Thursday 29 January 2009

၁၆ - ၁၈

ဒီနေ့ ရုံးမှာ criminal record bureau check လုပ်ဖို့ ပြောလာလို့ စဉ်းစားမိတဲ့ ၁၆ - ၁၈ နှစ်တွေ အကြောင်း ရေးမိတာပါ။ ဒီ အရွယ်က hot list ထဲမှာ ပါတယ် လို့ ဆိုရ မလား။ ဘာလုပ်လုပ် ၁၈ နှစ်အောက်ဆို စည်းကမ်းက တမျိုး၊ သူတို့ သင်တန်း တက်မယ်ဆို ခွင့်ပြု ချက်တွေ အဆင့်ဆင့် ယူရတယ်၊ မေးခွန်းတွေ တသီကြီး ဖြေရတယ်၊ ပို့ချ သူကလည်း စစ်ဆေးမှုတွေ ခံယူရတယ်။ အရွယ် မရောက်သေး သူတွေ မို့ လူကြီး လို့ ယူဆ လို့မရ ၊ ကလေး လေးတွေလည်း မဟုတ် တော့တဲ့ ကြား အရွယ်တွေ။ လူကြီး တွေနဲ့ တန်းတူ ခံစားခွင့် သူတို့မှာ မရှိပါဘူး။ ဥပမာ သူတို့က နာရီပိုင်း လုပ်အားခ ဆို လျော့ရပါတယ်။ လူကြီးတွေ မရတဲ့ အခွင့်အရေးမျိုးတွေ တော့ သူတို့ တပုံကြီး ရပါတယ်၊ အထူးသဖြင့် ပညာရေးပါ။

ပုံမှန် အားဖြင့်တော့ ၁၅ နှစ်အထိ အထက်တန်းကျောင်း တက်နေရတာပါ။ တချို့က ကျောင်း ဆက်မတက်ဘဲ အလုပ်ဝင် ပါတယ်။ တချို့ကျတော့လည်း ဟိုမရောက် ဒီမရောက် ကျောင်းလည်း မတက် အလုပ်လည်း မလုပ်ဘဲ ဝေလေလေ လုပ်နေကြပါတယ်။ ဒီဝေလေလေ not in education, employment or training (NEET) အုပ်စုအတွက် အစိုးရက နောင်ရေး စဉ်းစားပြီး သီးသန့် ဘတ်ဂျက်တွေ ချပေးပါတယ်။ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ အတွက် ချပေးတဲ့ များစွာသော စီမံကိန်း များထဲက တစ်ခုပေါ့။

သူတို့ အတွက် နောင် အသုံးဝင်နိုင်မယ့် သင်တန်းတွေ တက်ဖို့၊ စာမေးပွဲတွေ ဖြေဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ခက်တာက အဲ့ဒီ NEET အုပ်စုဝင် ၁၆-၁၈ နှစ် အရွယ် ပုဂ္ဂိုလ်တွေက ဒါတွေကို စိတ် မ၀င်စားတာပါပဲ။ သူတို့က စာသင်ခန်းတွေကို မုန်းလို့ ကျောင်းထွက်တယ်၊ စာမေးပွဲ ဖြေဖို့ မပြောနဲ့ စာဆို လုံးဝ မကြည့်ချင် ဆိုတဲ့ ပုံစံ။ ကျောင်းတွေ အဖွဲ့အစည်း တွေကလည်း အစိုးရ ချပေးထားတဲ့ ငွေတွေ သုံးဖို့၊ ကျောင်းသား ဦးရေ ပြည့်ဖို့ ဒီ NEET အုပ်စုကို ရှာရတယ်။ လုံးဝ မလွယ်ပါဘူး။ အလုပ်ချပေးတဲ့ ဌာနက လူတွေက အချိန် မလေးစားတဲ့ သူတွေ လို့ ညည်းတယ်။ ချိန်းတိုင်း ပျက်လို့။ သင်တန်း စီစဉ်သူတွေ ကလည်း ခဏခဏ ခံရပေါင်း များပြီတဲ့။ ဆရာတွေ ကလည်း ဒီအုပ်စုဆို နှာခေါင်းရှုံ့တယ်။

ကိုယ်လည်း ထဲထဲဝင်ဝင် မသိရခင်က ရောပြီး သံယောင်လိုက်မိပါတယ်။ ဒီကလေးတွေ နဲ့ သေချာ စကား ပြောကြည့်တော့မှ သူတို့ ဘ၀တွေက ကိုယ်တို့ ထက်တောင် ကြမ်းတမ်း ပါတယ်။ ကလေး တယောက်ကို မှတ်ပုံတင် တောင်းတော့ မရှိဘူး၊ အာမခံ နံပါတ်လည်း မရှိဘူး၊ မိသားစုနဲ့ ကွဲနေပြီး သူ့ကို နေရာ မျိုးစုံ ရွှေ့လွန်းလို့ ဒီ နံပါတ် ရဖို့ မတိုင်ခင်ပဲ နောက် တနေရာ ထပ် ပြောင်းရ တယ်တဲ့။ နောက်တယောက် ကြည့်လိုက်တော့ ဖြူဖြူ ဖွေးဖွေး နုနုလေး၊ ထောင်ထဲ သွားရ တော့မယ်တဲ့။ သူ့ သူငယ်ချင်းတွေက ထောင်ထဲ ရောက်တာနဲ့ ပထမဆုံးက မုဒိန်းကျင့် ခံရတာပါပဲလို့ ပြောပြ နေကြတယ်။

ကိုယ်ကတော့ သူတို့နဲ့ စကား ပြောဖြစ်တိုင်း ၁၈ နှစ် ကျော်သွားလျှင် ဘာမဆို အလကား မရနိုင်တော့တဲ့ အကြောင်း၊ အနာဂတ် အတွက် ၁၈ မပြည့်ခင် အရာထင် အောင် လုပ်ထားဖို့တွေ ပြောပေမယ့် တွေ့ရတဲ့ သူ တော်တော် များများက လူဆိုး စာရင်းဝင် တွေ ဖြစ်နေ ပြန်တယ်။ တကယ်တော့ ၁၆ - ၁၈ ဆိုတာ ထိခိုက် ရှလွယ်တဲ့ အရွယ် တွေမို့ တည့်တည့် မတ်မတ် လျှောက်နိုင်အောင် ထိန်းကျောင်း လမ်းပြ ပေးမယ့် သူ လိုတယ် လို့ ထင်တာပဲ။ ကိုယ် သူတို့ အရွယ်တုန်းက ရော ဘယ် နားမှာ ဘာလုပ် နေပါလိမ့်။

Monday 26 January 2009

Who do you think you are?

