပ်လိုက်တယ်။ ပိုက်ဆံ မရှိရင် ပညာ ရဖို့ ခက်တယ်။ အလုပ်ရလို့ ပိုက်ဆံလည်း ၀င်ရော သုံးဖို့ အကြောင်းတွေကလည်း တခုပြီး တခုပေါ်လာတယ်။ အမေ နေမကောင်းတော့ ရှိသမျှနဲ့ ဆေးကုရပြန်တယ်။ ပိုက်ဆံ မရှိရင် ကျန်းမာရေး အတွက်လည်း ခက်တယ်။ ငယ်ငယ်တုန်းက ဘုရားကျောင်း တက်ရင် အလှူငွေ ၅ပြားပဲ အမေက ပေးတယ်။ သူ့အနေနဲ့ကလည်း မုဆိုးမ ကျောင်းဆရာမ ကလေး ငါးယောက်ကို အလှူငွေထည့်ဖို့ ပေးရတာ မလွယ်ပါဘူး။ မသိတတ်တဲ့ ကိုယ်ကတော့ ၅ပြား နှစ်စေ့ပေးပါလို့ အတင်း တောင်းတတ်တယ်။ ပိုက်ဆံ မရှိရင် လှူချင်တိုင်း လှူလို့ မရဘူး။ မောင်နှမ သားချင်းတွေနဲ့ ဆွေမျိုးတွေက ပိုက်ဆံ ရှိတဲ့သူပြောတာဆို အဟုတ်ပဲထင်ပြီး ရိုရိုသေသေ နားထောင်တတ်တယ်။ ဘာထင်မြင်ချက်ပေးပေး အပြစ်မမြင်ဘူး၊ အထင်တကြီးနဲ့ လေးစား အားကိုးကြတယ်။ ပိုက်ဆံမရှိရင် ဆွေမျိုးထဲ ၀င်မဆံ့ဘူး။

အရမ်းခင်တဲ့ သူငယ်ချင်း တယောက် ပိုက်ဆံလွှဲချင်တယ်ဆိုလို့ ဘယ်ဈေးနဲ့ပေးမလဲ မေးကြည့်တော့ ပေါက်ဈေးထက် လျော့နေတယ်။ ပေါက်ဈေးအတိုင်း ပေးရင် လွှဲမယ်ဆိုတော့ မယူတော့ဘူး။ ပိုက်ဆံကြောင့် သူငယ်ချင်းနဲ့ အခင်အမင် ပျက်နိုင်တယ်။ မောင်လေးတွေကို သတိရလို့ ဖုန်းဆက် စကားပြောရင် သူတို့က တခု မဟုတ် တခု ပူဆာတယ်။ ဖုန်းဝယ်ပေးပါတို့ ဂျာကင်ဝယ်ပေးပါတို့ ကတော့ ရိုးနေပြီ။ နောက်ဆုံး တခေါက်ကတော့ အိမ်ဝယ်ဖို့တဲ့။ သတိတရနဲ့ မွေးနေ့လက်ဆောင် ပေးရင်တောင် လှလှလေး တန်ဖိုးရှိတာလေးဆို ပျော်ပြီး ၀မ်းသာကြတာ။ ကဒ်လောက်ပဲ ဆိုရင်တော့ ဘာအသံမှ မကြားရတတ်ပါဘူး။ ပိုက်ဆံ မရှိရင် မောင်နှမ သားချင်းတွေကို လက်ဆောင် ပစ္စည်း ၀ယ်မပေးနိုင်ဘူး၊ မကူညီနိုင်ဘူး။ မနေ့က သူငယ်ချင်း တယောက်နဲ့ စကားပြောတော့ သူ့မောင်လေးက သူ့ကို ဘာမှ လုပ်မပေးနိုင်ရင် ဆရာကြီးလေသံနဲ့ လာမပြောနဲ့လို့ ပြောလိုက်တဲ့ အကြောင်း ရင်ဖွင့်တယ်။ အမဆီက တန်ဖိုး မဖြတ်နိုင်တဲ့ ချစ်ခြင်းမေတ္တာ တွေကို ပိုက်ဆံလောက် အရေးမထားတာ။

