Friday 27 March 2009

ဘလော့ရွာက မိတ်ဆွေများ (၂)

ကိုဇနိတို့ စုံတွဲနဲ့လည်း ခင်သွားရော လည်စရာ စီဘုံး တခု တိုးလာတယ်။ သူတို့ကို ခင်တဲ့သူကလည်း အတော်များတော့ သွားရင်း မိတ်ဆွေသစ်တွေ တိုးလာတာ လင်း၊ ပေါက်၊ မေမိုး၊ မသိင်္ဂီ တို့နဲ့ စီဘုံးမှာ ထပ်တွေ့ပြန်တယ်။ ပြီးတော့ သူတို့ ဘလော့တွေကို သွားကြည့်ရင်း စိတ်ထဲမှာ ခင်မင်ပြီးသား သူတွေလိုပဲ။ အိမ်ပြောင်းတဲ့ အကြောင်း၊ နေမကောင်းတဲ့ အကြောင်း ဖတ်ရလျှင် သတင်း မေးရသေးတယ်။ မတွေ့တာ ကြာလို့ ပို့စ်အသစ် မတက် ပြန်လျှင်လည်း ဟိုတွေး ဒီတွေး လုပ်သေးတာ။ ချန်းချန်း နဲ့ စည်းကမ်းကြီးတဲ့ သူ့မေမေ အကြောင်း ဖတ်ရတာ အားကျ ကျေနပ်စရာ။ မသိင်္ဂီရဲ့ တနေ့တာကို ဖတ်ပြီး သူနဲ့ အတူ လိုက်မော လိုက်တယ်။ ရန်ကုန်ပြန်လို့ feel မှာ ထမင်းသွားစားရင် မသိင်္ဂီတို့ မိသားစုကို တွေ့နိုင်မယ်လို့ မှန်းထားပါတယ်။ အုန်းထမင်းနဲ့ ကြက်သားဟင်း ချက်ပြီး တင်တော့ အားပေးကြတဲ့ သူတွေ များလို့ ဒါလည်း ခင်မင်ခြင်းရဲ့ သင်္ကေတ တခုပဲလို့ တွေးမိတယ်။ အစားအသောက် တခုခု လုပ်စားတိုင်း ချစ်သူ ခင်သူတွေကို သတိ ရတတ်ကြတာကိုး။ ချက်တဲ့သူ ကလည်း စားကောင်း သူတွေများလျှင် ပီတိ ဖြစ်ရတာ။ ကိုစေးထူးက လာမန့်တော့ ဒါသူ့ရဲ့ အကြိုက်ဆုံး ဟင်းထဲက တခု ဖြစ်မှာပဲလို့ ကိုယ့်ဘာသာ ကောက်ချက်ချ နေတယ်။ နေနေ့ဘလော့မှာ အစားအသောက် ပို့စ်တွေ တွေ့လျှင် စင်ကာပူမှာ နေချင်လိုက်တာလို့ အတွေးဝင်တယ်။ အရမ်းစားနိုင်တဲ့ နေနေ့ကို ၀နေဦးမယ်လို့ ကော်မန့် သွားရေးပြီးမှ စိတ်ဆိုးမလားမသိဘူးလို့ တွေးပြီး ပူနေတယ်။

ရေးဟန်တွေ မျိုးစုံနဲ့ အသက်ဝင်လွန်းတဲ့ မခင်လေးတို့ဆီ ရောက်သွားတော့ သူတို့ အိမ်ထဲမှာ ရှိနေသလိုပဲ။ ကိုရင်နော်ကို အရပ်ရှည်ရှည် အကိုကြီး၊ မခင်လေးကို မကြိုက်လျှင် မကြိုက်ဘူး ပြတ်ပြတ် သားသား ပြောတတ်တဲ့ အမလို့ ပုံဖော် ကြည့်လိုက်တယ်။ မချိုက ၀ိုင်အကြောင်း ရေးတော့ ၀ိုင်မကြိုက်တဲ့ စိတ်ကနေ သောက်ကြည့်ချင်စိတ် ပေါက်လာတယ်။ စကားပြောလိုက် ၀ိုင်သောက်လိုက်နဲ့ စိတ်ကူးယဉ်ကြည့်တာ။ ကိုအောင်သာငယ် ဘလော့ကို သွားရင်း မမသီရိ ကို သိခွင့် ရလာတယ်။ တခါတလေ ကော်မန့်အပြင် မေးခွန်းလေးတွေ ထားခဲ့တဲ့အခါ အပြင်မှာ စကား လက်ဆုံ ကျချင်တယ်။ မမိုးချိုသင်းက မမသက်ဝေ လို့ခေါ်တာ ကြားနေတော့ သွားလည်စရာ နောက်အမ တယောက် တိုးပြန်တယ်။ ပန်းလေးသုံးပွင့် အကြောင်း ရေးထားတာများ စင်ကာပူက ဘလော့ဂါ တော်တော် များများ ကို သူသိနေပုံပဲ။ မခင်ဦးမေကို သိတာ သူတယောက်ပဲ ရှိမယ်ထင်တယ်။

