Wednesday 11 February 2009

ဖြေရခက်ကြီး

တချို့လူတွေ မေးတဲ့ မေးခွန်းက ဖြေရ မလွယ်တဲ့ အကြောင်း စဉ်းစားမိလို့ပါ။ ကိုယ် ကိုယ်တိုင် သူများ ဖြေရ ခက်မယ့် မေးခွန်းမျိုး များ မေးမိဖူးလားလို့ တွေးမိသေးတယ်။ သူငယ်ချင်း တစ်ယောက်ရဲ့ အမျိုးသားက အခုမှ ရောက်ဖူးတဲ့ အိမ်တစ်အိမ်ကို သဘောကျလို့ အိမ်ရှင်ကို ဒီအိမ် ဘယ်လောက်နဲ့ ၀ယ်တာလဲ လို့ မေးတာ ကြားဖူးတယ်။ ရန်ကုန် ပြန်လျှင် မလွတ်တမ်း အမေး ခံရတာကတော့ လခ ဘယ်လောက် ရသလဲ တဲ့။

ဖြေဖို့ အကျပ်အတည်း ဖြစ်နေလျှင် ရယ်ကျဲကျဲ လုပ်နေလိုက်တာပေါ့။ ဒါကို မေးတဲ့ သူက မရိပ်မိဘဲ ထပ်မေး နေလျှင်တော့ ခက်ပါတယ်။ သူငယ်ချင်း ရွယ်တူတွေ ဆိုလျှင်တော့ မဖြေနိုင်ပေါင် လို့ ခပ်ရွှန်းရွှန်းလေး ပြောလိုက်လို့ ရပေမယ့် လူကြီးတွေ မေးတာ ဆိုလျှင်တော့ ဘာဖြေရမလဲ မသိပါ။

သတိ ထားမိ သလောက် အနောက် တိုင်းသားတွေ ကတော့ ပုဂ္ဂိုလ်ရေး ဆန်တဲ့ မေးခွန်းတွေ မမေးပါ။ အရှေ့ တိုင်းသား များကတော့ ထူးထူးခြားခြား ရည်ရွယ်ချက် မရှိဘဲ အိမ်ထောင်ရှိလား ကလေး ဘယ်နှစ်ယောက်လဲ ကိုယ်ပိုင် အိမ် ကား ရှိလားစသဖြင့် တထိုင်တည်းနဲ့ ဘ၀ ဇာတ်ကြောင်း အစုံကို မေးတတ်ပါတယ်။

နောက် မေးခွန်း တစ်ခုကတော့ ဘာလို့ ချစ်တာလဲ တဲ့။ ချစ်လား လို့ မေးတာကို ဖြေရတာ မခက်ပေမယ့် ဘာလို့ ချစ်တာလဲ ဆိုတာ ကိုတော့ ဖြေရ ခက်တယ် လို့ ထင်တာပဲ။ ကိုယ့် အတွက် ပြောတာပါ။

24 comments:

khin oo may said...

ချစ်ချင်လို့ချစ်တာပေါ့။

khin oo may said...

ဒါလေးများ။

MANORHARY said...

ဘာကြောင့်များ..ချစ်လဲ...
ဒီလိုမေးရင်..ခက်သားကွယ်..
အချစ်မှာ..ရှင်းပြချက်မလိုဘူးကွယ်...
...............း)း)

ညီလင်းသစ် said...

တခါမှာ စပ်စုတတ်တဲ့ လူတစ်ယောက်မောင်းတဲ့ Taxi ကိုစီးမိတယ်၊ အလုပ် အကြောင်းပြောကြရင်း ထုံးစံအတိုင်း လခဘယ်လောက်ရလဲ-တဲ့၊ ကျနော်က ရယ်ကျဲကျဲလုပ်နေတော့ `ပြောစမ်းပါဗျာ၊ ခင်ဗျားကလည်း’ တဲ့၊ ထပ်မေးတယ်၊ ဒီတော့လည်း `ဒီလိုပါပဲဗျာ၊ သူလိုကိုယ်လိုပေါ့’ လို့ဖြေလိုက် တယ်၊

ဒါကို မောင်မင်းကြီးသား ကအလိုက်ကန်းဆိုး မသိဘဲ ‘ အမ်မလေး..ခင်ဗျားက ကြီးကျယ်နေပြန်ပြီ၊ ဒါ လေးကို မဖြေနိုင်ရအောင် ’ တဲ့၊ လုပ်ပုံ လုပ် ပုံ...ငါးဖယ်က ပြောင်းပြန်၊ ဒါနဲ့ သူ့ကို စိုက်ကြည့်ပြီး `ဟေ့လူ..ဒါကျနော့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေ၊ ခင်ဗျားနဲ့ ဆိုင်လို့လား`ဆိုတော့မှ ရပ်သွား တယ်။ အမေးခံရသူက မေးသူကို ပြန်အားနာနေရတယ်၊ ဖြစ်ပုံများ...။

Anonymous said...

