Tuesday 3 March 2009

Jade Goody အကြောင်း စဉ်းစားမိသမျှ

သတင်းတွေမှာ သူ့အကြောင်း မကြာမကြာ ကြေငြာနေပါတယ်။ ၀န်ကြီးချုပ်ကလည်း ကျန်ခဲ့တဲ့ တပတ်က စကားပြောရင်း စိတ်မကောင်းကြောင်း ထည့်ပြောသွားတယ်။ စာစောင်တွေကလည်း ဒီအကြောင်းပဲ။ တီဗီမှာ အထူးသတင်း ထဲတောင် ထည့်လိုက်သေးတယ်။

Jade Goody တယောက် ကင်ဆာဖြစ်နေပြီ၊ သိပ် မနေရတော့ဘူး လို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။ ခမျာ ၃၀ တောင် မပြည့်သေးပါဘူး။ သားငယ်ငယ်လေး နှစ်ယောက် လည်း ရှိသေးတယ်။ သားတွေရဲ့ ဖခင် ဖြစ်သူ နဲ့တော့ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲ လိုက်တာ ကြာပါပြီ။ ချစ်တုန်း ကလည်း သူတို့ နှစ်ယောက် အရမ်းချစ် ကြပါတယ်။ လူသိများတဲ့ အခိုက်အတန့် နံမည်ကြီးတို့ လုပ်သမျှ ကြော်ငြာရိုက်၊ အင်တာဗျူးပေး၊ ဓါတ်ပုံရိုက်၊ မဂ္ဂဇင်း ကော်လံမှာ စာရေး စတာတွေ လုပ်ပြီး ပိုက်ဆံရှာ ခဲ့တဲ့ Jade။ Big Brother စီးရီးကပဲ နံမည်ကြီးအောင် ရော ကျအောင်ပါ လုပ်ပေးခဲ့တာ။ နံမည် ကျသွားတာကလည်း အိန္ဒိယ မင်းသမီး Shilpa ကို နှိမ်ပြီး ခေါ်ပြော ဆက်ဆံတာ၊ စော်ကားတာတွေကြောင့် ပါ။ ဒီကိစ္စနဲ့ လူတော်တော်များများ သူ့ကို မုန်းသွားကြတယ်။ မှတ်မှတ်ရရ သူ ရေမွှေး ထုတ်ရောင်းဖို့ ရက်ပိုင်း အလိုမှာပဲ ဒီပြဿနာ ဖြစ်သွားတာကြောင့် စီးပွားရေး အတော် ထိခိုက် သွားခဲ့တယ်။ အတက်အကျ မြန်တဲ့ သူတို့ရဲ့ ဘ၀တွေက ကြောက်စရာ ကောင်းပါတယ်။

ကင်ဆာရှိတယ် ဆိုတဲ့ သတင်းဆိုးကြီးကို အိန္ဒိယမှာ တီဗီ စီးရီး ရိုက်နေရင်း သိရတာပါ။ ကြားကြားချင်း ယူကေကို ပြန်လာပြီး ဆေးကုသမှု ခံယူရ ပါတော့တယ်။ သိပ် မနေရ တော့ဘူးလို့လည်း သိလိုက်ရရော ကျန်ခဲ့မယ့် လူလား မမြောက်သေးတဲ့ သား နှစ်ယောက် အတွက် တတ်နိုင် သလောက် ပိုက်ဆံ ထားခဲ့နိုင်ဖို့ သူ့ရဲ့ နောက်ဆုံး အချိန်တွေကို မှတ်တမ်းတင်ပြီး Jade ၀င်ငွေရှာနေပါတယ်။ လက်ရှိ ရီးစားကလည်း Jade ရဲ့ သတင်း ကြားရော ထောင်ကျ နေရာကနေ လက်ထပ်ခွင့် တောင်းခံ ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျန်ခဲ့တဲ့ တပတ်က သူတို့ လက်ထပ် လိုက်ကြပါပြီ။ Jade အတွက် သတို့သမီး ၀တ်စုံကို Harrods စတိုးဆိုင် ပိုင်ရှင်မှ လက်ဆောင် ပေးပါတယ်။ မင်္ဂလာဆောင် အစီအစဉ် အားလုံးကို လျို့ဝှက်စွာ ကျင်းပခဲ့ပါတယ်။ ဒါမှလည်း လူတွေ ပို စိတ်ဝင်စားပြီး ပိုက်ဆံ ပိုရမှာ ဖြစ်လို့ပါ။