ကိုယ်ရေးချင်ရာ ရေးထားတာတွေကို ပထမဆုံး ကော်မန့်လာပေးတာ ရွှန်းမီပါ။ စုံစီနဖာ ဆိုတဲ့ သူ့ဘလော့ကို သဘောကျလို့ သွားကြည့်ရင်း စိတ်ကူးထဲမှာ သိနေတာ ကြာပါပြီ။ တရက်တော့ ကိုနိတို့ စီဘုံးမှာ ထုံအဖွဲ့သား စုဆောင်းရေး လုပ်နေတာနဲ့ တိုးတယ်။ တယောက်က မီထုံ က ဘယ်သူလဲ ရွှန်းမီလား ဆိုတော့ ကိုယ်က အသာလေး ငြိမ်နေတယ်။ ဒါပေမယ့် အတွင်းသိ တယောက်က ရွှန်းမီက မထုံဘူးတဲ့။ အော် လူတွေကလည်း မှားတတ်ပလေ။ လင့်တွေကတဆင့် အမြဲသွားဖတ်ဖြစ်နေတဲ့ မသီတာ၊ မတန်ခူး၊ မနော်၊ မကေ၊ မ၀ါ၊ မပန်နဲ့ မယုဝရီ တို့ကိုလည်း ကိုယ့်စိတ်ကူးထဲ ပုံဖော် ကြည့်ထားတာ တမျိုးစီ။ မ၀ါက ဓါတ်ပုံနဲ့ တကွ ဖော်ပြထားတော့ သိပြီးသား။ မမြင်ဖူးသေးတဲ့ အမတွေကိုတော့ တယောက်ယောက်နဲ့ ဆက်စပ်ပြီးတော့ သိနေမှာပဲလို့၊ သူတို့ ရေးတဲ့စာတွေကို ဖတ်ပြီး စိတ်ကူးကြည့်တာလေ။ မကေက အစုံရေးတော့ တခါတလေ မျက်စိလည်တယ်။ ဆာလံကျမ်းတို့ daily bread စာအုပ် အနားမှာရှိတယ် ဆိုတော့ ခရစ်ယာန်ပဲ ဖြစ်ရမယ်လို့ တွေးနေတုန်း သမ္ဗုဒေ သူ့မေမေက အမြဲ ရွတ်ပြ ခိုင်းတယ်ဆိုတော့ မှားတဲ့ အခါလည်း မှားပေမပေါ့ လို့။ ဘလော့တွေ လည်ရင်း အပြင်မှာလည်း စာတွေရေးတဲ့ စာရေးဆရာမတွေနဲ့ သိရတာ ကိုယ့်ကံကို မယုံနိုင်ဘူး၊ အံ့သြနေတုန်းပဲ။ မဂ္ဂဇင်းတွေ ထဲမှာပဲ ဓါတ်ပုံမြင်ဖူး သူတို့အကြောင်း ဖတ်ဖူးထားတာ အခုတော့ အီးမေး ပို့လို့ရတယ်၊ ကော်မန့်တွေ သွားထားလို့ရတယ်၊ ကိုယ့်ဆီ စာပြန်လာတယ်။ ဘလော့ရွာထဲမှာသာ မဟုတ်လျှင် စာရေးဆရာ/မတွေနဲ့ ဒီလို ရင်းနှီးမှုရဖို့ ခဲယဉ်းမှာ။

mrdba ရဲ့ စင်ကာပူက အဖြစ်အပျက်လေးတွေ ဖတ်ရတာ ကြိုက်လို့ ပို့စ်အသစ်လာတိုင်း သွားဖတ်တယ်။ ksanchaung ကိုတော့ စမ်းချောင်းအစွဲရယ် သူငယ်ချင်းတယောက်ရဲ့ သူငယ်ချင်း ဖြစ်နိုင်တယ်ဆိုပြီး အတင်း ဆက်စပ် လိုက်တယ်။ ZT ရဲ့ တန်းပလိတ်က အလျင်က ကိုယ့်တန်းပလိတ်နဲ့ တူတူပဲမို့လို့ သဘောကျပြီး သွားလည်ရင်း အခုတော့ ပို့စ်အသစ် တက်တိုင်း ရောက်ဖြစ်တယ်။ ကရေတွန်ဆီ ရောက်တော့ ဒီကလေး မြန်မာစာ အမှတ် ၁၀၀ နဲ့အောင်ထားတာပဲ ဖြစ်ရမယ်လို့ မှတ်ချက် ချလိုက်တယ်။ မောင်အိမ်၊ သက်ပိုင်သူနဲ့ ရွာသားလေးတို့ ဆီလည်း သွားလည်ရင်း မိတ်ဖွဲ့လာခဲ့သေးတယ်။ ဂျွန်ဝမ်းကို ဘယ်လို ခေါ်ရမလဲတော့ ခုထိ မသိသေးဘူး၊ ဒါနဲ့ပဲ ညီမ လို့ခေါ်ပြီး မိတ်ဖွဲ့ထားလိုက်တယ်။ မေအောင်၊ နုစံ၊ မြရွက်ဝေ၊ ပုံရိပ်၊ နတ်သမီးလေးမွန်၊ ရွှေဂျမ်း၊ နွေးနေခြည် တို့ကလည်း မကြာခင်ကမှ သိရတဲ့ ညီမလေးတွေပါ။ သူတို့ ဆယ်တန်း အောင်တဲ့ နှစ်တွေ ရေးထားတာတွေ့ပြီး ခေါင်းနပန်းကြီးသွားတယ်။

စိတ်ကူးယဉ်တာတွေ များသွားလို့ တော်သေးပြီနော်။ အလုပ် ဆက်လုပ်လိုက်ပါဦးမယ်။

Saturday 21 March 2009

ဘလော့ရွာက မိတ်ဆွေများ (၁)

ဘလော့ရွာထဲမှာ သိရ ခင်ရ တဲ့ သူတွေက ကျွန်မ အတွေးထဲ မကြာခဏ ဆိုသလို ၀င်လာတတ် ပါတယ်။ ဒီအကြောင်း ပို့စ်တခုတော့ ရေးဦးမယ်လို့ စဉ်းစားရင်း ပို့စ် အသစ်တင်ဖို့ ပြင်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ၁၀၀ ခုမြောက်ဖြစ်နေတယ်။ အမှတ်တရ ပေါ့နော်။

