Thursday 25 December 2008

ငယ်ငယ်တုန်းကအကြောင်း (၃)

တိုးချဲ့ဆောင်က ပင်မကျောင်းတော်ကြီးနဲ့ တနေရာစီပေမယ့် သူ့နေရာနဲ့သူ ပျော်စရာကောင်းပါတယ်။ စာသင်ခန်းထဲ မရောက်ခင် BEd အတန်းတွေကို ဖြတ်သွားရလို့ ကျောင်းစိမ်းနဲ့ ဆရာ ဆရာမတွေကို အတန်းထဲမှာ ကျောင်းသားတွေအနေနဲ့ တွေ့ရတာလေ။ ကျောင်းကို စောရောက်နေရင် လွယ်အိတ်ချပြီး အီစွတ်ခုန်တော့တာပဲ။ အခုန်ကောင်းလို့ တနေ့ကျတော့ မိန်းကလေးတွေအားလုံး အီစွတ်မခုန်ရလို့ တားမြစ်ခံထိတယ်။ ကျောင်းသူတစ်ယောက် ထမီကျွတ်လို့တဲ့။ ဆရာမတွေက တိုးချဲ့ဆောင်မှာ ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို မျက်စိဒေါက်ထောက် ကြည့်ပြီး ဂရုစိုက်ပါတယ်။ BEd ကင်တင်းနဲ့ ဒီလောက်ကပ်နေပေမဲ့ နေ့လည်မှာ ကင်တင်းထိုင်လို့ မရဘူး။ ဆရာမတွေ ကင်တင်းမှာ ကျောင်းသားကြီးတွေကို သွားသွားဖမ်းတယ်လို့လည်း ကြားဖူးတယ်။ (ခုထိနားမလည်သေးပါ)။ ကျောင်းမတက်ခင်နဲ့ ကျောင်းအဆင်း တခါတလေ ပုဇွန်ခွက်ကြော်သုပ်နဲ့ ထောပတ်သီးဖျော်ရည်လေးများ သောက်လိုက်ရရင် အမေ့ကို ကျေးဇူးတင်လိုက်တာ။

တခါတလေ BEd တက်နေတဲ့ ဆရာဆရာမ တွေက လက်တွေ့ဆင်းတဲ့အနေနဲ့ စာလာသင်ကြသေးတယ်။ သြဂတ်စတင်းက ယောကျာ်းလေးတွေကလည်း တခါတလေ လာစောင်/စောင့်တတ်သေးတယ်။ ချိန်းပွဲတွေ မကြာခဏဖြစ်တယ်။ ကျောင်းမတူပေမယ့် ကျူရှင်တူတူတက်ရင်း တွေ့ကြသိကြတာပေါ့။ ကျောင်းမပိတ်ခင် ဆရာကန်တော့ပွဲ လည်းလုပ်လေ့ရှိတယ်။ တယောက်နည်းနည်း ပိုက်ဆံကောက်ပြီး အတန်းထဲမှာ ထက်ထက်မြက်မြက် ရှိသူတွေက ဈေးဝယ်ထွက်ကြတယ်။ ဆရာဆရာမတွေကို လက်ဆောင်ပေးပြီး ကျန်တာနဲ့ အစားအသောက်တွေစားကြတယ်။ အဲ့ဒီအချိန်က ထူးအိမ်သင်ရဲ့ နာရီပေါ်မှ မျက်ရည်စက်များကို တစ်ယောက်ကဆိုတော့ အားလုံးငြိမ်ပြီး နားထောင်နေမိကြတယ်။
၈တန်းရောက်တော့ အစိုးရစစ်မို့လို့ အရမ်း စာကျက်ရတာ မှတ်မိတယ်။ သင်္ချာဆရာမက ကိုယ့်ကိုမြင်တိုင်း ဒီနေ့ သနပ်ခါး လိမ်းလာလား အမြဲမေးလို့ ဘာလို့ပါလိမ့်လို့ တွေးမိဖူးတယ်။ တနေ့တော့ ပထ၀ီ ဆရာမက အရေးကြီးတယ် လာတွေ့ပါ ဆိုလို့ သွားတော့ လပတ်စာမေးပွဲမှာ ပထ၀ီအမှတ် ၆၀ ပဲရလို့ ကိုယ့်မှာ အာရုံများ စရာရှိနေလားတဲ့။ တကျောင်းထဲမှာရှိတဲ့ ကိုယ့်အမေဆီလည်း တခါတည်း သတင်းပြန့်သွားပါတယ်။ အမေကတော့ ဆူတာပေါ့။ သူတို့ထင်တာတော့ ပြိုင်ဖက်တွေနဲ့ ဝေးသွားလို့တဲ့။ ပေါင်းနေကြ သူငယ်ချင်းတွေ နဲ့လည်းအတန်းကွဲသွားတယ်။

၈တန်းမှာပဲ အင်္ဂလိပ်စာနဲ့ သင်္ချာကို ကေသွယ်ရဲ့ အမေနဲ့ အဖေရဲ့ကျူရှင်မှာ ညနေ ကျောင်းဆင်းရင် တက်ရပါတယ်။ ကျူရှင်မှာ တခြားကျောင်းက သူငယ်ချင်းတွေနဲ့လည်း သိရတာမို့ အရမ်းကို ပျော်စရာကောင်းပါတယ်။ တချို့လည်း အချစ်တော်တွေ ရီးစားတွေ ရကုန်ပါတယ်။ ကျုရှင်တွေကို စည်းကမ်းအမျိုးစုံနဲ့ ကန့်သတ်တာလည်း ရှိသေးတယ်။ health & safety အတွက် ဆရာမတို့ ပြတင်းပေါက်တွေ ဖေါက်ရတယ်။ ဆရာမဆို စာသင်နေရင်း မူးလဲတတ်တယ်။ အခုမှတွေးကြည့်တာ စိတ်ဖိစီးလို့ဖြစ်မှာလို့။

ဆက်ရန်ရှိသည်...