စိတ်ဝင်စားမှု တွေကတော့ အတော်လေး ရပါတယ်။ Jade ရဲ့ နောက်ဆုံး အချိန်တွေကို ခုတုံးလုပ်ပြီး ပိုက်ဆံရှာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တချို့ ကလည်း စိတ်ဆိုးပါတယ်။ မီဒီယာရဲ့ အရေးပေးမှု လိုတာထက် ပိုရနေလို့၊ အာဖဂန်နစ်စတန်မှာ လောလောလတ်လတ် ကျဆုံးသွားတဲ့ ရဲဘော်တွေ အကြောင်းတော့ ဘာမှ သိပ်မကြားရလို့ စသဖြင့် အပြစ်ပြောကြပါတယ်။ တချို့ ကတော့လည်း Jade သားအိမ်ခေါင်း ကင်ဆာ ဖြစ်တော့မှ ဒီကင်ဆာ အကြောင်း လူသိ ပိုများလာကြောင်း၊ သားတွေအတွက် ဖြစ်တဲ့နည်းနဲ့ ၀င်ငွေရှာလိုတဲ့ Jade ကို ချီးကျူးဖို့ ကောင်းကြောင်း ပြောကြပါတယ်။

ဝေဒနာ ခံစားနေရတဲ့ Jade ကို မြင်ရတာ စိတ် မသက်သာစရာပါ။ သူ့ အကြောင်းပါတဲ့ မဂ္ဂဇင်းတွေ စာစောင်တွေကို ၀ယ်ဖတ်လျှင် ကူညီရာရောက်မလား၊ သူ့ရဲ့ နောက်ဆုံး အချိန်တွေကို အေးအေး ဆေးဆေးနဲ့ မကုန်ဆုံးသင့်ဘူးလား၊ အခုလို ၀င်ငွေ ရှာတာ သင့်တော် သလား၊ သေမှာကိုသိလျက်နဲ့ နောက် အိမ်ထောင်ပြုတာ ဘယ်သူ့ အတွက်လဲ၊ ရိုင်းပြ စော်ကားမှုနဲ့ ထောင်ကျနေတဲ့ (မင်္ဂလာဆောင်ဖို့ ခဏ အပြင်ထွက်လာတဲ့ အချိန်မှာတောင် အငှားကား ဆရာကို ခြိမ်းခြောက်မှု ဖြစ်လိုက်ပါသေးတယ်) Jade ရဲ့ အသစ်စက်စက် ခင်ပွန်းသည်က လူမမည် ကလေး နှစ်ယောက်အတွက် သင့်တော်တဲ့ အုပ်ထိန်းမှုမျိုး ပေးနိုင်ပါ့မလား စသဖြင့် မေးခွန်းတွေ အများကြီး မေးနေ ကြပါတယ်။

9 comments:

Anonymous said...

သူ့ ကိုမသိဘူး..
ဒါမယ့်..အသက်ငယ်ငယ်လေးနဲ့ ဒီရောဂါရတာရော..
ကလေးနှစ်အတွက်ရော..စိတ်မကောင်းဘူး..
ပေါက်

ZT said...

အခုမှ ကြားဖူးတယ်။ ဖတ်ရတာတော့ စိတ်မကောင်း စရာပဲ။

JuneOne said...

နောက်ဆုံးအချိန်ဆိုတာကိုကြိုမသိရင်ကောင်းမယ်နော်။ဒီမှာ ကလေးမွေးပြီးရင် တစ်နှစ်တစ်ခါ သားအိမ်ခေါ်င်း ကင်ဆာ ဖြစ်နိုင် မဖြစ်နိုင် စစ်ရတယ်။တို့တောင် ဒီနှစ် ဂျွန်မှာ စစ်ဖို့ ရှိသေးတယ်။

ksanchaung said...

လူ့ဘ၀မှာ အတက်အကျရှိတယ်လို့ လူကြီးတွေက ဆုံးမဖူးတယ်။ ကျွန်တော်ကိုယ်တိုင် နားမထောင်ခဲ့ဘူး။ ထာဝရလို့ပဲ ထင်ခဲ့တယ်။ ကံဖေးမလို့ နေရာတစ်ခုရတုန်းမှာ အနေအထိုင် အပြောအဆို ဆင်ခြင်ဖို့လိုပါတယ်။ မုန်တိုင်းထန်မယ့်နေ့တွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားပါတဲ့။ ဒီခေတ်ကြီးထဲ အတက်အကျက ပိုမြန်လို့ ကြောက်စရာပါ။

khin oo may said...