ဘီဘီစီ ကလာတဲ့ who do you think you are စီးရီးကို ကြည့်ရင်း စဉ်းစားမိတယ်။ ကိုယ့် ဘိုးဘွား ဘီဘင် တွေက ဘယ်သူတွေလဲလို့။ အဖေ့ အဖေနဲ့အမေ ကို မှီလိုက်ပေမယ့် သူတို့ရဲ့ ဆွေမျိုး မိသားစုတွေ အကြောင်း ဘာမှ မသိဘူး။ အညာက ဆိုတာပဲ သိတယ်။ အမေဘက် ကျပြန်တော့လည်း အဖိုးက ကိုယ်တို့ အမေ မင်္ဂလာ မဆောင်ခင် ကတည်းက ဆုံးသွားတာ ဆိုတော့ အဖွားပဲ မှီတယ်။ အဖွားက သူ့ဘ၀ ဇာတ်ကြောင်းတွေ တခါတလေ ပြောပြလို့ တချို့တ၀က် သိရပါတယ်။ အဖိုး အဖွားတွေ ရဲ့ အဖေ အမေ တွေ က ဘယ်သူတွေလဲ၊ ဘယ် အရပ်ဒေသ ကလဲ၊ ဘာ လုပ်ကိုင် စားသောက်ကြလဲ၊ မောင်နှမ သားချင်း ဘယ်နှစ်ယောက် ရှိလဲ၊ ဘယ် ဘာသာ ကိုးကွယ်လဲ၊ သိချင်တာတွေက အများကြီး။ မေးဖို့ ဘယ်သူမှ မရှိတော့ သလောက်ပဲ။ အမေဘက်က အဖိုးနဲ့ အဖွားဆို သူတို့ သူငယ်ချင်း ဆွေမျိုးတွေ ပြောတာသာ မကြားဖူးရင် သူတို့ လူလတ်ပိုင်း အရွယ် ဘ၀ အခြေအနေက ကိုယ်တို့ သိတဲ့ အဖိုးအဖွား လက်ရှိ ဘ၀ အခြေအနေနဲ့ တခြားစီ။ အဖွားက တခါမှ ပါးစပ်က ထုတ်ဖော် မပြောပေမယ့် သူ့သား တယောက်က မွေးစားတာဆိုတာ သူများတွေ ပြောလို့ ကြားဖူးပါတယ်။ မြေနီကုန်းမှာ နေတုန်းက အိမ်နီးနားချင်း အမျိုးသမီးရဲ့ ဒုက္ခကို ဖြေရှင်းဖို့ အဖွားတို့က အဲ့ဒီ ကလေးကို မွေးစားလိုက်တယ်တဲ့။ တကယ်သာ မှန်ခဲ့ရင် ကိုယ်တို့ ဦးလေးလို့ မှတ်ယူထားတဲ့ သူက သွေးသား မစပ်တဲ့ သူစိမ်း တယောက် ဖြစ်နေမှာပေါ့။ သူ့ သားသမီး တွေကလည်း ကိုယ်တို့ရဲ့ တ၀မ်းကွဲ မောင်နှမတွေ မဟုတ်တော့ဘူး။ မိသားစု စက်ဝိုင်း တခုလုံး ဗြောင်းဆန်ခတ် သွားနိုင် လောက်တဲ့ ကိစ္စမျိုး ဖြစ်နိုင်တယ်။ တွေးရင်း နဲ့တောင် ကြက်သီးထတယ်။

ကိုယ့် အမျိုးသားဆို သူ့အဖိုးအဖွား အားလုံးကို နာမည်တောင် မသိဘူးတဲ့။ သူ့အမေရဲ့ ဘ၀ ဇာတ်ကြောင်း ကလည်း ရုပ်ရှင်ဇာတ်လမ်း ရိုက်လို့ရတယ်။ မွေးသမျှ သမီးတွေချည်း ဖြစ်နေလို့ ပေးပစ်တာ အားလုံး တယောက်တကွဲစီ ဖြစ်ကုန်သတဲ့။ သမီး အကြီးဆုံး ကတော့ သူ့ ညီမလေးတွေ ဘယ်အိမ် ရောက်သွားလဲ ဆိုတာ မှတ်ထားတယ်။ အရွယ်ရောက်တော့ အဲ့ဒီ အမ အကြီးဆုံးက လိုက်ရှာပြီး ညီအမ တတွေ ပြန်ဆုံ ကြရတာတဲ့။ မွေးစားတဲ့ မိသားစုအလိုက် အကျင့်စရိုက် ဘာသာ ပညာ အဆင့်အတန်း ကွဲပြား ကုန်ကြတယ်။ ဒါပေမယ့် ညီအမ တတွေ ရုပ်ချင်း အတော်ဆင်ကြတယ်။

ကိုယ်တို့ ကလေးများ ရှိလာလျှင်လည်း သူ့ဇာတိ အရင်းအမြစ်ကို သိချင်ရှာမှာပဲ လို့တွေးမိတယ်။ နိုင်ငံရပ်ခြားမှာ မွေးတဲ့ ကလေးတွေအတွက် ကိုယ့်မိဘရဲ့ ဇစ်မြစ်ကို သိရအောင် family tree သို့မဟုတ် family history ကို တနိုင် လုပ်ထား သင့်တယ် လို့လည်း တွေးမိတယ်။ သူတို့ generation အတွက် ဆို ကိုယ်တို့ ပြောသမျှက ၀တ္ထု ဇာတ်လမ်း လိုဖြစ်နေမလားပဲ။ မိသားစု ရာဇ၀င်ကိုတော့ စိတ်ဝင်စားမယ် လို့ မျှော်လင့်ရတာပဲလေ။

