Saturday 29 November 2008

Charity Shops

ဒီမြို့လေးကို ရောက် ကတည်းက သတိထား မိတာ ကတော့ အလှူ လုပ်တဲ့သူ တွေ များတာပဲ။ ရန်ကုန် မှာလို လူတွေ ဖိတ်ပြီး ကျွေးတာ မဟုတ်ပါဘူး။ အချိန်၊ လူအား၊ ငွေအား တတ်နိုင်သလောက် လှူပြီး ရံပုံငွေ ရှာကြတာပါ။ လှူဖို့ အဖွဲ့အစည်းတွေ ကလည်း အများကြီးပဲ။ မှတ်မိသလောက် ပြောရရင် Cancer Research fund, Red Cross, Chrisitan Aid, World Vision, Safe the Children, Oxfam, Children Society, Age Concern, Helen & Douglas House, British Heart foundation, Refugee Resouce စသဖြင့် အများကြီးပဲ။ ဘာသာရေးနဲ့ တခြား လူမှုရေး အဖွဲ့တွေလည်း ရှိသေးတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရံပုံငွေ ရှာကြတယ်။

တချို့က စာအိတ်လေးတွေ အိမ်ကိုပို့ပေးတယ်။ တချို့က ဈေးရောင်းပွဲတွေ လုပ်တယ်။ တချို့က ကိုယ့်အိမ်မှာ၊ အလုပ်မှာ လက်ဖက်ရည်နဲ့ ဧည့်ခံပြီး လာတဲ့သူတွေကို အလှူခံတယ်။ ဒီရောက်မှ မြင်ဖူးတာကတော့ charity shop တွေပါပဲ။ ဆိုင်ခန်းဖွင့်ပြီး အလှူ ခံရတဲ့ ပစ္စည်းတွေကို ရောင်းတာပါ။ အဟောင်းရော အကောင်းရော အစုံပါပဲ။ အလှူခံ လို့ ရသမျှ ဆိုတော့လည်း အ၀တ်အစား၊ လက်ဝတ်ရတနာ၊ အသုံးအဆောင်၊ ပန်းချီကား၊ စာအုပ်၊ အရုပ်၊ အိုးခွက်ပန်းကန်၊ အီလက်ထရွန်းနစ်ပစ္စည်း အမယ် မျိုးစုံ ရှိပါတယ်။ လူတွေက ကိုယ့်စိတ်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်း ဆိုင်ကို လှူကြတာ များပါတယ်။ ရပ်ကွက်ပေါ် မူတည်ပြီး ပစ္စည်း အမျိုးအစားနဲ့ တန်ဖိုး တွေလည်း ကွဲပြားပါတယ်။

ရှာတတ်တဲ့သူ တွေ အဖို့ ဈေးလည်း သက်သာ၊ အသုံးလည်းတဲ့တဲ့ ပစ္စည်းတွေ ရနိုင်ပါတယ်။ Kylie Minogue ရဲ့နံမည်ကြီးတဲ့ ရွှေရောင် ဘောင်းဘီတိုကို charity shop က၀ယ်တာလို့ ဖတ်ဖူးပါတယ်။ ကုသိုလ်လည်းရ လိုချင်တာလည်း ရတာမို့ လူတော်တော် များများက ဒီလိုဆိုင်တွေကို အားပေးကြပါတယ်။ ရောင်းသူများကလည်း volunteer တွေများပါတယ်။ အချိန်ကို လှူကြတဲ့ သဘောပါ။ (နောက်မှ volunteer အတွေ့အကြုံတွေ ရေးပါဦးမယ်)။

အချိန်ရရင် ဒီလင့်ခ်လေးတွေလည်း ကြည့်လိုက်ပါဦး။
Helen & Douglas House British Heart Foundation Oxfam Cancer Research UK
Age Concern British Red Cross

မှတ်ချက်။ စာအပြန့်လိုက်ကြီးမပေါ်ချင်ရင်ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်။ သိရင်ပြောပြပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

Thursday 27 November 2008

Free gift update

အလကား ရမယ်ဆိုတဲ့ ရေဘူး ရလာပြီဆိုတဲ့အကြောင်း update လုပ်တာပါ။ free gift voucher ရတဲ့အကြောင်း ကိုတော့ ဒီမှာ ဖတ်နိုင်ပါတယ်။ မလျှော့သော ဇွဲလုံ့လနဲ့ ဆိုင် တွေမှာ သွားမေးတဲ့ဲ့ အကျိုးပေါ့။ မဟုတ်ရင်တော့ free gift က ကိုယ်မရဘဲ အလကား ဖြစ်သွားမှာလေ။ ဒီအတိုင်း ပိုက်ဆံ ပေးလိုက်မယ့် အစား ဘောက်ချာ တွေပေး၊ စည်းမျဉ်းတွေ ကန့်သတ်တော့ ၀ယ်သူတွေက အလကား ရတဲ့ လက်ဆောင်နောက် လိုက်ရင်း တခြား ပစ္စည်း လေးတွေပါ ၀ယ်ဖြစ်သွားပါ လေရော။ စတိုးဆိုင် များရဲ့technique တစ်ခုပါ။

Sunday 23 November 2008

ခရစ်စမတ်ပါတီ

ဒီဇင်ဘာ ၅ ရက် နေ့မှာ ရုံးက ခရစ်စမတ် ပါတီ ကို သွားရ ပါမယ်။ နှစ်တိုင်း ရှောင်ချင် ပေမယ့် ရှောင်မရဘဲ တက်ရတာ ၅ နှစ် ရှိပါပြီ။ လုပ်တာက ၅ ရက်နေ့ ဆိုတော့လည်း ခရီးသွားမယ် လို့ အကြောင်း ပြဖို့က စောနေ သေးတာကိုး။ ဘာသာရေး အနှစ်သာရ လုံးဝ မပါတဲ့ စားသောက်ပွဲ တစ်ခုပါ။ ရုံးသူ ရုံးသားတွေရယ်၊ သူတို့ရဲ့အဖော် (ဇနီး၊ ခင်ပွန်း၊ သူငယ်ချင်း) တွေရယ်၊ ဒါရိုက်တာတွေရယ် တွေ့တဲ့ ပွဲလို့လည်း ခေါ်နိုင်ပါတယ်။

ပွဲမစခင် drinks တွေ သောက်ကြပြီး မျက်နှာသစ် တွေကို လိုက်နှုတ်ဆက်ပါတယ်။ အစားအသောက် ရယ်ဒီ ဖြစ်ရင်တော့ အားလုံး ထိုင်ပြီး စားကြပါတယ်။ တခါတလေလည်း သီချင်းနဲ့ ဖျော်ဖြေတဲ့သူ ရှိပါတယ်။ ထိုင် စားသောက်ရင်းနဲ့ စကားပြော ကောင်းတဲ့ သူတစ်ယောက် နား ထိုင်မိ ရင်တော့ ကိုယ်ပြောစရာ မလိုဘဲ အစားပဲ အာရုံ စိုက် စားလို့ရပါတယ်။ မဟုတ် ရင်တော့ စကားဝိုင်း တိတ်မနေအောင် ပြောရတဲ့ ဒုက္ခ ကရှိပါတယ်။ သောက်တာ များပြီး နဲနဲ ထွေနေတဲ့ လူတွေနဲ့ ထိုင်မိရင်လည်း စိတ်ညစ်ရပါတယ်။

မနှစ်က ကိုယ်တို့နဲ့ ထိုင်တဲ့ တယောက် က ပြောပြော ဆိုဆို နဲ့ထပြီး chairman ရဲ့ထိပ် ပြောင်ပြောင်ကြီး ကို သွားကိုင်နေလို့ အားလုံး မျက်နှာ ဘယ်နား ထားရမလဲ မသိ ဖြစ်ရသေးတယ်။ နောက် တယောက်ကလည်း အပျော်လွန်ပြီး သီချင်းအဆုံးမှာ ထထ အော်နေလို့ အနှောင့်အယှက် ဖြစ်ရပါသေးတယ်။ ဆိုင်ထဲမှာ စားနေတဲ့ တခြား စားသောက် သူတွေကိုလည်း အားနာလို့ပါ။

အစား အသောက် ကတော့အမြဲ ကောင်းပါတယ်။ ကိုယ်ကတော့ ပွဲမစခင် စားပွဲတွေ ပြင်ထားတာကို ဓါတ်ပုံ ရိုက်လေ့ ရှိပါတယ်။ စားနေတုန်း လည်း သူငယ်ချင်းတွေကို ဓါတ်ပုံ လိုက်ရိုက်ပါတယ်။ သူတို့ အားလုံး လှလှလေးတွေ အားစိုက်ထုတ်ပြီး ပြင်ဆင် လာတာကြောင့် မှတ်တမ်းတင် ချင်တာလည်း ပါပါတယ်။

ဒီနှစ်တော့ ဓါတ်ပုံ ရိုက်ထားပြီး ဘလော့ဂ် မှာ တင်လိုက်ဦီးမယ်လို့ စိတ်ကူးထားတယ်။

Saturday 22 November 2008

LOVE


I DREAMED:
somebody loves me;
cares for me and thinks about me.

