Wednesday 31 December 2008

Happy 2009


ဘလော့ရေးသူ ဖတ်သူ အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး
လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။

နှစ်သစ်မှာ စိတ်ကူးအသစ်များနဲ့
ပို့စ်အသစ်တွေအများကြီးတင်နိုင်ကြပါစေ။

Monday 29 December 2008

လက်ဖက်ရည်သောက်ခြင်း

မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သောက်ရတာ အကောင်းဆုံးပါ။ လက်ဖက်ရည်လည်းသောက်၊ မုန့်လည်းစား၊ သီချင်းလည်းနားထောင်၊ လေလည်းပေါ၊ လမ်းပေါ်က လူတွေကိုငေးနဲ့ လက်ဖက်ရည် ဆိုင်ထိုင်ရတာကို ကလေးလူကြီး မရွေး ကြိုက်နှစ်သက်ကြတယ် ထင်တာပဲ။ အိမ်က တူမလေးက ၃နှစ်ပဲ ရှိသေးပေမယ့် မှန်တွေအများကြီး ရှိတဲ့ ရွှေဂုံတိုင်က လက်ဖက်ရည်ဆိုင် ကိုသွားမယ်ဆို ပျော်လွန်းလို့။ လက်ဖက်ရည်ဆိုင် ရောက်ရင် စားပွဲထိုးကို ချိုဆိမ့် ချိုပေါ့ ပေါ့ဆိမ့် ကျဆိမ့် စုံနေအောင် မှာကြသေးတယ်။ တခါမှတော့ တယောက် လက်ဖက်ရည် တယောက် မမြည်းကြည့်ဖူးဘူး။ သူတို့ မတူအောင် ဘယ်လိုဖျော်သလဲ ဆိုတာတော့ စိတ်ဝင်စားစရာပဲ။

ရန်ကုန်မှာတုန်းက လက်ဖက်ရည်ကို အိမ်မှာသောက်လေ့မရှိပါဘူး။ လက်ဖက်ခြောက် အချိုခြောက် လက်ဆောင်ရရင် သောက်တတ်တဲ့ တယောက်ယောက်ကို ပြန်ပေးလိုက်တာပဲ။ အကြမ်းခြောက် ကတော့ ဧည့်သည် အတွက်၊ ထမင်းနဲ့ ကြက်ခြေနီသုပ်လေးနဲ့ စားရင် လက်ဖက်ရည်ကြမ်းလေးနဲ့ လိုက်ဖက်တာမို့ အိမ်မှာ ရှိတတ်ပါတယ်။ စင်ကာပူမှာတော့ ဟော်ကာမှာ တီးစုစု မှာသောက်တာကလွဲပြီး ဟိုင်းတီးလည်း မသွားခဲ့ဖူးတော့ လက်ဖက်ရည် အမျိုးစုံ မသောက်ခဲ့ဖူးပါဘူး။ လောလောဆယ် ကျွန်မနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ သောက်ကြတဲ့ လက်ဖက်ရည် အမျိုးအစားတွေကတော့ မှတ်သားစရာ အစုံပါပဲ။

လက်ရှိအလုပ်မှာ အလုပ်စ၀င်တဲ့နေ့က လက်ဖက်ခြောက်ဗူးတွေကို တွေ့ပြီး ဦးနှောက်စားသွားတယ်။ ဘယ်ဗူးကို ဖွင့်ရမလဲလို့ စဉ်းစားနေတုန်း တစ်ယောက်က နော်မယ်လ်တီး (normal tea) လို့ ရေးထားတဲ့ ဗူးကိုဖွင့်တာတွေ့ လိုက်တယ်။ ငါလည်း အဲ့ဒါပဲ သောက်မယ်လို့ ပြောလိုက်တော့ သူက စက္ကူထုပ်လေးတစ်ခု လို လက်ဖက်ရည်အိတ် (tea bag)လေး လှမ်းပေးပါတယ်။ မတ်ခွက်ထဲထည့်ပြီး ရေနွေးပူလောင်းထည့်လိုက်တော့ အရောင်ခပ်ရင့်ရင့်၊ လက်ဖက်ခြောက် နှပ်ထားတဲ့ အရောင်ရှိတဲ့ လက်ဖက်ရည်ကို ရပါတယ်။ သကြားတစ်ဇွန်းထည့်ပြီး နွားနို့ လောင်းထည့်လိုက်တော့ ရန်ကုန်က ဆိုင်လက်ဖက်ရည် နဲ့ဆင်ဆင်တူတဲ့ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရပါတယ်။ နောက်မှ သိရတာက PG tips အမျိုးအစား လက်ဖက်ခြောက်ပါ။ ရုံးကလူတွေက Builder's tea လို့ လွယ်လွယ်ခေါ် ကြပါတယ်။ ယောကျာ်း တော်တော်များများနဲ့ အထွေအထူး မပြောတဲ့ ဧည့်သည်တွေကို ဒီ လက်ဖက်ခြောက်နဲ့ ဖျော်တိုက်တတ်ပါတယ်။

Earl Grey လို့ရေးထားတဲ့ ဗူးကို ဖွင့်ကြည့်တော့ အနံ့သင်းသင်း တမျိုးရပါတယ်။ Bergamot ပန်းရနံ့လို့ ရေးထားပါတယ်။ ရုံးက ဆရာမကြီးနဲ့ အင်္ဂလိပ်လူမျိုး တချို့ သောက်ကြပါတယ်။ မြန်မာဖျော်နည်း အတိုင်း စမ်းဖျော်ကြည့်တော့ အကြိုက် မတွေ့ပါဘူး။ အရမ်း ပေါ့တယ်လို့ ထင်တာပဲ။ အမျိုးသမီး ဧည့်သည်တွေ လာရင် Earl Grey ဖျော်တိုက် လေ့ရှိပါတယ်။

အဘိုးကြီး တစ်ယောက်ကတော့ အနီရောင် အရည်တွေ သောက်သောက် နေလို့ ဘာလဲလို့ မေးကြည့်တော့ ရက်ဒ်ဘွတ်ရှ်တီး (Redbush tea) တဲ့။ ကဖိန်းဓါတ် မပါဘူးတဲ့။ တကယ်ပဲ ချုံပုတ်တွေက အရွက် အနီတွေ လားတော့ မပြောတတ်ဘူး။ နို့ သကြား မပါဘဲ စမ်းကြည့်တော့ သောက်လို့ တမျိုးကောင်းပါတယ်။ အဲ့ဒီ အဘိုးကြီးက အနီရောင် လက်ဖက်ရည်တွေကို တနေ့လုံး သောက်တာပဲ။

မဆလာ လက်ဖက်ခြောက် (Masala tea) ဗူးကို ဖွင့်ကြည့်တော့ မျှော်လင့်ထားတဲ့ အတိုင်း မဆလာနံ့ သင်းနေပါတယ်။ မြန်မာ နှာခေါင်းနဲ့ ဆိုတော့ တမျိုးကြီးပါပဲ။ တနေ့တော့ ရာသီဥတု အေးအေးမှာ အဲ့ဒီ လက်ဖက်ခြောက်ကို ဖျော်သောက်ကြည့်တာ ပူစပ်စပ် အရသာနဲ့ ဟင်းခတ် အမွှေးရနံ့ ရတဲ့ လက်ဖက်ရည်မျိုး ရပါတယ်။ ရုံးက အိန္ဒိယလူမျိုးတွေ ကြိုက်ကြပါတယ်။