Wednesday 21 January 2009

ချစ်သူတို့အကြောင်း

သတင်း ပေးတာက ရွှေသက်။ ကျောင်းမှာ နောက် မြန်မာ တယောက် ရောက်နေပြီ၊ register မှာ တွေ့လိုက် တယ်တဲ့။ လောလောဆယ် မိန်းကလေး ၃ယောက်ပဲ ရှိတာ နောက် တယောက် တိုးလာပြီ ဆိုတော့ အဖော် ရတာပေါ့လေ လို့ တွေးပြီး ပျော်နေလိုက်တယ်။ မြန်မာ စကား ပြောသံကြားလို့ ကမန်းကတန်း စာအုပ်တွေ ကောက်သိမ်းပြီး အခန်း အပြင် ထွက်လိုက်တော့ ရွှေသက်နဲ့ စကားပြောနေတဲ့ လူတွေက တခါမှ မမြင်ဖူးတဲ့ ယောကျာ်းလေး နှစ်ယောက်။ အနားက တယောက်ကို လက်ထဲက စာအုပ်တွေ စီရင်း ဒီဖိုင်လေး ခဏ ကိုင်ပေးထားလို့ ရမလား လို့မေးတော့ လက်မပါဘူးလား တဲ့။ အလန့်တကြား မော့ကြည့်လိုက်မိတယ်။ ခင်ဗျားကလည်း ဆိုပြီး နောက်တယောက်က ပြုတ်ကျခါနီး ဖိုင်ကို လှမ်းယူ လိုက်တယ်။ ကျေးဇူးတင်ပါတယ် လို့ ကူညီတဲ့သူကို ပြောပြီး ကိုယ့်ကိုကိုယ် မိတ်ဆက် လိုက်တယ်။ စကားစပ်လိုက်တော့ ကိုယ့် အချစ်ဆုံး သူငယ်ချင်းရဲ့ အကိုဝမ်းကွဲ ဖြစ်နေတယ်။ နံမည်ကြားပြီး ရင်းနှီးနေတာ ငါးတန်းထဲက၊ အခုမှလူချင်း တွေ့ဖူးတယ်။ ရန်ကုန်သူနဲ့ မန္တလေးသား စကား အမျှင် မပြတ်နိုင်လို့ ဖုန်းနံပါတ် လိပ်စာ လဲကြတော့ အိမ်ချင်းကလည်း တဘူတာပဲ ကွာတယ်။ အော် တူတူပြန်လို့ ရတာပေါ့။

အိမ်ပြန်ရောက်တော့ ပုံ့ပုံ့ကို ဖုန်းဆက်ရင်း နေ့လည်က တွေ့ခဲ့ရတဲ့ လူသစ် နှစ်ယောက် အကြောင်း ပြန်ဖောက်သည်ချမိတယ်။ ရွှေသက်ပြောတဲ့ ကွန်ပြူတာ တက္ကသိုလ်က တယောက် ကိုတွေ့ပြီ၊ ငါတော့ လုံးဝ စိတ်မ၀င်စားဘူး၊ ငါ့ ဒီဇိုင်း မဟုတ်ဘူး လို့။ ယောကျာ်းဆို အသား ညိုညို မျက်ခုံး ကောင်းကောင်း ရင်အုပ် ကျယ်ကျယ် ကျားကျား လျားလျား မျိုးမှ ရင်ခုန်ဖို့ ကောင်းတာ လို့ စိတ်ကူးယဉ် ထားတာ။ ပုံ့ပုံ့က နောက်တယောက်ကရော တဲ့။ မန္တလေးသား ယဉ်ကျေးတယ် ကူညီတတ်တဲ့စိတ်ရှိတယ် လို့ ပြောပြလိုက်တယ်။

နောက် မြန်မာ ယောကျာ်းလေး နှစ်ယောက် ထပ်ရောက်လာလို့ ယောကျာ်းလေး လေးယောက် မိန်းကလေး သုံးယောက်ဖြစ်သွားပြီး အုပ်စုလည်း တောင့်သွားတယ်။ သိပ်မကြာဘူး သူငယ်ချင်းတွေ အသီးသီး အတွဲ ရကုန် ကြတော့ အတွဲ မရှိသေးတဲ့ သူတွေပဲ ကျောင်းမှာ စာလာ ကျက်ကြတယ်။ တနေ့ ဓါတ်လှေကား အလာ စောင့်နေတုန်း ဘယ်သွားမလို့လဲ တယ်လှပါလား တဲ့။ ထမင်းသွားစားမလို့ ဆိုတော့ သူလည်း စားမယ် ဆိုပြီး လိုက်လာတယ်။ ပြီးတော့ ပိုက်ဆံရှင်းလိုက်တယ်။ နောက်တခေါက် ကျ ပေးပေါ့တဲ့။ ဟုတ်ကဲ့ ပါပေါ့။ ကျောင်းကအပြန် လမ်းကူးတော့ ကားလာတဲ့ဖက်ကို သူ့လက်နဲ့ ကာတာ တွေ့လိုက်ပြီး ရင်ထဲ နွေးသွားတယ် (တကယ်ပြောတာ)။

စာမေးပွဲ ရက်တွေမှာ အိမ်ကို နေ့တိုင်း ဖုန်းဆက် ပြီး သတင်း မေးတော့လည်း ဒိုင်ခံ ဖုန်းပြော ရတာပေါ့။ စကားစပ် ကြည့်တော့ သိတဲ့သူချင်း တော်တော် များများ တူနေတယ်။ သူ့ အခင်မင်ဆုံး သူငယ်ချင်း ဆိုသူက ကိုယ့်ကို လေယာဉ်ကွင်း တောင် လိုက်ပို့ သေးတယ်၊ ဒါပေမယ့် ကိုယ်တို့ နှစ်ယောက်ကို မိတ်မဆက် ပေးလိုက်ဘူး။ နေ့လည် ထမင်းစား သွားတိုင်း သူချည်း ရှင်းတာ တနေ့တော့ ဘဏ်ထဲက ကျန်တဲ့ ၁၀ ဒေါ်လာကို သွားထုတ် လာသတဲ့။ သူ ချမ်းသာသမျှ အကုန် ကိုယ့်အတွက် ချသုံးတာ တစ်ခုတည်းနဲ့ ကိုယ့်အပေါ်ထားတဲ့ မေတ္တာ အတိမ်အနက် ကို မှန်းလို့ရတယ်လေ။ နောက်တခါ ရင်ထဲ နွေးသွားတယ်။

အဲ့ဒီ အချိန်က အနားမှာ သုံးနိုင် ဖြုန်းနိုင်လို့ မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ လူအချို့နဲ့ နှိုင်းယဉ် ကြည့်တော့ ဖွဲနဲ့ဆန်ကွဲပဲ။ တတ်တဲ့ ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တဲ့ သူ့ စိတ်ဓါတ် ကို သဘောကျတာ။ စေတနာတွေ ဂရုဏာ ထားတာတွေလည်း ပါတာပေါ့။ အသား ညိုညို မျက်ခုံး ကောင်းကောင်းတွေ လည်း မကြည့်မိတော့ပါဘူး။ ကိုယ့်ကို အတိအလင်း ချစ်ရေးဆိုတော့ တခွန်းထဲပဲ မေးမိပါတယ်၊ အိမ်ထောင်ရှိလား လို့။ ကလေး ၂ယောက် တဲ့။ Sogo စတိုးဆိုင်တစ်ခုလုံး လည်နေသလိုပဲ ခေါင်းတွေ မူးလာပြီး မျက်စိမျက်နှာ ပျက်သွားတဲ့ ကိုယ့်ကို ကြည့်ပြီး အားရပါးရ အော်ရီတဲ့ မျက်နှာကို တသက် မမေ့ဘူး။