အပြင်လောက က သူငယ်ချင်း တော်တော် များများနဲ့ အဆက်ပြတ်နေတဲ့ အချိန်မှာ ဘလော့ ရွာကြီးကို ရှာဖွေ တွေ့ရှိခဲ့တာ။ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပဲ ဖတ်စရာ မှတ်စရာ ကြည့်စရာ မြင်စရာတွေ စုံလင်လှတဲ့ ဘလော့ပေါင်း များစွာကို တခုပြီးတခု လျှောက်လည် တော့တာပဲ။ သတင်း ဘလော့တွေကနေ စလိုက်တာ နောက်တော့ တွေ့သမျှ လင့်ကို နှိပ်ပြီး တွေ့တာ ဖတ်တော့တာပဲ။ (ဒါပေမယ့် ဆင်ဆင်နဲ့ မခင်ဦးမေကိုတော့ မမီပါ) မိုးလင်းတာနဲ့ ကွန်ပြူတာဖွင့်ပြီး ဘလော့တွေ ဖတ်ရတာ တကယ့် စည်းစိမ်။ ကိုနဗနရဲ့ ဘလော့ကို တွေ့တာ ဆောင်းတွင်း အချိန်။ ချမ်းချမ်းစီးစီးနဲ့ အိပ်ရာက နိုးတာနဲ့ ထဖတ်၊ ပြီးတော့ ကိုယ့်ဘာသာရီတာ အားမရဘဲ အိပ်နေတဲ့ ယောကျာ်းကိုပါ ပြောပြပြီး ထပ်ရီသေးတယ်။ သူက ကိုယ့်လို မရီဘဲ ပြောပြတာကို ပြုံးပဲ ပြုံးရင် စိတ် သိပ်မကျေနပ်ချင်ဘဲ နောက်တခေါက် ရေးထားတဲ့ အတိုင်း ဖတ်ပြလိုက်တယ်။

လင့်တွေ အများကြီး ရှိတဲ့ khin00may77 ကတဆင့် လည်စရာ ဘလော့တွေ အများကြီး ထပ်တွေ့ပြန်တယ်။ တချို့ ဘလော့ ပိုင်ရှင်တွေက ကိုယ်နဲ့ သိတဲ့သူတွေ ဖြစ်နေတယ်။ ပြန်တွေ့ချင်နေတဲ့ သူငယ်ချင်း တယောက်ကို သူ့ဘလော့မှာ ဓါတ်ပုံနဲ့တကွ ပြန်တွေ့ရတယ်။ မိုးချိုသင်း လို့လည်း တွေ့တော့ ကဗျာဆရာ ဦးတင်မိုး သမီး ပဲဆိုပြီး အမြဲ သွားလည်တယ်။ လင့်တွေက တဆင့်ပဲ မခင်မင်းဇော်ရဲ့ ဘ၀ဒိုင်ယာရီများကို ဖတ်ပြီး ငိုရတယ်။ ဆရာမ မေငြိမ်းရဲ့ စာတွေ တွေ့တော့ မဖတ်ရသေးတဲ့ ၀တ္ထုတွေပါ တပုံကြီး ဖတ်ရတယ်။ ဆရာမကို ဆရာ မခက်မာမှာ ဘလော့ ရှိလား လို့် မေးမိတယ်။ သားထံမှ သင်ယူခြင်း ၀တ္ထုတွေ စွဲခဲ့ဖူးတယ်လေ။ ပြီးတော့ သူငယ်ချင်းတွေကိုပါ ဘလော့ လိပ်စာတွေ လက်ဆင့်ကမ်းလိုက်တယ်။ ရန်ကုန်ပြန်တိုင်း စာအုပ်တွေကို စိတ်တိုင်းကျ သယ်ဖို့ အခွင့် မရတာမို့ ဒီလို အခွင့်ထူးမျိုး ရတော့ ပျော်တာပေါ့။ wesheme ဘလော့ကို ရောက်တော့ ဖတ်စရာ မှတ်စရာ တွေစုံတဲ့အပြင် သူတို့ အကြောင်းတွေ ဓါတ်ပုံတွေကိုပါ ဝေေ၀ဆာဆာ တွေ့ပြီး အားကျမိတယ်။

အားအားရှိ မခင်ဦးမေ ဘလော့ကိုသွားနေလို့ ယောကျာ်းက မင်းတော့ ခင်ဦးမေကို စွဲလမ်းနေပြီလို့ ညည်းတယ်။ ပို့စ်အသစ်မရှိလည်း စီဘုံးမှာ ရစ်သီရစ်သီ သွားလုပ်တယ်။ စီဘုံးမှာပဲ မွန်နဲ့ မနုသွဲ့ကိုတွေ့တာ။ မနုသွဲ့က ကိုယ်နဲ့ တနိုင်ငံထဲဆိုတော့ ပျော်ပြီး သူ့ကို လိပ်စာ မေးတော့တာပဲ။ မွန့်ကိုကျတော့ လာလည်ဖြစ်ရင် အိမ်မှာ တည်းပါလို့ ခေါ်လိုက်တယ်။ ယောကျာ်းကို ပြောပြတော့ ဟင် သိလို့လားတဲ့။ နောက်ရက်ကျတော့ နိနိနဲ့ တွေ့ပြန်ရော။ သူ စကားပြောတာက ယဉ်ကျေးပြီး ချစ်စရာ။ ဒါနဲ့ သူ့စာတွေပါဖတ်၊ သူနဲ့နွယ်ပြီး ကိုဇနိကြီးကိုပါ တွဲသိသွားရော။ စမ်းတ၀ါးဝါး ဟိုကြည့် ဒီကြည့် လုပ်ရင်း ရထားတဲ့ ကိုယ့်ဘလော့ အတွက် ဘလော့ပိုင်း ဆိုင်ရာ ဒုက္ခတွေ ဖြေရှင်းပေးဖို့ ကယ်တင်ရှင်ကြီး တယောက် ဘုရားက ဆုချ လိုက်သလိုပဲ။ စာခေါက်နည်း၊ မြန်မာစာ ပေါ်အောင်လုပ်နည်း၊ ဖိုင်တင်နည်း ၊ ခမျာ စိတ်ရှည်ရှည်နဲ့ ပြောပြရှာတယ်။ တွေ့ပြီး မကြာခင်မှာပဲ ကိုဘက ထုံအဖွဲ့ထဲ ထည့်လိုက်လို့ ပညတ်သွားရာ ဓါတ်သက်ပါပြီး ကိုယ်လည်း ပညာသစ်တွေ သင်ဖို့ လက်လျှော့ လိုက်ပါတယ်။ ကိုဇနိကို အားနာတာလည်း ပါတာပေါ့လေ။