SO I SCREAMED:

somebody love me!
without knowing the real meaning of love;
without understanding the utter feeling of love;
without realising the true beginning of love.

THEN I SEE: loving somebody; unconditionally, sincerely and wholeheartedly is far greater and better than to ask for somebody to love me.

Wednesday 19 November 2008

ဆိုဖီယာ့အတွေး

မာမီ့ကို အချစ်ဆုံး ပါပဲ။ မာမီက အပြင် သွားတိုင်း ခေါ်သွားတယ်၊ စားချင် တာတွေလည်း ကျွေးတယ်၊ လိုချင် တာတွေလည်း ၀ယ်ပေးတယ်၊ ညမအိပ်ခင် လည်းပုံပြင် လေးတွေ ဖတ်ပြသေးတယ်။

ဒယ်ဒီ့ ကိုလည်း ချစ်ပါတယ်။ ဒယ်ဒီနဲ့ အမြဲ မတွေ့ ရပေမယ့် ဖုန်းနဲ့ စကားပြော ရတယ်၊ gtalk နဲ့ VZO ကတဆင့်လည်း ဒယ်ဒီ့ ကိုမြင်ရတယ်၊ ဒယ်ဒီ့အသံ ကြားရတယ်။ ဒယ်ဒီက တိရစ္ဆာန်ရုံ ခဏခဏ ခေါ်သွားတယ်။ ပန်းခြံ တွေထဲလည်း လျှောက်ပြေး ရတယ်။
ဆိုဖီယာ့မှာ ဖိနပ် ၁၀ ရံရှိတယ်။ အားလုံးကို တန်းစီပြီး ထည့်ထားတယ်။ အရုပ်တွေလည်း အများကြီး ရှိတယ်။ အပြင် သွားရင် ဆောင်းဖို့ ဦးထုပ်နဲ့ထီးလည်း ရှိပါတယ်။ လက်ကိုင် ဟန်းဘက်အိပ် ကလေးလည်း ရှိပါတယ်။

လောလောဆယ် အိမ်မှာ ဆိုဖီယာနဲ့ မာမီ ပဲရှိပါတယ်။ တလောကတော့ ဆိုဖီယာ့ အနားမှာ လူတွေ အများကြီးပဲ။ ဦးလေးတွေ အဒေါ်တွေတဲ့၊ တပြုံကြီးပဲ။ ပုံစံ တွေကလည်း အစုံပဲ။ ၀၀ ပိန်ပိန် ပုပု ရှည်ရှည် ဖြူဖြူ မဲမဲ စုံလို့ပဲ။ နံမည် တွေလည်း အကုန် မမှတ်မိပါဘူး။ သူတို့နဲ့ အစားတွေတော့ အမျိုးစုံ စားရတယ်။ အကြိုက်ဆုံး ကတော့ ချော့ကလက်ပေါ့။ ဘယ်သူနဲ့မှ တောင်မရှယ်ချင်ဘူး။ စားလို့ ကောင်းမှကောင်း။

ဦးဦး ဒေါ်ဒေါ်တွေ ကလက်ဆောင် တွေလည်း အများကြီး ယူလာတယ်။ ဒေါ်ကြီးက ဆိုဖီယာဖတ်ဖို့ စာအုပ်တွေ ပေးတယ်။ စာအုပ်တွေ လက်ဆောင် ရတာနဲ့ ဘာမှ မလိုချင်တော့ပါဘူး။ စာအုပ် တွေရတာ အပျော်ဆုံးပဲ။

ဟော် ၂ပတ် လောက်ကြာတော့ အဲ့ဒီ ဦးဦး ဒေါ်ဒေါ် တွေပျောက်သွားရော။ မာမီ ပြောတာတော့ နိုင်ငံခြား ပြန်သွားပြီတဲ့။ သိပ်မကြာပါဘူး ဆိုဖီယာနဲ့ အမြဲ ကစားနေတဲ့ ဦးသတိုးက အလုပ်ရလို့ စင်ကာပူ ကိုထွက် သွားတယ်။ နောက် ဆိုဖီယာကို ဂရုစိုက်ပြီး ထမင်းကျွေးတဲ့ တီတီဖောင်း ကလည်း မင်္ဂလာဆောင်ပြီး မလေးရှားကို လိုက်သွား ပြန်တယ်။

ဆိုဖီယာ ချွဲနေကြ ဖီဖီဘူးနဲ့ ဖီဖီတိုးတို့ ဆီပဲသွားပြီး တီဗီကြည့်၊ သီချင်းဆို၊ မုန့်တွေ သွားစားတော့မယ် စဉ်းစား နေတုန်း သူတို့လည်း စနေနေ့က စင်ကာပူ အလည် ထွက်သွား ကြပြန်ပြီ။ ပြန်လာ ရင်တော့ ဘာတွေ ၀ယ်လာမှာပါလိမ့်။

(စကားမေးဘယ်တော့မှပြန်မရတဲ့ ၃နှစ်ပြည့်သွားပြီဖြစ်တဲ့ တူမလေးနေရာကခံစားပြီးရေးတာပါ)

Tuesday 18 November 2008

You have time



You have time for everything!

သူငယ်ချင်း တစ်ယောက် ကလေးမွေးလို့ သွားကြည့်မယ်လို့ ပြောမိလို့ ရုံးက ပုဂ္ဂိုလ် တစ်ယောက်က ပြောလိုက်တာ ဖြစ်ပါတယ်။ လိုက်မလားလို့ သူတို့ကို မေးတော့ တစ်ယောက်က လက်ဆောင် မ၀ယ်ရသေး လို့တဲ့။ နောက်တစ်ယောက် ကလည်း သူ့သား လာမှာမို့ အိမ်စောစော ပြန်မယ်တဲ့။ နောက်တစ်ယောက် ကလည်း သူ့ကလေး ၃ယောက်က စောင့်နေမှာ မို့လို့တဲ့။ ကိုယ့်ကို you have time for everything လို့ပြောတဲ့ ပုဂ္ဂိုလ် ကလည်း သူ့မြေးဦးလေး ကိုတောင် သွား မကြည့်နိုင်အောင် အလုပ်က ရှုပ်လွန်း တယ်တဲ့။ ကိုယ်ကတော့ ၅ မိနစ်လောက် လမ်းလျှောက် သွားရင် ရောက်တဲ့ သူငယ်ချင်း အိမ်ကို အဖော်စပ် မနေတော့ဘဲ ထွက်လာခဲ့တယ်။

ကိုယ်ဘာသာတော့ ပြန်စဉ်းစား နေမိတယ်။ ငါများ သိပ်အားနေလား လို့ပေါ့။ ရုံးက ညနေ ငါးနာရီ ဆင်းရင် အိမ်ကို လမ်းလျှောက် ပြန်လာတယ်။ အိမ် ရောက်ရောက်ချင်း စက် ဖွင့်ပြီး ဘယ်သူတွေ online ရှိလည်းကြည့်၊ blog တကာလိုက်လည်၊ comment တွေရေး၊ cbox တွေ သွားနှုတ်ဆက်တာနဲ့ ၇နာရီ ထိုးသွားတယ်။ ထမင်း စားပြီး သီချင်း နားထောင်ရင်း ၀တ္ထု ဖတ်ရင်ဖတ်၊ မဟုတ်ရင် အ၀တ်ဗီဒိုကို ထပ်ခါထပ်ခါရှင်း။ တခါတလေ စိတ်ကူး ပေါက်ရင် ဟင်းချက်၊ သန့်ရှင်းရေး လုပ်တယ်။ စနေ တနင်္ဂနွေဆို window shopping သွား၊ သူငယ်ချင်း တွေနဲ့လည်၊ စာအုပ်ငှား၊ တရေးတမောအိပ်၊ internet နဲ့ဖုန်းတွေခေါ်၊ စကားပြောပြီး မိသားစုနဲ့ အပေါင်းအသင်းတွေ သတင်း နားထောင်ပါတယ်။

တခုရှိတာက ရှင်းစရာ အိမ်ကြီးမရှိ၊ ခြံမရှိ၊ ကြည့်စရာ ကလေးလည်း မရှိပါ။ သို့အတွက်ကြောင့် ကိုယ့်မှာ time တွေ ရှိနေလား မသိပါ။

Monday 17 November 2008

အလုပ်ထဲမှာ

သင်တန်းတက်ဖို့လာစုံစမ်းကြတာ လူပေါင်းစုံပါပဲ။ receptionist နဲ့ အမေးအဖြေလုပ်နေကြတာကိုကြားရတာပါ။