ကျန်းမာရေး လိုက်စားတဲ့ ရုံးကမမ တွေက ပူတီနံ အနံ့ရှိတဲ့ မင့်တီး (Mint tea) နဲ့ စပယ်ပန်း အနံ့ရှိတဲ့ ဂျက်စမင်တီး (Jasmine tea) သောက်ကြပြန်တယ်။ သူတို့ကတော့ တရှိုက်မက်မက် သောက်ကြတာပဲ။ အနံ့ခံပြီး သောက်တာတဲ့။ လူကို လန်းဆန်းစေတယ် ဆိုပဲ။ လက်ဖက်ခြောက်ထုပ်ကို ရေနွေးပူထဲ ထည့်ပြီး နို့ သကြား မပါဘဲ သောက်တာပါ။ တခါတလေတော့ သောက်ရတာ ကောင်းပါတယ်။ အရသာ မရှိဘဲ အနံ့ပဲ ရှိတယ်။ စပယ်ပန်းနံ့လေး သင်းနေတာတော့ ကြိုက်ပါတယ်။ တရုတ် စားသောက်ဆိုင် တွေမှာလည်း ဂျက်စမင်တီး ပေးလေ့ရှိပါတယ်။

တခါ ပန်းပွင့်လေးတွေနဲ့ ဗူးကိုကြည့်လိုက်တော့ ကယ်မိုမိုင်းလ်တီး (Camomile tea) လို့ရေးထားပါတယ်။ ဆေးဖြစ်ဝါးဖြစ် တခါတလေ သောက်ကြတယ်လို့ သူငယ်ချင်းက ပြောပြပါတယ်။ အအေးမိ တဲ့အခါတို့ ကိုယ်လက် နာကျင် ကိုက်ခဲ တဲ့အခါမျိုးဆို ကယ်မိုမိုင်းလ်တီးကို ပျားရည်လေးနဲ့ သောက်ရင် သက်သာ စေတယ်လို့ ဆိုပါတယ်။ ထုံးစံအတိုင်း စမ်းသောက် ကြည့်တော့ ဘာမှတော့ သိပ်မထူးခြားပါ။ အနံ့လေးရှိတာ တခုပါပဲ။

ရုံးမှာ လူတွေ ကိုယ့် လက်ဖက်ခြောက်ဗူးနဲ့ ကိုယ် လာကြတာ၊ ကျွန်မလည်း အားကျမခံ တောင်ငူအကြမ်းခြောက် တစ်ထုပ်ယူသွားတာပေါ့။ သဘာဝအတိုင်း လက်ဖက်ခြောက်တွေကို ရေနွေးပူလောင်းထည့်ပြီး သောက်ရုံပဲ။ လက်ဖက်ရွက်အနံ့ ပဲရတယ်။ တခါတလေ ပျင်းရင် လက်ဖက်ရွက်တွေကိုပါ စားလိုက်သေးတယ်။ လူအမျိုးမျိုးက လက်ဖက်ရည် အမျိုးစုံ နေအောင် သောက်တာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သောက်တဲ့ လက်ဖက်ရည် ကိုကြည့်ပြီး သူတို့ရဲ့ life style ကိုလည်း မှန်းလို့ရပါတယ်။ ဒါက ရုံးက လူတစ်စုလေး အကြောင်းပေါ့နော်။

အကြော်


ပူပူနွေးနွေး သုံးဆောင်ပါ။

Saturday 27 December 2008

နှစ်သစ် စိတ်ကူးသစ်

စိတ်သစ်လူသစ်နှစ်သစ်တဲ့။ နှစ်သစ်အတွက် မစဉ်းစားခင် ၂၀၀၈ အတွင်း ဘာတွေလုပ်ထား/ ဖြစ်လဲလို့ စဉ်းစားလိုက်တော့ ချစ်သော ဒေါ်ကြီးရဲ့ ၆၀ ပြည့်မွေးနေ့ပွဲ၊ အိမ်အသစ်၊ ဘလော့ဖတ်/ ရေး၊ လမ်းလျှောက်၊ ခရီးထွက်။ အကျေနပ်ဆုံးကတော့ ကိုယ်ပိုင် ဘလော့လေး ဖြစ်လာတာကိုပဲ။ ကိုယ်ရေးထားတဲ့ စာတွေကို အင်တာနက်ပေါ်မှာ မြင်ရပြီး စာဖတ်သူတွေပါ ရှိတယ်ဆိုတဲ့ အသိက ရတဲ့ ပီတိက တမူထူးခြားပါတယ်။ အဆောင် အယောင် အပြည့်အစုံ မရှိသေးပေမယ့် မေတ္တာနဲ့ လာလည်ကြတဲ့ မိတ်ဆွေ အားလုံးနဲ့ သင်ဆရာ မြင်ဆရာအားလုံးကို လှိုက်လှဲစွာ အထူးပဲ ကျေးဇူးတင်ပါတယ်။

ပထမဆုံး လုပ်ချင်တဲ့ အရာများနဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို ချရေးလိုက်တော့...
ရေများများသောက်ဖို့၊ မနက်အိပ်ရာထတိုင်း အကြောလျှော့ လေ့ကျင့်ခန်းလုပ်ဖို့၊ စာများများဖတ်ဖို့၊ အပန်းဖြေခရီးထွက်ဖို့ (ရန်ကုန်ပြန်တာ မပါ)၊ သင်တန်းတို တစ်ခုတက်ဖို့ (ဘာသင်ရမှန်း မသိသေး)၊ ရည်စူးထားတဲ့ အလှုတစ်ခု ဖြစ်မြောက်ဖို့။ အဓိကကတော့ နှစ်သစ်မှာ ပိုပြီး ကျန်းမာပျော်ရွှင်ဖို့လေ။

နှစ်သစ်မှာ စိတ်ကူးသစ်နဲ့ ဆုံးဖြတ်ချက်အသစ်တွေကို အကောင်အထည် ဖော်နိုင်ဖို့ ကိုယ်ရော စိတ်ပါ ကျန်းမာ သန်စွမ်းမှ ဖြစ်မယ်ထင်ပါတယ်။ ဇွဲမလျှော့ဘဲ ဆုံးဖြတ်ချက်တွေကို ကြိုးစား လုပ်ဆောင်ဖို့ လည်းလိုပါမယ်။ ကိုယ့်ကိုယ်ကို အားပေးဖို့လည်း အရေးကြီးပါသေးတယ်။ ဒါမှလည်း စိတ်ဓါတ် တက်ကြွမှုပိုရှိမှာ။ စာရင်းတို့ထားတဲ့ အထဲက တစ်ခု အောင်မြင်သွားတာနဲ့ ဆုချတာမျိုးပေါ့။ မအောင်မြင်ရင်လည်း အားလျှော့လို့ မဖြစ်ပါဘူး။ နောင်နှစ်တွေ ရှိသေးတယ်လေ။ တခါမှ မလုပ်ဖူးသေးတဲ့ ကိစ္စမျိုးဆိုရင်တော့ အောင်မြင်သွားရင် ပိုပြီး ပျော်စရာ ကျေနပ် စရာကောင်းပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်က သူငယ်ချင်းတစ်ယောက် ခေါ်လို့ ရေခဲစကိတ်စီးတာကို ဘ၀မှာ ပထမဆုံး လုပ်ဖူးသွားပါတယ်။ မမျှော်လင့် ထားတာမျိုး ဆိုရင်တော့ ပိုပျော်ဖို့ ကောင်းမှာပေါ့။ နှစ်သစ်မှာ စိတ်ကူးသစ်လေးတွေ ဖန်တီးနိုင်ပါစေ။