(ဆက်ရေးလိုက်ဦးမယ်)

Tuesday 17 March 2009

ကိုယ့်အကြောင်း အကောင်း

ဒီနေ့ ရလာတဲ့ အတွေးတခုပါ။ ဆရာ တချို့ကို မင်းတို့ ကောင်းကြောင်း ပြောပါဦး လို့မေးတာ ကိုယ့်ကို ကြောင်ပြီး ကြည့်ကြတယ်။ ဒါဆို ကျောင်းသားတွေရဲ့ တိုးတက်မှု အကြောင်း ပြောပါဦး ဆိုတော့ တခုပြီး တခု တယောက်ပြီး တယောက် ပြောလိုက်ကြတာ ရပြီလို့ ပြောယူရတယ်။ ကိုယ့်ကောင်းကြောင်း ကိုယ် ပြန်ပြော ရတာ ရီစရာကြီး၊ မသင့်လျော်ဘူး၊ မကြားကောင်းဘူး စသဖြင့် ထင်မြင် ယူဆ ထားကြတာ လူမျိုးတိုင်း ယဉ်ကျေးမှုတိုင်း မှာ ပဲ လားတောင် မသိပါ။ ကျွန်တော်က စည်းကမ်း အရမ်းရှိတယ်၊ ကျွန်မက ဒီဘာသာရပ်မှာ ကျွမ်းကျင်တယ်၊ ကျုပ်ကတော့ အ၀တ်အစား သန့်သန့် ပြန့်ပြန့် ၀တ်တယ်၊ ကိုယ်က ပေါင်းသင်း ဆက်ဆံရေး တော်တယ် လို့ ကိုယ့်အကြောင်း ကိုယ့်ဘာသာ အမွှန်း တင်ပြီး ပြောတဲ့သူမျိုး ရှိတော့ ရှိတယ် ရှားပါတယ်။ အဲ့သလို ပြောတာ ကြားလျှင်လည်း ဘာကြီးလဲဟ လို့ မျက်ခုံး ပင့်တတ်ကြပါသေးတယ်။

ကိုယ့်အကြောင်း အကောင်း မပြောနိုင်တဲ့ သူတွေထဲမှာ ကိုယ်လည်း ပါပါတယ်။ ချက်ချင်း ပြောလို့ မထွက်တာရယ်၊ ဘယ်တခုကို အကောင်းဆုံးလို့ ယူပြီး ပြောဖို့ စဉ်းစားနေတာရယ်၊ လူတွေ ဘယ်လို ထင်မှာလဲလို့ တွေးပြီး ကြောက်နေတာနဲ့ပဲ ကိုယ့်အကြောင်း အကောင်းပြောဖို့ ထွက်မလာပါဘူး။ ကိုယ့်ဘာသာတောင် အကောင်း ပြန်မပြောနိုင်တာ ကိုယ့်ပတ်ဝန်းကျင်ကို အကောင်း ဘယ်လိုမြင်နိုင်မှာလဲလို့ မေးခွန်း ထုတ်နေမိတယ်။ ကိုယ့်အနားက လူတွေကိုရော အကောင်း မြင်တတ်အောင် ဘယ်လို ဆွဲဆောင် နိုင်မှာလဲ။ လူဆိုတာက သိုးတွေလိုပဲ တယောက်လုပ်လျှင် နောက်ကလိုက်တတ်တဲ့ အမျိုးဆိုပဲ။ သူများ အကြောင်း အကောင်း ပြောနိုင်ဖို့ အကောင်း ပြောတတ်ဖို့ ကိုယ့်အကြောင်း အကောင်း ပြောတာက စရမယ် ထင်ပါတယ်။ ရှုပ်သွားပြီထင်တယ်။

မင်း အင်္ကျီလေးက လှလိုက်တာ လို့ ပြောလာလျှင် ကျေးဇူးတင်ပါတယ် လို့ ချီးမွမ်းတာကို ပြုံးပြုံးလေး ခံနေမယ့်အစား အို ဒါသိပ်ဈေးမကြီးပါဘူး ဈေးချတုန်းက ၀ယ်ထားတာပါ နံမည်လည်း မရှိပါဘူး ဆိုပြီး ဘယ်သူမှ မမေးဘဲ အရှည်ကြီးတွေ ရှင်းပြတတ်တယ်။ မင်း ဘ၀မှာ တိုးတက်မှုတွေ အများကြီး ရနေတာပဲ ဆိုလျှင်လည်း ငါက သာမန်လူပါ ငါ့မှာ အိမ်မရှိ ကားမရှိ ခရီးရက်ရှည် မထွက်နိုင် လိုချင်တာတွေ မ၀ယ်နိုင် ဆိုပြီး အဆိုးတွေကိုပဲ တသီတတန်းကြီး ပြောချတတ်ပါသေးတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကူးစက်ရောဂါ ရသလို တယောက် ကောင်းကြောင်း တယောက် ဆက်တိုက် ပြောနိုင်ဖို့ ကိုယ်တို့ အားလုံး ကိုယ့်ကောင်းကြောင်း ကိုယ် ပြောနိုင်ဖို့ အရင် ကြိုးစားရဦးမှာပါ။ ကဲ ကိုယ့် ကောင်းကြောင်း ကိုယ် ပြောကြည့်ကြ ရအောင်နော်။