Sunday 18 January 2009

သိလား

လမ်းထဲမှာ ညဘက် သီချင်းဆိုသံကြားရင် တခါတလေ စာကျက်တာ ရပ်ပြီး နားထောင် ဖြစ်တယ်။ ဆိုတဲ့သူရဲ့ အသံ ကောင်းတာပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ သီချင်း ဆိုရင်ပဲ ဖြစ်ဖြစ်ပေါ့။ တခါမှတော့ ဘယ်သူတွေ လာဆို တာလဲလို့ မစပ်စု ကြည့်မိဘူး။ တခါတလေ တစ်ယောက်တည်း၊ တခါတလေလည်း အဖွဲ့လိုက်၊ အဖွဲ့တောင် ပြောင်းချင် ပြောင်းဦးမယ် ထင်တယ်။ မောင်လေးတွေလည်း ဂီတာ တီးတတ်တဲ့ အချိန်ကျတော့ ညဘက် အိမ်ရှေ့မှာ သီချင်းဆိုကြတာပဲ။ ဆယ်တန်းရောက်တော့ ညဘက် စာကျက်ရင် အမေနဲ့ အဘွားက လက်ဖက်သုပ်၊ စားစရာတွေ လုပ်ပြီး စောင့်တတ်ကြပါတယ်။ မစောင့်နဲ့ ပြောလည်း မရဘူး။ တနေ့တော့ အဘွားက ငါ့မြေးစာကျက်နေတယ် ဒီနားမှာ လာမဆိုကြနဲ့ လို့ ထွက်ပြောပါလေရော။ နောက်နေ့ ကျတော့ စိုးလွင်လွင်ရဲ့ အနံကြီး ကွင်းကျယ် သီချင်း လာအော်ကြတယ်။ အဲ့ဒီ အချိန်က သီချင်း အသစ်ဆိုရင် လက်ဖက်ရည် ဆိုင်တွေက အရင် ဖွင့်ကြလို့ ကြားရတယ်။ ကြိုက်ရင်တော့ အခွေ ငှားပြီး နားထောင်၊ သိမ်းထားချင်ရင်တော့ ၀ယ်တာပေါ့။ မြို့ထဲနေတဲ့ အခါကျတော့ ကိုယ်ကြိုက်တဲ့ အဆိုတော် အခွေအသစ် မထွက်ခင် စပယ်ဦးရှေ့မှာ ပူရီစားရင်း နားထောင်ခဲ့ရတာ။ အဆိုတော်ကို ကြိုက်တာဆိုတော့ သူ့သီချင်း အားလုံးက ကောင်းတာပေါ့၊ ပြီးတော့ အခွေဝယ် သိမ်းတာပဲ။ ခိုင်ထူး ရဲ့ သိလား က ညဘက်လာဆိုကြတဲ့ သီချင်းတွေထဲက အကြိုက်ဆုံး တစ်ပုဒ်ပါ။


နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့် နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်အချိန်ထဲမှာ တွေ့ပေမယ့် တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမြောမိတယ် သိလား...
ချစ်ရတဲ့သူ့ကို ဒါတွေသာပြောခွင့်ရရင် အကြင်နာရမလား ရင်နာရမလားကွယ် သိလား...

သူ့ရဲ့ အသံလေးတွေ ကြားနေဆဲ နားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှ မဖျောက်နိုင်
အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လည်း သူ့စိတ်ထဲမှာ ဘယ်လိုရှိမယ် ကြိုတင်မတွေးရဲပါ သိလား ...
သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ သူသိသားနဲ့ နေနိုင်လား အချစ်ရယ် သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်းအဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူမြန်မြန်သိပါစေ သူမြန်မြန်ကြားပါစေ

အကြင်နာရမလား ရင်နာရမလား သိလား...

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ဒီသီချင်းအဓိပ္ပါယ်သိပါစေ
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ ရည်ရွယ်တဲ့ အကြောင်းကို
သူမြန်မြန်သိပါစေ သူမြန်မြန်ကြားပါစေ

နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့် နှလုံးသားထဲမှာ အချစ်ဆုံးကို ဘယ်လိုမှမမေ့နိုင် သိလား...
အိပ်မက်အချိန်ထဲမှာ တွေ့ပေမယ့် တရေးနိုးတဲ့ အခါ ကွယ်ပျောက်သွားမှာ တကယ်နှမြောမိတယ် သိလား...

ချစ်ရတဲ့ သူ့ဆီ လိုချင်တာ တောင်းခွင့်ရရင် အကြင်နာသစ်ဆု အကြင်နာသစ်ဆုကိုတောင်းမယ်

Wednesday 14 January 2009

မရှိဘူးမပြောနဲ့

ငယ်ငယ်က အဘွားပြောတာ... မရှိဘူးပြောရင် တကယ်မရှိ ဖြစ်သွားမယ် တဲ့။ အိမ်မှာ အဒေါ် တယောက်က ဘာမေးမေး မရှိဘူး လို့ ပြောတတ်တယ်။ ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲ လို့ ဆိုသေးတယ်။ အဘွားကတော့ သူ့ရှိသမျှ ပေးတာ နောက်ဆုံး သူများယူတဲ့ အကြွေးတွေပါ ဆပ်ပေးတဲ့အထိ။ မရှိဘူးလို့ ပြောတဲ့ အဲ့ဒီ အဒေါ်က အားလုံးထဲမှာ အဆင်အပြေဆုံး ပေါ့။ ဒါပေမယ့်လည်း သူ့ ကြည့်လိုက်ရင် ပြေးလိုက် လွှားလိုက် ဟိုကဟာ ဒီပေးလိုက် နဲ့ ဖတ်ဖတ်ကို မောနေတာပဲ။

ငယ်ငယ်က အတန်းထဲမှာ တူတူထိုင်တဲ့ တယောက် က စာတော်တဲ့ အထဲမှာ ပါပါတယ်။ သူ့ကို စာ ဘယ်လောက် ကျက်ပြီး ပြီလည်း လို့ ဘယ်တော့မေးမေး မကျက်ရသေးဘူး၊ မရဘူး ပဲ ပြောတယ်။ ဆယ်တန်းအောင်တော့ သူ ခြေချော် လက်ချော် ဖြစ်ပြီး ရည်မှန်းထားတဲ့ ဆေးတက္ကသိုလ် ကို အမှတ်မမီဘူး။ အသိထဲက နောက်တယောက်ကတော့ အမြဲတမ်း ညည်းတာပဲ၊ သူ့မှာ ဘာမှ မရှိတဲ့ အကြောင်း၊ မပြည့်စုံတဲ့ အကြောင်း။ လူကတော့ အ၀တ်အစားရော လက်ဝတ်ရတနာပါ ၀တ်နိုင်ပါတယ်။ အိမ်မှာလည်း အသုံးအဆောင် ပစ္စည်း အပြည့်အစုံ ရှိပါတယ်။ ဒါပေမယ့် မရှိဘူးလို့ ညည်းတော့ တခြားသူတွေက ပေးကမ်းတာကို ပဲ ခံယူရတဲ့ အခြေအနေမျိုး နဲ့ အမြဲလိုလို ကြုံရပါတယ်။ အမျိုးထဲ က တယောက်ကတော့ လိုချင်တာတွေ မရှိတာကို ငါတို့က ဥစ္စာ မရှိဘူး လို့ အမြဲပြောတယ်။ သူတို့ မိသားစုလည်း အမြဲ ရှာနေရတာပဲ။