Thursday 25 December 2008

ငယ်ငယ်တုန်းကအကြောင်း (၃)

တိုးချဲ့ဆောင်က ပင်မကျောင်းတော်ကြီးနဲ့ တနေရာစီပေမယ့် သူ့နေရာနဲ့သူ ပျော်စရာကောင်းပါတယ်။ စာသင်ခန်းထဲ မရောက်ခင် BEd အတန်းတွေကို ဖြတ်သွားရလို့ ကျောင်းစိမ်းနဲ့ ဆရာ ဆရာမတွေကို အတန်းထဲမှာ ကျောင်းသားတွေအနေနဲ့ တွေ့ရတာလေ။ ကျောင်းကို စောရောက်နေရင် လွယ်အိတ်ချပြီး အီစွတ်ခုန်တော့တာပဲ။ အခုန်ကောင်းလို့ တနေ့ကျတော့ မိန်းကလေးတွေအားလုံး အီစွတ်မခုန်ရလို့ တားမြစ်ခံထိတယ်။ ကျောင်းသူတစ်ယောက် ထမီကျွတ်လို့တဲ့။ ဆရာမတွေက တိုးချဲ့ဆောင်မှာ ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို မျက်စိဒေါက်ထောက် ကြည့်ပြီး ဂရုစိုက်ပါတယ်။ BEd ကင်တင်းနဲ့ ဒီလောက်ကပ်နေပေမဲ့ နေ့လည်မှာ ကင်တင်းထိုင်လို့ မရဘူး။ ဆရာမတွေ ကင်တင်းမှာ ကျောင်းသားကြီးတွေကို သွားသွားဖမ်းတယ်လို့လည်း ကြားဖူးတယ်။ (ခုထိနားမလည်သေးပါ)။ ကျောင်းမတက်ခင်နဲ့ ကျောင်းအဆင်း တခါတလေ ပုဇွန်ခွက်ကြော်သုပ်နဲ့ ထောပတ်သီးဖျော်ရည်လေးများ သောက်လိုက်ရရင် အမေ့ကို ကျေးဇူးတင်လိုက်တာ။

တခါတလေ BEd တက်နေတဲ့ ဆရာဆရာမ တွေက လက်တွေ့ဆင်းတဲ့အနေနဲ့ စာလာသင်ကြသေးတယ်။ သြဂတ်စတင်းက ယောကျာ်းလေးတွေကလည်း တခါတလေ လာစောင်/စောင့်တတ်သေးတယ်။ ချိန်းပွဲတွေ မကြာခဏဖြစ်တယ်။ ကျောင်းမတူပေမယ့် ကျူရှင်တူတူတက်ရင်း တွေ့ကြသိကြတာပေါ့။ ကျောင်းမပိတ်ခင် ဆရာကန်တော့ပွဲ လည်းလုပ်လေ့ရှိတယ်။ တယောက်နည်းနည်း ပိုက်ဆံကောက်ပြီး အတန်းထဲမှာ ထက်ထက်မြက်မြက် ရှိသူတွေက ဈေးဝယ်ထွက်ကြတယ်။ ဆရာဆရာမတွေကို လက်ဆောင်ပေးပြီး ကျန်တာနဲ့ အစားအသောက်တွေစားကြတယ်။ အဲ့ဒီအချိန်က ထူးအိမ်သင်ရဲ့ နာရီပေါ်မှ မျက်ရည်စက်များကို တစ်ယောက်ကဆိုတော့ အားလုံးငြိမ်ပြီး နားထောင်နေမိကြတယ်။
၈တန်းရောက်တော့ အစိုးရစစ်မို့လို့ အရမ်း စာကျက်ရတာ မှတ်မိတယ်။ သင်္ချာဆရာမက ကိုယ့်ကိုမြင်တိုင်း ဒီနေ့ သနပ်ခါး လိမ်းလာလား အမြဲမေးလို့ ဘာလို့ပါလိမ့်လို့ တွေးမိဖူးတယ်။ တနေ့တော့ ပထ၀ီ ဆရာမက အရေးကြီးတယ် လာတွေ့ပါ ဆိုလို့ သွားတော့ လပတ်စာမေးပွဲမှာ ပထ၀ီအမှတ် ၆၀ ပဲရလို့ ကိုယ့်မှာ အာရုံများ စရာရှိနေလားတဲ့။ တကျောင်းထဲမှာရှိတဲ့ ကိုယ့်အမေဆီလည်း တခါတည်း သတင်းပြန့်သွားပါတယ်။ အမေကတော့ ဆူတာပေါ့။ သူတို့ထင်တာတော့ ပြိုင်ဖက်တွေနဲ့ ဝေးသွားလို့တဲ့။ ပေါင်းနေကြ သူငယ်ချင်းတွေ နဲ့လည်းအတန်းကွဲသွားတယ်။

၈တန်းမှာပဲ အင်္ဂလိပ်စာနဲ့ သင်္ချာကို ကေသွယ်ရဲ့ အမေနဲ့ အဖေရဲ့ကျူရှင်မှာ ညနေ ကျောင်းဆင်းရင် တက်ရပါတယ်။ ကျူရှင်မှာ တခြားကျောင်းက သူငယ်ချင်းတွေနဲ့လည်း သိရတာမို့ အရမ်းကို ပျော်စရာကောင်းပါတယ်။ တချို့လည်း အချစ်တော်တွေ ရီးစားတွေ ရကုန်ပါတယ်။ ကျုရှင်တွေကို စည်းကမ်းအမျိုးစုံနဲ့ ကန့်သတ်တာလည်း ရှိသေးတယ်။ health & safety အတွက် ဆရာမတို့ ပြတင်းပေါက်တွေ ဖေါက်ရတယ်။ ဆရာမဆို စာသင်နေရင်း မူးလဲတတ်တယ်။ အခုမှတွေးကြည့်တာ စိတ်ဖိစီးလို့ဖြစ်မှာလို့။

ဆက်ရန်ရှိသည်...

Monday 22 December 2008

Christingle

သူငယ်ချင်းက ခေါ်လို့ ဘုမသိဘမသိ လိုက်သွားပြီး ပထမဆုံး ခရစ်စတင်းဂယ်လ် လုပ်ဖူးသွားတယ်။ ပထမဆုံး တုတ်ချောင်း (cocktail stick) တွေကို ထက်ဝက်ပိုင်းပါတယ်။ ပြီးတော့ ဖယောင်းတိုင်တစ်တိုင်ကို တုတ်ချောင်း သုံးချောင်းစီနဲ့ စယ်လိုတိတ်နဲ့ ကပ်။ မင့်စ်ပိုင်ထည့်တဲ့ အခွံလေးတွေကို ဖယောင်းတိုင် အောက်ခံလေးတွေ အနေနဲ့ ပြန်သုံးပါတယ်။ လိမ္မော်သီးတွေကို အနီရောင်ဖဲကြိုးနဲ့ အလယ်မှာ ပတ်ရပါတယ်။ သစ်သီးခြောက်၊ ဂျယ်လီနဲ့ မြေပဲတွေကိုလည်း တုတ်ချောင်းလေးတွေမှာ ထည့်ရပါတယ်။ အားလုံးစုံတာနဲ့ လိမ္မော်သီးပေါ်မှာ ဖယောင်းတိုင်၊ သစ်သီးတုတ်ချောင်း ၄ချောင်းကို စိုက်လိုက်တော့ အခုလို ခရစ်စတင်းဂယ်လ် လေးရပါပြီ။