Sunday 15 March 2009

ပြန်ပြောတတ်ဖို့

ငယ်ငယ်က လူကြီးတွေကို ပြန်ခံပြောလျှင် အရိုက်ခံရတယ်။ ကိုယ့်ကို ချွေးမလို့ ချစ်စနိုးနဲ့ ခေါ်တဲ့ အန်တီတွေကို ဘာညာဘာညာ ပြန်ပြောလို့ အမေ လိမ်ဆွဲတာ ခံရတယ်။ ပြန်ပြောတယ် ဆိုတာ လုံးဝ မလုပ်ရဲတော့ဘူး။ ကျောင်းတက်တော့ ဆရာမတွေကို မြင်ရုံနဲ့တောင် ကြောက်နေလို့ ကိုးတန်း (ဟုတ်တယ် န၀မတန်း) မှာ ဘိုင်အို ဆရာမက အကြောင်းမဲ့ သူတို့ကို ကြောက်နေလို့ ဆိုပြီး တချိန်စာ သူ့ အခန်းထဲ ခေါ်ထားတယ်။ ဒါလည်း ကြောက်တာပဲ။ သူငယ်ချင်းတွေနဲ့ နင်ပဲ ငဆ တခါမှ စကား မများဖူးဘူး။ မကျေနပ်လျှင် စိတ်ကောက်တယ်။ စကား မပြောတော့ဘူး။ ကိုယ်က စပြီး မခေါ်တာတော့ မရှိပါဘူး။ သူတို့က ကိုယ့်ကို သူတို့နဲ့ပဲ စွဲစွဲမြဲမြဲ တွဲစေချင်တယ်၊ မုန့်စားလည်း အတူ စာကျက်လည်း အတူ စသဖြင့်ပေါ့။ ကိုယ်က လူတကာနဲ့ စကားပြော လမ်းလျှောက် မုန့်လိုက်စားတာတွေ လုပ်တော့ အတူ ထိုင်တဲ့ သူငယ်ချင်းက မကျေနပ်ဘူး။ နောက်ဆုံး သူလည်း လက်လျှော့ လိုက်တယ်။ မျက်နှာ များတယ် လို့တောင် စွပ်စွဲ လိုက်သေးတယ်။

ကွန်ဖရမ်တေးရှင်းတွေ ချယ်လင့်တွေ မလုပ်ရဲတာ အခုထိပါပဲ။ ကိုယ်ပဲ စိတ်ညစ်ခံ လိုက်တယ်။ အဲ့ဒီ အကျင့်က ကိုယ့်အတွက် ဆိုးကျိုးပဲ ပေးပါတယ်။ အသေးအဖွဲလေးကအစ မကျေနပ်လျှင် ဖွင့်ပြောလိုက်ဖို့ နှုတ်လေးနေတယ်။ အားလုံးကို ကျေနပ်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ဆိုတာကို သိနေတော့ ရတာလေး ရှိတာလေးနဲ့ပဲ တင်းတိမ်လိုက်တာ များတယ်။ စိတ်ထဲမှာ မကျေနပ်တာကို ဖွင့်ပြောပြီး ဖြေရှင်းလိုက်ဖို့ သတ္တိမှ မရှိတာ။ သူစိမ်းတွေ နဲ့ဆို ပိုဆိုးတာပေါ့။ တနေ့က အစည်းအဝေး တခုမှာ လူတွေ ပြောသမျှကို ဆုံးအောင် နားမထောင်ဘဲ စကား ဖြတ်ပြောတဲ့ လူတယောက်ကို တော်တော်လေး စိတ်တိုတာနဲ့ ငါတို့ကို စကားပြောခွင့် ပေးပါဦး လို့ ပြောမိတယ်။ ငယ်ငယ်က လူကြီးတွေ ပြောသလို မပြောချင်လို့ ကြည့်နေတာ အကောင်းမထင်နဲ့ လို့တောင် ပြောချင်သေးတာ။

ဒီတိုင်းပြည်က ကလေးတွေက ကျိုးကြောင်း ကုန်စင် ရှင်းပြဖို့ အခွင့်အရေး တော်တော် ရပါတယ်။ သူတို့ မကျေနပ်လျှင် ဘာကြောင့် မကျေနပ်တဲ့ အကြောင်း ပြောပြလို့ရတယ်။ ပြန်ခံပြောတယ် ဆိုပြီး ဆူမယ့်သူ နည်းပါတယ်။ ဒီလို ကိုယ့် ထင်မြင်ချက် ယူဆချက်တွေကို ပြန်ပြောတတ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုများလာတယ်။ ငယ်ငယ် ကတည်းက လေ့ကျင့် ပေးနေသလိုပေါ့။ ကိုယ့်ထက် ရာထူး ကြီးတဲ့သူ၊ အသက် ကြီးတဲ့သူ တွေကို ပြန်ပြောဖို့ ဆိုတာ ကိုယ့်အတွက် မလွယ်ပါဘူး။ ဒါပေမယ့်လည်း ဆိုးကျိုးတွေ သိပ်မများလာခင် ကိုယ့် ခံစားချက်တွေကို အမှန်အတိုင်း ထုတ်ဖော် ပြနိုင်တာ ကောင်းကျိုးတွေ ရဖို့ လမ်းစ တခု ဖြစ်နိုင်ပါတယ်။ အခုအရွယ်မှ ဆိုတော့ ပြန်ပြောတတ်တဲ့ သတ္တိ ရှိဖို့ အချိန် နည်းနည်း ယူရဦးမယ်။ ဖြစ်အောင်တော့ ကြိုးစားရဦးမှာပါ။

Thursday 12 March 2009

သီချင်းထဲက ပုံပြင်

မင်းကိုမေ့မယ် (တေးရေး - စိုးလွင်လွင်)

သွေးကြောတွေ ခဏ ရပ်သွား အို ဟုတ်မှ ဟုတ်ရဲ့လားလေ
မျက်စိထဲကလေ ကိုယ်များ မှားကြည့်ကာ ကောက်ချက်တွေ မှားဆွဲနေရင်
တခြား ယောကျာ်း တယောက် အနားမှာ ပါပြီးတော့ မင်း လျှောက်သွားတာ
ကိုယ့်အသည်းထဲ ထိသွားအောင် မင်းရွဲ့တာ ဘယ်လိုမှ မထင်မိတဲ့
ကိုယ့်ရဲ့အဖြစ်ကို အမြဲတမ်း ပြန်တွေး ဆွေးကာကြွေ