လခစားဘ၀ကတော့ လခထုတ်ရက်ဆို ပိုက်ဆံ ပိုရွှင်တာပေါ့။ ပေးစရာတွေ ပေးပြီး ကျန်တာ ကိုယ်သုံးချင်တာ သုံးရတာ စိတ်ကျေနပ်စရာ ပျော်စရာ ကောင်းပါတယ်။ ကိုယ်ရှာတဲ့ ပိုက်ဆံဆို သုံးရတာ ပိုစိတ်ဖြောင့်ပါတယ်။ ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးတတ်ဖို့လည်း ကိုယ့်ဘာသာ လေ့ကျင့်ရပါတယ်။ အလုပ်စလုပ်တုန်းက ရသမျှကို လိုချင်တာတွေ လျှောက်ဝယ်ပစ်တယ်။ မုန့်ဖိုးတွေ အများကြီးရတယ်လို့ အထင်နဲ့ပေါ့။ ကြာလာတော့ ကိုယ်ရှာတဲ့ ပိုက်ဆံကို ထိန်းသိမ်း ရမယ်မှန်း သိလာတာပါပဲ။ စုဗူးထဲ ပိုက်ဆံတွေ များလာရင် ကိုယ့်ဘာသာ အားရပြီး ထပ်ထည့်ချင်နေတော့တာပဲ။ ပိုက်ဆံ မရှိရင် မဖြစ်ဘူးလားဆိုတော့ ဖြစ်ချင်လည်း ဖြစ်မှာပါ။ ပတ်ဝန်းကျင်၊ အခြေအနေနဲ့ အချိန်အခါပေါ်လည်း မူတည်မှာပါ။ ကောင်းကောင်းမွန်မွန် ၀တ်စားထားပြီး အိမ်ပြန်စရာ ကားခမရှိလို့ ပိုက်ဆံ လိုက်တောင်းတဲ့ သူကို လူတွေတုံ့ပြန်တာ မတူကြတာလည်း စိတ်ဝင်စားစရာပါပဲ။

ပိုက်ဆံ အကြောင်း ရေးချင်တာတွေ ချရေးမိလိုက်တာ။ ပေးစရာရှိတာ တခု ပေးပြီးသွားလို့ ငှက်မွှေးလေးလို စိတ်ထဲ ပေါ့ပါးသွားတဲ့ အထိမ်းအမှတ်ပါ။

20 comments:

  1. မမေ၇
    မှန်လိုက်လေချင်း
    နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူဆို
့မြန်မာပြည်မှာ ကျန်ခဲ့တဲ့သူတွေက ငွေထုတ်စက်များ
    ထင်နေကြသလား မသိဘူး

    ReplyDelete
  2. ၀င်ဖို့ ခက်သလောက် ထွက်ဖို့လွယ်တယ်ဆိုတာ တအားမှန်တယ်။

    ReplyDelete
  3. လောကမှာ..
    ငွေ...ငွေ...ငွေ..
    တဲ့လေ...
    မမီယာရေ..

    ReplyDelete
  4. ငှက်မွှေးလေးရေ...
    ရေးထားတာချစ်စရာ...
    ဟုတ်ပါတယ်... ပိုက်ဆံ မရှိရင် မဖြစ်ဘူးလားဆိုတော့... အင်း.. ပိုက်ဆံဆိုတာ သင့်တင့်သလောက်တော့ ရှိဖို့ လိုအပ်တယ်လို့ မြင်တာပါပဲ။ ကိုယ်က လောကီမှာ နေ့စဉ် ကျင်လည်နေရအုံးမယ့် လူသားကိုး ညီမရဲ့...

    ReplyDelete
  5. မှန်လိုက်လေလို့ပဲ ပြောနိုင်တော့တယ်။

    ReplyDelete
  6. ကျွန်တော်က အငယ်ဖြစ်နေတော့ အငယ်တွေရဲ့ စိတ်ခံစားမှုကိုနားလည်တယ်။ များသောအားဖြင့် အငယ်တွေက အကြီးတွေလောက် မသိတတ်ဘူး။ မီယာရဲ့ မောင်လေးတွေကို နားလည်အောင်ပြောကြည့်ပါလား။ သူတို့က ချစ်တော့ချစ်မှာပါ.. ဒါပေမယ့် နိုင်ငံခြားရောက်နေတဲ့ အမဆီက လိုချင်တာလည်း ဖြစ်မှာပေါ့။

