Tuesday 27 October 2009

အင်တာနက် မရှိတဲ့ ၃ပတ်

မှတ်မှတ်ရရ အင်တာနက် မရှိတာ ၃ပတ် နီးပါး ဖြစ်သွားတယ်။ ဘာတွေ ဖြစ်သလဲဆိုတော့ ဘလော့ မလည်ရ တော့ဘူးပေါ့။ ဂူဂယ်မှာ ဘာဘာ ညာညာ ရှာမရဘူးပေါ့။ အွန်လိုင်း တက်တဲ့ သူငယ်ချင်းတွေ နဲ့လည်း မတွေ့ရဘူးပေါ့။ အိမ်က မိသားစုတွေ နဲ့လည်း စကား မပြော ဖြစ်ဘူး။ အိမ်ကနေလည်း အလုပ် မလုပ် ဖြစ်ဘူး။ လယ်ထဲက အပင်တွေလည်း ပျက်စီးကုန်မှာ သေချာတယ်။ စိတ် မထိန်းနိုင်မှာစိုးလို့ သွားတောင် ပြန်မကြည့်ဘူး။ ပြတ်လက်စနဲ့ပဲ ပြတ်ပါစေလေ။ အကြောင်းရင်းမှန်ကို မသိရှာတဲ့ သူငယ်ချင်းတချို့က လေပြင်းတွေ တိုက်လို့လားတဲ့။

အလုပ်ထဲမှာတော့ အီးမေးပဲ ပုံမှန် စစ်ဖြစ်တယ်။ အိမ်ရောက်မှ စိတ်ရှိတိုင်း အင်တာနက်ကို သုံးရတာ ခုမှ တန်ဖိုး သိတော့တယ်။ ကော်ဖီဆိုင်မှာ သူများတွေ အင်တာနက် သုံးနေတာ တွေ့လို့ လွယ်မယ် ထင်တာ မလွယ်ပါဘူး။ ကဒ်ကလေး ၀ယ်ပြီး ခုထိတောင် စာရင်း မသွင်း ရသေးလို့ မသုံး ဖြစ်ဘူး။ အဲ့ဒီ ပိုက်ဆံ ထည့်ထားတဲ့ ကဒ်တွေကလည်း ပိုက်ဆံအိတ် ပျောက်ရင် ပါသွားတော့ ၀ယ်ရတာ ခပ်လန့်လန့်။ ခုတလော ပျောက်တာရော မေ့တာရော အတော်များတယ်။ ဇရာက အရိပ်ပြနေတယ် ထင်ပါ့။

ဘလော့ရွာက သူငယ်ချင်း တွေကိုတော့ နေ့တိုင်း လွမ်းတယ်။ ဘယ်သူတွေ ဘာအသစ်တွေ ရေးထား ပြီလဲ လို့ပေါ့။ အတိုးချပြီး အခုမှ တ၀ ဖတ်ရမယ်။ အင်တာနက် မရှိတော့ အချိန်တွေ ပိုသလား မမေးပါနဲ့။ တီဗီ စီးရီး တခု နှစ်ခု လောက်တောင် ပုံမှန် ကြည့်ဖြစ်တယ်။ စာအုပ်လည်း ဖတ်ဖြစ်တယ်။ အိမ်က တယောက်နဲ့လည်း ပို စကားများဖြစ်တယ်။ အင်တာနက် ရှိရင် ကိုယ့်အာရုံနဲ့ ကိုယ် ငြိမ်နေကြတာလေ။ အိမ်မှာ အလုပ်တွေ ယူမလုပ် ဖြစ်တော့ ခေါင်းကိုက် သက်သာ သွားသလိုပဲ။

အမှတ်တရပေါ့...