မဖြေဘူး..သတ်ချင်သတ်..လို့ ပြောလိုက်ပေါ့။ :P
mm

JuneOne said...

ဟင့် ဘာလို့ချစ်တာလဲ?သူများလည်းခုထိ မသိသေး။:p

ZT said...

နောက်ထပ် ပိုချစ်စရာကောင်းတဲ့ တစ်ယောက် မတွေ့သေးလို့ လို့ ဖြေလိုက်ပေါ့။ တစ်ခါတစ်လေ ကိုးရိုးကားယားမေးခွန်းက ကိုးရိုးကားယား အဖြေနဲ့ပဲ ကိုက်တယ်။ ဟီးဟီး

Anonymous said...

ထူးအိမ်သင် သီချင်းလေး ဆိုလိုက်ပေါ့နော်။

ကိုရင်နော်ခင်လေးငယ် said...

အရှိကို အရှိအတိုင်းသာ ဖွင့်ပြောမည်.. (အဲ့.. ဒါလည်း သီချင်းပဲဗျ..) :))

nu-san said...

“ဘာလို့ချစ်တာလဲ”လို့ မေးရင် အမက “No reason” လို့ ဖြေလိုက်တယ်.. တခါတလေလည်း “I don't know” လို့ ဖြေလိုက်တယ်.. :D

Anonymous said...

ဖြေရခက်ကြီး တဲ့။ မုန်းရခက်လို့ ချစ်နေတာပေါ့လို့ ပြောလိုက် အမမီယာ

WWKM said...

အဟတ်.. ဘာလို့ချစ်တာလဲတဲ့...
မေးမှပဲမဖြေတတ်တော့ဘူး။ :P

Anonymous said...

တို့ မြန်မာပြည် တစ်ခေါက်ပြန်တုံးက အိမ်မှာ ဖုန်းတစ်ခုထူးပေးတာ တဖက်ကအန်တီကြီးက "သြော်နိုင်ငံခြား သွားနေတဲ့ ကောင်မလေးလား? ဘယ်လောက်စုမိပြီလဲ?" မေးလို့၊ တို့က "သားလေးတစ်ယောက်ရပြီလေ၊ သားဆိုတော့ တန်ဖိုးဖြတ်လို့ မရဘူးပေါ့ အန်တီရယ်" လို့ ဖြေပေးလိုက်တယ်။ အိမ်ကလူတွေ ပြန်ပြောပြတော့ "သူကခင်တတ်လို့ပါ" လို့ပဲပြောကြတော့ တို့ အဖြေကရိုင်းသွားသလိုလို...သိတော့ဘူးကွာ။ ဂွကျတယ်...

PAUK said...

ကျနော်ကျတော့ အိမ်ပြန်တိုင်း စက်ဘီးစီးလေ့ရှိတယ်..
ရပ်ကွက်ထဲမှာ စက်ဘီးလေးနဲ့ သွားမိရင် ..
`` ပေါက်ရာ...ဆိုင်ကယ်လေးတောင် ၀ယ်မစီးနိုင်ဘူးလား``
တဲ့...ကျနော်က..`` ဟုတ် ..´´ လို့ပြန်ဖြေမြဲ
ဟီးဟိ..
လခလည်း ခဏ ခဏ အမေးခံရတယ်..
ကျနော်တွေးမိတာက..
မြန်မာကလူတွေက ပန်းတိုင်(ယခုအချိန်မှာ ဘာကိုပိုင်ဆိုင်နေပြီလဲ)ကိုပဲ
ကြည့်တတ်ကြတယ်..
ကျနော်ကတော့..ဖြစ်ပျက် ခံစားရတာကို တန်ဖိုးထားတယ်..(ပန်းဝင်တာနောက်ကျကျ..စောစော..)
ကျနော်ရေးထားတာတွေ ကမောက်ကမ..
အဆင်ပြေသလို ဖတ်ပါနော်..ဟီးဟိ..
ရေလည်အောင်မပြောပြတတ်ဖူး..

tg.nwai said...