သူငယ်ချင်းပြောပြတဲ့ ခရစ်စတင်းဂယ်လ် ဆိုတာဂျာမနီကစတာလို့ ပြောပါတယ်။ ခရစ်စမတ် အကြိုညမှာ ဘုရားကျောင်းလာတက်တဲ့ ကလေး၊ လူကြီးများကို လက်ဆောင်ပေးဖို့ပါ။ အဓိပ္ပါယ်တွေကတော့ လိမ္မော်သီးက ကမ္ဘာကြီးကို ကိုယ်စားပြုပါတယ်။ အနီရောင်ဖဲကြိုးက ယေရှုခရစ်တော်ရဲ့ အသွေးတော်ပါ။ သစ်သီးတုတ်ချောင်း ၄ချောင်းက ဘုရားသခင်ရဲ့လက်ဆောင်တွေဖြစ်တဲ့ ကမ္ဘာမြေကြီးပေါ်က အသီးအနှံများနဲ့ ရာသီ ၄ခု လို့မှတ်ယူဖို့ဖြစ်ပါတယ်။ မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်ကတော့ ကမ္ဘာမြေရဲ့ အလင်းရောင် သခင်ယေရှုပါ။

နေ့လည် ၂နာရီခွဲကစတာ ညနေ ၅နာရီမှာတော့ ခရစ်စတင်းဂယ်လ် ၆၀ လုပ်ပြီးသွားပါတယ်။ မှောင်လည်းမှောင်နေပြီမို့ သူငယ်ချင်းကို နှုတ်ဆက်ပြီး အိမ်ပြန်လာတယ်။

Sunday 21 December 2008

Winter Light



ဆောင်းရာသီအကြို မီးထွန်းပွဲလို့ပဲ ခေါ်ရမလား။ သူများသတင်းပေးတာနဲ့ သွားကြည့်တာ။ အမှန်က ပန်းခြံသစ်တစ်ခုဖွင့်ပွဲ။ ရုံးအဆင်းဆိုတော့ ဗိုက်ဆာတာနဲ့ ညနေစာ စားပြီးမှ သွားတော့ အကတွေ ဆိုင်းတွေဗုံတွေတီးတာ မမီတော့ဘူး။ တွေ့တာတွေပဲ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်လိုက်တယ်။ ချက်ချင်းမတင်ဖြစ်ဘဲ သိမ်းထားတာ နဲနဲကြာသွားတယ်။ နိုဝင်ဘာ ၂၈ ကဆိုတော့ ၁လပြည့်ခါနီးပဲ။ မီးထွန်းပွဲကို စီစဉ်တဲ့သူတွေ စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး ဖန်တီးထားတာတွေကို ဝေမျှချင်လို့ပါ။ ဓါတ်ပုံတွေက သိပ်မကြည်လင်တာကို သည်းခံပါ။

Saturday 20 December 2008

Mulled Wine & Mince Pies party

ပါတီက ညနေ၆နာရီ၊ ခရစ်စမတ်သီချင်းတွေ နားထောင်ရင်း မားလ်ဝိုင်၊ မင့်စ်ပိုင်များနဲ့ ဧည့်ခံပါမည်တဲ့။ ကိုယ်ကဧည့်မျှောင်။ ၆နာရီ၁၀မိနစ်မှာရောက်သွားတော့ တချို့ကအပြင်မှာ တချို့က စန္ဒယားနားမှာ သီချင်းဆိုနေကြတယ်။ ပြင်ထားတဲ့ စားပွဲတွေပေါ်မှာတော့ ၀ိုင်အဖြူ အနီနဲ့ အချိုရည်ပုလင်းတွေ အစီအရီအပြင် ဓါတ်ဘူးတွေနဲ့ မားလ်ဝိုင်ကို ထည့်ထားတယ်။ ပန်းကန်တွေထဲမှာတော့ အချိုမုန့် မင့်စ်ပိုင်တွေ အပြည့်ထည့်ထားတယ်။

ကလေးတွေကတော့ အချိုရည်စားပွဲမှာ ၀ိုင်းနေကြတယ်။ ကိုယ့်ကို ဘာသောက်မလဲမေးတော့ ခပ်တည်တည်နဲ့ ဓါတ်ဘူးထဲကဟာလို့ ပြောလိုက်တယ်။ အငွေ့လေးတွေ ထွက်နေအောင်ပူပြီး အနံ့လေးမွှေးကြိုင်တဲ့ မားလ်ဝိုင်တစ်ခွက် လက်ထဲရောက်လာတယ်။ အချိုမုန့်လေးနဲ့ အေးတဲ့ရာသီမှာ သောက်လို့ကောင်းသား။
www.britainonview.com ကဓါတ်ပုံပါ။
သီချင်းစာရွက်တွေလည်း လိုက်ဆိုချင်လျှင် ဆိုလို့ရအောင် ချထားပေးလို့ တစ်ခုယူပြီး အဆိုတော်တွေနား သွားမော့နေလိုက်တယ်။ တစ်ပုဒ်ပြီး တစ်ပုဒ်ဆိုကြတော့ ကိုယ်ရတာတွေလည်းလိုက်ဆို မရတာလည်း လိုက်ရွှီး သံယောင်လိုက်ပြီး ၈နာရီထိုးတော့ Jingle bells လေးညည်းပြီး အိမ်ပြန်လာတယ်။

ခရစ်စမတ်အခါသမယမှာ မင့်စ်ပိုင်နဲ့ ဧည့်ခံတာ ဗြိတိန်မှာ ၁၆ရာစုလောက်ထဲက လို့ပြောပါတယ်။ မင့်စ်ပိုင်ဆိုလို့ အသားတွေကြိတ်ပြီး မုန့်ထဲအစာသွတ် ထားတယ်ထင်တာ၊ နောက်မှ သစ်သီးခြောက်တွေမှန်းသိတယ်။ ခရစ်စမတ် ရာသီအချိန် အိမ်လည်သွားလျှင် မင့်စ်ပိုင်တွေ အီနေအောင် စားရတတ်ပါတယ်။ ဆိုင်တွေမှာလည်း ရာသီစာအနေနဲ့ တင်ရောင်းကြပါတယ်။ အိမ်မှာလုပ်စားကြည့်ချင်လျှင်တော့ ဒီမှာဖတ်ပါ။

ိ့မားလ်ဝိုင်ရော မင့်စ်ပိုင်ပါ စူပါမားကက်တွေမှာ အဆင်သင့်ဝယ်လို့ရပါတယ်။ ကိုယ်တိုင် လုပ်ကြည့်ချင်တယ် ဆိုလျှင်တော့ မားလ်ဝိုင်လုပ်နည်းကို ဒီမှာဖတ်ပါ။