    ပြည်တွင်းမှာက နိုင်ငံခြားရောက်တာနဲ့ ငွေတွေ အလိုလိုရတဲ့နေရာရောက်နေတယ် ထင်တဲ့လူတွေများတယ်။

    ReplyDelete
  7. မှန်လိုက်လေလို့ပဲ ပြောနိုင်တော့တယ်။

    (ThuHninSee မှ Copy and Paste လုပ်လို့ ပေါ့ပေါ့လေးလို့ မထင်ပါနဲ့နော်...တကယ်ကို လေးလေးနက်နက် ထောက်ခံတာပါ။ နှစ်ထပ်ရှိတော့ မှတ်မိ ဆိုသလို...)

    ReplyDelete
  8. ဘာမှမပြောနိုင်ဘူး
    သိပ်မှန်တာပဲ သိပ်မှန်တာပဲ ပဲရေရွတ်နိုင်တယ်
    စိတ်ထဲကပါ အသံကတော့ အားမပါလို့ ထွက်တောင် မလာတော့ဘူးး)

    ReplyDelete
  9. မောင်တွေ နှမတွေက အဲလိုဆိုတာ ဖတ်ရလို့ စိတ်မကောင်းပါဘူး။
    ငွေဆိုတာကို ဘာလို့ တီထွင်ခဲ့ကြတာလဲ မသိဘူး။
    မီယာလေး တော်တယ်။

    ReplyDelete
  10. Money can make everything.

    But
    Money can make nothing in some time.

    ( Money makes smile...
    ( Money makes cry...
    ( Money makes Happy...
    ( Money makes Sorrow...
    ( Money makes strength..
    ( Money makes weakness....

    We better balance it ourselves.

    ReplyDelete
  11. နိုင်ငံခြားမှာ အလုပ်လုပ်တယ် ဆိုတာကလည်း ၀င်ငွေနဲ့ ထွက်ငွေ မျှရုံ ရှိတာလေ။ တခြားသူတွေတော့ မသိ၊ အမကတော့ ခုထိ စုစု ဆောင်းဆောင်း မရှိသေးပါဘူး။ မြန်မာပြည်က လူတွေက ကိုယ့်ကို သူဌေးလို့ ထင်နေတာကိုလည်း ရှင်းပြရတာ မောလှပါပြီ။

    ReplyDelete
  12. ရွှတ်.. ဟုတ်ပ ..
    It is the bitter truth!

    ReplyDelete
  13. အမလေးး ဖတ်ပြီး အော်အော်သာ ငိုလိုက်ချင်တော့တာပဲ.. ဟုတ်လိုက်လေ..ဆိုပြီးတော့လေ..။ ပြောရရင် ထပ်ဆောင်းထည့်လို့တောင်ရသေးး :(

    ReplyDelete
  14. သွေးထွက်အောင် မှန်တယ်ဆိုတာထက်ကို ပိုမှန်နေပါရောလား မမီယာရယ်။

    ReplyDelete
  15. Aww. Money Money တွင်းထဲကများ နှိုက်ထုတ်လို့ရရင် ဘယ်လောက်ကောင်းမလဲလို့ တစ်ခါတစ်လေတော့ တွေးမိတယ်။ :)

    ReplyDelete
  16. လူတွေ အကြိုက်ဆုံး နဲ့
    မကြိုက်ဆုံးကလဲ ပိုက်ဆံပဲဆိုတာ ကြာလေ သိလေပါပဲ။
    အလိုအပ်ဆုံးလဲ သူ
    မလိုချင်ဆုံးလဲ သူ။

    ReplyDelete
  17. ခံစားချက်တွေမျှယူသွားပါတယ်...မိသားစုထဲမှာဝင်ငွေအကောင်းဆုံးသူကဒီဒဏ်တွေခံရတတ်ပါတယ်...

    ReplyDelete
  18. ဘာပြောရမှန်းတောင်မသိတော့ဘူးမီယာရယ။်

    ReplyDelete
  19. မှန်လိုက်လေ မရယ်.. ခိုင်လည်းအကြီးဆုံးပါ..ရှာတောရှာနေတာပဲ.လကုန်ရင်...

    ReplyDelete

Thank you for your time.