ဘယ်သူမှန်းတော့မသိ။ စိတ်မကောင်း၏

Anonymous said...

ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်မှ ဖြစ်ရလေနော်။ ဦးနှောက်ထိတောင် ကင်ဆာဆဲလ်တွေ ပြန့်နေပြီဆိုပဲ။ အချစ်ဆိုတာကလဲ အံ့သြစရာပဲ။ ကိုယ့်စိတ်ကိုယ်တောင် မထိန်းသိမ်းနိုင်တဲ့ လူကို လက်ထပ်တော့ သူထားခဲ့တဲ့ သားလေးနှစ်ယောက်အတွက် လုံခြုံမှုရော ရှိပါမလားလို့ ..
တို့ mother in law လဲ ကင်ဆာ ဖြစ်နေတာလေ။ ဆံပင်တွေလဲ ကုန်ပြီ။ အခု တို့တွေနဲ့ လာနေနေတာ။ စိတ်မကောင်းလိုက်တာ အရမ်းပဲ။ အရင်တုန်းက အမြဲ လှလှပပ သပ်သပ်ရပ်ရပ်။ ကြိုးစားပြီး ကုနေတယ်။
အိုဘားမားကတော့ ကင်ဆာကို နိုင်တဲ့ဆေး သူ့လက်ထက်မှာ ရအောင် လုပ်မယ် တဲ့။ အားလုံးက ကံတရားပါပဲလေ။ ကိုယ်တောင် ဘယ်လို သေရမယ် မသိ။

ဇနိ said...

လောကဇာတ်ခုံမှာ အနိမ့်အမြင့်တွေ အစုံ တွေ့ရဦးမှာပါ - လောကဓံတွေ...
မြင့်မားနေချိန်မှာလည်း မမောက်မာဘဲ နေတတ်ဖို့လိုသလို နိမ့်ပါးသွားချိန်မှာလည်း စိတ်ဓာတ်မကျဘဲ နေနိုင်အောင် လေ့ကျင့်ထားသင့်တယ်...
အမပြောတဲ့သူကို မသိပေမယ့် - သားသမီးတွေအတွက် ပြင်ဆင်တဲ့ မိခင်တစ်ယောက်ဆိုတော့ သိပ်တော်တဲ့သူလို့ ပြောရမယ်...

သက်ဝေ said...

အင်း.. ဟိုတနေ့က သတင်းမှာ တွေ့လိုက်တယ်...
ဘာဘဲဖြစ်ဖြစ် ဒီလိုဝေဒနာကြီးတစ်ခုနဲ့ သူ့ရဲ့နောက်ဆုံးအချိန်တွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ သားနှစ်ယောက်ရဲ့ မိခင်တစ်ယောက်ကို ချီးကျူးချင်ပါတယ်... သားတွေအတွက် ဖြစ်တဲ့နည်းနဲ့ ၀င်ငွေရှာတယ်ဆိုရင်လဲ ဒါဟာ မိခင်တစ်ယောက်ရဲ့ မွန်မြတ်တဲ့ မိခင်စိတ်ပါပဲ.. အပြစ်ပြောချင်စရာ မကောင်းပါ။ အိမ်ထောင်ပြုတဲ့ ကိစ္စကိုတော့... အင်း.. နားလည်ပေးလိုက်ကြပါလေ... လို့သာ ပြောချင်ပါတော့တယ်။ ချစ်ခြင်းမေတ္တာဆိုတာမျိုးက ဆန်းကြယ်သား မဟုတ်လား...

nu-san said...

ဖတ်ပြီးတော့ စိတ်မကောင်းဘူး.. Jade ကိုတော့ မသိဘူး.. ဟိုတရက် ရုံးကနေ မီယာဆီမှာပဲ ဒီပို့စ်ဖတ်လိုက်ရတော့ အင်တာနက်မှာ ရှာကြည့်လိုက်သေးတယ်.. သနားဖို့ကောင်းတယ်လို့ပဲ ပြောချင်တော့တယ်.. အမှန်တကယ် သူရှာတာ ကလေးတွေအတွက်ဆိုရင် မသေခင်မှာ တတ်နိုင်သလောက် ပိုက်ဆံရှာပေးခဲ့ပြီး ရှာသမျှ ကလေးတွေပဲ ရအောင် သေချာလုပ်ပေးနိုင်ခဲ့ရင်တော့ ကောင်းမယ်နော်.. :(