Tuesday 16 December 2008

အုန်းထမင်းနဲ့ကြက်သားဟင်း

ကြက်သား ကိုရေဆေးပြီး မဆလာ၊ ငံပြာရည်တို့နဲ့ နယ်ထားပါတယ်။ အာလူး ကိုရေဆေးပြီး ပြုတ်ပါတယ်။ ဆီသတ်ပြီး ကြက်သား ကိုချက်ပါတယ်။ ခရမ်းချဉ်သီး နည်းနည်း ထည့်ပါတယ်။ ကြက်သား နူးလောက်တဲ့အခါ အာလူးထည့်ပြီး နှစ်မျိုးလုံး နပ်လောက်တဲ့ အချိန်ကျရင် မီးဖို ပေါ်ကချလို့ ရပါပြီ။ ကြက်သားနဲ့ အာလူးဟင်းနဲ့ တွဲပြီး သုံးဆောင်ဖို့ အုန်းထမင်းချက်ဖို့ စဉ်းစားလိုက်တယ်။ ဆန်ကို ရေဆေးပြီး အုန်းနို့ထည့်၊ ချိုအောင် ကြက်သွန်နီ လေးစိတ်လှီးထည့်၊ ဆားလေး နည်းနည်းပါ ထည့်ပါတယ်။ ရေကို ထမင်းပေါင်းအိုးနဲ့ ချက်နေကျ အမှတ်အတိုင်း ထည့်ပါတယ်။ အုန်းထမင်း ကျက်တာနဲ့ ဟင်းနဲ့ တွဲသုံးဆောင်လို့ ရပါပြီ။

ရုံးကပြန်လာမှ အလုအယက်ချက်တဲ့ အလွယ်နည်းပါ။ သုံးတဲ့မဆလာက ရှမ်းမဆလာပါ။ အသား ကိုနယ်တာရော ဟင်းချက် တာရောအတွက် သုံးပါတယ်။ အညွှန်းတွေကို လိုက်နာဖို့ ခက်ခဲ တဲ့အတွက် ကိုယ်ကြိုက်သလို ချက်တာဖြစ်ပါတယ်။

Monday 15 December 2008

ငါးကလေးနဲ့မြေပဲကြော်

ငါးခြောက် သေးသေး လေးတွေ ကို ရေစင်စင် ဆေးပြီး ရေစစ် ထားတုန်း မြေပဲကို မီးနဲနဲနဲ့ လှော်ပါတယ်။ မြေပဲ လည်း ကျက်ရော မီးဖို ပေါ်က ချပြီး ခဏ ဘေးဖယ် ထား ပါတယ်။ ဆီနဲနဲ ထည့်ပြီး ရေစစ် ထားတဲ့ ငါးခြောက်လေး တွေကို ကြော်ပါတယ်။ မီးပူရင် မတူးအောင် ဂရုစိုက်ရပါတယ်။ ကျွတ်လာရင် ဆယ်ပြီး ဆီစစ် ထားပါတယ်။ အေးသွားရင် ငါးကြော်နဲ့ မြေပဲကြော်ကို ပေါင်းလိုက်ရုံပဲ။

စင်ကာပူမှာ နေတုန်းက အစားအသောက်တွေ တင်ပို့တဲ့ စက်ရုံ တစ်ခုမှာ အလုပ်သင် ဆင်းကြတော့ အုန်းထမင်းနဲ့ ငါးကလေးကြော် ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းထုပ်ကို ဂျဟောကနေ နေ့တိုင်း အလုပ်လာတဲ့ သူငယ်ချင်းက စားချင်လို့ မှာလိုက်တိုင်း အမြဲ ၀ယ်လာပေးတယ်။ သိပ်စားလို့ ကောင်းတာပဲ။

အဲ့ဒီ စက်ရုံနဲ့ ကပ်လျက်က ပေါင်မုန့် စက်ရုံ။ တခါတလေ ပေါင်မုန့်တွေ အလကား လာပေးရင် ရုံးက အန်တီတွေက sandwich party ဆိုပြီး လုပ်တယ်။ ငါးနဲ့ မြေပဲကြော် ထားတာကို ငရုတ်သီးအနှစ် sambal နဲ့ရော ပြီး ပေါင်မုန့်နဲ့ စားကြတာ စားလို့ ကောင်းမှကောင်း။

ငါးခြောက် လေးတွေ လက်ဆောင် ရတော့ ဘယ်လို လုပ်စား ရမယ်မှန်း မသိလို့ မဇနိ ကို လှမ်းမေးပြီး လက်တည့်စမ်း ထားတာပါ။ (နိနိရေ ကျေးဇူးနော်) အိမ်က တစ်ယောက်ကတော့ ဘီယာနဲ့ မြည်းဖို့ တစ်ခု ရသွားတာပေါ့။

Saturday 13 December 2008

ကိုယ်ချစ်

အိအိရေ... ကိုယ်တို့ ဆီကို တကူးတက လာလည်တဲ့ အတွက် ၀မ်းသာ ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစား နေတဲ့ အိအိက ထမင်းစားဖို့ သက်သက် မိုင် ၅၀ ခရီးကို အပင်ပန်းခံ လာခဲ့တာ မဟုတ်ဘူး ဆိုတာ ကိုယ်တို့ အားလုံး သိပါတယ်။ အိအိ တွေ့ချင် တဲ့သူကို မတွေ့ခဲ့ရဘဲ ကိုယ်တို့ နဲ့ပဲ စကားတွေ ဖောင်ဖွဲ့ ခဲ့ရတဲ့ အိအိအစား ရင်မော လွန်းလို့ ဒီပို့စ်လေး ရေးဖြစ်တာ။

love at first sight ကို မိန်းကလေးတွေ က ပိုပြီး အယုံအကြည် ရှိမယ် လို့ ထင်ပါတယ်။ အိအိ သူ့ကို တွေ့ဖူးတာ ၃ခါ ထက် မပိုဘူး။ ဒါပေမယ့် အိအိက သူ့ကို စိတ်ဝင် တစား အရေးတယူ ရှိတာ အားလုံး ရိပ်မိ ပါတယ်ကွယ်။ အိအိကို တွေ့စက ကလေးဆန်တဲ့ ချစ်စရာ လေးလို့ ကိုယ်တို့ တသိုက်က တဖွဖွ ပြောပေမယ့် ကိုယ်တော်ချောက သူ မကြား သလိုပဲ နှုတ်ဆိတ် နေခဲ့တယ်။ အိအိရဲ့ အရေးတယူ ဆက်ဆံမှုတွေ ကိုလည်း ဘာသိဘာသာ နေခဲ့တယ်။ ကိုယ် အသည်းအယားဆုံး ကတော့ အိအိက မိုးလင်းရင် ကော်ဖီ သောက်ရမှ လို့ပြောတာကို သူက ပိုလိုက်တာလို့ ပြောတာ၊ အိအိက သင်္ချာ နားမလည်တာ ရှင်းပြ ပေးနိုင်မလားလို့ မေးတာကို မကြား ချင်ယောင် ဆောင်နေတာ၊ အို ကြားထဲက ကိုယ်တို့တွေ မျက်နှာ မထား တတ်အောင် အိအိကို အားနာ ခဲ့ရတယ်။ အိအိရဲ့ ဖုန်းနဲ့ text တွေကိုလည်း သူ မတုံ့ပြန် ခဲ့ဘူးနော်။

