Tuesday 10 July 2012

စိတ်

ကိုယ့်စိတ်အကြောင်းပဲ ကိုယ်ရေးချင်တာပါ။ တခါတလေ ပျော်လိုက် တခါတလေ ဝမ်းနည်းလိုက်နဲ့ ထိန်းရလည်း ခက်သလိုလို။ ကြိုးစားပြီး တရားမှတ် ဘုရားရှိခိုး ပုတီးစိတ် တာတွေ လုပ်ပေမယ့် စိတ်က ဟိုရောက် ဒီရောက်။ ဆယ်ကျော်သက် အရွယ်က ဒါမျိုး ဖြစ်ဖူးတယ်၊ ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်လို့ ဘာလုပ်ရမှန်း မသိ ယောင်တောင်တောင်နဲ့။ စိတ်ထဲမှာ အလိုမကျ ဖြစ်ပြီး စိတ်ဓါတ် ကျတာ။ ဘဝမှာ လိုချင်တာတွေ ကလည်း တခုပြီး တခု မပြီးနိုင် သလိုပဲ။ အလိုချင်ဆုံး ဆိုပြီး မျှော်လင့် ထားတဲ့ အရာတစ်ခုကို ရပြီး ရပ်သွား မလား မထင်နဲ့ နောက် တစ်ခုထပ်လိုချင်ပြန်ရော။ ကျောင်းသား ဘဝတုန်းက အလုပ်သွားတဲ့လူတွေ လမ်းမှာတွေ့ရင် ငါလည်း အလုပ်လုပ်ချင်လိုက်တာ လို့ တမ်းတမိတယ်။ စာကျက်ရတာ ပင်ပန်းတယ်လို့ ထင်တာ။ အလုပ် ရှိရင် ကိုယ့်ဝင်ငွေနဲ့ လိုချင်တာ ဝယ်ရရင် ပြည့်စုံပြီ ထင်တာလေ။ အလုပ်လည်း ဝင်ရော ကျောင်းသားတွေ လမ်းမှာတွေ့ရင် အပူ အပင် နည်းလိုက်ကြတာလို့ အားကျမိပြန်ရော။ သားသားနဲ့ပဲ အချိန်တွေ ကုန်နေတာနဲ့ တခါတလေ ကိုယ်ဘာလုပ်ချင်စိတ် ရှိလဲ ဆိုတာတောင် မသိတော့ဘူး။ အကူအညီ လာတောင်းတဲ့ သူငယ်ချင်းတွေ ကိုလည်း အရင်လို စိတ်ပါ ကိုယ်ရောက် မလုပ်ပေးနိုင်ဘူး။ multi-tasking skills တွေလည်း ဘယ်ပြတင်းပေါက်က ထွက်သွားလည်း မသိတော့ဘူး။ တစ်ခုဆို တစ်ခုပဲ စဉ်းစားနိုင် လုပ်နိုင်တော့တယ်။ အနာဂတ် ဆိုတာကို မတွေးရဲ သလိုပဲ။ ဒါနဲ့ တနေ့တာ အတွက် ရေတိုစီမံကိန်းပဲ လုပ်ဖြစ်တော့တယ်။

Wednesday 21 December 2011

Greetings

သာယာ ချမ်းမြေ့တဲ့ ခရစ်စမတ် အခါသယမှာ မိသားစုနဲ့ သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေ
ကောင်းကြီး မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကိုလည်း ဆုံတွေ့ ရပါစေ...
ချစ်တဲ့

