Saturday 29 November 2008

Charity Shops

ဒီမြို့လေးကို ရောက် ကတည်းက သတိထား မိတာ ကတော့ အလှူ လုပ်တဲ့သူ တွေ များတာပဲ။ ရန်ကုန် မှာလို လူတွေ ဖိတ်ပြီး ကျွေးတာ မဟုတ်ပါဘူး။ အချိန်၊ လူအား၊ ငွေအား တတ်နိုင်သလောက် လှူပြီး ရံပုံငွေ ရှာကြတာပါ။ လှူဖို့ အဖွဲ့အစည်းတွေ ကလည်း အများကြီးပဲ။ မှတ်မိသလောက် ပြောရရင် Cancer Research fund, Red Cross, Chrisitan Aid, World Vision, Safe the Children, Oxfam, Children Society, Age Concern, Helen & Douglas House, British Heart foundation, Refugee Resouce စသဖြင့် အများကြီးပဲ။ ဘာသာရေးနဲ့ တခြား လူမှုရေး အဖွဲ့တွေလည်း ရှိသေးတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရံပုံငွေ ရှာကြတယ်။

တချို့က စာအိတ်လေးတွေ အိမ်ကိုပို့ပေးတယ်။ တချို့က ဈေးရောင်းပွဲတွေ လုပ်တယ်။ တချို့က ကိုယ့်အိမ်မှာ၊ အလုပ်မှာ လက်ဖက်ရည်နဲ့ ဧည့်ခံပြီး လာတဲ့သူတွေကို အလှူခံတယ်။ ဒီရောက်မှ မြင်ဖူးတာကတော့ charity shop တွေပါပဲ။ ဆိုင်ခန်းဖွင့်ပြီး အလှူ ခံရတဲ့ ပစ္စည်းတွေကို ရောင်းတာပါ။ အဟောင်းရော အကောင်းရော အစုံပါပဲ။ အလှူခံ လို့ ရသမျှ ဆိုတော့လည်း အ၀တ်အစား၊ လက်ဝတ်ရတနာ၊ အသုံးအဆောင်၊ ပန်းချီကား၊ စာအုပ်၊ အရုပ်၊ အိုးခွက်ပန်းကန်၊ အီလက်ထရွန်းနစ်ပစ္စည်း အမယ် မျိုးစုံ ရှိပါတယ်။ လူတွေက ကိုယ့်စိတ်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်း ဆိုင်ကို လှူကြတာ များပါတယ်။ ရပ်ကွက်ပေါ် မူတည်ပြီး ပစ္စည်း အမျိုးအစားနဲ့ တန်ဖိုး တွေလည်း ကွဲပြားပါတယ်။

ရှာတတ်တဲ့သူ တွေ အဖို့ ဈေးလည်း သက်သာ၊ အသုံးလည်းတဲ့တဲ့ ပစ္စည်းတွေ ရနိုင်ပါတယ်။ Kylie Minogue ရဲ့နံမည်ကြီးတဲ့ ရွှေရောင် ဘောင်းဘီတိုကို charity shop က၀ယ်တာလို့ ဖတ်ဖူးပါတယ်။ ကုသိုလ်လည်းရ လိုချင်တာလည်း ရတာမို့ လူတော်တော် များများက ဒီလိုဆိုင်တွေကို အားပေးကြပါတယ်။ ရောင်းသူများကလည်း volunteer တွေများပါတယ်။ အချိန်ကို လှူကြတဲ့ သဘောပါ။ (နောက်မှ volunteer အတွေ့အကြုံတွေ ရေးပါဦးမယ်)။

အချိန်ရရင် ဒီလင့်ခ်လေးတွေလည်း ကြည့်လိုက်ပါဦး။
Helen & Douglas House British Heart Foundation Oxfam Cancer Research UK
Age Concern British Red Cross

မှတ်ချက်။ စာအပြန့်လိုက်ကြီးမပေါ်ချင်ရင်ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်။ သိရင်ပြောပြပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments: