Wednesday 29 April 2009

မြင်တွေ့ချင်သူများ

မတန်ခူးက တက်ဂ်ထားလို့ပါ။ မြင်တွေ့ချင်သူများတဲ့။ တွေ့ဖူး မြင်ဖူး ချင်သူများ လို့ပြောတာလား မသိဘူး။ ကိုယ့်ဘာသာ ရေးချင်တာ ရေးလိုက်တယ်။ မတန်ခူး ကျေနပ်နော်။

မူလတန်း အရွယ်တုန်းက သူငယ်ချင်းတွေ များလွန်းလို့ လှည့်ကစားဖို့ အချိန်တောင် သိပ်မလောက်ဘူး။ မနက်ကတည်းက စ ကစားလိုက်တာ ညနေစာ စားပြီး နောက်တခေါက် ပြေးပုန်းဆိုပြီး အမှောင်ထဲမှာ ထပ်ဆော့ကြသေးတယ်။ အဲ့ဒီ သူငယ်ချင်းတွေ အားလုံးကို ပြန်တွေ့ချင်တယ်။ ငယ်ငယ်တုန်းက နည်းမျိုးစုံ ကစားခဲ့တာတွေ တယောက်တပေါက် ပြောကြမှာ မြင်ယောင်နေတယ်။ ဘယ်သူက ဘယ်လို ညစ်တတ်တာ၊ ဘယ်သူကဖြင့် ရှုံးလို့ အမြဲငိုလို့ ကစားပွဲပါ ပျက်ပြီး အိမ်က ပြန်ခေါ်ရတာတွေ ပြောရင်း ရယ်ချင်သေးတယ်။

အလယ်တန်းရောက်တော့ ၀ိဇ္ဇာ သိပ္ပံ ခွဲမှာမို့ စာအတော် ကျက်ရတယ်။ ကျူရှင်လည်း အဲ့ဒီတော့မှ စ တက်ဖူးတာပဲ။ ကျောင်းချင်း မတူပေမယ့် ကျူရှင်မှာ ခင်ရတဲ့ သူငယ်ချင်းတွေ အများကြီးပဲ။ ကျောင်းဆင်းတာနဲ့ ကျူရှင် ပြေးလာကြပြီး ဆူဆူညံညံ စာအံပြီးတာနဲ့ တဖွဲ့ကြီး အိမ်ပြန်ကြတာ မှတ်မိတယ်။ အနောက်ကနေ ယောကျာ်းလေးတွေ လိုက်စရင်လည်း ကက်ကက်လန်အောင် တဖွဲ့လုံး ပြန်အော်ကြတာ လိုက်လာတဲ့သူတွေ လန့်ပြီး ချက်ချင်း ပြန်လှည့်တာပဲ။ အဲ့ဒီအုပ်စုထဲက သူငယ်ချင်းတွေနဲ့ အထက်တန်း ရောက်တော့လည်း တူတူပဲ။ ဆယ်တန်း အောင်တော့ လိုင်းတွေ ကွဲကုန်ပြီး သိပ်မတွေ့ဖြစ်ကြတော့ဘူး။ နောက်ဆုံး ပြန်တွေ့တာ ကိုယ့် မင်္ဂလာဆောင် တုန်းက။ အခု ပြန်တွေ့ကြရင်တော့ တချို့ သူငယ်ချင်းတွေရဲ့ ကလေးတွေတောင် အပျို လူပျို အရွယ်တွေ ဖြစ်ကုန်လောက်ပြီ။ တချို့က ဆယ်တန်း အောင်ပြီးကတည်းက အိမ်ထောင်ကျ ကုန်ကြတာလေ။

သြစတြေးလျမှာ နေတဲ့ အသက် ၉၀ ကျော် ဖီဖီရဲ့ တဦးတည်းသော အကို ကိုလည်း တွေ့ချင်တယ်။ လူချင်း အပြင်မှာ မတွေ့ဖူးပေမယ့် သူပို့ပေးတဲ့ ချောကလက်တွေ အမြဲ စားရတာမို့ အချိန်ရှိတုန်း အပြင်မှာ ကိုယ်တိုင် ကိုယ်ကျ တွေ့ချင်တာပါ။ အွန်လိုင်း ချက်တွေ စ လုပ်တတ်တုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေ ကိုလည်း တွေ့ချင် တဲ့သူများ စာရင်းထဲမှာ ထည့်ချင်ပါတယ်။ အွန်လိုင်းမှာ စကားတွေ အစုံ ပြောကြပေမယ့် ဖုန်းပြောတဲ့ အဆင့် ထိတော့ မရောက်ခဲ့ဘူး။ ဓါတ်ပုံ ထဲမှာ မြင်ဖူးထားလို့ အပြင်မှာတွေ့ပြီး စကားတွေ ပြောကြည့်ချင်သေးတယ်။