ဘယ်သူ့မှ မသိအောင်ကြိတ်လို့ငို အိုသူလေတကယ် ရက်စက်သွားပြီနော်ကွယ်
လုပ်ရက်လွန်းခဲ့လိုက်တာ အတိတ်က သူပြောတဲ့ စကားလုံးများနဲ့ ဝေးသွား အိုး
အလျင်ကလိုချွဲဦး ဘယ်တော့မှ မခွဲနိုင်ဘူး

အသဲနှလုံးတွေ ကွဲသွား ကိုယ်ရူးပြီ သူရက်စက်တာ ပြောချင်လိုက်တာ မဟုတ်ရပါ
ဘာလို့ သူနောက်တစ်ယောက်နဲ့ချစ်တာ ကိုယ့်အပြစ်လား ဆိုမလား ဆိုမလား
ကိုယ့်အချစ်ထက် မင်းကို ယုယမယ့် ချစ်သူရှိပြီးသားပဲ
ကိုယ်ရှိရင် မင်းတို့နှစ်ယောက်လုံး စိတ်ညစ်မယ် ပျော်နေနိုင်အောင် ကိုယ်နားလည်
ကိုယ့်ရဲ့အသည်း မီးလောင်လည်း နေလိုက်
ကိုယ်မင်းကိုသိပ်ချစ်တယ် ကိုယ့်အချစ်များ အကုန်လုံး ဘေးဖယ်ထားနိုင်မလား မေးခဲ့ရင်ကွာ
အချစ်ရဲ့ စိတ်ဓါတ်များ ပျော့ညံ့ရမလား ပြောဦး အိုး
ရင်ထဲ ကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်

ကိုယ်တယောက်ထဲသာ လမ်းမထက်မှာ အိုကွာ ရင်ထဲ ငိုဆဲပါ အချစ်ရယ် မျက်ရည်စိုကာ
မင်းနဲ့ တယောက်အတွက် ဆက်ချစ်ကြဖို့ ကိုယ့်အတွက်ဆွေး အိုး
ရင်ထဲကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်

ဘယ်သူ့မှ မသိအောင်ကြိတ်လို့ငို အိုသူလေတကယ် ရက်စက်သွားပြီနော်ကွယ် လုပ်ရက်လွန်းခဲ့လိုက်တာ
အတိတ်က သူပြောတဲ့ စကားလုံးများနဲ့ ဝေးသွား အိုး
ရင်ထဲ ကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်
ရင်ထဲ ကိုယ်မချိလည်း ကိုယ်မင်းကိုမေ့မယ်

တယောက် သောသူ ဆိုတာ ကြားဖူးတာ... ခံစားချက် အပြည့်နဲ့ ပေါ့... ကြာခဲ့ပါပြီ။

Monday 9 March 2009

ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲကို မြီးရှည်ထက် ပိုကြိုက်ပါတယ်။ လုပ်ရတာလည်း ပိုလွယ်တယ် လို့ ထင်တာပဲ။ ရန်ကုန်မှာ စားနေကျ ဆိုင်တွေကတော့ ၃၄ လမ်းက ကိုးသုံးလုံးရယ် အမှတ်တရ (နှစ်ဆိုင်ရှိတယ် ထင်တာပဲ) ရယ်မှာပါ။ ကိုးသုံးလုံးမှာ မုန်ညှင်းချဉ်တွေ ငရုတ်သီးကြော်တွေ ချထားပေးတာ သဘောကျတယ်။ တို့ဖူးကြော်ကို အလျင် အမြည်းစား၊ ပြီးမှ ရှမ်းခေါက်ဆွဲ မှာစားတယ်။ တို့ဖူးကြော်ကလည်း ရန်ကုန်ကြော်နဲ့ တောင်ကြီးကြော် ကွဲသေးတယ်တဲ့။ တို့ဟူးနွေးကိုတော့ ခေါက်ဆွဲ မပါဘဲ စားရတာ ကြိုက်တယ်။ ရန်ကုန်မှာ စားဖူးသမျှထဲမှာ ရှေ့ဆောင်ရုံ အောက်က ရှမ်းဆိုင်က တို့ဖူးနွေးကို အကြိုက်ဆုံးပါပဲ။ ပြောရင်း ရှမ်းခေါက်ဆွဲ စားချင်တာနဲ့ အာရှဆိုင်သွားပြီး လိုတာလေးတွေ ၀ယ်လာတယ်။

ဝက်သားကို ခရမ်းချဉ်သီးနဲ့ ဆီပြန်အောင် ချက်တယ်။
ဆီတို့ဖူးနဲ့ ကြက်သွန်ဖြူကို ရေနည်းနည်းနဲ့ ဖျော်ထားတယ်။
မြေပဲကြော်ကိုမကြေတကြေ ကြိတ်
မုန်ညှင်းချဉ် ကိုသေးသေးလေးလှီး
ရှမ်းခေါက်ဆွဲအသုပ်နဲ့ ဟင်းချို သုံးဆောင်သွားပါဦး...