ကိုယ်က ချစ်ရတာ စိတ် သိပ် ပင်ပန်း ပါတယ် ညီမလေးရယ်။ ချစ်တယ် ဆိုတော့ အလျှော့ လည်းပေးရတယ်။ ကိုယ်ချစ်သလို ပြန်မချစ်ရင်လည်း စိတ်ညစ်ရတယ်။ လိုချင်တဲ့ အချစ်မျိုး ပြန်မရတဲ့အခါ အရမ်း ပူလောင်တယ်။ ကိုယ်က သူနဲ့ပတ်သက်တာ မှန်သမျှကို အသေးစိတ် အရေးထားသလောက် သူကအမှုမဲ့ အမှတ်မဲ့ လုပ်တဲ့အခါ အရမ်းခံစားရမယ်။ မိန်းကလေး ဆိုတော့လည်း စပြီး ဖွင့်ပြော လို့လည်းမရ၊ ခံစား နေရသမျှကို မျိုသိပ် ထားရ တာလည်း နေမြင့်လေ အရူးရင့်လေ လိုဖြစ်နေမှာပဲ။ ရွှေပေး လို့မရတဲ့ မိန်းမတို့ အိနြေ္ဒကို ဆယ်ရမယ့် တာဝန် လည်းရှိတယ်။

လူကြီး တွေက ဒါကြောင့် ပြောတာ နေမှာ။ ကိုယ်ချစ်ကိုမရှာနဲ့ တဲ့။ အိအိ စိတ်ချမ်းသာပါစေ။

Thursday 11 December 2008

၆၀ ပြည့်ရင်...

ရုတ်တရက် အတွေးထဲ ရောက်လာ လို့ပါ။ ၆၀ ပြည့်ရင် ဘာလုပ်မလဲလို့။ ကိုယ့်မိဘနှစ်ပါးလုံး ၆၀ မပြည့်ခင် လူ့လောကကြီးက ထွက်သွားခဲ့ကြတယ်။ ဒါကြောင့် ၆၀ ဆိုတဲ့သက်တမ်းဟာ ကိုယ်အတွက်တော့ ရှည်လျားပါတယ်။ လူ့သက်တမ်းမှာ အမှုမဲ့ အမှတ်မဲ့ပဲ နေလာလိုက်တာ။ ကလေးဘ၀က ကျောင်းမှာစာလိုက်နိုင်ဖို့၊ သူငယ်ချင်းတွေနဲ့ ကစားရဖို့၊ မုန့်များများစားရဖို့ လောက်ပဲသိတယ်။ ဆယ်ကျော်သက် အရွယ်ရောက်တော့ လှဖို့၊ သူငယ်ချင်းတွေနဲ့ ပျော်ဖို့၊ တက္ကသိုလ်တက်ဖို့ ကြိုးပမ်းရပြန်ရော။ ဘွဲ့တစ်ခုရဖို့လည်း ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့ရတယ်။ ဒီကြားထဲ ရလိုက်တဲ့ အလုပ်က ကမောက်ကမ နဲ့ တွေ့ကြုံရတဲ့ လူမျိုး ပေါင်းစုံ စိတ်ဓါတ် ပေါင်းစုံတွေရဲ့ အလယ်မှာ ယောင်ချာချာဖြစ်။

အမေရဲ့အမေ ဖီဖီ အသက် ၆၀ ပြည့်မွေးနေ့မှာ ဖီဖီက ရေခဲရှန် ပန်းဆီရောင်ရင်ဖုံးအင်္ကျီနဲ့ ရှန်လုံချည်ဝတ်ပြီး မိတ်ကပ်ပါးပါးလူး နှုတ်ခမ်းနီဆိုးပြီး လူတွေကို ဧည့်ခံတယ်။ ၆၀ ပြည့်လို့ အလုပ်ကနေ ပင်စင်ယူလိုက်ပြီး သားသမီးနဲ့မြေးတွေကို ကိုယ်တိုင်ထမင်းဟင်း ချက်ကျွေးတယ်။ အိမ်တွင်းမှု စီးပွားရေးလေးလုပ်ပြီး မိသားစု ၀င်ငွေကို တဖက်တလမ်း ရှာသေးတယ်။ သားသမီးနဲ့ မြေးတွေအားလုံး အတွက် အုတ်တံတိုင်းကြီးလို အကာအကွယ် လည်း ပေးသေးတယ်။ မြေးတွေနဲ့ အတူ ခေတ်နဲ့အမီ လိုက်သေးတယ်။

အဖေရဲ့အမေ ဖွားဖွား အသက် ၆၀ ပြည့်မှာတော့ ပက်လက် ကုလားထိုင် မှာ ထိုင်နေ တာပဲ တွေ့ရတယ်။ လူတွေ နဲ့လည်း သိပ်စကား မပြောနိုင် တော့ဘူး။ လေဖြတ် နေတဲ့ ဝေဒနာသည် ဖွားဖွားရဲ့ ပြောစကားကို လူတိုင်း နားမလည် နိုင်လို့ ဖွားဖွားက စိတ်တိုပြန်ရော။ သားသမီးနဲ့ မြေးတွေကလည်း နှစ်ခါသုံးခါ ပြန်ပြောရလို့ ဖွားဖွားကို စကားဝိုင်းထဲ သိပ်မထည့်ဘူး။

ကိုယ့်အတွက်တော့ ၆၀ ပြည့်ရင်...
ဘုရားတရားနဲ့ နီးနီးနေချင်တယ် မိသားစု သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီးရီချင်တယ် ဒေသန္တရဗဟုသုတ တွေရမယ့်ခရီးတွေ သွားချင်တယ် ဘာသာစကားတစ်ခုခုကို သင်ယူချင်တယ် လမ်းနေ့တိုင်းလျှောက်ချင်တယ် ကိုယ့်အိမ်နီးချင်းတွေ အတွက် အကျိုးပြုစေမယ့် အလုပ်တစ်ခုခုလုပ်နေချင်တယ်

Monday 8 December 2008

အမေနှင့်သမီးများ

ဒီနေ့ရုံးမှာ မြင်တွေ့ခဲ့ရတဲ့ ဖြစ်ရပ်လေးတစ်ခုကြောင့် ဒီပို့စ်လေးကို ရေးဖြစ်တာပါ။ ကိုယ့်မှာ အမေ သက်ရှိထင်ရှား မရှိတော့ပါ။ အမေ အသက်ရှင်စဉ်က ကိုယ်နဲ့ အမေရဲ့ ဆက်ဆံရေးကို ပြန်တွေးမိနေပါတယ်။

ဂျက်စမင်(အမည်မှန်မဟုတ်ပါ)က စပိန်သူပါ။ စကော့လူမျိုးနဲ့ အိမ်ထောင်ကျပြီး အင်္ဂလန်မှာနေပါတယ်။ ဂျက်စမင်က စပိန်ဘာသာစကားအပြင် အင်္ဂလိပ်နဲ့ အီတလီစကား ကိုလည်းကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။ သူ့မိဘများကတော့ စပိန်မှာနေပါတယ်။ အင်္ဂလိပ်လို မပြောတတ်ပါဘူး။ ဂျက်စမင် ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းကြားတော့ သူ့အမေက ကလေးမွေးတဲ့အခါ လာခဲ့မယ်လို့ ပြောပါတယ်။

ဂျက်စမင်။ အမေလာဖို့ မလိုပါဘူး။ သမီးခင်ပွန်းရှိရင် လုံလောက်ပါတယ်။
အမေ။ ဘာလို့ ငါ့ကို မလာစေချင်တာ ငါနားမလည်နိုင်ဘူး။ သမီးကလေးမွေးရင် အမေက လာနေပေးချင်တာ သဘာဝပဲ။
ဂျက်စမင်။ အမေမလာပါနဲ့။