ဘလော့ရွာထဲက သူတွေ အားလုံးကို တွေ့ဖူးချင်ပါတယ်။ ဓါတ်ပုံ တင်ထားသူရော မတင်ထားသူရော အားလုံးကို အပြင်မှာ မြင်ဖူးချင်တယ်။ ဘယ်တော့ တွေ့ကြမှာလဲဟင်။

Thursday 16 April 2009

ကလေးထိန်း

ရန်ကုန်ပြန်တိုင်း တူတူမလေးတွေကို လက်ဆောင် ပစ္စည်း မျိုးစုံနဲ့ ကိုယ့်ဆီလာချင်အောင် ဆွယ်ရတယ်။ သူတို့ကလည်း ဓါတ်ပုံထဲမှာပဲ ရင်းနှီးနေတဲ့ ဦးလေးနဲ့ အဒေါ်ကို တီတီ တာတာ ပြောတာ မရှိပါဘူး။ လေဆိပ်မှာ တဖွဲ့ကြီး လာကြိုကြတယ်၊ အိမ်ရောက်တော့ တန်းစီပြီး ကိုယ်တို့လုပ်သမျှ နောက်ကနေ လိုက်ကြည့်ကြတယ်။ လက်ဆောင်တွေ ကိုယ်စီရပြီးလျှင်တော့ နည်းနည်း အသိအမှတ်ပြုပြီး အန်တီ ဒါလေး ပြပါဦး၊ ဒီဟာက ဘယ်လို လုပ်ရတာလဲ ဆိုပြီး ကစားစရာတွေကို ဖွင့်ခိုင်းတယ်။ နောက်နေ့ဆိုလျှင်တော့ ကိုယ့်ကို မှတ်မိသွားပြီး အန်တီရေ လာ တူတူဆော့ရအောင် ဆိုပြီး ကစားဝိုင်းထဲ ထည့်ခံရပြီ။ အဲ့ဒီမှာ သူတို့လေးတွေရဲ့ အကျင့် စရိုက်တွေ လေ့လာခွင့် ရတာပဲ။ မြွေနဲ့လှေကား ကစားကြတဲ့အခါ အလှည့်နဲ့ အံစာပစ်ကြတယ်။ အလှည့်ခိုးတဲ့သူ၊ တမင်မှားပြီး အကွက်ရေတဲ့သူ၊ မြွေမြိုမခံချင်တဲ့သူ၊ ရှုံးလို့ငိုတဲ့သူ အစုံပဲ။ အရွယ်တွေက ၄နှစ် ၅နှစ်တွေဆိုတော့ ပြောပြလျှင် နားလည်နေပြီ။ သူတို့အချင်းချင်း ဘယ်သူအကြီး ဘယ်သူ အငယ်ဆိုတာတော့ သိသား။ ဒီတော့ အလှည့်ကျော်တဲ့သူကို ငယ်စဉ်ကြီးလိုက်နော် လို့ပြောရတယ်။ အကွက်မှားရေလျှင်တော့ ၁ ၂ ၃ ၄ တူတူပြန်ရွတ်ကြတယ်။ ကိုယ်မြွေမြိုခံရတဲ့ အလှည့်ဆိုလျှင် ရယ်စရာဖြစ်အောင် အမူအယာနဲ့ လုပ်ပြတော့ သူတို့ပါအားလုံး လိုက်ရယ်ကြတယ်။ သူတို့လည်း မြွေမြိုရော အဒေါ်ကို အတုခိုးပြီး လိုက်ပြောင်တာ ရန်ဖြစ်ဖို့ ကလိမ် ကကျစ်ကျဖို့ မေ့နေကြတယ်။ ရှုံးလို့ငိုပြီး ကစားပွဲ ဖျက်တဲ့သူကိုတော့ အားကစား စိတ်ဓါတ် မရှိဘူးကွာ မင်းနဲ့ မဆော့နိုင်ဘူး လို့ ပယ်ထားလိုက်တယ်။ ကလေးဆိုတော့လည်း ဆော့ချင်တော့ အနားမှာ ရစ်သီရစ်သီ ပြန်လာလုပ်တာပဲ။ ကောင်းကောင်း ဆော့မှာလားလို့ ကတိ တောင်းပြီး ၀ိုင်းထဲ ပြန်ထည့်လိုက်တာ ပွဲမဖျက်တော့ဘူး။