တွေးမိတာကတော့ ကိုယ့်ဘာသာ ပါးစပ်နိမိတ် ဖတ်မိကြတာလားလို့။

Monday 12 January 2009

အချစ်ဝတ္ထု

မနေ့က မြန်မာ အချစ်ဝတ္ထုတွေ ရသလောက် လိုက်ဖတ်တာ ၃အုပ် ပြီးသွားတယ်။ အိပ်မက်ထဲတောင် ပါလာသေးတယ်။ ဖတ်လို့ ကောင်းတုန်း၊ ဇာတ်ကောင်တွေ နေရာမှာဝင်ပြီး စိတ်ကူးယဉ်ကာ ခံစားရတုန်းပဲ။ အချစ်ဝတ္ထု ဖတ်ပြီး ၀မ်းနည်းလိုက်၊ ၀မ်းသာလိုက်၊ လွမ်းဆွေးလိုက်၊ မုန်းလိုက်၊ ချစ်လိုက် နဲ့ ချစ်သူမရှိသေးတဲ့ အချိန်မှာ အချစ်ဆိုတာကို အချစ်ဝတ္ထု တွေထဲကနေပဲ မှန်းပြီး ခံစားရတာကိုး။ အချစ်ဝတ္ထု ဖတ်ပြီး ကိုယ့် ချစ်သူကို စိတ်ကူးနဲ့ ပုံဖော် ကြည့်ကြရတာ၊ ချစ်သူတွေ့တဲ့ အခါကျတော့လည်း အချစ်ဝတ္ထုထဲက စံတွေအတိုင်း ဖြစ်လာမလားလို့ မျှော်လင့်ရ၊ မှန်းထားတာနဲ့ တထပ်တည်းကျရင် တယ်ဟုတ်ပါလား အချစ်စစ်ဆိုတာ ဒါမျိုးနေမှာ ဆိုပြီး တွေး၊ ချစ်သူချင်း စိတ်ကောက်ကြတဲ့ အခါလည်း အချစ်ဝတ္ထုတွေထဲကလို ၀မ်းနည်းစကားတွေ စာတွေ ရှာကြံပြီး ဆို၊ ရေး နဲ့ ကြီးပြင်းလာတဲ့ တလျှောက် အချစ်ဝတ္ထုတွေက ကိုယ်တို့ သူငယ်ချင်း တအုပ်အတွက်တော့ ရည်ညွှန်းစာအုပ်လို အတော်လေး အရေးပါခဲ့တယ်။

သူငယ်ချင်းတွေထဲမှာ ပထမဆုံး စွံတဲ့ တယောက်ရဲ့ ရီးစားစာတွေကို ၀ိုင်းဖတ်၊ ဝေဖန် အကြံပြုချက်တွေပေး၊ စာအုပ်တွေ ထဲကအတိုင်း လျှောက်စဉ်းစားပြီး ၀ိုင်းဝန်း ဆုံးဖြတ် ပေးတတ်ကြတယ်။ သူတို့လိုက်ပြေးတော့လည်း သူငယ်ချင်းတွေ အားလုံးက ရှိတဲ့ ပိုက်ဆံ၊ လက်ဝတ်ပစ္စည်း တွေကို ရက်ရက်ရောရော ပေးလိုက်ကြသေးတယ်။ ပြန်တွေးကြည့်တော့ အချစ်ဝတ္ထုတွေထဲကလို အချစ်ရေးရာ ကိစ္စတွေမှာ သူငယ်ချင်းတွေ ရိုင်းပင်းကြတာ ကို အတုယူတာ နေမှာလို့။ တက္ကသိုလ်ကျောင်းတွေ၊ ကျောင်းသားတွေ သွားတတ်တဲ့ နေရာမျိုးတွေကိုလည်း ၀တ္ထုတွေ ထဲကနေပဲ အရင် ရင်းနှီး နေခဲ့ကြပြီး၊ ကိုယ်တက္ကသိုလ် တက်တဲ့အခါ အဲ့ဒီနေရာတွေကို လျှောက်ကြည့်ကြတယ်။ စက်မှုတက္ကသိုလ် သွားလည်တော့လည်း သြဘာလမ်းကို လျှောက်မိမှာ ကြောက်လိုက်ရတာ။ ၀တ္ထုထဲက ဇာတ်လိုက် ၀တ်စား ဆင်ယင်တာမျိုး အပြင်မှာတွေ့ရင် ပြူးပြဲပြီး လိုက်ကြည့်သေးတယ်။

ကိုယ်ကတော့ အဒေါ်အငယ်ဆုံးနဲ့ ပေါင်းပြီး ငြိမ်းကျော်ရဲ့ ၀တ္ထုတွေ စ ဖတ်ရတယ်။ သူ့ဇာတ်လိုက်တွေက ယောကျာ်း ပီသပြီး တည်ငြိမ်တဲ့ ပုံစံတွေများတယ်၊ စိတ်ကူးယဉ်ခဲ့ရတာ အမော။ သူ့ဝတ္ထုထဲမှာ မိသားစု မောင်နှမတွေ သိုက်သိုက်ဝန်းဝန်း ရှိတာမျိုးလည်း ကြိုက်သေးတာ။ နောက်တော့ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ မြနှောင်းညို၊ ဆွေဆွေအောင်၊ ဝေေ၀အောင်၊ လမင်းမိုမို၊ ပုဏ္ဏမီ၊ လွန်းထားထား၊ မိုမို (ဆေးတက္ကသိုလ်)၊ ဂျူး၊ မေငြိမ်း၊ အဒေါ်ဖတ်သမျှ ကိုယ်လည်း လိုက်ဖတ်ခဲ့တာ။ ဂျုးရဲ့ ဇာတ်လိုက်တွေဖြစ်တဲ့ ကိုနန္ဒ၊ မင်းထင်ကျော် ဆိုတာတွေကိုတော့ အပြင်မှာတွေ့မလားတောင် မျှော်လင့်မိသေးတယ်။ ဂျူးရဲ့ ဇာတ်ကောင်တွေကျတော့ စရိုက် အမူအကျင့်တွေ တယောက်နဲ့ တယောက် မတူပြန်ဘူး။ ပျော့ညံ့တယ်လို့ ထင်မိတဲ့ တစ်ဦးတည်းသောသား ထဲက ဇာတ်လိုက် ဆိုရင်တော့ မကြိုက်ချင်ပြန်ဘူး။