မီယာ့ ဖြေရခက်ကြီး ဖတ်ပြီးတော့ စဉ်းစားမိတယ်..ကိုယ့်ကို ဘယ်သူများ ဖြေရခက်ကြီးတွေ မေးဖူးလဲလို့..။ ပေါ်မလာဘူး။ ကြည့်ရတာ စိတ်ထဲ စနိုးစနောင့် ဖြစ်မနေပဲ ဖြေချင်သလို ဖြေပစ်ခဲ့မိတာပဲ နေမှာ..။

အင်..သူက ဘာကြောင့် ချစ်လဲ.. မမေးဖူးဘူး။ သူ့ကို ချစ်စရာ ဘာအကြောင်းမှ မရှိတာလဲ သိလို့ဖြစ်မယ် ထင်တယ်။ အဟဲ..:)။

ထူးအိမ်သင် သီချင်းပေါ်လာတာ တော်တော်ကောင်းတာပဲ..။ အဖြေပါ တခါတည်း ပေးထားပေလို့...။

တန်ခူး said...

ဟိုတလောကပဲ သူငယ်ချင်းတယောက်အမေက နောက်သူငယ်ချင်းတယောက်ကို လစာဘယ်လောက်ရလဲလို့  လူတွေရှေ့ မေးတယ်တဲ့… ထုံးစံအတိုင်းအဖြေက ဒီလိုပါပဲပေါ့…
ဘာကြောင့်ချစ်တာလဲလို့  သူကကိုယ့်ကို မေးဘူးပါဘူး
ကိုယ်ကသာမေးတာ…
ဟေမာ့လို နွဲ့ နွဲ့ လေးဖြေလိုက်ညီမရေ…. ချစ်ချင်လို့ ချစ်ချင်လို့ ချစ်ချင်လို့  ချစ်တာပေါ့….

Moe Cho Thinn said...

ဟားဟားဟား ပို့စ်ရော comment တွေရော လိုက်လဲ လိုက်တဲ့ အမေးနဲ့ အဖြေ။ ရီလိုက်ရတာ။

တို့လဲ လူကြီးတွေက လခ ဘယ်လောက်ရလဲ လို့ မေးတာ ခံရဖူးတယ်။ အော် သူတို့သိချင်မှတော့ ဖုံးထားစရာ မရှိပါဘူးဆိုပြီး ဖြေလိုက်တာပါပဲ လေ။ လူကြီးတွေက မေးတာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ။ စားပြီးသောက်ပြီး အိမ်စားရိတ်နှုတ်ပြီး ကိုယ့်အတွက်ရော ဘယ်လောက် စုဖို့ကျန်သလဲ တဲ့။ အဲဒါက နောက်ဆက်တွဲ..hmmmm...

တို့ကိုတော့ ဒိထက်ဆိုးတဲ့ မေးခွန်း အမေးခံရသေးတာ။ ဘာဖြစ်လို့ ကလေး မရတာလဲ တဲ့။ သူက ချို့ယွင်းလို့လား ကိုယ်က ချို့ယွင်းလို့လား တဲ့။ ဘုရား ဘုရား။ ဒီလောက် ကလေးချစ်တတ်ပြီး ကလေး မရသေးလို့ မေးရတာပါ ဆိုတဲ့ ဖြေရှင်းချက်က ပါသေးတာပါ။

ဘာကြောင့်ချစ်တာလဲ တော့ တို့ အမေးမခံဖူးဘူး။ ဘယ်အချိန်မှာ ချစ်မိသွားတာလဲတော့ မေးတတ်တယ်။ တချက်တချက် ထ ထ ဖောက်ပြီး မေးတာလေ။ အငိုက်မိပြီးများ ဖြေလိုက်မလားလို့။ တို့ကလဲ ပြောလိုက်တယ်။ ဘယ်သူက ချစ်တယ်ပြောလို့လဲ လို့။ အူကြောင်ကျားလုပ်လိုက်တယ် အေးရော..။

Dr. Yi Yi Win said...