စနေတနင်္ဂနွေ အားတဲ့ အချိန်မှာတော့ ကလေးတွေကို ပုံပြင်တွေ ဖတ်ပြတယ်။ ငြိမ်ပြီး နားထောင် နေကြတာ တွေ့ပြီး စိတ်ထဲ မကောင်းဘူး။ သူတို့မိဘတွေက စီးပွားရေး အိမ်မှုကိစ္စတွေနဲ့ ရှုပ်နေကြပြီး ကလေးတွေကို အချိန် မပေးနိုင်ကြဘူး။ အိပ်ရာနိုးတာနဲ့ ကလေးထိန်းတွေက ရေမိုးချိုး သုတ်သင်ပေးပြီး ကျောင်းသွားပို့၊ ကျောင်းက ပြန်လာတာနဲ့ ကလေးထိန်းတွေကပဲ ထမင်းကျွေး၊ ပြီးတာနဲ့ ကျူရှင် ဆရာမကလာပြီး အိမ်စာလုပ်ပေးတယ်။ ဆရာမပြန်သွားတာနဲ့ နောက်တခေါက် ထမင်း စားတဲ့သူကစား တီဗီ ကြည့်တဲ့သူကကြည့်၊ ပြီးတာနဲ့ အမေတွေက နောက်နေ့အတွက် မီးဖိုထဲဝင် စီမံနေတာနဲ့ ကလေးတွေကို အချိန်ပေးဖို့ မအားကြဘူး။ အိပ်ချိန် ရောက်တော့ မောပြီး အားလုံး အိပ်သွားကြရော။ ကလေးထိန်းတွေနဲ့ အချိန် များများ နေရပေမယ့် ဈေးသက်သာတဲ့ ကလေးသာသာ အရွယ်တွေ ခေါ်ထားကြတော့ ကလေးထိန်းတွေ ကလည်း ကလေးတွေကို သင်ပြပေးတာ ပုံပြောပြတာတွေ မလုပ်တတ်ကြဘူး။ ဒါက ကိုယ့်မိသားစုမှာပဲ တွေ့မြင်ရတဲ့ အဖြစ်အပျက်တွေပါ။ ကလေးတွေကလည်း ၄၊ ၅ နှစ်ရောက်နေပေမယ့် ကလေးထိန်းတွေက ထမင်း ပန်းကန်နဲ့ အနောက်က လိုက်နေကြတယ်။ ထမင်း ကျွေးတာကိုကပဲ တကယ့် အလုပ်ကြီး တခု။ ကိုယ်ကတော့ အမုန်းခံပြီး ယောင်းမတွေကို ပြောပြတယ်။ ကလေးတွေကို ထမင်းစားပွဲမှာ ကိုယ့်ပန်းကန်၊ ဇွန်းနဲ့ ဒါမှမဟုတ် လက်နဲ့ ယူစားတတ်အောင် စားခိုင်းပါလို့။ ဒါမှ သူတို့ လက်လေးတွေလည်း ခိုင်မယ်၊ ကိုယ့်ပိုင်နက်လေးနဲ့ ကိုယ်လည်း နေတတ်မယ်လို့။ ကိုယ်ပြောတာကို အရေးတော့ သိပ်ထားပုံမရပါဘူး။ သူတို့က ဒီလို ခွံ့ကျွေးတာကိုပဲ အသားကျနေတာဆိုတော့ ကိုယ်က အခုမှသွားပြီး မိကျောင်းမင်း ရေခင်းပြသလို ဖြစ်နေတာပေါ့။