ဆယ်ကျော်သက် အရွယ်တုန်းက အိမ်မှာ အချစ်ဝတ္ထု ဖတ်ရဖို့ သိပ်မလွယ်ကူပါဘူး။ အဒေါ်တွေက ကိုယ်ဖတ်သမျှ စာအုပ်အားလုံး လိုက်ဖတ်တယ်။ အဖွားကတော့ ၀တ္ထုတွေ မီးရှို့ပစ်မယ် လို့ ကြိမ်းတတ်တယ်။ ဒါနဲ့တောင် စာအုပ် အသစ် ထွက်ရင် စာအုပ် အငှားဆိုင်ကို ပြေးပြီး အရင်ဆုံးရအောင် ဦးတာပဲ။ အငှားဆိုင်ကလည်း သိနေတော့ ကိုယ်ဖတ်တတ်တဲ့ စာအုပ်မျိုးတွေကို ဖယ်ထားပေးတယ်။ ညနေဖက် စာအုပ်အငှားဆိုင်ကို သူငယ်ချင်းတွေနဲ့ သွားရင်း လမ်းလျှောက်ထွက်ရတာလည်း ပျော်စရာကောင်းပါတယ်။ အိမ်ကတယောက်ကို အချစ်ဝတ္ထု ဖတ်လားဆိုတော့ တခါမှ မဖတ်ဖူးဘူးတဲ့၊ ငါတို့က သုတစွယ်စုံပဲဖတ်တယ် တဲ့။ ပျင်းစရာကောင်းလိုက်တာနော်။

Wednesday 7 January 2009

စီးကရက်သောက်ခြင်း

စီးကရက် သောက်ခြင်းနဲ့ ပတ်သက်ပြီး ကိုယ့်ခံစားမှု သက်သက် ကိုပဲ ရေးချင်တာပါ။ ဘယ်လို အရသာ ရှိလဲ၊ ဘာ ခံစားရလဲ၊ စီးကရက် သောက်လို့ ကိုယ့် အပေါ် သူများ ဘယ်လိုမြင်သလဲ၊ တခြားသူတွေနဲ့ ကိုယ့်ကို ဘယ်လို အကျိုး သက်ရောက်စေလဲ သို့မဟုတ် ထိခိုက်စေလဲ စသဖြင့် တွေးတောမိတဲ့အခါ...

အနီးဆုံးကတော့ အဖေပေါ့။ သူငယ်ချင်းတွေနဲ့ စီးကရက်ကို စတိုင်ထုတ်ပြီး သောက်ရင်း ကြာတော့ စွဲသွားတာလို့ အမေက ပြောဖူးတယ်။ အသက် ငယ်ငယ်နဲ့ လူကြီး လုပ်ရတဲ့ အလုပ်ကြောင့်လည်း စိတ်ဖိစီးမှုတွေ ရှိတိုင်း စီးကရက်တွေ တလိပ်ပြီး တလိပ် ဆက်တိုက် အများကြီး သောက်တယ်တဲ့။ မှတ်မိစအရွယ်ထဲက အဖေ့လက်တွေ အ၀ါရောင် ဖြစ်နေတာ သတိ ထားမိပါတယ်။ နောက်ပြီး အဖေ မဆုံးခင် ၁ပတ်လောက် အလိုမှာ သမီးဖြစ်သူကို ပြောတာက အဖေ စီးကရက် မသောက်တော့ဘူးတဲ့။ ပညာတွေ တပုံကြီးတတ်ပြီး လူဝင်ဆန့်တဲ့ အဖေက နှလုံးသွေးကြောကျဉ်းတဲ့ ရောဂါနဲ့ ၂၉နှစ်မှာ ဆုံးတယ်။

အိမ်မှာရှိတဲ့ ယောကျာ်းလေး အားလုံး အရွယ်ရောက်တာနဲ့ ဆေးလိပ် စီးကရက် သောက်တတ်ကုန်ကြတယ်။ ထင်ထင် ပေါ်ပေါ်တော့ မသောက်ကြဘူး။ လူကြီးတွေ ကို မြင်ရင် လက်နောက်မှာ ဖွက်ထားကြတယ်။ ရတဲ့ မုန့်ဖိုးနဲ့ ၀ယ်သောက်ကြတယ်။ တယောက်က မူးယစ်ဆေးဝါး ပါ သုံးစွဲပြီး ဘာမှ မလုပ်ရသေးခင် လူ့လောကကြီးက ထွက်သွားရတယ်။

သူငယ်ချင်း တယောက် ပြောတာကတော့ ကြောက်စိတ်တွေ ပြေအောင် သောက်တာတဲ့။ ဥပမာ ရီးစားစာ လိုက်ပေးရင်း၊ စကား လိုက်ပြောရင်း ပေါ့။ စီးကရက်ကို ခဲထားလိုက်တာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လည်း ပိုရှိလာသလိုပဲ ခံစားရတယ်၊ ခြေဖျား လက်ဖျား အေးတာတွေလည်း ပျောက်သွားတယ်တဲ့။

ကိုယ့်အနေနဲ့တော့ စီးကရက် သောက်တဲ့ ယောကျာ်းလေးကို စတိုင်ကျလိုက်တာ လို့ တခါမှ မထင်မိပါဘူး။ မင်းသား မင်းသမီးတွေ ရုပ်ရှင်ထဲမှာ စီးကရက် သောက်တာကိုရော၊ ဥပမာ Sex and the City ထဲမှာ Carrie စီးကရက် ဖွာပြီး စာရေးနေတာ တွေ့ရင် သူ့ အ၀တ်အစားနဲ့ အသုံးအဆောင် လှလှလေးတွေ နံကုန်တော့မှာပဲလို့ တွေးမိတယ်။ စီးကရက်နံ့က နံတယ်လို့ ထင်တဲ့ အပြင် စီးကရက် သောက်သူရဲ့ နှုတ်ခမ်းမဲမဲကြီး ကိုလည်း မနှစ်သက်ပါဘူး။ သွေးရောင် မလွှမ်းဘဲ ၀ါကျင့်ကျင့် ဖြစ်နေတဲ့ လက်တွေကိုလည်း ဘယ်လိုလုပ်ပြီး ရဲရဲ တွဲရဲမှာလဲ။ စီးကရက် သောက်ရင်း ရဲဆေးတင်ပြီး လာပြောတဲ့ ချစ်စကားများ ကလည်း ဘယ်မှာ မွှေးချိုနေမှာလဲ။ Not cool at all!

