Tuesday, 5 January 2010

ချစ်တဲ့ အကြောင်း

ကိုယ်တို့ အရွယ်က အချစ် အကြောင်း သိပ် မပြောဖြစ် တော့ဘူး ထင်တာပဲ။ သူငယ်ချင်းတွေ တွေ့ရင် ကလေးတွေ အကြောင်း၊ ယောကျာ်း အကြောင်း၊ ယောက္ခမတွေ ယောင်းမတွေ အကြောင်း၊ အလုပ်အကိုင် အကြောင်း၊ ဈေးဝယ်ထွက်တဲ့ အကြောင်း၊ ဟင်းချက်နည်း အသစ် စသဖြင့် (ယောကျာ်း စကား ငှားပြော ရရင်) လက်တွေ့ကျတဲ့ အကြောင်း အရာတွေပဲ ပြောဖြစ် ကြတာ များတယ်။ များသော အားဖြင့် ပျော်စရာတွေ သိပ် မပြောဖြစ်တော့ သလိုပဲ။ တခါ တလေများ သူငယ်ချင်းတွေ တယောက်ပြီး တယောက် စိတ်ညစ် စရာတွေ ဆက်တိုက် ကြုံကြလို့ တယောက် အပူ တယောက် ကူးတော့တာ ပါပဲ။ သူငယ်ချင်းတွေ ဆိုပေမယ့် ဆွေမျိုးတွေ ထက်တောင် ပိုရင်းနှီး ကြတာလေ။ တယောက်က အလုပ် ရှာမရလို့ အကြွေး မကျေဘဲ ပြန်ရတော့မယ့် အကြောင်း၊ တယောက်က ကလေး ကျန်းမာရေး မကောင်းတဲ့ အကြောင်း၊ နောက် တယောက်က ယောက္ခမတွေနဲ့ အဆင် မပြေဖြစ်တဲ့ အကြောင်း ရင်ပူ စရာတွေ ချည်းပဲ။ ပျော်စရာရယ်လို့ မရှိ သလောက်ပဲ။ စိတ်ကူးယဉ် စရာ ဖြစ်ဖို့ ကတော့ ဝေးရောပေါ့။

ငယ်တုန်းကတော့ သူငယ်ချင်းတွေ တွေ့ကြရင် ချစ်သူ ရှိသူရော မရှိသေး သူပါ ရင်ခုန်ရတဲ့ အကြောင်းတွေ ဖလှယ်ကြတာ တနေကုန်တောင် မပြီးဘူး။ စကား ပြောကြရင် ဒီအကြောင်းက မပါလို့ မပြီးဘူး။ ချစ်သူ မရှိသေးတဲ့ သူတွေကလည်း  ရင်ခုန် စရာတွေ နားထောင်ပြီး စိတ်ကူးယဉ် ရတာ အမော။  ကိုယ့် သူငယ်ချင်းတွေ အားလုံး လိုလို က သိပ် ချစ်တတ် ကြတယ်။ အချစ်ကို ဦးစားပေးကြ သူများထဲမှာ ပါတာ ပေါ့လေ။ သူငယ်ချင်း တယောက်ဆို သူ အဖြေပေးလိုက်တဲ့ နေ့မှာပဲ သူ့ ချစ်သူက ခရီးဝေး ထွက်သွားတာမို့ သူ့ခမျာ ငိုလိုက်ရတာ။  ကိုယ်တို့ တအုပ် လုံးလည်း သူနဲ့ အတူ ၀မ်းနည်း လိုက်တာ။ နောက် တယောက်ကတော့ သူ့ချစ်သူနဲ့ အိမ်က သဘော မတူလို့ စွန့်စွန့် စားစားနဲ့ အားလုံးကို ပုန်ကန်ပြီး ချစ်သူနောက် လိုက်သွားတယ်။ ငယ်သေးတဲ့ အရွယ်တွေ ဆိုတော့ ပစ္စည်း ဥစ္စာ မပြည့်မစုံနဲ့ ဘ၀ကို စရတာပေါ့။  အဲ့ဒီမှာ သူငယ်ချင်းတွေက ရှိသမျှ မုန့်ဖိုးတွေ နာရီတွေ လက်ကောက်တွေ ရက်ရက် ရောရော ၀ိုင်းပေးကြတယ်။သူတို့ အရေး ကိုယ့် အရေးပေါ့လေ။