ပထမရောက်တဲ့သူက ဂျာမနီကဆယ်ကျော်သက်ရွယ်မိန်းကလေး။
မိန်းကလေး - အလည်လာရင်း ခရီးသွားဟန်လွဲအင်္ဂလိပ်စာသင်ချင်လို့ပါ။
receptionist - ဂျာမနီမှာဘယ်နှစ်နှစ်နေဖူးလဲ။
မိန်းကလေး - ကျွန်မကဂျာမနီမှာမွေးတာ၊ ၁၈နှစ်ရှိပြီ။ နောင်နှစ်ဆိုကောလိပ်တက်မှာ။ မတက်ခင်အင်္ဂလိပ်စကား သွက်သွက်လေး ပြောတတ်ချင်လို့။
receptionist - ကောင်းပြီလေ။ အီးယူနိုင်ငံကလာသူ၊ အဲ့ဒီနိုင်ငံမှာအနည်းဆုံးသုံးနှစ်နေထိုင်ဖူးလျှင် ဒီကျောင်းက လက်ခံပါတယ်။
မိန်းကလေး - ကျောင်းလခကရော
receptionist - ၁၉ နှစ်အောက်ဆိုတော့ကျောင်းလခပေးစရာမလိုပါဘူး။ မင်း passport သာပြပါ။
မိန်းကလေး - ကျေးဇူးပါနော်။ ဘယ်တော့စရမှာလဲ။

ဒုတိယရောက်လာသူကပိုလန်မှအင်ဂျင်နီယာဘွဲ့ရထားသူ။
အင်ဂျင်နီယာ - အလုပ်ရှာဖို့ အတွက် အင်္ဂလိပ်စာလက်မှတ်အမြန်လိုချင်လို့။
receptionist - ပိုလန်မှာဘယ်နှစ်နှစ်နေဖူးလဲ။
အင်ဂျင်နီယာ - ကျွန်တော်ကပိုလန်မှာမွေးတာ။ ဘာအလုပ်ဖြစ်ဖြစ်လုပ်မယ်။ အလုပ်ရဖို့အရေးကြီးတယ်။
receptionist - ဒါဆိုအလုပ်ရှာနေတဲ့အတွက် ထောက်ပံ့ကြေးရနေလား။
အင်ဂျင်နီယာ - မလျှောက်ထားပါဘူး။ အလုပ်မြန်မြန်ရချင်ပြီ။ အင်္ဂလိပ်စကားပြောနိုင်ဖို့သိပ်အရေးကြီးတယ်ဗျာ။ ကူညီပါ။
receptionist - ကျောင်းလခ ၅၀ ပေးရမယ်နော်။ ၃လလောက်ကြိုးစားပြီးလာလိုက်။ အင်တာဗျုးရရင် စကားပြောတတ်ဖို့လိုတယ်လေ။
အင်ဂျင်နီယာ - ကျေးဇူးတင်ပါတယ်။ နောက်တစ်ပတ်စ လို့ရမလား။

တတိယရောက်လာတာကအာဖရိကန်မိသားစု။
အဖေ - ကျွန်တော့်မိန်းမအင်္ဂလိပ်စာသင်တန်းတက်ချင်လို့။ ရောက်နေတာ၂နှစ်ပြည့်တော့မယ်။
receptionist - ဘာဗီဇာနဲ့နေတာလဲ။
အဖေ - မှီခိုသူပါ။ ကျွန်တော်ကဒီနိုင်ငံသားလေ။ ဟိုမှာပြန်လက်ထပ်ပြီးခေါ်လာတာ။
receptionist -ကျောင်းလခ ၅၀ ပေးရမယ်နော်။ အလုပ်လုပ်လား။
အဖေ - မလုပ်ဘူး။ ဒီမှာထောက်ပံ့ကြေးစာရွက်။
receptionist - ဩော်ဒါဆိုပိုက်ဆံမပေးရပါဘူး။
အဖေ - ဒါနဲ့ကလေးကိုဘယ်လိုလုပ်မလဲ။
receptionist - ဘယ်သူ့ကလေးလဲ။
အဖေ - ကျုပ်တို့ကလေးလေ။ ၇လရှိပြီ။ ကျုပ်မိန်းမကျောင်းတက်နေရင်ဘယ်သူကလေးထိန်းမှာလဲ။

နောက်ဆုံးတစ်ယောက်ကတော့ပါကစ္စတန်မှလွန်ခဲ့တဲ့ ၁၇ နှစ်ကရောက်လာသူ။
လူကြီး - နိုင်ငံသားလျှောက်ဖို့အင်္ဂလိပ်စာ စာမေးပွဲဖြေဖို့သိချင်လို့ပါ။
receptionist - အင်္ဂလိပ်စာသင်တန်းတက်ဖူးလား။
လူကြီး - မလိုပါဘူး။ ငါကရောက်နေတာ ၁၇ နှစ်ရှိပြီ။ အခုမှတရေးနိုးပြီးနိုင်ငံသားလျှောက်မလို့။
receptionist - ဒီစာပိုဒ်ကိုဖတ်ပြပါ။ အဓိပ္ပါယ်ရောနားလည်လား။
လူကြီး - ငါမဖတ်တတ်ဘူး။
receptionist - ဒါဆိုအင်္ဂလိပ်စာသင်တန်းလာတက်ပါ။
လူကြီး - ငါ့အင်္ဂလိပ်ကကောင်းပါတယ်။ ပြဿနာမရှိဘူး။ ငါရောက်နေတာ ၁၇ နှစ်ရှိပြီ။
receptionist -

December Holiday

ဒီဇင်ဘာရောက်ရင်အလုပ်က၂ပတ်ပိတ်ရက်ရပါမယ်။ 24/7 အိမ်ထဲမှာတော့မနေချင်ပါဘူး။ credit crunch ကြောင့်လည်း ပိုက်ဆံကြည့်သုံးလို့သတိပေးခံထားရတော့ ခရီးထွက်ဖို့နဲနဲကိုယ်ရှိန်သတ်နေပါတယ်။ လက်ကတော့ holiday တွေလိုက်ရှာနေတယ်။ လောလောဆယ်တော့ဒါတွေတွေ့ထားတယ်။

မမ KOM blog ဖတ်ပြီး Amsterdam သွားချင်တယ်။ စာရေးဆရာ Ian McEwan ရဲ့စာအုပ်ကိုပါဖတ်ဖို့ယူသွားမယ်။


တနေ့ကသတင်းစာထဲမှာဖတ်လိုက်ရတာက ဒီအချိန်ဂရိမှာရာသီဥတု ကောင်းတယ်တဲ့။ ငယ်ငယ်ကအိုလံပစ်ပွဲတွေအကြောင်းသင်ရကတည်းက စိတ်ကူးယဉ်ခဲ့တာ။ ကိုယ်တိုင်ကိုယ်ကျ Athens မြို့ကိုသွားလည်ချင်တယ်။

သမိုင်းကြောင်းနောက်ခံတွေနဲ့ပြည့်နှက်နေတဲ့ Berlin ကိုလည်းရောက်ဖူးချင်တယ်။ ဘာလင်တံတိုင်းကြီးပြိုတဲ့ သတင်းဖတ်ရတုန်းက မဆီမဆိုင် စိတ်ထဲလွတ်လပ်ပေါ့ပါးမှုကိုခံစားရတယ်။ ရာသီဥတုကတော့ အရမ်းအေးမယ်ထင်တယ်။

နောက်အသွားချင်ဆုံးတစ်နေရာကတော့မိသားစုနဲ့သူငယ်ချင်းတွေအများကြီးရှိတဲ့ စင်ကာပူ။ နေနေနိုင်ရဲ့ blog ပေါ်မှာအစားအသောက်အကြောင်းတွေဖတ်ပြီးတိုင်း စိတ်ကူးနဲ့ တစ်မျိုးပြီးတစ်မျိုးလိုက်စားကြည့်နေတာ။ ဘယ်ကိုရောက်ဖြစ်မလဲတော့မသိသေးပါဘူး။

(ဓါတ်ပုံများကို tripadvisor မှယူသုံးထားပါသည်)

Saturday 15 November 2008

ညနေစာ

စနေနေ့ရုံးအားရက်လည်းဖြစ်လို့ထမင်းဟင်းချက်ဖြစ်တာပါ။ အိမ်ကိုလွမ်းတာလည်းပါတာပေါ့။










Lemon Sole (မြန်မာလိုမသိပါ)ကို sambal နဲ့ချက်ထားတာ၊ ကြက်ဟင်းခါးသီးကြော်၊ မုန်ညင်းချဉ်မီစို
ထမင်းနဲ့သုံးဆောင်ပါရှင်။

