Monday, 8 February 2010

ကိုယ့်အကြိုက်

ပေါက်က သတိတရ တက်ဂ်လို့ အမှတ်တရ ရေးပါတယ်။ ခုတလော စိတ်ရှုပ် အလုပ် ရှုပ်လို့ ဘာမှ မရေး ချင် ဖြစ်နေတာ ပေါက်ရေ။ မြန်မာလို ၀တ်ရတာ နှစ်ခြိုက် ပေမယ့် ပေါက်လို ချိတ် ထမီတွေ အများကြီး မရှိဘူး။ ငါးတန်းမှာ တီတီစီကို ပြောင်းတော့ လုံချည် ၀တ်ရတယ်။ အဲ့ဒီမှာ လုံချည် စ ၀တ်ဖူးတာပဲ။ ကိုယ်တိုင်တော့ စုံအောင် မ၀တ်ဖူး ပေမယ့် မှတ်မိ တာလေးတွေ ချ ရေးလိုက် ချင်သေးတယ်။ အဖြူ အစိမ်း ဆိုပေမယ့် မိန်းကလေးတွေ ဆရာမတွေက အင်္ကျီ အဖြူကို ရင်စေ့ တမျိုး ရင်ပုံး တဖုံ ပုံစံ အမျိုးမျိုး ချုပ်ဝတ် ကြတာကိုး။ ကြယ်သီး ကိုလည်း နှိပ်စေ့ ထုပ်သီး အလှလေး တွေနဲ့ တန်ဆာ ဆင်သေးတယ်။ တရုပ်ကားတွေ ထဲက အတိုင်း လက်နဲ့ ပန်းပုံ ဖော်ထားတဲ့ ကြယ်သီး တွေလည်း ခေတ်စားတာ မှတ်မိတယ်။ ပိတ်စ ကလည်း ရိုးရိုး တက်ထရွန် အဖြူ အပြင် အရိပ်ပန်း လို့ခေါ်တဲ့ ခပ်ပါးပါး  ပိတ်စပေါ်မှာ ပန်းဒီဇိုင်း မျိုးစုံ ပါတဲ့ အစ၊ ရှောရှော ရှောရှောနဲ့ ၀တ်ရခက်တဲ့ တွီစနဲ့ ရေခဲရှန်၊ ရှမွိုင်း၊ ... အစုံပဲ။ လုံချည် အစိမ်းကလည်း အစိမ်း ပေါင်းစုံ။ တချို့က ပြောင်အစိမ်း မ၀တ်ဘဲ ဒီဇိုင်းလေးတွေ မသိမသာပါတဲ့ ထိုင်း ပိုးလုံချည်လိုမျိုး ၀တ်တယ်။ အဖုလေးတွေ ပါတဲ့ ဘီဘဲလ်၊ အသား အိအိလေး  ဖြစ်တဲ့ စိန်မိုက်ကယ် အစတွေလည်း ၀တ်ကြတယ်။

ပထမနှစ် တက္ကသိုလ် တက်တော့ ယောလုံချည် ၀မ်းဆက်တွေ ခေတ်စားတယ်။ ဆံပင် ရှည်ရှည် မိန်းကလေး ချောချော လှလှလေးတွေ မြန်မာ ဆန်ဆန် ၀တ်ထားတာတွေ့ရင် သဘောကျလို့ ငေးရတယ်။  အဲ့သလို မိန်ကလေးတွေ တွေ့ရင် ယွန်းမှီမှီလို့ ကိုယ်တို့ သူငယ်ချင်းတွေ အချင်းချင်း မျက်စ ပစ်ကြတယ်။  စိုးမြတ်သူဇာတို့ လုံချည်တိုတို ၀တ်တဲ့ ခေတ်မှာ ကိုယ်တို့ သူငယ်ချင်း တအုပ်လည်း ခြေသလုံးပေါ် လုံချည်ကို ၀တ်ကြတော့ ကောက်စိုက် ထွက်ကြ မလို့လားလို့ ဆရာမတွေက ငေါ့တာ ခံရသေးတယ်။ အဲ့ဒီ ခေတ်က ယောကျာ်းလေး တွေလည်း တိုတို ၀တ်ကြတယ် ထင်တာပဲ။ ကျော်သူတို့ စိုးသူတို့ ပုဆိုး တိုတိုနဲ့ လွယ်အိတ် ကြိုးထုံးတဲ့ ခေတ်ပေါ့။ အမေတို့ ပြောတာကတော့ ကျော်ဟိန်းတုန်းက ပုဆိုးကို မြေကြီး ဒရွတ် တိုက်အောင် ၀တ်တာတဲ့။ ရှည်လိုက်ကြ တိုလိုက်ကြနဲ့ ဖက်ရှင်က တကျော့ ပြန်လည်တာ ဆိုလား။

ကျောင်းသူ အရွယ်မှာ အမေ ဆင်တာ ၀တ်ရပြီး အလုပ် လည်းရရော စိတ်တိုင်းကျ ကိုယ့်အကြိုက် အစလေးတွေ ၀ယ်ပြီး အပ်ချုပ်ဆိုင် အပ်တော့တာပဲ။ ရေခဲရှန် ပိတ်စ ဒီဇိုင်း ပြောင်းပြန် (အင်္ကျီက အဖြူပေါ် အနီပွင့်ဆို လုံချည်က အနီပေါ် အဖြူပွင့်) လေးတွေ ကြိုက်လို့ ၀ယ်ဝတ်တယ်။ ပုံမှန်ကတော့ အပွင့် နုတ်နုတ်လေးတွေဆို ၀မ်းဆက် ၀တ်ဖြစ်တာ များတယ်။ အင်္ကျီ ဒီဇိုင်း လှလှလေးတွေကို  အပ်ချုပ်သည် အကိုကြီးကပဲ စဉ်းစားပြီး ချုပ်ပေးတာ။ ချည်လုံချည် မြန်မာ အဆင်နဲ့ အင်းလေး လုံချည် တွေကိုတော့ အေးလို့ ကြိုက်တယ်။ အထက်ဆင် တပ်ပြီး ၀တ်လို့လည်း ရတယ်၊ ကျစ်ကျစ် လစ်လစ်လည်း ရှိလို့ ၀တ်လို့ ကောင်းတယ်။ လျှော်ပြီးရင် နဲနဲ ကျုံ့သွားတာရယ် အရောင် ကျသွားတာ ရယ်ကြောင့် သိပ်များများတော့ မ၀ယ်ဖြစ်ဘူး။ ကြိုးကြီးချိတ် ဆိုတာကိုတော့ မင်္ဂလာဆောင်မယ် ဆိုတော့မှပဲ ၀ယ်ဖြစ်တာပါ။ သတို့သားရဲ့ အမှတ်တရ လက်ဆောင် ဆိုလည်း ဟုတ်တယ်လေ။ ရန်ကုန် ပြန်တိုင်း ရသလောက် အင်္ကျီ လုံချည် တစုံ နှစ်စုံလောက်တော့ ချုပ်ဖြစ်တယ်။ အလုပ်ထဲက ပွဲတွေ ဘာတွေ တက်ရတဲ့ အခါ မြန်မာလို ၀တ်ရတာ ပိုနှစ်သက်တယ်။ ကိုယ့်အကြိုက် ၀တ်ချင်တာ ၀တ်ရအောင် ခန္ဓာကိုယ် ပုံ မပြောင်း သွားဖို့ ကြိုးပမ်း ရတာလည်း မလွယ် လှပါကြောင်း။