တီဗီက လာတဲ့ Grumpy old women အစီအစဉ်ကို သဘောကျ မိတာနဲ့ ကိုယ့်ဖာသာ grumpy လုပ်ကြည့်တာ။ old ကို မသိမသာလေး ဖြုတ် ထားခဲ့တာ သတိ ထားမိလား။ အဲ့ဒီ အစီအစဉ် မှာ ပါတဲ့ အမျိုးသမီးတွေက ၅၀ ကျော်တွေ များတယ်၊ တခါ တလေ လည်း ၃၀ ကျော်တွေ ပါပါတယ်။ ဒါပေမယ့်လည်း...
credit crunch ကြောင့် လူတွေ ကျပ်တည်း ကြတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဈေး ၀ယ်သူတွေ ဆီက ခိုးတာတော့ လုံးဝ သည်းမခံ နိုင်ဘူး။ ကိုယ်တို့ ရုံးနားမှာ စာရေး ကိရိယာ ရောင်းတဲ့ ဆိုင် တဆိုင် ရှိတယ်။ ပစ္စည်း ၂မျိုး ၀ယ်တာ (၂+၂.၅၀) ကိုယ့်ဖာသာ ပေါင်းထား ပြီးသား။ ၁၀ တန် ပေးလိုက်တာ ၄.၅၀ ပြန်အမ်းတယ်။ လိုသေးတယ် ဆိုတော့ လူကို ကြည့်ပြီး ကျပ်စေ့ တစေ့ ထုတ်ပေးတယ်။ ပြေစာ ပေးဦး ဆိုတော့ စက်ကနေ နှိပ်ပြီး ထွက်လာတဲ့ စာရွက်မှာ ၃.၅၀ ဖိုးပဲ နှိပ်ထားတယ်။ ဈေး ၀ယ်သူဆီက ၁ကျပ် ဆိုင်ရှင်ဆီက ၁ကျပ် ခိုးတာ။ တခါလည်း မဟုတ်ဘူး။ ပိုက်ဆံ ပြန်အမ်းရင် မကြည့်ဘဲ အိတ်ထဲ တန်းထည့် တတ်သူများ သတိချပ်ပါ။
စူပါ မားကက်မှာ တချို့ ပစ္စည်းတွေ ၁ခုထက် ပိုဝယ်ရင် သက်သာတယ် လို့ ပြောကြတယ်။ အမြဲတမ်း မမှန်ဘူး။ ခေါက်ဆွဲ တထုပ်ကို ပြား ၈၀၊ ၂ထုတ် ၀ယ်ရင် ၁.၇၀ တဲ့။ ဘယ်မှာ ပို သက်သာလို့လဲ။ အိမ်သာသုံး စက္ကူ ၉လုံး ပါတဲ့ အထုပ်က ၅.၄၀၊ ၁၂ လုံးပါတဲ့ အထုပ်က ၇.၄၀။ ပိုဝယ်လို့ ပိုဈေး မသက်သာပါ။ သင်္ချာ မတွက် တတ်ရင်တော့ သူတို့ ရေးထားတဲ့ အတိုင်း ၀ယ်လိုက်ရင် ဈေးကြီး ပေးဖို့သာ ပြင်ပေတော့။
အလုပ်ထဲက ဖြစ်သမျှတွေ အိမ်မှာ ပြန် ရင်ဖွင့်တာ အခုဆို သတိထား နေရတယ်။ ခရစ်စမတ် ပါတီမှာ ရုံးသူ ရုံးသားတွေရဲ့ အမျိုးသား အမျိုး သမီးတွေပါ ဖိတ်တော့ မသိသေးတဲ့ ကိုယ့်အိမ်သူ အိမ်သားတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို အချင်းချင်း မိတ်ဆက်ပေးကြတယ်။ ရှန်သီ က သူ့ အမျိုးသားကို မာရီယာနဲ့ မိတ်ဆက် ပေးတဲ့ အခါ ရှန်သီ့ အမျိုးသားက အားရပါးရ ပြောလိုက်တာက လူတွေနဲ့ လိုက် ရန်ဖြစ်တဲ့ တယောက်လားတဲ့။ ကြားတဲ့ လူတွေလည်း ဘာပြောရမှန်း မသိအောင် ခက်နေတဲ့ အချိန်မှာ ထပ်ပြီး ပြောလိုက်တာက မင်းပဲ ပြောတာလေ မာရီယာ ရန်ဖြစ်ပြီး ချလိုက်တဲ့ အကြောင်း တဲ့။ အိမ်ကလူတွေ အိမ်ရှင်မကို မျက်နှာရအောင် ပံ့ပိုး ပေးပုံများ တယောက် တမျိုးစီ မရိုး နိုင်အောင်ပါပဲ။