Friday 14 November 2008

SEAT 61

ရထားနဲ့ခရီးသွားတာကို ငယ်ငယ်ထဲကနှစ်သက်ခဲ့တာ။ ရန်ကုန်ဘူတာကြီးမှာ သူများကိုလိုက်ပို့ရရင်တောင် အရမ်းပျော်တာ။ ရထားလက်မှတ်တွေ တန်းစီဝယ်ဖို့ မြို့ထဲအိမ်မှာအမြဲလူစည်ခဲ့ဖူးတယ်။ ညလာအိပ်ပြီး မနက်အစောကြီးထ လက်မှတ်ဝယ်ရတာလေ။
ကိုယ်မှတ်မိတဲ့အရွယ်မှာ ပထမဆုံးရထားစီးသွားရတာ ပြည်မြို့ကို။ အဖွားကအစားအသောက်အပြည့်ပါတဲ့ အစားခြင်းတောင်းအမြဲသယ်တယ်။ လမ်းတလျှောက်မှာလည်းရာသီစာ၊ ဒေသစာတွေကိုဝယ်စားကြသေးတယ်။

ကိုယ့်လိုပဲရထားစီးရတာကြိုက်တဲ့သူတွေအတွက် www.seat61.com ဆိုတဲ့ဆိုက်ကိုညွှန်းချင်ပါတယ်။ ရထားနဲ့သွားလို့ရနိုင်တဲ့ခရီးစဉ်တွေကို ရှာလို့ရပါတယ်။ ဒီ site ကိုတွေ့ကာစက ရထားခရီးစဉ်တွေပဲရှိပေမယ့် အခုတော့သဘောင်္ခရီးစဉ်တွေပါတင်ထားပါတယ်။ ရှာလို့ရနိုင်တဲ့ခရီးစဉ်များကတော့
-ယူကေနဲ့အိုင်ယာလန်အတွင်း
-ယူကေမှဥရောပသို့်
-ယူကေမှ အာရှ အာဖရိက အမေရိကနဲ့ ဩစတြေးလျသို့ ဖြစ်ပါတယ်။
ပြည်တွင်းရထားခရီးစဉ်များပါရှာလို့ရပါတယ်။ သေသေချာချာရှာဖွေစုဆောင်းထားတဲ့ လမ်းညွှန်ဆိုရင်မှားမယ်မထင်ပါဘူး။ ကိုယ်သွားလိုတဲ့ခရီးစဉ်ကိုရှာမတွေ့ရင်သူ့ဆီ email နဲ့မေးလို့ရပါတယ်။ အဖြေပြန်ရတာလည်းမြန်ပါတယ်။ ကိုယ်တွေ့ပါ။

စိတ်ဝင်စားတဲ့ခရီးစဉ်များကတော့
၁)လန်ဒန်-ဗင်းနစ်-အေသင် ၂)စင်ကာပူ-မလေးရှား-ဘန်ကောက် ၃)နယူးယောက်-မွန်ထရီယယ်လ်
မြန်မာပြည်တွင်းခရီးစဉ်များကိုတော့ ဒီမှာတွေ့နိုင်ပါတယ်။

Thursday 13 November 2008

Open Heart Talk

ဒီနေ့တော့ ကိုယ်နဲ့ အဆင်မပြေဘူးလို့ အများက ထင်နေကြတဲ့ သူတစ်ယောက်နဲ့ ၁နာရီခွဲ လောက် စကား ပြောကြတယ်။ မနက်ဖန် ကိုယ်တို့ coach Carlos နဲ့တွေ့မှာ ကြောင့်လည်း ပါတယ်။ စစချင်း ဘာပြောရမှန်း မသိဘဲ ရှိန်နေကြတာနဲ့ အလုပ် အကြောင်းပဲ စလိုက်ကြတယ်။ ၁၅မိနစ် လောက်လည်း ကြာတော့ သူ့အမြင် ကိုယ့် အထင်တွေကို တယောက် တလှည့် ပြောကြတယ်။ ဒီလူက စကားမပြောခင် LISTEN လို့စပြီး DO YOU UNDERSTAND ME နဲ့ဆုံးတယ်။ ကိုယ်က သူ့သမီး အရွယ်လောက် ရှိပါတယ်။ ဒါပေမယ့် အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဒီလို မသုံးနှုံးဘူး ထင်တာပဲလေ။ (နောက်မှ အင်္ဂလိပ် ဆရာမကို မေးရမယ်)

ကိုယ်က ကိုယ့်သဘောထား ကို ပြောပါတယ်။ မကြိုက်ရင် မကြိုက်ကြောင်း ရဲရဲ ပြောနိုင် ချင်တယ်လို့။ အနောက်မှာ စိတ်ညစ် ရတာမျိုးနဲ့ နောက်ကျော ဓါးထိုးမှု မျိုးတွေ မကြားချင်၊ မလုပ်ချင်ဘူးလို့။ သူကလည်း သူလုပ်တာ၊ ပြောတာတွေကို မနှစ်သက်ရင် ခေါ်ပြောပါတဲ့။ အမြဲတမ်းတော့ တယောက်နဲ့ တယောက် သဘောမတူ နိုင်ပေမယ့် အဖွဲ့အစည်းအတွက် ဆိုရင်တော့ ကိုယ်ရေး ကိုယ်တာတွေ ဘေးဖယ်ပြီး စည်းလုံး ပါ့မယ်လို့ ကတိပေးတယ်။

coach ကကိုယ်တို့ နှစ်ယောက်ကို တယောက်နဲ့ တယောက် ကူညီ ဖေးမဖို့၊ မနက်တိုင်း အလုပ်နဲ့ မပတ်သက်တဲ့ အလာပ္ပ သလာပ္ပ ပြောပြီး ရင်းနှီးမှု ရယူဖို့ ပြောထားပါတယ်။ ခက်တာက သူ့ ဆက်ဆံရေးကို မယုံကြည်နိုင်သေးလို့ စင်စင်ကြယ်ကြယ် လွတ်လွတ်လပ်လပ် မပြောဆို နိုင်တာပဲ။ ဟန်ဆောင် နေတယ်လို့ အများအားဖြင့် ထင်တတ်တော့ သူ့ကို ကောင်းကောင်း မတုံ့ပြန်နိုင်ဘူး။ (ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုပေါ့)

လူလူချင်း ပြောဆို ဆက်ဆံရေးဟာ အလုပ်မှာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်တယ် ဆိုတာ လက်ခံပြီး ကျင့်သုံး နိုင်ဖို့လည်း ကြိုးစားရဦးမယ်။

Tuesday 11 November 2008

အလုပ်များတယ်


ရုံးမှာ လူတွေက အလုပ် များများ မများများ အလုပ်များတယ် လို့ပဲ အမြဲ ပြောကြတယ်။ အကျင့်ပါနေ သလိုပဲ မေးလိုက်တိုင်း မအားဘူး၊ အလုပ် ပိနေတယ် ပဲ ပြောကြတယ်။ လုပ်စရာ အလုပ်ကတော့ လူတိုင်းမှာ ရှိတာပေါ့။ လခ ယူထားတဲ့ သူတိုင်း အလုပ်လုပ် ရမှာပဲလေ။ အလုပ် ရှိနေတာက ဘာမှ လုပ်စရာ မရှိတာထက် စာရင် တော်သေးတယ်။ ပေးထားတဲ့ အလုပ်တွေ မပြီး နိုင်တိုင်း ပြောကြတာက အလုပ်များလို့တဲ့။ တချို့ကလည်း စားပွဲပေါ်မှာ စာရွက် အပုံလိုက်ကြီး တင်ထားတယ်။ အလုပ် ကျွေး တွေ ပေါ့လေ။ စာရေးမတွေ ကလည်း ကြည့်လိုက်ရင် အမြဲတမ်း လက်မလည်အောင် အလုပ် များနေကြတယ်။

ကိုယ်ကတော့ အလုပ်များလား မများလား ကိုယ့်ဘာသာ မသိပါဘူး။ အလုပ်ဆိုတာ ခိုင်းထားတာကို ပြီးအောင် လုပ်ရမယ် လို့ပဲ သတ်မှတ် ထားပါတယ်။ တခါမှလည်း ကိုယ့်ဆရာကို အလုပ်များတယ်လို့ ဆင်ခြေ မတက်ဖူးပါဘူး။ အလုပ် များချင်ယောင် ဆောင်ဖို့ အချိန်လည်း မရပါဘူး။ ဆရာက တစ်ခုပြီးရင် တစ်ခု လာပေးတာပါပဲ။ ဒီနိုင်ငံသားတွေ အတွက် တောင် အလုပ် ရှားနေတဲ့ အချိန်မှာ ကိုယ့်မှာ အလုပ် များနေတာ ကိုပဲ ကျေးဇူး တင်နေမိပါတယ်။