မီယာ

Sunday 11 December 2011

သားသားနဲ့ သူ့စာအုပ်တွေ

သားလေး မွေးတော့ သူငယ်ချင်းတွေ လက်ဆောင်ပေးကြတဲ့ အထဲမှာ စာအုပ်တွေလည်းပါတယ်။ ကလေး ဘယ် အရွယ်က စပြီး စာတွေ ဖတ်ပြရတာလဲ လို့မေးတော့ တယောက်က နင့်ကလေးကို ပြောချင်တာ အကုန်ပြော... စီးပွားရေး လူမှုရေး နိုင်ငံရေး ကြိုက်တာသာ ပြောဆိုလို့ ရီရတယ်။ 
ဒါနဲ့ သားသား ၁လသား အရွယ်မှာ စပြီး စာအုပ်လေးတွေ ဖွင့်ပြဖြစ်တယ်။ မှောက်တတ်တဲ့ အရွယ်ရောက်တော့ စာအုပ်လေးတွေ သူ့ အရှေ့ချထားပေးပြီး ဖတ်ပြတယ်။ ထိုင်တတ်တဲ့ အချိန်ကျတော့ အမေ့ပေါင်ပေါ် ထိုင်ပြီး နားထောင် တတ်နေပြီ။ စာအုပ်တွေလည်း အတော် မှတ်မိနေပြီ။ ကားဘီးကြီးလို့ အမေကပြောတာနဲ့ စာအုပ်ထဲက ကားဘီးတွေကို ထိုးပြတယ်။ ငှက်ပျောသီး ဆိုလည်း သိတယ်။ တခါတလေများ စကားပြောရင်း ထရပ်ကား တွေ အကြောင်း ပါသွားရင် သူကစားတဲ့ ထရပ်ကား ကိုဆွဲလာလို့ ရီရတယ်။ ၈လ လောက်မှာတော့ စာအုပ်တွေကို နံမည်နဲ့ တွဲသိနေပြီ။ ရီစရာ ပါရင် သူက အဲ့ဒီ စာမျက်နှာ ရောက်တာနဲ့ ကြိုရီထားတယ်။ သူမကြိုက်တဲ့ စာအုပ်တော့ မရှိသေးဘူး။ ဖတ်ပြတာ အကုန် နားထောင်တယ်။ မကြိုက်တဲ့ သီချင်းနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ လာရင် တော့ အော်ဟစ် နေတော့တာပဲ။ 
အိပ်ရာနိုးလာရင် ကစားစရာတွေ အပုံနားသွားပြီး စာအုပ် တအုပ်ပြီး တအုပ် ဆွဲလာတယ်။ မျောက်ကလေး အကြောင်းဆို မျောက်ကလေးက အစသန်တယ် သူ့ သူငယ်ချင်းတွေရဲ့ ငှက်ပျောသီးတွေ နှိုက်ထားတတ်တယ် ဆိုတာနဲ့ စထားတော့ သားသားက ငှက်ပျောသီးတွေကို လက်ထိုး ပြတယ်။ နောက်ဆုံးကျတော့ မျောက်လေး သူ့ဗိုက်သူ ရိုက်ပြီး ရီတယ် ဆိုတော့ ပုံထဲက အတိုင်း သူလည်း လိုက်လုပ်တယ်။ 
ဒါ ကျွန်တော့် ကား မဟုတ်ဘူး ဆိုတဲ့ စာအုပ်က လက်နဲ့ စမ်းပြီး ကြမ်းတာ တို့ ချောတာတို့ တောက်ပတာတို့ ပျော့ပျော့ အိအိ ဖြစ်နေတာတို့ ခံစားလို့ ရအောင် လုပ်ထားပေးတော့ သားသားက စာတစ်မျက်နှာ ရောက်တိုင်း အဲ့ဒါလေးတွေကို သူ့ဘာသာ သွားကိုင်ကြည့်တယ်။ တိရစ္ဆာန်တွေ ပုံပြထား တဲ့ စာအုပ်ထဲမှာ သူကြိုက်တာက ဘဲ ၀က် သိုး (old McDonald သီချင်း ထဲက သူမြင်ဖူးတဲ့ အကောင်တွေ) ဆို သဘောကျ ပြီး ရီတယ်။ ပိုးကောင်လေးတွေ အကြောင်း ပြောတဲ့ စာအုပ် ဖတ်တဲ့ အခါကျတော့ ၁ကောင်ထဲ ကျန်တဲ့ ပိုးကောင်လေး ပျံသွားတယ် ဆိုတဲ့ စာမျက်နှာကို ရောက်ရင် ဟော် လို့ ပြောပြီး နောက်ဆုံး စာမျက်နှာ ကိုလှန်လိုက်တယ်။ ပိုးကောင်လေး ၁၀ကောင်လုံး ပြန်ပေါင်းမိသွားတာ ကိုသူက သဘောကျတာ။ 
ပြိုင်ကားလေး အကြောင်း ဖတ်ကြရင် ၀ူးဝူးနဲ့ ကားမောင်း တဲ့ အသံတွေ လုပ်သေးတယ်။ လမ်းတလျှောက် ပြိုင်ကားလေး တွေ့တဲ့ အရာတွေ အကြောင်း ဖတ်ရင်လည်း သူသိတဲ့ ယုန်လေးတွေ ကုလားအုပ်ကြီးတွေ မြင်ရင် ဘာမှ မဖြစ်ဘူး တောင်တန်းတွေ သဲကန္တာရကြီး လို့ မြင်တာနဲ့ စာရွက်ကို လှန်ပစ်တယ်။ ပန်းဝင်သွားတဲ့ နောက်ဆုံး စာမျက်နှာ ရောက်ရင်တော့ ဟေးလို့ လက်နှစ်ဖက် မြှောက်ပြီး အော်တတ်တယ်။ ကလေး ပီပီ ၀မ်းသာ စရာတွေ နဲ့ပဲ ပုံပြင်ကို အဆုံးသတ်ချင်တာကိုး။