နောက်တဖွဲ့ကတော့ ဆယ်ကျော်သက် အရွယ် မောင်နှမ ၀မ်းကွဲတွေ။ သူတို့ မိဘတွေက အသက်ကြီးမှ ကလေး ယူထားကြတော့ ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေကို မျက်စိထဲ မတည့်နိုင်ဘူး။ ဘာဖြစ်လို့ နားဖေါက်ချင်တာလဲ နားကပ်တဖက်ပဲ ၀တ်ချင်တာလဲ နားမလည်နိုင်ကြဘူး။ တရက်တော့ ဘုရားကျောင်းမှာ သီချင်းဆိုဖို့ သီချင်းကျင့်ကြတယ်။ မောင်လေးက ဂစ်တာတီး ညီမလေးတွေက ဧည့်သည်တွေရှိတယ်ဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ မပွင့်တပွင့် အသံနဲ့ သီချင်းဆိုကြတယ်။ အဲ့ဒီမှာ သူတို့ အဖေဖြစ်သူ အားပေးပုံက ညည အိမ်နားမှာ သီချင်းလာဆိုတဲ့ သူတောင်းစားတွေ အသံကတောင် နင်တို့ထက် အများကြီး သာတယ် တဲ့။ ကလေးတွေ စိတ်ဆိုးပြီး ငိုကြ စိတ်ကောက်ကြတော့ ဒါလေးပြောတာနဲ့ ဘာဖြစ်ရတာတုန်း ဆိုပြီး ထပ်ဆူသေးတယ်။ အဖြစ်အပျက် အားလုံးကို မြင်ရ ကြားရတဲ့ ကိုယ့်အဖို့တော့ တကယ့်ကို စိတ် မသက်သာစရာပါ။ ၅၀ ကျော်ပြီဖြစ်တဲ့ ဦးလေးကို ခေတ်ရေစီးကြောင်းကို နားလည်ပေးဖို့၊ ကိုယ်တွေလည်း တချိန်က သူတို့လိုပဲ မပြည့်တဲ့ အိုးလေးတွေ ဖြစ်ခဲ့ဖူးတာ၊ ကလေးတွေကို တတ်နိုင်သလောက် အားပေးဖို့ အေးအေးဆေးဆေး စကားပြောဖြစ်တယ်။ သူကိုယ်တိုင်လည်း ပြောပြီးမှ စိတ်မကောင်းဖြစ်နေတယ် ကလေးတွေကိုတော့ ပြန်မချော့ဘူး။

ကိုယ့်နဲ့ အနီးအနားမှာ ဆိုလျှင်တော့ ကလေးတွေကို အခုလို နားလည် စိတ်ရှည်နိုင်ပါ့မလား လို့လည်း ကိုယ့်ဘာသာ ပြန်မေးကြည့်ဖူးတယ်။ ခဏ အလည်လာတာမို့ ကလေးတွေနဲ့ ပြေလည်နေတာလို့ သူတို့ မိဘတွေကတော့ ပြောတယ်။ သူတို့ ကလေးအကြောင်း သူတို့ ပိုသိမှာပေါ့လေ။ ကိုယ်ကတော့ ငယ်ငယ်က ၀မ်းနည်းပြီး ငိုခဲ့ရတဲ့ အကြောင်းတွေ ပြန်သတိရပြီး ကလေးတွေကို ပျော်တော်ဆက်လုပ်ချင်တာ တခုတည်းရယ်ပါ။

Wednesday 8 April 2009

တနိုင်

ထီပေါက်ရင် ...
ပိုက်ဆံရှိရင်...
အခြေကျရင်...

လုပ်ချင်တာတွေ စာရင်း တို့ထားတာ တပုံကြီး။ အလုပ် ရပြီး ၄နှစ်အကြာ အဖွားနဲ့ အမေ ရှေ့ဆင့် နောက်ဆင့် ဆုံးသွားလို့ စိတ်ထဲ ရှိသလောက် မပြုစု လိုက်ရဘူး။ အခုတော့ စပျစ်သီး စားလျှင် အစေ့မပါတဲ့ စပျစ်သီးကို တမ်းတမ်းတတ မှာစားတတ်တဲ့ အဖွားကို သတိရတယ်။ ချောကလက်တို့ ဒိန်ခဲတို့ ကြိုက်တတ်တဲ့ အမေ့ကို စားချင် သလောက် စားပါလို့ ၀ယ်ကျွေးဖို့ အမေက လောကကြီးထဲ မရှိတော့ဘူး။ မစောင့်ခဲ့လျှင် ကောင်းသား ဆိုပြီး နောင်တ ရစရာတွေလည်း တပုံကြီး။ အနာဂတ်ကို ကြို မမြင်နိုင်တော့လည်း ဖြစ်တတ်ပါတယ် လို့ တွေးလျှင် ရပေမယ့် မိဘဆွေမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကျတော့ ဖြေဖို့ မလွယ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေကို အမြဲ တိုက်တွန်း ဖြစ်တာက မိဘ အတွက်ဆို ပိုက်ဆံ ရှိတဲ့ အချိန်ထိ အခြေကျတဲ့ အချိန်ထိ မစောင့်ပါနဲ့၊ တတ်နိုင်တာကို လုပ်ပေးလိုက်ပါ လို့။ နားလည် လက်ခံတဲ့ သူရှိသလို တချို့ ကျတော့လည်း ဒီအရွယ် ရောက်တဲ့ အထိ မိဘဆီက ယူလို့ကောင်းတုန်း။