Monday 10 November 2008

မင်္ဂလာဆောင် (၂)

မင်္ဂလာ ဆောင်မယ့် မနက် မှာတော့ မီးမလာလို့ ရေ မရှိဘူးဟေ့ လို့အော်သံ ကြားရပါတယ်။ ရှိတဲ့ ရေဖင်ကပ် လေးကို မျက်နှာငယ်နဲ့ ကိုယ်လက် သုတ်သင်ပြီး စိတ်ရှုပ်ရှုပ် နဲ့ အလှပြင်ဖို့ ဇော်ဇော်ထီလာ ဆီထွက်လာ ခဲ့ပါတယ်။ သူက ဘယ်သူမှ ကိုယ်နဲ့ မပါ လာရခြင်း အကြောင်း ကို အင်တာဗျူး ပါတယ်။ လက်ဝတ် ရတနာ တွေလည်း သူပဲ ဆင်ပေး ပါတယ်။ ဘယ်သူ လာခေါ် မှာလဲ လို့လည်း မေးရော မသိဘူးလို့ ဖြေလိုက်တယ်။ တကယ်လည်း မသိပါ။ သတို့သား သူငယ်ချင်းတွေ တာဝန် ယူထားလို့ ဖြစ်ပါတယ်။

တယောက်တည်း ငေါင်စီစီနဲ့ ထိုင်နေတုန်း အိမ်က အဒေါ် တစ်ယောက် လိုက်လာ ပါတယ်။ ပြီးတော့ နင့် နှုတ်ခမ်းက ဖြူဖတ် ဖြူရော် ဖြစ်လိုက်တာ ဆိုပြီး နှုတ်ခမ်းနီ အနီရဲ ဆိုးခိုင်း ပါတယ်။ ရောက်လာ ရမယ့် အချိန်ထက် နဲနဲ နောက်ကျ ပြီးတော့ ကား တစ်စီးနဲ့ သူငယ်ချင်း လင်မယား ရောက်လာ ပါတယ်။ အလှူမှာ ဆွဲစရာ ကား မရှိလို့ စောင့်နေရတာနဲ့ ကြာသွားတာတဲ့။ ဒါနဲ့ ဘုရားကျောင်းကို မောင်းသွားကြပါတယ်။ ဘုရားကျောင်း အ၀င်ဝ ရောက်တော့ ကားတစ်စီးက နောက်ပြန်ဆုတ် ခိုင်းပြီး လမ်းရှင်းခိုင်းလို့ သတို့သမီး ကားပါလို့ ပြောမှ လွှတ်ပေး လိုက်တယ်။

ဘုရားကျောင်းမှာ လက်ထပ် ပြီးတာနဲ့ ဟိုတယ်ကို ပြေးရပါတယ်။ လိုက်ပို့တဲ့ သူငယ်ချင်း လင်မယား ကတော့ ကကနဲ့ လစ်ရပါတယ်။ အလှူက ဆွဲလာတဲ့ ကားကို မောင်းတဲ့ သူကတော့ စိတ်ရှည်စွာနဲ့ မသိသော သူနှစ်ယောက်ကို တင်ပြီး ဟိုတယ်ကို မောင်းလာ ပေးပါတယ်။ ဟိုတယ် ရောက်တော့ သတို့သား အမက ဆီးပြောပါတယ်၊ ဒီဟိုတယ်က သိပ်စုတ်တာပဲတဲ့။ ဪသူများ မင်္ဂလာဦးမှာ အတိတ် နိမိတ်ကောင်းလေးတွေ ယူရအောင် ပြောဖို့များ စကား ရှားသလားလို့။

ထိုင်မသိမ်း လဲမယ် ဆိုတော့ နောက်တခါ ဆံပင် ပြန်ပြင် ရပြန်တယ်။ အရံ တွေကိုလည်း မရင်းနှီး တော့ ကိုယ် တစ်ယောက်တည်း တိတ်တိတ်လေး နေမိတယ်။ အလှ ပြင်ပေးတဲ့ ဇော်ဇော် ကပဲ နောက်ထပ် လက်ကောက် ရောင်စုံတွေ လာဝတ်ပေးပါတယ်။ ရုံးက အန်တီ တယောက်နဲ့ သူငယ်ချင်း တချို့ အလှပြင် နေတာကို လာကြည့် ကြပါတယ်။ အားလုံး ပြီးတော့ သတို့သားက လာချောင်းကြည့် ပြီး ပြုံးပြတယ်။

အခါတော်ပေးနဲ့လည်း ထွက်ရော လက်တွေ တုန်နေတာ လက်ကိုင်ပန်းက လှုပ်နေတာ ဘယ်လိုမှ ထိန်းမရဘူး။ အဲ့ဒီနားမှာ ရောက်နေတဲ့ အန်တီ တယောက်က ကိုယ့်လက်ကို ကိုင်ပြီး ပြောတာကတော့ "နင့်ကို နှမြောလိုက်တာဟယ်၊ နင့်ယောကျာ်းကြီးက မလှဘူး" တဲ့။ ကိုယ်လည်း ဘာပြန်ပြော ရမှန်းကို မသိဘူး။

မင်္ဂလာဆောင်လည်း ပြီးရော ကိုယ်တို့ နေတဲ့ အခန်းလေးကို လိပ်စာ အတိအကျ မသိလို့ ဆိုပြီး ဘယ်သူမှ မလိုက်လာဘူး။ ကိုယ်တို့ နှစ်ယောက်ပဲ ကားမောင်း ပေးတဲ့ သူစိမ်း အကိုကြီး ကို ကျေးဇူးတွေ အထပ်ထပ် တင်ပြီး အိမ်ပေါ် တက်လာခဲ့တယ်။ ဗီဒီယို သမားတောင် မျက်စိလည် သွားရှာတယ်။ တအောင့် ကြာတော့ သတို့သား အမ လင်မယား လိုက်လာပြီး ကြိုးတားတဲ့ အခန်း ပြန်ရိုက် ကြတယ်။

အဲ့ဒီ ညက ရေခြား မြေခြား ရောက် သူငယ်ချင်း တွေက နှစ်အိမ်လုံးကို ဖုန်း လှမ်းဆက် ကြတယ်။ ကိုယ်တို့က လက်ဆောင် အဖြစ် ရတဲ့ အင်းယားလိပ်မှာ နားဖို့ ထွက်သွား လိုက်ပြီ။ breakfast ကို သူများ မနိုးခင်မှာ ထစားပြီး ဒေါ်လာနဲ့ ပေးရမှာ စိုးလို့ နှစ်ယောက်သား ရင်တထိပ်ထိပ်နဲ့ ပြန်လာခဲ့ရ တာလည်း အမှတ်ရ စရာပါပဲ။

မင်္ဂလာဆောင် (၁)

ဟိုးရှေးရှေးက အကြောင်းတွေပါ။ မှတ်ဥာဏ်တွေ ကောင်းတုန်း နောင်လာ နောက်သားတွေ အတွက် ကျန်ခဲ့အောင် အမှတ်တရ ရေးမိတာပါ။ မင်္ဂလာဆောင် တော့မယ် ဆိုတော့ ဘယ်သူမှ ၀ိုင်းမကူ ကြပါ။ မသိ နားမလည်ဘဲ ၀ယ်လိုက်တဲ့ အခန်းလေး တစ်ခု အားကိုးနဲ့ တအိုးတအိမ် ထူထောင်လို့ ရပြီ မှတ်တာလေ။ တစ်အချက်ကတော့ ဘာသာမတူ တာပါပဲ။ ထုံးတမ်း စဉ်လာတွေ မတူတော့ ဘယ်လို ဆောင်ကြ မလဲပေါ့။ အဖြေ ကတော့ ဘုရားကျောင်း မှာလက်ထပ်ပြီး ဟိုတယ်မှာ ဧည့်ခံမယ်။

ရက်ရွေးဖို့ ဧပြီလ အကုန်နားမှာ သူငယ်ချင်း ဗေဒင်ဆရာ ဆီပြေး၊ ကိုယ်တော့ ဇွန်လထဲမှာ စနေ၂ရက်ကို ရွေးထား တယ်လို့၊ ကောင်း မကောင်း ကြည့်ပေးပါ ဆိုတော့၊ နင့်ကို ရက်ရွေး ပေးရ မှာလားတဲ့။ ဒါနဲ့ ကိုယ်ရှိန် သပ်ပြီး ရက်ကောင်း ရက်မြတ်လေး သာရွေးပါ ဆိုတော့ ကိုယ်ရွေးထားတဲ့ ရက်၂ခုပဲ ဇွန်လထဲမှာ ကောင်းတာတဲ့။ ကျန်တာတွေက ပြဿဒါးတဲ့။