Saturday 7 March 2009

စနေနေ့ အချိန်ဇယား

အင်္ဂလိပ်စာ ဆရာမနဲ့ မနက် ၉နာရီ ကနေ ၁၀နာရီ အထိ ကော်ဖီဆိုင်မှာ ချိန်းပြီး စကား ပြောကြတယ်။ ဆရာမနဲ့ လမ်းခွဲပြီးတော့ ၀ါသနာအရ အဟောင်းဆိုင်တွေ လျှောက်ငေးတယ်။ ပိုက်ဆံအိတ် အနီရောင်လေး တလုံးတွေ့လို့ £3.99 နဲ့ ၀ယ်လိုက်တယ်။ အာရှဆိုင်မှာ ပဲပြား ၀ယ်ဖို့သွားတာ ကုန်နေတာနဲ့ စာရင်းထဲ မပါတဲ့ မျှစ်၊ မှို၊ ဆီတို့ဖူးနဲ့ မုန်ညှင်းချဉ် ၀ယ်လာတယ်။ ဆိုင်ရှင်က ၀ယ်တာ တွေကြည့်ပြီး အသား မစားဘူးလားတဲ့။ သိပ်မစားဖြစ်ဘူးလို့ ဖြေတော့ ငါး ပုဇွန်ရောတဲ့။ အလျင်ကတော့ အာရှက ပုဇွန်ဆို ၀ယ်စားတယ်၊ သတင်းစာထဲ ပါတဲ့ ဗီယက်နမ်က မွေးမြူရေး ပုဇွန်တွေ အကြောင်း ဖတ်မိပြီး မစားတော့ဘူးလို့ ဖြေလိုက်မိတယ်။ သူကလည်း ငါလည်း အတူတူပဲတဲ့။
အိမ်ပြန်ရောက်တော့ ယောကျာ်းက ဈေးသွားဝယ်ဖို့ စောင့်နေတယ်။ ဈေးဆိုင်အားလုံး နီးပါး ဈေးလျှော့ နေတာ ချည်းပဲ။ ပထမဆုံး ဆေးဆိုင်ဝင်ပြီး လက်သုံးတော် ပါရာစီတမော ၀ယ်တယ်။ ၁၆ လုံးကို ၈၅ပြား။ ဟိုဟိုဒီဒီ လျှောက်ကြည့်တော့ အားဆေး တဗူးဝယ် တဗူး အလကားတဲ့။ ဒိတ်က ၂၀၁၀ မတ်လ။ တ၀က်ဈေး လည်း ချထားတယ်။ သောက်ကြည့်ဦးမှ ဆိုပြီး ၀ယ်လိုက်တယ်။ တနေ့ တလုံး သောက်လျှင် နှစ်လစာ။ ပြီးတာနဲ့ တဆိုင်လုံး ၂၅% ဈေးလျှော့တယ် ဆိုတဲ့ ဆိုင်ကို သွားကြည့်တယ်။ လျှောက်ကြည့်ရင်း အိမ်သာ ၀င်ဖို့ တန်းစီနေတဲ့ လူ တန်းရှည်ကြီး ကိုတွေ့ပြီး စိတ်ညစ် သွားတယ်။ များလှတဲ့ လူတွေ။ ဒါနဲ့ ဈေးအိမ်သာကို သွားတော့ ပထမ တခန်းက တံခါး မရှိဘူး၊ နောက် တခန်းက စက္ကူ မရှိဘူး။ ဈေးအိမ်သာပြီးတော့ ယောကျာ်းကို လျှပ်စစ် ပစ္စည်း ရောင်းတဲ့ဆိုင် လွှတ်လိုက်ပြီး ကိုယ်ကတော့ ဈေးလျှော့နေတဲ့ နောက် တဆိုင်ကို မျက်စိ လည်ပြီး ရောက်သွားတယ်။ ဘောင်းဘီ တထည် £5.99 ဆိုလို့ ကိုယ်ဝတ်ဖို့ ၀ယ်လိုက်တယ်။ အဲ့ဒီ ဆိုင်ကို အလျင်က ဘာတွေ ပေါ်နေပြီလဲလို့ ၀င် ငေးရုံပဲ။ အခုတော့ အိပ်မက် မက်နေသလိုပဲ။

၂နာရီကျော်တော့ ညောင်းတာနဲ့ ကော်ဖီသောက်ဖို့ ထိုင်ကြတယ်။ ကော်ဖီ သောက်လျှင် ကိတ်မုန့်ပါ ပေးတယ် £2 တဲ့။ ဈေးတွေ တအား လျှော့ထား တာလေ။ ဒါနဲ့ ကော်ဖီရယ် ကိတ်ရယ် အီဆိမ့်နေအောင် စားတယ်။ ယောကျာ်းက တပတ်စာ အစားအသောက် သွားဝယ် နေတုန်း ဈေးချတဲ့ အင်္ကျီဆိုင် ရှေ့မှာ ကိုယ်ကို ထားခဲ့တယ်။ ရန်ကုန်ပြန် လက်ဆောင် ပေးဖို့ ကောင်းတာ တွေ့လျှင် ၀ယ်ထားတဲ့။ လူကတော့ မူးနေပြီ။ ကြည့်ရတာ များလို့။ ကော်လာနဲ့ ရှန်သားလိုလို တွင်းဆက် အင်္ကျီလေး £4 တဲ့။ ပုံစံလေးလည်း လှတယ်။ ဆိုဒ် ၃မျိုး ၀ယ်လိုက်တယ်။ ပိုက်ဆံ ရှင်းတော့ £4တန် အင်္ကျီတွေက £20 စီပါတဲ့။ ဒါဆို မယူတော့ဘူးလို့ ပြောတော့ နောက် တယောက်က ၀င်ပြောပေးတယ်။ အဲ့ဒါတွေ £4 နဲ့ ချထား တာပါတဲ့။ ရန်ကုန် ထက်တောင် ဈေး သက်သာမယ် ထင်တာပဲ။
ပြန်ရောက်တော့ မောနေပြီ...

Tuesday 3 March 2009

Jade Goody အကြောင်း စဉ်းစားမိသမျှ

သတင်းတွေမှာ သူ့အကြောင်း မကြာမကြာ ကြေငြာနေပါတယ်။ ၀န်ကြီးချုပ်ကလည်း ကျန်ခဲ့တဲ့ တပတ်က စကားပြောရင်း စိတ်မကောင်းကြောင်း ထည့်ပြောသွားတယ်။ စာစောင်တွေကလည်း ဒီအကြောင်းပဲ။ တီဗီမှာ အထူးသတင်း ထဲတောင် ထည့်လိုက်သေးတယ်။