အိမ်လိပ်စာ ပြောင်းလို့ ဘဏ်ကို အကြောင်းကြားတာ ၃မိနစ်နဲ့ ပြီးမယ် ထင်လား။ လိပ်စာ အသစ်ကို မပြောင်း ပေးသေးခင် လိပ်စာ အဟောင်းကို ပြောရတယ်။ ပြီးတော့ နေ့ဘက် နဲ့ ညဘက် ဆက်သွယ်ဖို့ ပေးထားတဲ့ ဖုန်းနံပါတ်တွေ သေချာအောင် ပြန်မေးတယ်။ အမေ နံမည်၊ ဘယ်မြို့မှာ မွေးတာလဲ၊ လောလောဆယ် ခရီး သွားဖို့ ရှိသလား၊ အကြွေးကဒ် ဘယ်နှစ်ခု ရှိလဲ၊ ဘဏ် ပြောင်းဖို့ စိတ် မ၀င်စားဘူးလား၊ အိမ် ပိုင်သလား၊ အိမ် ၀ယ်ဖို့ အစီအစဉ် ရှိလား........ မဆုံးနိုင်တော့ဘူး။ ငါ့ လိပ်စာ အသစ် ပြောင်းဖို့ ဖြစ်နိုင် ဦးမှာလား လို့ မေးလိုက်တော့မှ လိပ်စာ အသစ်ကို ပြောပါတဲ့။ သူတို့လည်း အလုပ်ရှင် ခိုင်းတာ လုပ်ကြရတာ နားလည် ပါတယ်။ ဒါပေမယ့် မဆိုင်တဲ့ ကိစ္စတွေလည်း ဆွဲထည့်တာ အစဦး ရည်ရွယ်ချက်တောင် ပျောက်မလို ဖြစ်သွားတယ်။
'customer comes first' 'customer is always important' ရေးထားလိုက်တာ နေရာ အနှံ့။ တနေ့က ပြတိုက် တခုကို ရောက်သွားတယ်။ အိမ်သာထဲ အ၀င် အနောက် ကနေ ဆွဲထားလို့ လှည့်ကြည့်လိုက်တော့ သန့်ရှင်းရေး သမ တယောက်။ ငါ အဲ့ဒီ အိမ်သာကို ဆေးမလို့တဲ့။ ဒါနဲ့ သူ့ကို အလျှော့ပေးပြီး ပြန် လှည့်ထွက် လာရတယ်။ အပြန်ကျတော့ ခရစ်စမတ် အတွက် အလှပြင် ထားတာတွေ ငေးရင်း စတိုးဆိုင် တခုထဲ ရောက်သွားတယ်။ အင်္ကျီ တထည် မျက်စိ ကျလို့ လှမ်းအယူမှာ ဖြတ်ခနဲ ကိုယ့် အရှေ့ကနေ ကျော်ပြီး သူ့ပစ္စည်းတွေ ပြန်စီဖို့ အရေးကြီးနေတဲ့ ဆိုင်က အရောင်း စာရေးမ ကို အသာပေး လိုက်ရတယ်။ စိတ်တိုတာနဲ့ အဲ့ဒီဆိုင်က ဘာမှ မ၀ယ်ခဲ့ဘူး။ တကယ်ဆို ဈေးဝယ်သူက ကြည့်နေတာ ယဉ်ကျေးမှု ရှိရမှာပေါ့။ အပြောနဲ့ အလုပ် မညီပုံများ။
ဆွေမျိုးတွေဆီ ပိုက်ဆံ ပို့ပြီးတိုင်း ရောက်ကြောင်း သတင်း လာလေ့ မရှိဘူး။ ကိုယ်က ဖုန်းဆက် မေးရတယ်။ အရင်လနဲ့ ဒီလ ဈေးကွာလို့ ငွေ ပမာဏ နည်းနေရင်တော့ အကြောင်းကြားတယ်။ ဈေးက တလနဲ့ တလ မတူဘူး လို့ ပြောပြထားလည်း တခါပဲ။ နင် တတ်နိုင်သလောက် ပေးတာပဲ လို့ ပြောတာ ရှိသေးတယ်။ တကယ်ဆို ကိုယ်က ပို့တာ လစဉ် ဒီ ပမာဏပဲ ဆိုတာ ပို့တိုင်း ပြောလည်း ပါးစပ် အမြှုပ်ထွက်တာပဲ အဖတ်တင်တယ်။ အိမ်တိုင် ရာရောက် ပိုက်ဆံ သွားပို့ပေးတဲ့ သူကိုလည်း တခါတလေ မဆိုင်တာတွေ သွား ပြောသေးတယ်။ ဟိုလူတွေကဖြင့် ကိုယ့်ကို မြင်ဖူး တာလည်း မဟုတ်၊ နံမည်ပဲ ကြားဖူးနေတာ။
ပြောစရာတွေ အများကြီး ရှိသေးတယ်။ စီးရီး အလိုက် သွားရင် ကောင်းမလားလို့။