ရက်ရတာနဲ့ ဘုရားကျောင်းမှာ ဘုန်းကြီးနဲ့ သွားတွေ့တော့ ဘာသာခြားနဲ့ ယူသူတိုင်း လိုက်နာ ရမယ့် စည်းကမ်း တွေရှင်းပြတယ်။ သားသမီးများ ရှိလာရင်လည်း ဘယ်လို ဘာသာတရား အကြောင်း ပြောပြရမယ် ဆိုတာတွေလည်း ပြောတယ်။ နှစ်ယောက်လုံး မျက်နှာသေ လေးတွေနဲ့ လိုက်နာ ပါ့မယ်ပေါ့။

သူတို့ မောင်နှမ တွေက အကြီးက အငယ်ထိ ယုဇနမှာ ဧည့်ခံပွဲ လုပ်ထား ကြတော့ ကိုယ်တို့ ကိုလည်း အစဉ်အလာ မပျက်အောင် ယုဇနမှာ ဘွတ်ကင် တင်ခိုင်းတယ်။ ဒါတွေကို ရုံးအား တဲ့ စနေ တနင်္ဂနွေ မှာလုပ်တာပါ။ မင်္ဂလာဝတ်စုံ ကိုတော့ သတို့သမီးက ထိုင်မသိမ်းဝတ် မယ်လို့ ကြေငြာ လိုက်တယ်။ ဘုရားကျောင်းကို ထိုင်မသိမ်းကြီးနဲ့အေ လို့ သတို့သမီး အမေ ကပြောသလို သတို့သား အဖေ ကလည်း တရုတ်တန်းမှာ ဂါဝန် ကောင်းကောင်း သွားမှာ၊ ငါတို့ ကလည်း သားကို suit နဲ့ ကျကျနန လွှတ်လိုက်မယ်လို့ problem solve လုပ်ပေးပါတယ်။

ဒါနဲ့ပဲ သတို့သမီးက ဇာဝမ်းဆက်၊ သတို့သား က ပုဆိုးနဲ့ တိုက်ပုံ ဖြစ်သွားတယ်။

ယုဇနက ဖုန်း ၀င်လာ ပါတယ်။ ရွေးထား တဲ့အချိန် ကစကောစက မို့မရ နိုင်ပါဘူးတဲ့။ ဒါနဲ့ ပြူးပြူး ပြာပြာ ဖြစ်သွားပြီး ကမ်းနားဟိုတယ် ကို ပြေးကြ ပါတယ်။ ကံကောင်းချင်တော့ ရွေးထားတဲ့ ရက်နဲ့ အချိန် ကိုရပြီး အသိ စုံတွဲ တစ်တွဲနဲ့ ပါသွားတိုးပါတယ်။ သူတို့က မနက် စောစော ဆောင်မှာမို့ အခန်းအနား ပန်းတွေ share လုပ်ဖို့ ပြောလာ တာနဲ့ ၀မ်းသာအားရ လက်ခံ လိုက်ပါတယ်။

Free gift


စတိုးဆိုင်တစ်ခုက free gift voucher တစ်ခုရလို့ကြည့်လိုက်တော့ water filter jug တဲ့။ ရေးထားတဲ့ condition တွေကတော့
Excludes selected Metro & Express stores, Can only be used in part payment, One coupon per product purchased, Subject to availability & where stocked, Not redeemable through web or at desk.

condition တွေဖတ်ပြီးစဉ်းစားမိတာကတော့အရောင်းဆိုင်ကြီးမှာပဲကိုယ်တိုင်
ကိုယ်ကျသွားဝယ်စေချင်လို့သာအလကားပေးတာနေမှာပါပေါ့လေ။

ရေဘုံဘိုင်ကရေကိုအလွယ်တကူသောက်လို့ရတာရယ်၊ filter cartridge ဖိုးလည်းသက်သာအောင်ရယ် water filter jug ကိုတစ်ခါမှဝယ်မသုံးခဲ့ဖူးပါဘူး။ ရောက်ခါစကထုံးတွေကပ်နေတဲ့အိမ်ကရေနွေးအိုးကိုကြည့်ပြီးအရမ်းလန့်သွားဖူး
ပါတယ်။ ဘယ်လိုဆေးဆေးမပြောင်နိုင်လို့လက်လျှော့လိုက်ရတယ်။ နောင်မှသိရတာကရေစေးမို့တဲ့။ဒါကြောင့်အ၀တ်တွေလျှော်ရင်
လည်းပျော့ဆေးတွေထည့်ရတယ်တဲ့။

ထုံးတွေများတဲ့ရေကိုစစ်သောက်ဖို့သူငယ်ချင်းတစ်ယောက်ကအမြဲတိုက်တွန်းတယ်။ အေးပါလို့ပြောပြီးဘာ filter မှမ၀ယ်ဖြစ်ခဲ့ပါဘူး။ ဒီတခေါက်တော့အလကားရမယ်ဆိုတော့လိုချင်တာပေါ့လေ။ ဒါနဲ့ပဲကားရှိတဲ့သူငယ်ချင်းကို
ဓါတ်ဆီသွားထည့်တာအဖော်လိုက်ခဲ့ပါ့မယ်၊ ကိုယ့်ကိုတော့အဲ့ဒီစတိုးဆိုင်ကိုပို့ပေးပါလို့အပေးအယူလုပ်ပြီးလိုက်သွားတယ်။
(အဲ့ဒီဆိုင်က Metro or Express မဟုတ်ပါဘူး-တစ်ချက်တော့ပြည့်စုံသွားပြီ)

ဆိုင်ထဲရောက်တော့နားကျပ်တံလေးတစ်ထုပ်၊ ဓါတ်ခဲတစ်ထုပ်ဝယ်တယ် (ဒါမှတွဲပြီးပိုက်ဆံရှင်းလို့ရအောင်ပါ)။ ပြီးတာနဲ့အိမ်သုံးပစ္စည်းတွေထားတဲ့နေရာကိုနှစ်ပတ်ပတ်ကြည့်တယ်။ filter cartridge တွေပဲတွေ့ပြီး jug ကိုမတွေ့ဘူး။ သူတို့နေရာများပြောင်းထားလိုက်လားဆိုပြီးတခြားအတန်းတွေလည်းလိုက်ကြည့်တယ်။ မတွေ့ဘူး။
သူငယ်ချင်းကလည်းဟိုဟိုဒီဒီကြည့်နေတဲ့ကိုယ့်ကိုလိုက်ကူရှာပေးရှာတယ်။ သူလည်းမတွေ့ဘူး။

နာရီဝက်လောက်ကြာတော့ကိုယ်လည်းအားနာတာနဲ့ပိုက်ဆံရှင်းတဲ့ကောင်တာကိုထွက်ခဲ့
တယ်။ ကိုယ့်စိတ်ကိုတော့မလျှော့ချင်သေးဘူး။ cashier ကိုမေးလိုက်တယ်၊ အဲ့ဒီပစ္စည်းရောင်းလားလို့။ သူကချက်ချင်းလိုက်ပြပေးတယ်။ stock ကုန်နေပါတယ်တဲ့၊ ၁၀ ရက်နိုဝင်ဘာမှရောက်မယ်တဲ့။ ဒီနေ့လေဆိုတော့ stock ကညမှလာချတာပါတဲ့။

free gift လိုချင်လို့ဒီအထိတောင်လာပြီးပိုက်ဆံအပိုထွက်သွားတာပဲအဖတ်တင်တယ်၊ free gift လည်းမရ၊ အချိန်ကုန်၊ ငွေကုန်၊ လူပန်းတာပဲအဖတ်တင်တယ်။ ဈေးဆိုင်တွေများ marketing တော်လိုက်တာလို့။ အလကားဆိုထစ်ခနဲပြေးတတ်တဲ့လူတွေလည်းလောဘကြီးပြီးစိတ်မောလူမောဖြစ်ရတာ
မနိပ်လှပါ။

Sunday 9 November 2008

ကလေးနံမည်များ

မိဘ တွေက ကိုယ့်ကလေး ကို နံမည် ဆန်းဆန်း ပေးကြတဲ့ အထဲမှာ celebrity တွေက အဆိုးဆုံး ပဲလို့ ထင်ပါတယ်။ ကလေးလေး တွေ ကတော့ မသိရှာဘူး၊ ကြီးမှ သာ ကိုယ့်နံမည် သူများနဲ့ မတူ တမူ ထူးခြား နေမှန်း သိရ ရှာလိမ့်မယ်။

ခင့်ကိုကို၊ မြတ်သောမောင်၊ ခေတ်သခင်၊ ဧရာဝတီလူမင်း (မြန်မာ celebrity များရဲ့ကလေးနံမည်တွေပါ)
Apple, Shiloh, Suri, Harlow, Coco, Tea (Hollywood celebrity များရဲ့ကလေးနံမည်တွေ)