Monday 5 January 2009

Proud


I look into the window of my mind
Reflections of the fears I know I've left behind
I step out of the ordinary
I can feel my soul ascending
I am on my way
Can't stop me now
And you can do the same

What have you done today to make you feel proud?
It's never too late to try
What have you done today to make you feel proud?
You could be so many people
If you make that break for freedom
What have you done today to make you feel proud?

Still so many answers I don't know
Realise that to question is how we grow
So I step out of the ordinary
I can feel my soul ascending
I am on my way
Can't stop me now
And you can do the same

What have you done today to make you feel proud?
It's never too late to try
What have you done today to make you feel proud?
You could be so many people
If you make that break for freedom
What have you done today to make you feel proud?

We need a change
Do it today
I can feel my spirit rising
We need a change
So do it today
'Cause I can see a clear horizon

What have you done today to make you feel proud?
So what have you done today to make you feel proud?
'Cause you could be so many people
If you make that break for freedom
So what have you done today to make you feel proud?
What have you done today to make you feel proud?
What have you done today
You could be so many people?
Just make that break for freedom
So what have you done today to make you feel proud?

Sunday 4 January 2009

ဘ၀ အမောများ

မနှစ်က သူ့အမျိုးသား အလုပ်လုပ်နေတဲ့ စင်ကာပူကို လိုက်ဖို့ ကြိုးစားနေတဲ့ သူငယ်ချင်း တစ်ယောက် အကြောင်း ဒီမှာ ရေးဖူးပါတယ်။ တနေ့ ကတော့ ဂျီတော့ခ်မှာ တွေ့တယ်၊ သူ စင်ကာပူမှာ ကျောင်းလျှောက် ထားတာ ကျပြီ၊ ကျောင်းစရိတ် ၅၈၀၀ + VAT သွင်းပြီးတာနဲ့ ကျောင်းက စာပို့မယ်၊ အဲ့ဒီစာနဲ့ စင်ကာပူ ထွက်လာလို့ ရမယ့် အကြောင်း သိရပါတယ်။ ဇန်န၀ါရီ ၂၈ မှာ အတန်းစမှာ ဖြစ်ပေမယ့် အမြန် ဆုံး ပဲ ထွက်လာ တော့မယ်တဲ့။ နေဖို့ နေစရာတော့ သူများတွေကို မေးထားတယ် လို့ပြောပါတယ်။ စလုံးမှာ အခန်းခ တွေလည်း ဈေးတက်လို့ သူတို့ မောင်နှံ အတူတူ နေဖြစ်ချင်မှ နေဖြစ်မှာ လို့လည်း ညည်းနေတယ်။ လောလောဆယ် သူ့ အမျိုးသားက အလုပ်က ပေးတဲ့ နေရာမှာ နေနေတာ ဆိုတော့ အိမ်စရိတ် မကုန်ဘူး။ နိုင်ငံခြား နေတာ ထက်စာရင် တနိုင်ငံထဲ တူတူ ရှိနေရတာ တော်သေး တာပေါ့ လို့ ဖြေတွေးလေး တွေးနေမိတယ်။ အမျိုးသားရဲ့ အလုပ်က အနောက်ဖက်ခြမ်း မှာမို့ အခန်းကို အနောက်ဖက် မှာရှာနေတယ်တဲ့။ ကျောင်းက ဘယ်မှာလဲ ဆိုတော့ အဝေးကြီးတဲ့။ ဒါဆို ရထားခ တော့ ပိုကုန်မှာပေါ့။ အသက် တွေလည်း မငယ်တော့ တာမို့ ရှိသမျှ ဥာဏ်အား လူအား နဲ့သာ ကြိုးစားပေတော့ လို့ အားပေးလိုက်တယ်။ ကျောင်းတက်ပြီး ရင် အလုပ်ရှာရ ဦးမှာ။ ကလေး မရှိ လို့သာ တော်တော့တယ်။ ကွန်ပြူတာ တစ်လုံးတော့ လိုမယ် ထင်တယ်နော် လို့ ပြောမိလိုက်သေးတယ်။ သူကတော့ ငှားလို့ ရရင် ကောင်းမယ် တဲ့။ ကိုယ်က တွေးပူတတ် သူမို့ မလာခင် ကြိုတင် ပြင်ဆင်ရအောင်ပါ။

Friday 2 January 2009

အတွေ့အကြုံ

နှစ်သစ်မှာ ပို့စ်အသစ် တင်ဖို့ စဉ်းစားတာ ဘာမှ ထွက် မလာဘူး။ ဒါနဲ့ တလောက နိနိတို့ ဆီသွားရင်း ရန်ကုန်ပြန် အတွေ့အကြုံတွေ ကိုယ်စီ ရင်ဖွင့် ကြတာ သတိရပြီး တချို့ကို ချရေး လိုက်တာ။ ရန်ကုန် ပြန်ဖို့ ၂ပတ်လောက် အလို ဈေးဝယ်၊ ပစ္စည်းထည့်၊ မှာတာတွေ ထပ်ဝယ်၊ ညည အိပ်ရေးပျက်၊ အားလုံး စုံပြီး နှာစေး ချောင်းဆိုး ဖြစ်ပါ လေရော။ ရန်ကုန် ရောက်တာနဲ့ ယောက္ခမက ဆိုးနေ ပြန်ပြီလားတဲ့ ဆီးပြီး နှုတ်ဆက်တယ်။ ကိုယ်လည်း ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ငြိမ်နေ လိုက်တယ်။ ရောက်ပြီး နောက်တနေ့ ပုဂံ သွားလည်ပြီး ရန်ကုန် ပြန်ရောက်တဲ့ အထိ ချောင်းဆိုးက မရပ်။ ဒါနဲ့ ဆရာဝန်နဲ့ ပြဖို့ ဘွတ်ကင် တင်လိုက်တယ်။

ဆေးခန်း ပေါ်လည်း ရောက်ရော တိုကင် နံပါတ်ပြပြီး ကိုယ့်အလှည့် ရောက်ဖို့ ထိုင်စောင့်ကြတယ်။ ရောက်ရောက်ချင်း ဆရာမက ကိုယ်အလေး ချိန်တယ်၊ သွေးပေါင်ချိန်တယ်။ အ၀င်ဝမှာ ပေါင်ချိန်စက် ထားပြီး ၀င်လာတဲ့ သူကို တက်ခိုင်းတာပဲ။ ၁၀ မိနစ် လောက် ကတော့ သူ့ အချိန် နဲ့သူ ခေါ်တာ အတိအကျပဲ ကဲ တယောက်လာ တက်၊ နောက်တယောက် တက် ဆရာမလည်း ဈာန်ဝင်သွားပုံရတယ်။ လူ နောက် တစ်ယောက် ၀င်လာတာလည်း တွေ့ရော ထုံးစံအတိုင်း ကဲ တက် ဆိုတော့ အဲ့ဒီလူက ဘာလုပ်မလို့လဲ အဲ့ဒီ အခါမှာတော့ စိတ်မရှည်တော့တဲ့ မျက်နှာနဲ့ ဆရာမက တက် ပေါင်ချိန်မယ်လေ ဆိုတော့ ဟာ ကျွန်တော် လူနာမဟုတ်ဘူး လို့ ပြန်ပြောတာ ကြားလိုက်ရတယ်။