ဘယ်နေရာ ကြည့်ကြည့် ဘယ်သူ့ ကြည့်ကြည့် အချစ်တွေနဲ့ ၀န်းရံ ထားသလိုပဲ။ ချစ်လို့ သ၀န်တိုကြတာ၊ စိတ်ကောက်ကြတာ၊ ရန်ပွဲတွေ ဖြစ်ကြတာ၊ မပြည့် မစုံ ဖြစ်ရတာ ဘာပဲ ဖြစ်ဖြစ် အချစ်ကြောင့်လို့ပဲ အဖြေ ထုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ သီချင်း ကြားရင်လည်း တိုက်ဆိုင်လိုက်တာ ဆိုပြီး ကိုယ့်ချစ်သူကို သတိရတယ်။ ရုပ်ရှင် ကြည့်ကြရင်လည်း မြန်မာကား၊ အိန္ဒိယကား၊ အင်္ဂလိပ်ကား၊ တရုပ်ကား ( ကိုယ်တို့ ခေတ်က ကိုးရီးယားကား မပေါ်သေးဘူး) အချစ် ဇာတ်လမ်း မှန်သမျှ ကိုယ်တို့နဲ့ တိုက်ဆိုင် နေသလို ချည်းပဲ။ ငယ်ရွယ်သူတို့ သဘာဝ ထိခိုက် ခံစားလွယ်ကြတယ်။ တောင်းပန်ရင်လည်း ခွင့်လွှတ် မြန်ကြတယ်။ စိတ်ကောက် နေတဲ့ သူငယ်ချင်းကို သူ့ချစ်သူက Bryan Adams ရဲ့ Please forgive me နဲ့  Everything I do I do it for you ကို အခွေထဲ ထည့်ပေးလာတယ်။ ချက်ချင်း စိတ်ကောက် ပြေသွားတဲ့ သူငယ်ချင်းကို ကြည့်ပြီး ကျန်တဲ့ သူတွေက အားကျ မိကြတယ်။ ချစ်တတ်  လိုက်ကြတာလို့လေ။