Jade Goody တယောက် ကင်ဆာဖြစ်နေပြီ၊ သိပ် မနေရတော့ဘူး လို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။ ခမျာ ၃၀ တောင် မပြည့်သေးပါဘူး။ သားငယ်ငယ်လေး နှစ်ယောက် လည်း ရှိသေးတယ်။ သားတွေရဲ့ ဖခင် ဖြစ်သူ နဲ့တော့ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲ လိုက်တာ ကြာပါပြီ။ ချစ်တုန်း ကလည်း သူတို့ နှစ်ယောက် အရမ်းချစ် ကြပါတယ်။ လူသိများတဲ့ အခိုက်အတန့် နံမည်ကြီးတို့ လုပ်သမျှ ကြော်ငြာရိုက်၊ အင်တာဗျူးပေး၊ ဓါတ်ပုံရိုက်၊ မဂ္ဂဇင်း ကော်လံမှာ စာရေး စတာတွေ လုပ်ပြီး ပိုက်ဆံရှာ ခဲ့တဲ့ Jade။ Big Brother စီးရီးကပဲ နံမည်ကြီးအောင် ရော ကျအောင်ပါ လုပ်ပေးခဲ့တာ။ နံမည် ကျသွားတာကလည်း အိန္ဒိယ မင်းသမီး Shilpa ကို နှိမ်ပြီး ခေါ်ပြော ဆက်ဆံတာ၊ စော်ကားတာတွေကြောင့် ပါ။ ဒီကိစ္စနဲ့ လူတော်တော်များများ သူ့ကို မုန်းသွားကြတယ်။ မှတ်မှတ်ရရ သူ ရေမွှေး ထုတ်ရောင်းဖို့ ရက်ပိုင်း အလိုမှာပဲ ဒီပြဿနာ ဖြစ်သွားတာကြောင့် စီးပွားရေး အတော် ထိခိုက် သွားခဲ့တယ်။ အတက်အကျ မြန်တဲ့ သူတို့ရဲ့ ဘ၀တွေက ကြောက်စရာ ကောင်းပါတယ်။

ကင်ဆာရှိတယ် ဆိုတဲ့ သတင်းဆိုးကြီးကို အိန္ဒိယမှာ တီဗီ စီးရီး ရိုက်နေရင်း သိရတာပါ။ ကြားကြားချင်း ယူကေကို ပြန်လာပြီး ဆေးကုသမှု ခံယူရ ပါတော့တယ်။ သိပ် မနေရ တော့ဘူးလို့လည်း သိလိုက်ရရော ကျန်ခဲ့မယ့် လူလား မမြောက်သေးတဲ့ သား နှစ်ယောက် အတွက် တတ်နိုင် သလောက် ပိုက်ဆံ ထားခဲ့နိုင်ဖို့ သူ့ရဲ့ နောက်ဆုံး အချိန်တွေကို မှတ်တမ်းတင်ပြီး Jade ၀င်ငွေရှာနေပါတယ်။ လက်ရှိ ရီးစားကလည်း Jade ရဲ့ သတင်း ကြားရော ထောင်ကျ နေရာကနေ လက်ထပ်ခွင့် တောင်းခံ ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျန်ခဲ့တဲ့ တပတ်က သူတို့ လက်ထပ် လိုက်ကြပါပြီ။ Jade အတွက် သတို့သမီး ၀တ်စုံကို Harrods စတိုးဆိုင် ပိုင်ရှင်မှ လက်ဆောင် ပေးပါတယ်။ မင်္ဂလာဆောင် အစီအစဉ် အားလုံးကို လျို့ဝှက်စွာ ကျင်းပခဲ့ပါတယ်။ ဒါမှလည်း လူတွေ ပို စိတ်ဝင်စားပြီး ပိုက်ဆံ ပိုရမှာ ဖြစ်လို့ပါ။

စိတ်ဝင်စားမှု တွေကတော့ အတော်လေး ရပါတယ်။ Jade ရဲ့ နောက်ဆုံး အချိန်တွေကို ခုတုံးလုပ်ပြီး ပိုက်ဆံရှာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တချို့ ကလည်း စိတ်ဆိုးပါတယ်။ မီဒီယာရဲ့ အရေးပေးမှု လိုတာထက် ပိုရနေလို့၊ အာဖဂန်နစ်စတန်မှာ လောလောလတ်လတ် ကျဆုံးသွားတဲ့ ရဲဘော်တွေ အကြောင်းတော့ ဘာမှ သိပ်မကြားရလို့ စသဖြင့် အပြစ်ပြောကြပါတယ်။ တချို့ ကတော့လည်း Jade သားအိမ်ခေါင်း ကင်ဆာ ဖြစ်တော့မှ ဒီကင်ဆာ အကြောင်း လူသိ ပိုများလာကြောင်း၊ သားတွေအတွက် ဖြစ်တဲ့နည်းနဲ့ ၀င်ငွေရှာလိုတဲ့ Jade ကို ချီးကျူးဖို့ ကောင်းကြောင်း ပြောကြပါတယ်။

ဝေဒနာ ခံစားနေရတဲ့ Jade ကို မြင်ရတာ စိတ် မသက်သာစရာပါ။ သူ့ အကြောင်းပါတဲ့ မဂ္ဂဇင်းတွေ စာစောင်တွေကို ၀ယ်ဖတ်လျှင် ကူညီရာရောက်မလား၊ သူ့ရဲ့ နောက်ဆုံး အချိန်တွေကို အေးအေး ဆေးဆေးနဲ့ မကုန်ဆုံးသင့်ဘူးလား၊ အခုလို ၀င်ငွေ ရှာတာ သင့်တော် သလား၊ သေမှာကိုသိလျက်နဲ့ နောက် အိမ်ထောင်ပြုတာ ဘယ်သူ့ အတွက်လဲ၊ ရိုင်းပြ စော်ကားမှုနဲ့ ထောင်ကျနေတဲ့ (မင်္ဂလာဆောင်ဖို့ ခဏ အပြင်ထွက်လာတဲ့ အချိန်မှာတောင် အငှားကား ဆရာကို ခြိမ်းခြောက်မှု ဖြစ်လိုက်ပါသေးတယ်) Jade ရဲ့ အသစ်စက်စက် ခင်ပွန်းသည်က လူမမည် ကလေး နှစ်ယောက်အတွက် သင့်တော်တဲ့ အုပ်ထိန်းမှုမျိုး ပေးနိုင်ပါ့မလား စသဖြင့် မေးခွန်းတွေ အများကြီး မေးနေ ကြပါတယ်။