ဒါနဲ့ပဲ ဂျက်စမင်ကို ကိုယ်ဝန်ဆောင်ဘ၀မှာမြင်ချင်လို့ သူ့အမေက စပိန်ကနေ လာတွေ့မယ်လို့ပြောပါတယ်။ ဂျက်စမင်ရဲ့ ညီမက လေဆိပ်ကနေ စီးရမယ့်ကားကို ပုံစံပြောပြပါတယ်။ ဂျက်စမင်က လေဆိပ်က သူနေတဲ့နေရာနဲ့ ဝေးလို့ မကြိုနိုင်ပါဘူးတဲ့။ ဂျက်စမင်ရဲ့ညီမက စာရွက်ပေါ်မှာ အင်္ဂလိပ်လို မြို့နံမယ်နဲ့ ဆင်းရမယ့် မှတ်တိုင်ကို ရေးပေးလိုက်ပါတယ်။ ဒါနဲ့ပဲ ဂျက်စမင်ရဲ့အမေလည်း ချောမောစွာ ရောက်လာပါတယ်။

ရောက်ရောက်ချင်း သေတ္တာကိုဖွင့်ပြီး ပါလာတဲ့ ကလေးပစ္စည်းလေးများကို ပြပါတယ်။ ရာသီစုံ ၀တ်ဖို့ အရွယ်စုံ အင်္ကျီလေးတွေလည်း ပါပါတယ်။

ဂျက်စမင်။ အမေဘယ်တုန်းထဲက ဒါတွေဝယ်ထားတာလဲ။
အမေ။ သမီးကိုယ်ဝန်ရှိပြီလို့ ကြားကတည်းကလေ။
ဂျက်စမင်။ အများကြီးပဲ။ ဒီလောက် ပိုက်ဆံအကုန်ခံစရာမလိုပါဘူး။ သေသေချာချာ ပြောထားလျက်နဲ့။
အမေ။ မြေးဦးဆိုတော့ ၀ယ်ပေးချင်တာပေါ့ကွယ်။

ဒီနေ့တော့ ဂျက်စမင်ရဲ့ အလုပ်ကို သူ့အမေလိုက်လာပါတယ်။ ရုံးသူရုံးသားများနဲ့ တွေ့ပြီးတဲ့အခါ ဂျက်စမင်ကအလုပ်လုပ် ရမှာမို့လို့ သူ့အမေကို မြို့ထဲ လျှောက်လည်ခိုင်းပါတယ်။ ညနေ ၃ နာရီလောက်ကျတော့ သူ့အမေပြန်ရောက်လာပါတယ်။ ဂျက်စမင်ကို ရှာမတွေ့လို့ ဧည့်ခန်းထဲမှာထိုင်စောင့် နေပါတယ်။ ၅ နာရီထိုးမှ ကျွန်မကတွေ့လို့ ဂျက်စမင့်ဆီ ခေါ်သွားလိုက်ပါတယ်။ သူ့အမေပြန်မလာလို့ စိတ်ပူနေတဲ့ ဂျက်စမင်က တရစပ်မေးခွန်းတွေ ထုတ်တော့တာပဲ။ ကျွန်မလည်း စိတ်ရှုပ်တာနဲ့ ထွက်လာခဲ့တယ်။

အတွေးတွေလည်းတသီကြီးပဲ။

Sunday 7 December 2008

အစမ်း

ပို့စ်ခေါက်တာစမ်းကြည့်တာပါ။

အိုကေလား

Saturday 6 December 2008

Notices

တည်းခိုခန်းတွေမှာ ဧည့်သည်တွေအတွက် သိကောင်းစရာ၊ ညွှန်ကြားချက်၊ စည်းကမ်း စသဖြင့် notice တွေကပ်ထားလေ့ရှိပါတယ်။ တည်းခိုခန်းကို ရောက်ရောက်ချင်း အဲ့ဒီလို စာတွေကို အရင်လိုက်ဖတ်လေ့ရှိပါတယ်။ ဥပမာ ဧည့်ကြိုကောင်တာရဲ့ ဖုန်းနံပါတ်၊ မီးလောင်လျှင် ပြေးဖို့ ထွက်ပေါက် စသဖြင့်ပေါ့။ တလောက သွားတည်းတဲ့ တည်းခိုခန်းက ကိုယ့်အခန်းထဲမှာ ကပ်ထားတဲ့ notice တွေကို အမှတ်တရဓါတ်ပုံ ရိုက်ထားတာပါ။ ပိုင်ရှင်ကို ဘယ်လိုလူစားမျိုးလဲလို့ သူ့စာတန်းတွေဖတ်ပြီး မှန်းကြည့်လို့ရတယ်။

Friday 5 December 2008

Internship

First, prepare your CV carefully. Basic information such as your personal details, education and relevant work experience should be there. Please make sure you fill the gaps between the years.
Check the spelling and grammar. Try to fit everything in 2 pages maximum. Print on a white clean A4 size paper.

Then write your covering letter. Use appropriate salutation. Please also describe the job you would like to do, tell why you need the internship, how your contribution would effect the business and vice-versa. It is also worth mentioning if you got any outstanding exam results or you have done relevant projects at school. Put the CV and the covering letter in a presentable envelope, type the name and address of the company correctly with the reply address and send it to the employer.

There is not much to write if you are a fresh grad. You are lucky if you get invited for an interview where you get the opportunity to meet face to face with the employer. Then you try your best to convince them what a good intern you will be. So can you see how important it is to prepare your CV?

(Dearest Michelle, this is especially written for you. Best of luck in your internship hunting.)

Thursday 4 December 2008

ပထမဆုံးခရစ်စမတ်လက်ဆောင်

စာတိုက် ကနေ ဂျစ်ဖီ အိတ်လေးနဲ့ ရောက်လာတာ။ စင်ကာပူက ချစ်သော ဒေါ်လေး သဇင်ရဲ့ ခရစ်စမတ် လက်ဆောင်ပါ။ ဒီနှစ်အတွက် ပထမဆုံး ခရစ်စမတ် လက်ဆောင်။ သတိတရ တကူးတက ပို့ပေးလို့ ကျေးဇူးတင် လိုက်တာ။ မတိုမရှည် ဂါဝန်လေး။ အနက်ရောင်ကို ကိုယ်နဲ့ မလိုက်ဖူးထင်လို့ သိပ်မ၀တ်ဖြစ်ဘူး။ အဒေါ်တွေက ကိုယ့်ကို ဆယ်ကျော်သက် အရွယ်ပဲ မှတ်ထားပုံ ရတယ်။ လောလောဆယ် အေးတဲ့ ရာသီဥတုနဲ့ မကိုက်ပေမယ့် အပေါ်က အနွေးထည်၊ ကုတ် နောက်တထပ်၊ အသားကပ် ဘောင်းဘီ၊ လည်ရှည် ဖိနပ်နဲ့ ဆိုရင်တော့ အဆင်ပြေမယ် ထင်တာပဲ။