ချစ်တိုင်းလည်း ပေါင်းခွင့် ရတာ မဟုတ်တော့ ချစ်သူနဲ့ လက်ထပ်ခွင့် ရတာ ကိုယ့် အမြင်မှာတော့ ကံ ကောင်းလွန်း လို့ပါ။ ဒါ့အပြင် မိဘကပါ ကြည်ဖြူပြီး ပံ့ပိုး ကူညီတယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။ အတူ နေရဖို့ ဆိုတာလည်း နှစ်ယောက်လုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ အားလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိနဲ့ စွမ်းအား တွေလည်း လိုပါသေးတယ်။ ကိုယ်တို့ လိုချင်တာတွေ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစား နေကြတဲ့ အချိန်တုန်းက သူ့ကို မကြာ ခဏ ပြောဖူးတာကတော့ မျဉ်းပြိုင် နှစ်ကြောင်းဆုံဖို့ မဖြစ်နိုင်ဘူး လို့။ တကယ်လည်း နီးစပ်ဖို့ အရေးမှာ နှစ်ယောက်လုံး နည်းနည်းစီ လျှော့လိုက် ရတာပဲ။ စိတ်ကူး ထားတဲ့ စံတွေ plan တွေလည်း လျော့ရဲရဲ ဖြစ်ကုန်တယ်။ အဓိက ရည်ရွယ်ချက်က နှစ်ယောက် နီးကြဖို့ ဆိုတော့ ကျန်တာတွေက သာမည ဖြစ်ကုန်တယ်။ အချစ် တခုတည်း အတွက်လားလို့ မေးရင် ဟုတ်တယ်လို့ ဖြေတာပဲ။ အချစ်ကို အကြောင်းပြုပြီး တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှာ ပြဿနာ ပေါင်းစုံလည်း ကြုံရတာ ပါပဲ။ တခါတရံမှာ အချစ် အကြောင်း ပြောတာ ရပ်ပြီး မာန တပုံစီနဲ့ သူ စွမ်းတာ ကိုယ် ကျွမ်းတာတွေလည်း ပြိုင်ဆိုင် ပြောတတ် လာတယ်။ ဘ၀ကို လက်တွေ့ ကျကျ ရင်ဆိုင် ရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်လို မနွေးထွေး နိုင်တော့ဘူး။  အက်ရာတွေ ထင်တာ များလာတော့ နဂို အတိုင်း ချောမွေ့ဖို့ သိပ် မလွယ်တော့ဘူး။  နှစ်ဦး နှစ်ဖက် စိတ် မလျော့ဘဲ အားစိုက်ထုတ် လိုက်ရင်တော့  အရင်လို ပြန် ချစ်နိုင်ဦးမယ်လို့ မျှော်လင့် နိုင်ပါသေးတယ်။ အတူ နေနိုင်ဖို့ ကြိုးစားခဲ့တာ လမ်းခွဲဖို့မှ မဟုတ်ပဲလေ။ အက်ရာ ဆက်ရာတွေ သိပ်မများခင် ချစ်တဲ့ အကြောင်း မကြာခဏ ပြောနိုင်အောင် ကြိုးစား ရအောင်နော်။
(ချစ်သူငယ်ချင်းတွေအတွက် အမှတ်တရ)

20 comments:

Sonata Cantata said...

ချစ်တဲ့အကြောင်း
ခဏခဏပဲ ပြောပါ့မယ် မီယာရယ်း))

Anonymous said...

ဒါဆိုလည်း အခုစပြောပါလားမမီယာ။ နားထောင်နေမယ်လေ။
အချစ်အကြောင်း တခါတလေပြောဖြစ်ပါတယ်။
အင်း..ပြောနိုင်ဖို့ကလဲ အကြည်ဓါတ်လေးရှိပါမှ။
mm

Vista said...

ခြစ်တဲ့အကြောင်းခဏခဏကျောပမယ် ဟိဟိ

Moe Cho Thinn said...

တို့ကတော့ မနေ့ကပဲ ပြောလိုက်သေးတယ်..ဟိ..

ကိုရင်နော်ခင်လေးငယ် said...

ယာယာရေ...

ခေါင်းစဉ်လေး နဲ့ တင် အရမ်းစိတ်ဝင်စားသွားမိတာ..

ချစ်လို့ အတူတူရှိပြီးမှပဲနော့....
ကျန်တာတွေ ပြစ်ထားစမ်းပါပေါ့နော်..။
:P

ခင်မင်စွာ ချစ်ခြင်းများဖြင့်

ဇွန်မိုးစက် said...

ပြောရမယ့်သူမရှိတော့လို့ မပြောဖြစ်ခဲ့တာ ကြာလှပေါ့...

Rita said...

(လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ သီချင်း ကြားရင်လည်း တိုက်ဆိုင်လိုက်တာ ဆိုပြီး ကိုယ့်ချစ်သူကို သတိရတယ်။)

ဒီ post ဖတ်ပြီးတော့လည်း တိုက်ဆိုင်လိုက်တာ ဆိုပြီး ဖြစ်နေမိပြန်တယ်။

(အဓိက ရည်ရွယ်ချက်က နှစ်ယောက် နီးကြဖို့ ဆိုတော့ ကျန်တာတွေက သာမည ဖြစ်ကုန်တယ်။)

အင်း "ချစ်သူတွေ အတွက် အချိန်တစ်ခုရှိတယ်။ အဲဒီ အချိန်က ဘယ်အရာကမှ သူတို့နှစ်ယောက်ထက်ပိုပြီး သူတို့နှစ်ယောက်အတွက် အရေးမကြီးနိုင်တော့တဲ့ အချိန်တစ်ခုမှာပေါ့" လို့ တခါက ရေးခဲ့ဖူးတယ်။

ခုထိတော့ အဲဒီအချိန်က ရောက်မလာသေးဘူး။ ရောက်ချင်မှလည်း ရောက်လာတော့မယ် ထင်ပါတယ်။

JulyDream said...

