Monday 10 November 2008

မင်္ဂလာဆောင် (၂)

မင်္ဂလာ ဆောင်မယ့် မနက် မှာတော့ မီးမလာလို့ ရေ မရှိဘူးဟေ့ လို့အော်သံ ကြားရပါတယ်။ ရှိတဲ့ ရေဖင်ကပ် လေးကို မျက်နှာငယ်နဲ့ ကိုယ်လက် သုတ်သင်ပြီး စိတ်ရှုပ်ရှုပ် နဲ့ အလှပြင်ဖို့ ဇော်ဇော်ထီလာ ဆီထွက်လာ ခဲ့ပါတယ်။ သူက ဘယ်သူမှ ကိုယ်နဲ့ မပါ လာရခြင်း အကြောင်း ကို အင်တာဗျူး ပါတယ်။ လက်ဝတ် ရတနာ တွေလည်း သူပဲ ဆင်ပေး ပါတယ်။ ဘယ်သူ လာခေါ် မှာလဲ လို့လည်း မေးရော မသိဘူးလို့ ဖြေလိုက်တယ်။ တကယ်လည်း မသိပါ။ သတို့သား သူငယ်ချင်းတွေ တာဝန် ယူထားလို့ ဖြစ်ပါတယ်။

တယောက်တည်း ငေါင်စီစီနဲ့ ထိုင်နေတုန်း အိမ်က အဒေါ် တစ်ယောက် လိုက်လာ ပါတယ်။ ပြီးတော့ နင့် နှုတ်ခမ်းက ဖြူဖတ် ဖြူရော် ဖြစ်လိုက်တာ ဆိုပြီး နှုတ်ခမ်းနီ အနီရဲ ဆိုးခိုင်း ပါတယ်။ ရောက်လာ ရမယ့် အချိန်ထက် နဲနဲ နောက်ကျ ပြီးတော့ ကား တစ်စီးနဲ့ သူငယ်ချင်း လင်မယား ရောက်လာ ပါတယ်။ အလှူမှာ ဆွဲစရာ ကား မရှိလို့ စောင့်နေရတာနဲ့ ကြာသွားတာတဲ့။ ဒါနဲ့ ဘုရားကျောင်းကို မောင်းသွားကြပါတယ်။ ဘုရားကျောင်း အ၀င်ဝ ရောက်တော့ ကားတစ်စီးက နောက်ပြန်ဆုတ် ခိုင်းပြီး လမ်းရှင်းခိုင်းလို့ သတို့သမီး ကားပါလို့ ပြောမှ လွှတ်ပေး လိုက်တယ်။

ဘုရားကျောင်းမှာ လက်ထပ် ပြီးတာနဲ့ ဟိုတယ်ကို ပြေးရပါတယ်။ လိုက်ပို့တဲ့ သူငယ်ချင်း လင်မယား ကတော့ ကကနဲ့ လစ်ရပါတယ်။ အလှူက ဆွဲလာတဲ့ ကားကို မောင်းတဲ့ သူကတော့ စိတ်ရှည်စွာနဲ့ မသိသော သူနှစ်ယောက်ကို တင်ပြီး ဟိုတယ်ကို မောင်းလာ ပေးပါတယ်။ ဟိုတယ် ရောက်တော့ သတို့သား အမက ဆီးပြောပါတယ်၊ ဒီဟိုတယ်က သိပ်စုတ်တာပဲတဲ့။ ဪသူများ မင်္ဂလာဦးမှာ အတိတ် နိမိတ်ကောင်းလေးတွေ ယူရအောင် ပြောဖို့များ စကား ရှားသလားလို့။

ထိုင်မသိမ်း လဲမယ် ဆိုတော့ နောက်တခါ ဆံပင် ပြန်ပြင် ရပြန်တယ်။ အရံ တွေကိုလည်း မရင်းနှီး တော့ ကိုယ် တစ်ယောက်တည်း တိတ်တိတ်လေး နေမိတယ်။ အလှ ပြင်ပေးတဲ့ ဇော်ဇော် ကပဲ နောက်ထပ် လက်ကောက် ရောင်စုံတွေ လာဝတ်ပေးပါတယ်။ ရုံးက အန်တီ တယောက်နဲ့ သူငယ်ချင်း တချို့ အလှပြင် နေတာကို လာကြည့် ကြပါတယ်။ အားလုံး ပြီးတော့ သတို့သားက လာချောင်းကြည့် ပြီး ပြုံးပြတယ်။

အခါတော်ပေးနဲ့လည်း ထွက်ရော လက်တွေ တုန်နေတာ လက်ကိုင်ပန်းက လှုပ်နေတာ ဘယ်လိုမှ ထိန်းမရဘူး။ အဲ့ဒီနားမှာ ရောက်နေတဲ့ အန်တီ တယောက်က ကိုယ့်လက်ကို ကိုင်ပြီး ပြောတာကတော့ "နင့်ကို နှမြောလိုက်တာဟယ်၊ နင့်ယောကျာ်းကြီးက မလှဘူး" တဲ့။ ကိုယ်လည်း ဘာပြန်ပြော ရမှန်းကို မသိဘူး။

မင်္ဂလာဆောင်လည်း ပြီးရော ကိုယ်တို့ နေတဲ့ အခန်းလေးကို လိပ်စာ အတိအကျ မသိလို့ ဆိုပြီး ဘယ်သူမှ မလိုက်လာဘူး။ ကိုယ်တို့ နှစ်ယောက်ပဲ ကားမောင်း ပေးတဲ့ သူစိမ်း အကိုကြီး ကို ကျေးဇူးတွေ အထပ်ထပ် တင်ပြီး အိမ်ပေါ် တက်လာခဲ့တယ်။ ဗီဒီယို သမားတောင် မျက်စိလည် သွားရှာတယ်။ တအောင့် ကြာတော့ သတို့သား အမ လင်မယား လိုက်လာပြီး ကြိုးတားတဲ့ အခန်း ပြန်ရိုက် ကြတယ်။

အဲ့ဒီ ညက ရေခြား မြေခြား ရောက် သူငယ်ချင်း တွေက နှစ်အိမ်လုံးကို ဖုန်း လှမ်းဆက် ကြတယ်။ ကိုယ်တို့က လက်ဆောင် အဖြစ် ရတဲ့ အင်းယားလိပ်မှာ နားဖို့ ထွက်သွား လိုက်ပြီ။ breakfast ကို သူများ မနိုးခင်မှာ ထစားပြီး ဒေါ်လာနဲ့ ပေးရမှာ စိုးလို့ နှစ်ယောက်သား ရင်တထိပ်ထိပ်နဲ့ ပြန်လာခဲ့ရ တာလည်း အမှတ်ရ စရာပါပဲ။

4 comments:

khin oo may said...

ပြောရောပေါ့ .လိုက်လာပြီး အားပေးမှာပေါ့။

tg.nwai said...

မင်္ဂလာဆောင် အမှတ်တရလေးတွေပေါ့။

Mae said...

အခုမှ လိုက်ဖတ်နေတာ၊ မမီယာ မင်္ဂလာဆောင်အတွေ့အကြုံကို ရေးထားတာ သဘောကျတယ်

ဇွန်မိုးစက် said...

ဖတ်ပြီးတာ ကြာပေမယ့် ခုမှ သတိရလို့ လာမန့်တာ (ဟိုတုန်းက မြန်မာလိုမရိုက်တတ်လို့ မမန့်ဖြစ်လိုက်ဘူး)
ဒီပိုစ့်ဖတ်ပြီး အစ်မမီယာ သိပ်လှမှာပဲလို့ တွေးမိတယ်း)