ငယ်ငယ်တုန်းက အတန်းထဲမှာ နံမည် ဆန်းဆန်းနဲ့ သူတွေဆို အမြဲ စာမေးခံရလေ့ ရှိပါတယ်။ အထူးသဖြင့် လုပ်အားပေး ဆရာမတွေ လာရင် register ကြည့်ပြီး နံမည် အဆန်းတွေ ကို ခေါ်တော့တာပဲ။ ယောကျာ်းလေး တွေ ကလည်း သာမန် မဟုတ်တဲ့ နံမည်တွေဆို ရီစရာ လုပ်လေ့ ရှိပါတယ်။ ကိုယ့်နံမည်က ပြောင်နောက် စရာ တစ်ခုခုနဲ့ ကာရံညီ နေပြန်ရင်လည်း သူတို့ ပါးစပ်ထဲ ရောက်သွား ပြန်ပါတယ်။

ကဉ္စနခင် လို့ ခေါ်ဖို့ အဖေ့သူငယ်ချင်း ဦးပေါက်စီ အဆိုပြုခဲ့တာကို အမေက လက်မခံခဲ့ လို့သာ ကိုယ် ချမ်းသာရာ ရခဲ့တာပါ။ မဟုတ်ရင်တော့ မင်းသမီး လိုလို ဘာလိုလို နံမည်နဲ့ ယောင်နန ဖြစ်နေရဦးမှာ။ ဗေဒင် ဆရာတွေ ပြောတဲ့အတိုင်းဆို ကလေး နံမည်က အတော်လေး အရေးကြီး ပါတယ်။ မြန်မာ တွေ ကတော့ နေ့နံ ကိုက်ဖို့ အထူး ဂရုစိုက် ကြတယ်။ နံမည်နဲ့ လူနဲ့ လိုက်ဖို့လည်း အရေးကြီးတယ်တဲ့။ သံလုံး လို့ခေါ်တဲ့ ကလေးက ဖြူရော်ရော်နဲ့ သန်သန်မာမာ မရှိလှတာ တွေ့ဖူးပါတယ်။ မှည့်ခေါ် ထားတဲ့ အတိုင်း တခြားသူတွေက အသံအမှန် ထွက်တတ်ဖို့ လည်း အရေးကြီး ပါသေးတယ်။

တသီကြီး စဉ်းစား နေလိုက်တာ နံမည် မှည့်ပေးဖို့ ကိုယ့်အလှည့် မကျသေး လို့သာတော်တော့တယ်။ မဟုတ်ရင် တော့ ကလေးလည်း တော်တော်နဲ့ နံမည် ရမယ် မထင်ဘူး။

Friday 7 November 2008

Password

အခုတလော credit crunch ကြောင့် online fraud တွေ ပိုများ လာတယ် ဆိုပဲ။ ကိုယ်လည်း မရှိမဲ့ ရှိမဲ့လေး ပါသွားမှာ စိုးလို့ သုံးနေကျ password ကို မြန်မြန်လေး ပြောင်းပစ် လိုက်တယ်။ ပြောင်းပြီး သုံးလေးရက် အကြာ ပြန်ဝင်တော့ ၀င်မရ တော့ဘူး။
password တွေက အများ အားဖြင့် မှတ်မိ လွယ်တာတွေပဲ ထားတာ။ မဟုတ်ရင် မေ့တတ် လွန်းလို့။ တခါလည်း ကိုယ့် pin number မမှတ်မိလို့ ဈေးဆိုင်မှာ အရှက်ကွဲ ပြီးပြီ။ လုံခြုံ စိတ်ချရတဲ့ password ကို ပြောင်းလိုက်တာ ကိုယ်ဘာသာ ကိုယ်တောင် မမှတ်မိ တော့ဘူး ဆိုတော့ ဒီထက် လုံခြုံ စရာတော့ မရှိနိုင် တော့ဘူးပေါ့။ လေးငါးခါ ကြိုးစား လည်း ၀င်မရဘူး။ account ကို lock မလုပ် လိုက်တာတောင် တော်သေးတယ်။ တကယ်ကောင်းတဲ့ system တွေ ဆိုရင်တော့ သေချာပေါက် lock လုပ်မှာပေါ့။ တွေးရင်း ပိုပြီး တောင် ရင်ပူ လာတယ်။ ဒီလိုဆို သူခိုး တွေ လည်း အကြိမ်ပေါင်း များစွာ ကြိုးစား ရင် ၀င်လို့ ရနိုင်တာပေါ့။ နေ့စဉ် နေ့တိုင်း သုံးနေရတဲ့ password တွေဘယ်နှစ်ခု လောက် ရှိမလဲလို့ ရေကြည့် လိုက်တော့ ရှစ်ခု ရှိတယ်။ အဲ့ဒီ password တွေကလွဲရင် ကျန်တာတွေ အားလုံးကို ချရေး ထားရတယ်။ ဘဏ်စာရင်းက နေ့တိုင်း မသုံးတော့ အလွယ်တကူ မှတ်မိတဲ့ အထဲ မပါတော့ဘူး။ အားလုံး မမှတ်မိနိုင် လို့ ချရေးထား ပြန် တော့လည်း ဘယ်လိုလုပ် password ပီသ တော့မှာလဲနော်။

Tuesday 4 November 2008

မှတ်သားမိသောစကားများ

၃၀ကျော် သက်တမ်း တလျှောက် တွေ့ဆုံ သိကျွမ်းခဲ့ရတဲ့ သူတွေက ပြောခဲ့တဲ့ စကားတွေပါ။ ကိုယ့်အတွက်တော့ အမြဲတမ်း မှတ်သားစရာ၊  သံဝေဂ ရစရာတွေမို့ ဒီ နေရာ ကနေ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

သူငယ်ချင်း MO - အရမ်းလည်း မပျော်၊ အရမ်းလည်း ၀မ်းမနည်းနဲ့
ဆယ်ကျော်သက် အရွယ်မှာ တစုံတယောက်ကို အရူးအမူး စွဲလမ်းမိတဲ့ သူငယ်ချင်းကို ဆုံးမတာ ဖြစ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီစကားက တော်တော်လေး အသုံးဝင် ခဲ့တယ်။ ဒီ စိတ် မွေးပြီး ကတည်းက အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ အတွက် စိတ် လှုပ်ရှား မလွယ် တော့ဘဲ အရမ်းကို စိတ် ပေါ့ပါး သွားတယ်။

သူငယ်ချင်း TK - နင့်မှာ ကုတင် ၃လုံး ရှိလည်း တစ်လုံး ပေါ်မှာပဲ အိပ်လို့ရတာ
copywriter အလုပ် အပြင် ညနေ ရေခဲချောင်း လုပ်ရောင်းသေးတဲ့ သူငယ်ချင်းကို ဂရုဏာ ဒေါသောနဲ့ ပြောတာ ဖြစ်ပါတယ်။ ဒီ စကားကြောင့် ဘ၀ကို ဖြေးဖြေး အေးအေး ဖြတ်သန်းဆဲ။ တကယ်လည်း မှန်တဲ့ စကား။ လောဘ တက်တဲ့ အတွေး ပေါ်လာရင် ဒီ စကားကို ချက်ချင်း ပြေး သတိရ လိုက်တာနဲ့ လိုချင်စိတ်တွေ ပျောက်သွားတာပဲ။

ဆရာတော်ဦးဇောတိက - ဝေဖန်ခံရတိုင်း စိတ် လိုက်လှုပ်ရှား နေမယ်ဆိုရင်
ရှေ့မဆက်နိုင်ဘဲ ရူးသွပ်သွားဖို့ပဲ ရှိတယ်။


လုပ်သက်ရင့် လူကြီးတွေနဲ့ ၀ိုင်းရံ နေခဲ့ရတဲ့အချိန်၊ အပြောခံ အရွဲ့ခံ ရတဲ့ အခါမှာ ဆရာတော်ရဲ့ ဒီ စကားကြောင့် အတော်လေး စိတ် ထိန်းနိုင်ခဲ့ပါတယ်။