ခုမှပဲရောက်လာဖြစ်တယ်မီယာရေ။ ဟုတ်ပါ့...နားလည်မှုရှိတဲ့သူတွေက မေးရခက်တဲ့မေးခွန်းမမေးကြပါဘူး..ထင်တယ်။

ရွှေဂျမ်း said...

လခမေးတာကတော့ ရန်ကုန်ပြန်မှ မဟုတ်ဘူး။ ဒီမှာကိုပဲ မြန်မာတွေနဲ့တွေ့ရင် စပ်စုကြတယ်။ အိမ်ဝယ်ပြီလား။ ရည်းစားရှိလား။ အိမ်ထောင်ရှိလား စုံအောင်ကို မေးတတ်ကြလွန်းလို့ မြန်မာပွဲတွေသွားရင် ခပ်လန့်လန့်ပဲ။ ဘာလို့ချစ်လဲဆိုတဲ့ မေးခွန်းကတော့ .. ဘယ်လိုဖြေရမလဲ စဉ်းစားကြည့်လိုက်ဦးမယ်။

ရွှန်းမီ said...

ကြိုပွိုင့်မေးခွန်းတွေ မှတ်သွားပါတယ် =)

khin oo may said...

ထပ်ဖတ်သွားတယ်။

Anonymous said...

ဟိုတစ်ခေါက် ရန်ကုန် ပြန်တုံးက သူငယ်ချင်းအိမ်မှာ နယ်ကရောက်နေတဲ့ သူ့အမေက “ကလေး ဘယ်နှစ်ယောက် ရပြီလဲ”လို့ ဆိုင်းမဆင့် ဗုံမပါ မေးတာ ခံရဖူးတယ်။ သူငယ်ချင်းခမျာ ကိုယ့်ကို အားနာလွန်းလို့။ “အို...အမေကလည်း။ သွဲ့က အပျိုကြီးကို” လို့ အပြေးအလွှား ၀င်ဖြေသွားလေရဲ့။
မဖြေချင်တဲ့ မေးခွန်းဆိုရင် ကိုယ်ကတော့ မဖြေဘူးပဲ။ ဘာလို့ အားနာရမှာလဲ။ မေးတဲ့သူကတောင် အားမနာတာ (သို့မဟုတ် အားနာရကောင်းမှန်းကို မသိတာ)။ ကိုယ် မဖြေမှ ဒါဟာ လူတိုင်းကို မေးသင့်တဲ့ မေးခွန်း မဟုတ်မှန်း သူတို့ သိမှာပေါ့။ အားနာပြီး ဖြေနေရင် မသင့်တော်ကြောင်း ဘယ်သိတော့မလဲ။ မသိတဲ့သူတွေကို အမူအကျင့်ပိုင်းဆိုင်ရာ ကောင်းတဲ့ အလေ့အထလေးတွေ သိလာအောင် (သိတဲ့လူတွေက) အသိပေးရမယ့် တာဝန် ရှိတယ်လို့ ခံယူပါတယ်။
လုံးဝ မလွှဲမရှောင်သာ ဖြစ်လာရင်တော့ ခပ်တိုတိုနဲ့ အရင်းထဲက မပါတဲ့ အဖြေမျိုး ဖြေလိုက်တာပဲ။ ပြီးရင် စကားလွှဲလိုက်ပေါ့း)

လင်း said...

ဘာကြောင့်လဲ ? ဘာအတွက်လဲ? ဘာဖြစ်လို့ လဲ
လဲပေါင်းများစွာ။
ဘာလို့ ချစ်တာလဲဆိုတော့ ချစ်လို့ ချစ်တာပါ

သက်ဝေ said...

လူကြီးကမေးမေး... ရွယ်တူကမေးမေး...
ကို့ရို့ကားယား မေးခွန်းတွေဆို မဖြေဘူး...
လူကြီးတွေ မေးရင် ရယ်ကျဲကျဲနဲ့ ရူးချင်ယောင်ဆောင်...
ရွယ်တူတွေကမေးရင်... ပါးစပ်ကို တင်းတင်းစေ့ပြီး ခေါင်းယမ်းပြလိုက်
ဒါမှမဟုတ်ရင်... မပြောဘူး.. အသေသတ်လိုက် လို့ ပြောလိုက်...
ဖြေခြင်း မဖြေခြင်းက ကိုယ့်ရဲ့ လွတ်လပ်ခွင့်....