Monday 1 March 2010

နွေဦး

ရာသီဥတုက သိသိ သာသာ ကောင်းလာပြီ။ ဘတ်စ်ကားပေါ် ထိုင်လိုက်လာရင်း မျက်နှာပေါ် နေရောင် ကျတာကို အရသာခံပြီး စိတ်ကူးယဉ် နေမိတယ်။ နေရောင်ကြောင့် ရတဲ့ အလင်းရယ် ပူနွေးတဲ့ နေပူရှိန်ရယ်က တကယ်ပဲ စိတ်ကို လန်းဆန်း စေတယ်။ မျက်စိစူးတဲ့ ကြားထဲက စိတ်ကူးထဲမှာ သူငယ်ချင်းတွေနဲ့ နေရောင်ထဲမှာ မုန့်တွေစားလိုက် ဈေး လျှောက်ဝယ်လိုက် စကား ထိုင်များလိုက်နဲ့ (အနော်ရထာလမ်းမကြီးရယ် Orchard Road ရယ် သူငယ်ချင်းတွေ ရှိတဲ့ နေရာတွေ) ကိုပါ မြင်ယောင် လိုက်တယ်။ ဒီလို ရာသီဆို ပန်းတွေကလည်း အရောင် စုံပြီး လှမှလှ။ ငေးစရာ ဖိနပ် လှလှလေးတွေလည်း ပုံစံ အမျိုးမျိုး တွေ့ရတတ်တယ်။ အင်္ကျီ အ၀တ်အစားတွေဆိုလည်း ဒီဇိုင်းတွေက တောက်တောက် ပပနဲ့ အားလုံး လိုချင်စရာ တွေချည်းပဲ။ အပျော်တွေက အပြင်မှာ တကယ်ပဲ ဖြစ်လာ သလိုလို...

လက်တွေ့ မှာတော့ မနက် ၆နာရီခွဲထဲက ထပြီး အိပ်ချင် မူးတူးနဲ့ ထွက်လာတာ။ ထွက်ထွက်ချင်း  ဘတ်စ်ကား နှစ်စီး တိုက်လို့ ဆိုပြီး လမ်းပိတ်တာနဲ့ ကြုံတယ်။ ကိုယ်စီးလာတဲ့ ဘတ်စ်ကား ကလည်း ပြွတ်သိပ်နေတဲ့ ကားတွေ ကြားမှာ အိပဲ့အိပဲ့ မောင်းနေရတယ်။ အစည်းအဝေးက ၁၀နာရီ ဆိုတော့ ခရီးသွားချိန် ၃နာရီ ထည့်တွက်ထားတာ။ တရွေ့ရွေ့သွားနေတဲ့ ကားတန်းကြီးကို ကြည့်ပြီး အန်ချင်လာတယ်။ ချက်ချင်း အန်လို့တော့ မဖြစ် သေးပါဘူး။ မနက်စာတောင် ဘာမှ မစားခဲ့ဘူး။ အဲ့သလို ဖြစ်မှာ ကြောက်လို့။ သကြားခဲ ၂ခဲ ၃ခဲ တခါထဲ ၀ါးစား ပစ်လိုက်တယ်။ သူများတွေ ပြောတဲ့ မအန်တဲ့ နည်းမျိုးစုံ ဆေးမျိုးစုံလည်း ကိုယ့်အတွက် မတိုးဘူး။ ဒီ သကြားခဲကတော့ သိပ် မဆိုး သလိုပဲ။ အကွေ့ အကောက်တွေ များတဲ့ နံမယ်ကြီး ချောင်းသာ သွားတုန်းက အဲ့ဒီ သကြားခဲကို အမိအရ ယူသွားတာ မအန် မပြုဘဲ တန်းတန်း မတ်မတ် ရောက်သွားလို့ အရမ်းကို အားကိုး မိသွားတာ။ သကြားခဲ ၀ါးပြီး မကြာဘူး ခေါင်းထဲ ချွေးတွေ ထွက်လာပြီး မူးလိုက်တာ။ ခြေတွေ လက်တွေပါ အေးလာပြီး လူက ပုံမှန် မဟုတ်တော့ဘူး။

စည်းဝေးခန်းထဲ ရောက်တော့ စိတ် မသက်သာစရာ အကြောင်းတွေနဲ့ စတယ်။ ပရောဂျက် ဘတ်ဂျက် ၅၀% လျှော့မည် လုပ်ရမယ့် အလုပ်ကတော့ မလျော့ပါတဲ့။ ဘယ်လို လူတွေ ဘယ်လို အကြံတွေနဲ့ ဘယ်လို စီမံကိန်းတွေ ဆွဲနေ ကြသလဲတော့ မသိဘူး။ အောက်ဆုံးက ဖားတွေကတော့ တကယ့်ကို ပြားပြီးရင်း ပြားပဲ။ တနေ့က ကြားလိုက်ရတဲ့ အသုံး အနှုန်း တခုကို အတော် သဘောကျ မိတယ်။ modern slavery ဆိုတာ။ ကျွန်ဆို မျက်စိထဲ တန်းမြင်တာက ပညတ်တော် ဆယ်ပါး ရုပ်ရှင်ထဲက နေပူထဲမှာ ခြေချင်း ခတ်ပြီး ပိရမစ် ဆောက်ဖို့ ကျောက်တုံးကြီးတွေ ရွှေ့နေတဲ့သူတွေ။ အပူဒဏ်ကြောင့် ပင်ပန်းလို့ တုံ့နှေးနှေး ဖြစ်သွားတာနဲ့ တပြိုင်နက် စောင့်ကြည့်နေတဲ့ အလုပ်သမားခေါင်းက ကြာပွတ်နဲ့ ရိုက်တာ။ ကျွန်ဆိုတော့လည်း လွတ်လပ်မှု ဘယ်ရှိပါ့မလဲ။ ကိုယ်တို့ ဘ၀လည်း မထူးပါဘူးလေ။ အချည်အနှောင်တွေ တာဝန်တွေ ၀တ္တရားတွေနဲ့ ဘယ်မှာ လွတ်လပ်လို့လဲ။ အစည်းအဝေးလည်းပြီးရော မေးချင်တာ မေးပါတဲ့။ ဘာမေးစရာမှ မရှိပါဘူး။ ၅၀% ဘတ်ဂျက်သာ ရပါစေဦး။ အပြင်က အပူက ရင်ထဲ တကယ့်ကို ကူးစက်လာတာကိုး။