အင်း တယောက်သောသူနဲ့ အချစ်ကြောင်းလေးတွေ ပြောအုံးမှပဲ။ တနေကုန် မနားတမ်း ပြောချင်ပေမယ့် ခက်တာက ဖုန်းဖိုးက မနည်းကုန်တယ်။ ဆန္ဒကို ချွန်းအုပ်နေရတယ်။ ဘ၀ ဘ၀...

tg.nwai said...

ဟုတ်တယ် မီယာရေ...ငယ်တုန်းကတော့ အချစ် အချစ်ပေါ့လေ...ကြီးလာတော့ အချစ်အကြောင်းပြောရမှာကို ထောင့်တောင့်တောင့်ကြီး.. ဘ၀မှာ မောရတာ ပူရတာ ပြဿနာတွေများလာတာနဲ့ အရင်ကလို နွေးနွေးထွေးထွေး ချိုချိုသာသာ သိပ်မရှိချင်တော့သလိုလို... မီယာပြောသလိုပါပဲ..ချစ်တိုင်းလည်း ပေါင်းဆုံခွင့်ရဖို့ မိဘနဲ့ ကြည်ဖြူ အဆင်ပြေဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတွေတော့ မဟုတ်ဘူးပေါ့။ နှစ်ဦးနှစ်ဖက်စလုံးက မကြိုးစားပဲနဲ့ ဒီလောက်အထိ တည်ဆောက်နိုင်ဖို့ မလွယ်ကူတာကို ရှေ့ဆက် မပျက်စီး မပြိုကွဲအောင် ဆက်ရာတွေ အက်ရာတွေ နည်းနိုင်သမျှနည်းအောင် ချစ်တဲ့ အကြောင်း မကြာခဏ ပြောဖို့ လိုတာ အမှန်ပါပဲလေ...

Anonymous said...

အချစ်အကြောင်း
ပြောနေသင့်ပါတယ်အမ။
အချစ်က လူက နုပျိုစေပါတယ်။

Steve Evergreen said...

ရေးထားတာလေးကောင်းတယ်။

ချစ်တဲ့သူနဲ့ အတူနေရတာကောင်းပါတယ်။ ဒါပေမဲ့ ဒီခေတ်ကြီးမှာ မိဘတွေသဘောတူတာ မတူတာက သူတို့ကို ကြီးတဲ့အထိ တခုခုနဲ့ မှီခိုနေရတဲ့သူတွေမှာတော့ လိုမှာပေါ့။

ကိုယ့်ဆီက အလုပ်သင်လေးဆရာဝန်မလေး Vicky ဆိုတာရှိတယ်။ သူက အနောက်မြောက်ပိုင်း Lancashire ကနေ ကိုယ်တို့ တောင်ပိုင်းမှာ လာအလုပ်လုပ်နေတာ။ သူ့ကိုမေးတယ် Holiday မှာ မိဘတွေဆီ မပြန်ဘူးလားလို့။ သူက ပြန်ဖြေတယ်။ I'm independent. I've been on my own" တဲ့။

တန်ခူး said...

ညီမမီယာရေ… ဟုတ်ပနော်… အချစ်နဲ့ ဝေးသွားလိုက်တာများ ညီမပို့ စ်လေးဖတ်ပြီး ငိုချင်မိတယ်… သူငယ်ချင်းတွေနဲ့ တွေ့ လဲ ပြောဖြစ်တာက သားအကြောင်း… အိမ်မှာလဲ ပြောဖြစ်တာက သားအကြောင်း… ဟိုတနေ့ က သားကျူရှင်သင်နေတော့ ကိုယ်ကလဲ မဂ္ဂဇင်းတအုပ်နဲ့  သူကလဲ ဂီတာတလက်နဲ့ … ကိုယ့်အရှိန်နဲ့ ကိုယ်… အရင်ကများ ချိန်းတဲ့အချိန်လေး ဆွဲဆန့် ချင်မိတာလေ… ကြိုးစားမယ်ညီမရေ…

သက်ဝေ said...