ကိုယ်တွေ့ ကတော့ လူကြီး မိဘတွေ အတွက် တခုခု ၀ယ်မယ် ဆိုလျှင် အမြဲ သက်သက်သာသာနဲ့ ရတယ်။ အဒေါ်တွေက ပေါင်ဒါ ၀ယ်ပေးပါဦး ဆိုလို့ သွားဝယ်တာ တ၀က်ဈေးနဲ့ ရလာတယ်။ မျက်နှာသုတ်တဲ့ စက္ကူလေးတွေ ၀ယ်ပေးဖို့ သွားတာ တခုဝယ် တခု အလကား ရလာတယ်။ တိုက်ဆိုင်တာလို့ ပြောလျှင် ရပေမယ့် တခါလည်း မကမို့ သတိ ထားမိလာတာ။ သူတို့ မေတ္တာကြောင့် ကိုယ်လည်း အကျိုး ခံစားရတာ နေမှာ။

မနေ့က အလုပ်ထဲမှာ ၁၉နှစ်အောက် ကလေး၂ယောက် ကိုယ့်ကို လာရှာတယ်။ လုံခြုံရေး စာမေးပွဲ ဖြေချင်လို့တဲ့။ ဟယ် ငါနဲ့ ဘာဆိုင်လို့လဲ ဆိုတော့ အွန်လိုင်း ကနေ ဘွတ်ကင် တင်ပေးပါတဲ့။ အင်တာနက် ရှိလျှင် ဘယ်သူမဆို လုပ်လို့ ရတယ် လို့ပြောတော့ သူတို့မှာ အကြွေးကဒ် မရှိဘူး ဆိုပြီး ပိုက်ဆံ ထုတ်ပေးတယ်။ ဒီကလေးတွေကို လွှတ်လိုက်တဲ့ လူတွေရော အလုပ်ထဲက လူတွေကပါ သူတို့ ကဒ်နဲ့ မသုံးချင်လို့ ကိုယ့်ဆီ လွှဲလိုက်တာ။ ဒါနဲ့ပဲ စာမေးပွဲ ဖြေချင်တဲ့ လူတွေ ကိုယ့်ဆီ ရောက်ရောက်လာတယ်။ ပိုက်ဆံ မရဘဲ ကိုယ့် အလုပ်နဲ့လည်း မဆိုင်ဘဲ ဒီလူတွေအတွက် အချိန် ပေးရတာ၊ ဖုန်းဆက်ပြီး အကြောင်းကြားပေး ရတာတွေ ရှိသေးတယ်။ လူနည်းစု တစုအတွက် ကိုယ်တတ်နိုင်တာ လုပ်ပေးတာ။

ဒီနေ့လည်း တယောက်ပြီး တယောက် CV ရေးပေးဖို့ လျှောက်လွှာ ဖြည့်ပေးဖို့ စာရေးပေးဖို့ အကူအညီ လာတောင်းကြတယ်။ တယောက်ကို တနာရီလောက် အချိန် ပေးရတယ်၊ ကွန်ပြူတာ မသုံးတတ်သူ၊ အလုပ် ရာဇ၀င်ကို မမှတ်မိတဲ့သူ၊ စာ မရေးတတ်သူနဲ့ ကြုံလျှင် အချိန် ပိုကြာသေးတယ်။ အစကတော့ အလုပ်ရှားတဲ့ အချိန်မှာ အလုပ် ရှာနေတဲ့သူတွေမို့ ကိုယ်ချင်းစာပြီး ကူညီလိုက်တာ။ ဘယ်သူက သတင်း ဖြန့်လိုက်တယ် မသိဘူး လူကိုယ်တိုင်ရော ဖုန်းနဲ့ပါ လာကြလို့ တယောက်ချင်း ကူညီတာကို ရပ်ပြီး အဖွဲ့လိုက် သင်တန်းပဲ လုပ်တော့မယ် လို့ ပြောမိတယ်။ သေချာ ပြန်စဉ်းစား လိုက်တော့ သူများ တကယ် လိုနေတဲ့ အချိန်မှာ တတ်နိုင်တာ လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။