13 comments:

ရွှေဂျမ်း said...

ကျောင်းတုန်းက အကြောင်းလေးတွေ ပြန်သတိရမိတယ်။ အထူးသဖြင့် ဆရာကန်တော့ပွဲလေးတွေ။ မမီယာ ဘယ်နှစ်က အောင်တယ်ဆိုတာ သိချင်လိုက်တာ။

khin oo may said...

ထောပါတ်သီးဖျော်ရည်သောက်ချင်တယ။်

Anonymous said...

မမီယာ ပြောတဲ့ပုဇွတ်ခွက်ကြော်ကို ကြာဆံနဲ့သုပ်ရင် တအားကြိုက်တာ။ အစပ်မစားတော့ အချိုသုပ်ကို အရည်ရွှဲရွှဲလေးနဲ့။ ထောပတ်သီးကလည်း အသည်းစွဲ။
သွားရေတောင်ကျလာပြန်ပြီ။ ပြန်ကောက်မှ။ ရှလွတ်။းP

MrDBA said...

ခုတလော အလုပ်များနေလို့ Reader ကနေဘဲ ဒရောသောပါးဖတ်နေရလို့ ကွန်မန့်မရေးဖြစ်ပါ။ အမြဲဖတ်နေပါတယ်ဗျို့။

ThuHninSee said...

ရှည်ရှည်ရေးပါဗျို့

ရွှေဂျမ်း said...

ဒါနဲ့.. facebookက ကျောင်းအသင်းမှာ ဆရာမတွေ ဓါတ်ပုံတွေတွေ့တယ်။ fb account ရှိရင် မကြည့်ရသေးရင် ကြည့်ရအောင် သတင်းပေးတာပါ။း)

Anonymous said...

ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်။
ကျောင်းသွားအတူတူ ကစားလည်း တူတူပဲကွယ်။

မီယာ said...

ရွှေဂျမ်း > ကျောင်းအကြောင်းဆက်ရေးပါလို့ အားပေးတာနဲ့ ရေးချင်ရက် လက်တို့ဖြစ်သွားတယ်။ FB မှာဓါတ်ပုံတွေကြည့်ပြီးသွားပြီ။

မမ KOM နဲ့ Craton > ပုဇွန်ခွက်ကြော်သုပ် ထောပတ်သီး ဖျော်ရည် အကြိုက်တူသူများပေါ့။

MrDBA > ကျေးဇူးပါ။ ကျွန်မလည်းအမြဲရောက်ပါတယ်။

မွန် > ရှည်ရှည်ရေးရင် မျက်စိညောင်းမှာစိုးလို့။

နိနိ > နှောင်းအတိတ်မှာ ပျော်စရာအောက်မေ့ပါသေးတယ်။

ကိုရင်နော်ခင်လေးငယ် said...

မီယာရေ...
လိုက်လိုက်ရှာနေမိတာ ကြာပေါ့..
ခုမှ တွေ့တော့တယ်...
အရေးကောင်း.. အပုန်းကောင်း..
ဆက်ရန်လေးတွေ မျှော်မိသွားတယ်ကွာ..

PAUK said...

မမီယာ...
အီစွတ်ဆိုတာ ဘာလဲ..တဲ့
ဖန်ခုန်တာပြောတာလား

tg.nwai said...

အဲ... ပေါက်နဲ့ တို့ မေးခွန်းချင်းတူနေပြီ..တို့လည်း မသိလို့ မေးမလို့ပဲ..။
(မီယာရေ.. လာလည်တာ ကျေးဇူးပါ..တွေ့နေပေမယ့် ခုမှပဲ ရောက်ဖြစ်တော့တယ်။ နောက်လည်း လာခဲ့မယ်နော်..)

Anonymous said...

အီစွတ်ဆိုတာ သားရေကွင်းတွေဆက်ပြီး ခုန်တာ။ နှစ်ယောက်က ကြိုးကိုကိုင်ထားပြီး ကျန်တဲ့လူတွေက ခုန်ရတာ။ step-by-step ရှိတယ်။ အလွယ်ဆုံးကစပြီး အခက်မှာပြီးတယ်။ အဖွဲ့နဲ့ ခုန်ကြတာလေ။ ကလေးတွေကငယ်သေးတော့ အီစွတ်ခုန်တာ မမီလိုက်ဖူးထင်တယ်နော်။

ThuHninSee said...

ကြိုးခုန်တယ်။ သားရေပင်ခုန်တယ်ကို အီစွတ်လို့ တစ်ချို့က သုံးတာမဟုတ်လားဟင်။