ညီမရဲ့ အတွေးလေးနဲ့ အရေးလေးကို ချစ်လိုက်တာ...
ချစ်တဲ့အကြောင်း မကြာခဏ ပြောဖို့ သတိပေးတဲ့ ချစ်စရာ ပိုစ့်လေး...း))

khin oo may said...

အစ်မကတော့မီယာကိုချစ်ပါတယ်။

WWKM said...

ချစ်တဲ့အကြောင်း များများပြောပေး မမ.
ချစ်ချစ် မချစ်ချစ်ပေါ့. အဟိ.
ဝါ၀ါက ဒီလောက် ချစ်တဲ့အကြောင်း ခဏခဏ ပြောပေးနေတာတောင်မှ ဦးဥာဏ်က ချစ်ခြင်ယောင်ဆောင်တာပါ။ သူအရင်လို မချစ်တော့ဘူး.လုပ်နေသေးတာလေ..း)))

ပျော်ပါစေ.

မမီယာက ၀ါ့ထက် အသက်ငယ်မလား ကြီးမလား မသိဘူး.. အိမ်ထောင်သည်ဆိုတော့ လေးစားသမှုနဲ့ မမခေါ်သွားတယ်နော်.. မှားရင်လည်း ပြန်ပြောပါဦး။း)

ဝါ

ksanchaung said...

ကျွန်တော်လည်း အချစ်အကြောင်း မပြောဖြစ်တော့ပါဘူး။ ချစ်လို့ ရုန်းကန်နေရပြီပဲ။ ပြောဖို့ လိုသေးလား။

rose of sharon said...

အခုအချိန်မှာ ချစ်တယ်ပြောရမှာ တမျိုးကြီးဘဲ... ဒါပေမဲ့ ပြောသင့်တယ်လို့ထင်ပါတယ်... မှတ်သားသွားပါတယ်

Nge Naing said...

ပို့စ်လေး ဖတ်လို့သိပ်ကောင်းပါတယ်။ ကျွန်မလည်း အစကတော့ ဒီအရွယ်တွေမှာ အချစ်အကြောင်း ပြောဖို့ မလိုအပ်ဘူးပဲ ထင်ခဲ့ပြီး တဘက်သားက ပြောရင်လည်း မကြီးမငယ်နဲ့ သူ့ကိုယ်သူ ၁၆ သားများ ထင်နေလား မသိဘူးလို့ ပြန်ပြောတဲ့အခါတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီ မပြောတာတွေက တယောက်နဲ့တယောက် စိတ်ဝင်စားမှုကို လျှော့စေပြီး ရေရှည်မှာ တယောက်နဲ့တယောက် တစိမ်းလို ကင်းကွာသွားတတ်ပါတယ်။ ဒါကြောင့် ကျွန်မထင်တယ် ဘယ်အသက်ဘယ်အရွယ်ပဲ ရောက်ရောက် မိသားစုဘ၀တခု ကျန်းမာပျော်ရွှင်စွာ ဆက်လက် ရှင်သန်ဖို့ အချစ်အကြောင်း အမြဲပြောနေဖို့ လိုအပ်လိမ့်မယ်။

Steve Evergreen said...

Blogger khin oo may said...

အစ်မကတော့မီယာကိုချစ်ပါတယ်။

:)

ချစ်ကြည်အေး said...

ဒီပို့စ်ကောင်းလေးကို ခုမှ လာဖတ်မိတယ် ညီမရေ...ချစ်တဲ့အကြောင်း ပြောဖို့ တလကျော် နောက်ကျသွားပါရောလား....:))