ထီပေါက်လျှင် ကိုယ်နဲ့ နီးစပ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကို အများကြီး လှူမယ်လို့ စိတ်ကူးရှိတယ်။ လခ အများကြီး ရလျှင် ပုံပါတဲ့ ရောင်စုံ အဘိဓါန် စာအုပ်တွေ အများကြီး ၀ယ်လှူမယ်လို့ စိတ်ကူးရှိတယ်။ အခြေကျလျှင် လူကြီး မိဘတွေ ကို ခေါ်ပြီး ကျွေးမွေး ပြုစုမယ် လို့ စိတ်ကူးရှိတယ်။ တခုမှ မဖြစ်သေးဘူး။ မရေရာတဲ့ အရာတွေ ဖြစ်လာမလားလို့ စောင့်နေတာနဲ့ တနိုင် ကူညီမှု ပေးဖို့တွေကို မျက်နှာလွှဲမိတော့မလို့။

Saturday 4 April 2009

ဖီဖီ မီးဖိုထဲမှာ

ကိုရင်နော်တို့ သတိတရ တက်ဂ်လို့ ရေးထားပြီးသား ပို့စ်အဟောင်း တခုကို ပြန်တင်လိုက်ပါတယ်။

ကျွန်မတို့ အဖွားကို ဖီဖီ လို့ခေါ်ပါတယ်။ ဖီဖီ့ကို ဘယ်သူပဲ အိမ်မှာ လာမေးမေး ဖီဖီ မီးဖိုထဲမှာ လို့ ဖြေရတာချည်းပဲ။ ဘာလို့လည်း ဆိုတော့ ဖီဖီ့ကို တခြား ဘယ်နေရာမှ ရှာစရာ မလိုပါဘူး။ မီးဖိုထဲမှာပဲ တနေကုန် တအိမ်သားလုံး စားဖို့ ချက်ပြုတ် နေတာမို့ပါ။ ဧည့်သည်တွေ ကလည်း အိမ်လာလျှင် ဖီဖီ ရှိတတ်တဲ့ မီးဖိုထဲ တောက်လျှောက် ၀င်သွားတာပဲ။ ဖီဖီက သူ့ဧည့်သည်တွေကို မီးဖိုထဲမှာပဲ စကားပြောရင်း အရမ်းချိုတဲ့ ကော်ဖီနဲ့ ဧည့်ခံ တတ်ပါတယ်။ နေ့လည်စာ ဒါမှမဟုတ် ညနေစာ စားချိန်နဲ့ ကြုံနေလျှင်တော့ ဧည့်သည်ကို ရှိတဲ့ ထမင်းဟင်းနဲ့ ဧည့်ခံပါတယ်။ အပြန်မှာတော့ ဖီဖီ ကိုယ်တိုင် လုပ်ထားတဲ့ စားစရာတွေကို လက်ဆောင် ပြန်ထည့်ပေး တတ်ပါတယ်။