ကြားရတဲ့သူတွေလည်း ပြုံးစိစိနဲ့ပေါ့။ ဆရာမ အကြီးတစ်ယောက်က လူနာလား ဘာလား သေချာလည်း မေးပါဦးလို့ ဆက်ပြောနေသံကြားလိုက်ရတယ်။

ကိုယ့်အလှည့် ရောက်လို့ ၀င်သွားတော့ ဆရာဝန်မကြီးက ဘာဖြစ်တာလဲ မေးလို့ နှာစေး ချောင်းဆိုး ဖြစ်တာပါ ချောင်းဆိုး ကျန်နေခဲ့ပါတယ် မနေ့ကပဲ ပုဂံက ပြန်လာတာပါ ဖုန်တွေနဲ့ ပိုဆိုးသလား မသိပါဘူး မမရယ် လို့ ဖြေလိုက်တယ်။ ဒါနဲ့ ဆရာဝန်မကြီးက အော် ပုဂံမှာ ဟိုတယ် သွားဆောက်တာလား။ ကိုယ်တို့ နှစ်ယောက်လည်း တယောက် မျက်နှာ တစ်ယောက်ကြည့်၊ ရီချင်စိတ်ကို အောင့်ပြီး မဟုတ်ပါဘူး၊ အလည်သွားတာပါ လို့ ပြန်ပြောခဲ့ရတယ်။ ဆေးခန်း အပြင်ရောက်တော့ နှစ်ယောက်သား တ၀ါးဝါးနဲ့။

နောက်တနေ့ မျက်မှန်လုပ်မယ် ဆိုပြီး ဈေးချိုတယ်လို့ ပြောတဲ့ မြန်မာ့ မျက်မှန်ကို ထွက်လာ ကြတယ်။ မျက်စိစမ်းဖို့ အခန်းထဲကို သွားလိုက်ပါ ဆိုတော့ ကော်ဇော ခင်းထားတာ တွေ့လို့ ဖိနပ်အချွတ်မှာ please come in, don't take off your shoes တဲ့။ ကိုယ်ကလည်း မျက်စိစမ်းချင်လို့ပါ လို့ပြန် အပြော၊ please take a seat တဲ့။ သူအင်္ဂလိပ် ကိုယ်ဗမာနဲ့ ပြောကြတာ ပြီးတဲ့ အထိပဲ။ နှစ်ယောက်သား ငိုမလို ရီမလို မျက်နှာတွေနဲ့ ပြန်ထွက်လာကြတယ်။

နောက် တခေါက်က ဗိုလ်ချုပ်ဈေးမှာ။ ကိုယ်တို့ နှစ်ယောက်ကို လူတွေ ကွက်ကြည့် ကွက်ကြည့် လုပ်နေတာ သိပေမယ့် နှစ်ယောက် တကမ္ဘာ ရုပ်တွေနဲ့ လက်တွဲပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လုပ်နေကြတယ်။ ပို့စကဒ်ရောင်းတဲ့ ကလေး တစ်ယောက် အနားလာတော့ အတော်ပဲပေါ့ ရုံးကို တစ်ခုလောက် ပို့မယ် ဆိုပြီး ဘယ်လောက်လဲ ဆိုတော့ အမယူရင် ၅၀၀ သူ့ကို တော့ ၁၀၀၀ တဲ့။ ဟဲ့ ဘာကွာလို့လဲ ဆိုတော့ မြန်မာ အချင်းချင်း ရိုင်းပင်းတာပါ အမရာ တဲ့။ ဒါနဲ့ ခင်ပွန်းသည်က ငါဗမာကွ လို့ ပြောရော ခိုနိချီဝါ 1000 kyats only လို့ မှုတ်ပြန်ရော။ ရင်စေ့လက်ရှည် အင်္ကျီ အင်းလေး ထမီနဲ့ ကိုယ့်ကို ဂိုက်ဒ်လို့ ထင်ပြီး ဒီဗမာမတော့ နိုင်ငံခြားသားနဲ့ လက်တတွဲတွဲ လုပ်နေပါလား ဆိုပြီး ကြည့်ကြတာပဲ ဖြစ်မှာလို့ နောက်မှ တွေးမိတယ်။

တနေ့တော့ နှစ်ယောက်သား စမ်းချောင်းက သူငယ်ချင်းဆီ ကအပြန် ဆံပင်ညှပ်ဖို့ ပဒုမ္မာကွင်း နားက စတိုးဆိုင် အပေါ်ထပ်ကို သွားပါတယ်။ ပိတ်သွားပြီတဲ့။ မနှစ်ကပဲ ရှိသေးတယ်။ ဒါနဲ့ တွေ့တဲ့ ဆိုင်တစ်ခုကို ၀င်လိုက်ပါတယ်။ ဆံပင်ညှပ်တဲ့လူက စကားပြန်နဲ့ ပြောရပါတယ်။ ဆိုင်က ကလေးမလေးတွေကလည်း စီးဖူ စီးဖူ ပဲခေါ်တာ ကြားရတယ်။ သူ့ဘာသာသူ စိတ်ကူးနဲ့ ကိုယ့်ဆံပင်ကို ညှပ်အပြီးမှာ မေးတာက စီးစိုမလား တဲ့။ သူပြောတာ နားမလည်လို့ I am sorry, I don't understand လို့နှစ်ခါ သုံးခါ ထပ်ပြောလည်း ဒါပဲ မေးတယ်။ ဒါနဲ့ လာကြပါဦး ဘာတွေ ပြောနေလဲ မသိဘူး လို့ အော်ပြီး စစ်ကူ တောင်းတော့မှ သူ့တပည့်မလေးတွေ ထွက်လာပြီး ဘာသာပြန်ပေးတာက ဆေးဆိုးမလား လို့မေးတာပါတဲ့။

မှတ်ချက်။ ရန်ကုန်ပြန်တိုင်း ဘယ်သွားသွား နှစ်ယောက်လုံး မြန်မာလိုပဲ ၀တ်စားဆင်ယင်ပါတယ်။