Monday 3 November 2008

Workplace Bullies

ဒီနေ့ မနက် ကတည်း ကနေ စိတ်တို စရာ တွေချည်း တွေ့နေရတယ်။ ရုံးက bully ကြီးက ကော်ဖီ ဖျော်ဖို့ ကိုယ်တို့ အခန်းထဲက နို့ပုလင်း လာယူတယ်။ သူသပ်သပ် သွားဝယ်ရမှာ stupid ဖြစ်တယ်တဲ့။ သူများ ၀ယ်ထားတာကို အကျော့သား လာနှိုက်တာတော့ stupid မဖြစ်ဖူးလားလို့ မေးလိုက်ချင်တယ်။ office bully တွေကို ကြည့်လိုက်ရင် ကြီးပြီး အချိန်မစီးဘူးလို့ ခံစားရတယ်။ (လုပ်သက်ရင့် တာကိုပြောတာ)

office bully တွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပြီး အလုပ် ထဲမှာ မပျော် နိုင်တဲ့သူတွေ ရှိပါတယ်။ အလုပ် ကများလို့ စိတ်ပင်ပန်း ရတဲ့အထဲ bully ကြီးရဲ့အနိုင်ကျင့်မှု ပါ ခံရပြီ ဆိုရင် အလုပ် ထွက်ချင်စိတ် ထောင်းခနဲ ပေါက်လာတယ်။ ပြန်ခံ ပြောဖို့ ကလည်း မတတ်၊ သူတစ်ခွန်း ကိုယ်တစ်ခွန်း လည်း မပြောချင် ပြန်တော့ ရှောင်ရင်ရှောင်၊ မဟုတ်ရင် အလျှော့ပေး လိုက် ဖြစ်တာ များတယ်။ စိတ်ထဲကတော့ ကိုယ်တို့ ခံစားရသလို သူလည်း တနေ့ ကိုယ်ချင်းစာ တတ်ပါစေလို့ ဆုတောင်းမိတယ်။

bully ရှိတာ ကိုယ်တို့ ရုံးတစ်ခု ထဲတော့ မဟုတ်နိုင်ပါဘူး။ google မှာ office bully လို့ရိုက်လိုက်တာ site တွေ တပြုံကြီး ထွက်လာတယ်။ တချို့ ရေးထားတာတွေ ဖတ်ကြည့်ပြီး စိတ်မကောင်း လိုက်တာ။ လူလူချင်း စိတ် မချမ်းသာအောင် လုပ်သူတွေ ဘာကောင်းကျိုး ရပါသလဲလို့ မေးချင်တယ်။

Sunday 2 November 2008

ငယ်ငယ်တုန်းကအကြောင်း (၂)

ကျောင်း ပြောင်းရတော့ မှတ်မိတာက အားရပါးရ ငိုနေတဲ့ ကိုယ့်ကို အမေက ဒရွတ်တိုက်ပြီး စာသင်ခန်း ထဲကနေ ကျောင်းအုပ်ဆရာမကြီး ရုံးခန်းထဲ အထိ ဆွဲသွားတာပဲ။

ငါးတန်း တ၀က်မှာ သူငယ်ချင်း အသစ်တွေရတယ်။ လူသစ် ဖြစ်တဲ့ ကိုယ်က အဆင့် တစ်ကနေ သုံးအတွင်း ၀င်လို့ မိတ်ဖွဲ့ တဲ့လူ များလာတယ်။ မှတ်မိတဲ့ နံမယ်တွေ ကတော့ သီရိလွင်၊ ထွေးသူဇာ၊ ကေသီညွန့်၊ ယင်းမာဇော်၊ နန္ဒာဝင်း၊ နန်းကေသီ၊ မေလေးခင်၊ တင့်နန်းဦး။ အမှတ်ရ နေတာကတော့ ကျော်ကျော်အောင်ရဲ့ မျက်နှာ။ မနက်တိုင်း အတန်းပိုင် ဆရာမက စာအုပ်ဖိုး ပေးဖို့ တောင်းတိုင်း ညှိုးသွားတဲ့ သူ့မျက်နှာကို မြင်ရင် နေရာကနေ ပျောက်သွား ချင်လောက်အောင် ခံစားရတယ်။ ကျော်ကျော်အောင် ကို အနိုင်ကျင့်တဲ့ အောင်ဇေယျာဦး ကို လည်း ဘယ်လို မုန်းမှန်း မသိဘူး။

ခြောက်တန်းနဲ့ ခုနစ်တန်း ရောက်တော့ တိုးချဲ့ဆောင် လို့ခေါ်တဲ့ ကျောင်းဆောင် အသစ်ကို ပြောင်းရတယ်။ တိုးချဲ့ဆောင်က BEd canteen ကိုဖြတ်သွား ရတယ်။ စာရေးကိရိယာ ရောင်းတဲ့ ဦးလှိုင် ဆိုင်မှာ ခဲတံ ခဲဖျက် အမေက ၀ယ်ပေးရင် ဘယ်လိုပျော်မှန်း မသိဘူး။ သူငယ်ချင်း အသစ်လည်း တစ်ယောက် တိုးလာတယ်၊ ကေသွယ်တဲ့။ ကျောင်းက နိဗ္ဗာန်ဈေး မှာ ကိုယ်နဲ့ ကေသွယ် ငါးမုန့်ကြော်ထုပ်တွေ ရောင်းကြတာ ရောင်းကောင်း လွန်းလို့ သူ့အမေ ၂၀ စိုက်လိုက်ရတယ်။ စီးပွားရေးမှာ အဖြစ်မရှိ တာတော့ အဲ့ဒီကတည်းက အရိပ်ပြ သလိုပဲ။

ဆက်ရန်ရှိသည်...

Management Coaching

Coaching session တွေလုပ်ရင်းသိလာရတာကတော့ အလုပ်လုပ်သူချင်းရင်းရင်းနှီးနှီးစကားမပြောဖြစ်ကြတာပဲ။ ပွင့်လင်းမှုလည်းရှိသင့်သလောက်မရှိကြတာပဲ။ ဒါကြောင့်လည်းဆက်ဆံရေးမပြေလည်မှုတွေ၊ နားလည်မှုလွဲတာတွေရှိလာပြီး အလုပ်ကိုပါထိခိုက်လာတာပဲ။

ဥပမာတစ်ခုပြောရရင်အလုပ်သမားတွေရာထူးတိုးတာ၊ လျော့တာတွေကို chief executive ကရုံးမှာတရားဝင်ကြေငြာခြင်းမရှိပါဘူး။ ဒီလိုပဲသူ့ပါးစပ်ကနေ အလွယ်တကူပဲပြောလေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ ရာထူးတိုးခံရတဲ့သူအဖို့အောင့်သက်သက်ကြီးဖြစ်ရသလို ကျန်တဲ့အလုပ်သမားတွေဆီကလည်းလိုအပ်တဲ့လေးစားမှုတွေမရနိုင်ပါဘူး။

ဒီတခေါက် session ကတော့ကိုယ်နဲ့ကိုယ့်လုပ်ဖော်ဆောင်ဖက်နှစ်ယောက်ပါပဲ။ သူတို့ကကိုယ့်ကိုအဖွဲ့သားလို့မယူဆပါဘူး။ ကိုယ်လာပြီဆိုရင်အလုပ်ပေးဖို့ပဲလို့တထစ်ချဆိုပါတယ်။ တခန်းထဲအလုပ်လုပ်နေကြပေမယ့်ကိုယ်ရေးကိုယ်တာကိစ္စဆိုအလုပ်အမြဲရှုပ်နေတဲ့
ကိုယ့်ကိုမပြောဖြစ်ကြဖူးတဲ့။

Carlos ကမန်နေဂျာလည်းလူဖြစ်လို့စိတ်ညစ်စရာရှိကြောင်း၊ အထီးဆန်တတ်ကြောင်း၊ အဖော်လိုကြောင်း ပြောပါတယ်။ ကိုယ့်ကိုလည်းအလုပ်အကြောင်းမဟုတ်ဘဲ သူတို့နဲ့တခြားအကြောင်းတွေကိုပါအချိန်ပေးပြီးကြိုးစားပြောဖို့ပြောပါတယ်။

ဖြေးဖြေးချင်းတော့နားလည်မှုရလာပါပြီ။

Saturday 1 November 2008

သစ်ရွက်တွေကြွေတဲ့ autumn

သစ်ရွက်တွေ တော်တော် များများ ကြွေကုန်ပြီ။ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်အထိ သစ်ရွက်တွေ အရောင် ပြောင်းတာ ကြည့်ပြီး သဘာဝရဲ့ အလှအပကို တ၀ကြီး ခံစားနေမိ သေးတယ်။ အရောင်တွေက အစုံပဲ။ အညို၊ အ၀ါ၊ လိမ္မော်၊ အနီရောနေပြီး၊ နေပူတဲ့နေ့တွေ ဆိုရင် ကောင်းကင်ပြာ အောက်မှာ ပန်းချီကား တစ်ချပ်လိုပဲ။ ပန်းချီသာ ဆွဲတတ်ရင် တစ်ကား လောက်တော့ ဆွဲမိမှာပဲ။
autumn ရဲ့ အစ လေအေးတွေ တိုက်တဲ့တနေ့ လမ်းလျှောက်ရင်း တွေ့တဲ့ သစ်ရွက်တွေကြား အစာရှာ စားနေကြတဲ့ ရှဉ့်လေးနှစ်ကောင်...