ဖီဖီဆုံးတာ ၉နှစ် ပြည့်တော့ပေမယ့် ဖီဖီ့ အကြောင်း အခုပြန်တွေးလျှင် အံ့သြစရာ တွေချည်းပဲ။ သားသမီး ခြောက်ယောက် မြေး တွေ တပုံကြီးနဲ့ မုဆိုးမ တယောက်ဖြစ်တဲ့ ဖီဖီ့ ဘ၀က မချောမွေ့ ခဲ့ပါဘူး။ အဖိုးဆုံးတော့ တန်ဖိုးရှိတာ ဘာတခုမှ မကျန်ခဲ့ပါဘူး။ ဒါပေမယ့်လည်း တခြား အမေတွေ အားလုံးလိုပဲ ဖီဖီက သားသမီးနဲ့ မြေးတွေကို သူ့အသက်ရှင်နေတဲ့ တလျှောက်လုံး အကောင်းဆုံးတွေပဲ ပေးနိုင်အောင် ကြိုးစားခဲ့တယ်။ သူတတ်ကျွမ်းတဲ့ ချက်ပြုတ်နည်းတွေနဲ့ မိသားစုကို ကျွေးမွေးတဲ့ အပြင် အာလူးကြော်၊ ဟင်းမွှေးမဆလာ၊ ဘာလချောင်ကြော်၊ သရက်သီး သနပ် စသဖြင့် လုပ်ပြီး တဖက်တလမ်း ကနေ ၀င်ငွေ ရအောင်လည်း ရှာရပါသေးတယ်။ ဖီဖီ့ရဲ့ ကိုယ်တိုင်လုပ် အစား အသောက်တွေက လူကြိုက်များပြီး ရောင်းရလည်း တွင်ကျယ် ပါတယ်။ ဘာတွေ များ အပို ထည့်ထားသလဲလို့ မေးယူရအောင် အရသာလည်း ရှိလှပါတယ်။ ဖီဖီကတော့ ပြုံးပြီး ဘာအပို ပစ္စည်းမှ မကူဘဲ သဘာဝအတိုင်းပဲ ချက်ပါတယ် လို့ အေးအေးလေး ပြန်ပြောလေ့ရှိပါတယ်။

ဖီဖီက မိသားစုကို အမြဲ ကာကွယ် စောင့်ရှောက် ပေးတယ်။ အားကိုးဖို့ ခံတပ်ကြီး လိုပဲ။ ကျွန်မတို့ရဲ့ ပျော်ရွှင်စရာနဲ့ စိတ်ညစ်စရာ တွေကို မျှဝေ ခံစားဖို့လည်း ဖီဖီက အားလုံး အတွက် အစဉ် အသင့် ရှိနေတတ်တယ်။ ကျွန်မတို့ ရယ်တဲ့ အခါ ငိုတဲ့ အခါ အောင်မြင်တဲ့ အခါ ကျရှုံးတဲ့ အခါ အချိန်မရွေး သူ့ နှလုံးသားထဲကနေ လှိုက်လှိုက် လှဲလှဲ အတူ လိုက်ခံစားပေးတယ်။ ဖီဖီက မီးဖိုချောင်ထဲမှာ တနေကုန်နေပြီး အိပ်ချိန်မှပဲ ထွက်လာတယ်။ မိသားစုစားဖို့ ထမင်းဟင်းချက်၊ ပြီးတာနဲ့ ဆေးကြော သန့်ရှင်းရေးလုပ်ပြီး မီးဖိုထဲ တနေကုန် နေနိုင်တဲ့ ဖီဖီ့ကို ကျွန်မတို့ ငယ်ငယ်က နားမလည်နိုင်ခဲ့ပါဘူး။

အခုတော့ တဖြေးဖြေးနဲ့ နားလည်လာသလိုပဲ။ ကျွန်မလည်း အားတဲ့ အချိန်ဆို မီးဖိုချောင်ထဲ ရောက်နေပြီ။ ဖီဖီ့လို တနေကုန် ချက်ပြုတ်ဖို့ မလိုပေမယ့် မီးဖိုထဲမှာ နေရင်း မိသားစုဝင်တွေကို သတိရ မေတ္တာပို့လိုက်၊ စာရေး စာဖတ်လုပ်လိုက်၊ တခါတလေ ၀မ်းနည်းလို့ ငိုချင်လျှင် ငိုလိုက်၊ စိတ်ပျော်တဲ့ အခါ တယောက်တည်း ပြုံးလိုက် လုပ်နေမိတယ်။ မီးဖိုချောင်က အနားယူတဲ့ နေရာ၊ မိသားစု ဆွေမျိုး နဲ့ သူငယ်ချင်းတွေကို ဧည့်ခံတဲ့ နေရာ၊ တယောက်တည်း တိတ်တိတ်လေး ဆုတောင်းတဲ့ နေရာ၊ ပြီးတော့ ချစ်ခင်သူတွေ အတွက် စားသောက်ဖွယ်ရာတွေ ကို စေတနာ မေတ္တာ အပြည့်အ၀နဲ့ ပြင်ဆင်တဲ့ နေရာ။ ဒါကြောင့်လည်း ဖီဖီက မီးဖိုချောင်ထဲ နေရတာ ပျော်တာ နေမှာ။