အသက်လေး ရလာလို့ ကိုယ့်အတွက် ခရစ်စမတ် လက်ဆောင်ကို ငယ်ငယ် ကလောက် စိတ်မလှုပ်ရှားတော့ဘူး။ သူများတွေကို ပေးဖို့ လက်ဆောင် ၀ယ်ရ ပါကင်ထုတ် ရတာနဲ့ ခရစ်စမတ် ပြီးမှ ဟူးခနဲ သက်ပြင်းချ နိုင်တယ်။ သင့်တော်မယ်ထင်တဲ့ လက်ဆောင် ရွေးရတာရယ်၊ ကိုယ့်ဘတ်ဂျက်နဲ့ ညီမျှဖို့ရယ်၊ အချိန်မီ ပေးနိုင်ဖို့ရယ် စသဖြင့် ချိန်ကိုက် ရတာလည်း အတတ်ပညာ တစ်ခုပါပဲ။ ခံစားရတဲ့ ကောင်းကြီး မင်္ဂလာတွေကို ဝေမျှ ခံစား စေလိုတဲ့ စိတ်တစ်ခုနဲ့ ခရစ်စမတ် လက်ဆောင် ပေးတဲ့အမှုကို ပြုလုပ်တာလို့ ခံယူပါတယ်။

Wednesday 3 December 2008

ပထမဆုံးခရစ်စမတ်ကဒ်

ဒီနှစ်အတွက် ပထမဆုံး ရောက်လာတဲ့ ခရစ်စမတ်ကဒ် ကတော့ ဂျာမနီက သူငယ်ချင်း ကေသီ့ ဆီကပါ။ အီးမေးနဲ့ အီးကဒ်တွေ အလွယ်တကူ ရတဲ့အချိန်မှာ အခုလို စာတိုက်ကနေ ကဒ်လေး ရောက်လာတာ တမျိုး ပျော်စရာ ကောင်းပါတယ်။

ကိုယ်တို့ နှစ်ယောက်လည်း နှစ်ဖက် ဆွေမျိုးနဲ့ သူငယ်ချင်းတွေ ပေါင်းလိုက်ရင် ကဒ် စာရင်းက အရှည်ကြီး ဖြစ်သွားလို့ မနှစ် ကစပြီး အမြဲ အွန်လိုင်းမှာ တွေ့နေကျ သူတွေကို အီးကဒ်ပို့ပြီး သိပ်မတွေ့ ဖြစ်တဲ့ သူတွေနဲ့ လူကြီး တွေကိုတော့ စက္ကူကဒ် ပို့ပါတယ်။

နှစ်ယောက်သား ခရစ်စမတ် ကဒ်တွေ ရေးရတာလည်း အလုပ်တစ်ခုပေါ့။ ပို့ရမယ့် သူစာရင်း ကလည်း တစ်နှစ်နဲ့ တစ်နှစ် မတူဘဲ အနည်းငယ် ပြောင်းတတ် ပါသေးတယ်။ အိမ်ပြောင်း တဲ့သူတွေ၊ အိမ်ထောင်ကျ တဲ့သူ အစ ရှိသဖြင့်ပေါ့။ ဆုံးသွားတဲ့သူတို့၊ အိမ်ထောင်ဖက် မရှိတော့တဲ့ သူတွေလည်း ဒီနှစ် ထဲမှာရှိလို့ ဒီနှစ် ခရစ်စမတ်ကဒ် တွေမပို့ခင် ကဒ်စာရင်းကို အသေအချာ ပြင်ရဦးမယ်။ ကဒ်တွေ ကတော့ ၀ယ်ပြီးပါပြီ။

ဈေးရောင်းပွဲ

စနေနေ့က အမျိုးသားနဲ့ နှစ်ယောက်သား Children Society အတွက် ရံပုံငွေရှာတဲ့ ဈေးရောင်းပွဲကို သွားကြပါတယ်။ tombola လို့ သူတို့ခေါ်တဲ့ ကံစမ်းမဲ နှိုက်ရတဲ့ ဆိုင်ကို တာဝန် ယူရပါတယ်။ သောကြာနေ့ ညကတည်းက ဆိုင် သွားခင်းရတာပါ။ အလှူခံလို့ ရထားတဲ့ ဆု ပစ္စည်းတွေက အစုံပါပဲ။ ဒါတောင် ကိုယ်က ကိုယ့်ဆိုင် လူမစည်မှာ စိုးလို့ ဆုမဲ ငါးခု ထပ်ယူ သွားလိုက်သေးတယ်။ မဲလက်မှတ်တွေ လုပ်၊ ပေါက်မဲ နံပါတ်တွေကို ဆု တွေမှာကပ်၊ ဆိုင်လေးကို သပ်သပ်ရပ်ရပ်လေးနဲ့ စိတ်ဝင်တစားလေး ဖြစ်အောင် ပြင်ဆင် လိုက်ပါသေးတယ်။

အံ့သြစရာပါပဲ၊ လူကြီးရော ကလေးပါ လာအားပေးကြပါတယ်။ ၅၀ ပြားဖိုးကို ၂ခါ ကံစမ်းခွင့် ပေးပါတယ်။ ၁ကျပ်ဖိုးဆို ၅ခါပါ။ တချို့က ၅ခါမှာ ၁ခုမှ မပေါက်ပါဘူး။ ကံကောင်းသူများ ကျတော့လည်း ၂ခါမှာ ၂ခု ပေါက်ပါတယ်။ ကိုယ်ပါ သူတို့နဲ့အတူ လိုက်ပြီး စိတ်လှုပ်ရှားရတာ ပျော်စရာ ကောင်းပါတယ်။ အခုနှိုက် အခုပေါက်မို့ လူတွေကလည်း အပျော်သဘော မဲလာနှိုက်ကြပါတယ်။ ပေါက်မဲ နံပါတ်တွေက ၅ ရဲ့ဆခွဲကိန်းပါ။ ၃နာရီ အတွင်းမှာ လက်မှတ်တွေအားလုံး ကုန်သွားပြီး ၃၆ကျပ် အလှူငွေ အပ်နိုင်ခဲ့ပါတယ်။

ကိုယ့်ဆိုင်လည်း ရောင်းကုန်ရော တခြားဆိုင်တွေကိုလည်း လှည့်ပြီး အားပေး လိုက်ပါသေးတယ်။ ရေချိုးခန်းသုံး ပစ္စည်းတွေ ရောင်းတဲ့ဆိုင် ကနေ အမွှေးအကြိုင် ပစ္စည်း တချို့ ၀ယ်လာတယ်။ ဈေးတွေကတော့ မမေးပါနဲ့။ ရောင်းတဲ့ ဖွားဖွားတွေက မြန်မြန်ကုန် ပြီးရောဆိုပြီး Christian Dior ရေမွှေး တစ်ပုလင်းကို ၄ကျပ်နဲ့ ရောင်းလိုက်တယ်။ တချို့တွေကတော့ ဟိုတယ်တွေမှာ အလကားပေးတဲ့ ရေချိုးခန်းသုံး ပစ္စည်းလေးတွေပါ။ ခြင်းလေးထဲမှာ သပ်သပ်ရပ်ရပ်လေး ထည့်ထားပြီး ၅၀ပြားနဲ့ ရောင်းပါတယ်။ ရေမွှေးကို အတုအစစ် မပြောနိုင်လို့ ၀ယ်လိုက်ပြီး ကိုယ့်ဘာသာပဲ သုံးမယ်လို့ စဉ်းစားလိုက်တယ်။ သူများကို သွားပေးလို့ အစစ် မဟုတ်ရင် အားနာစရာကြီး။ သူကတော့ ဒီနှစ် အတွက် ရေမွှေး ၀ယ်စရာ မလိုတော့ဘူးပေါ့လို့ သတိပေး နေလေရဲ့။