Tuesday, 10 July 2012

စိတ်

ကိုယ့်စိတ်အကြောင်းပဲ ကိုယ်ရေးချင်တာပါ။ တခါတလေ ပျော်လိုက် တခါတလေ ဝမ်းနည်းလိုက်နဲ့ ထိန်းရလည်း ခက်သလိုလို။ ကြိုးစားပြီး တရားမှတ် ဘုရားရှိခိုး ပုတီးစိတ် တာတွေ လုပ်ပေမယ့် စိတ်က ဟိုရောက် ဒီရောက်။ ဆယ်ကျော်သက် အရွယ်က ဒါမျိုး ဖြစ်ဖူးတယ်၊ ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်လို့ ဘာလုပ်ရမှန်း မသိ ယောင်တောင်တောင်နဲ့။ စိတ်ထဲမှာ အလိုမကျ ဖြစ်ပြီး စိတ်ဓါတ် ကျတာ။ ဘဝမှာ လိုချင်တာတွေ ကလည်း တခုပြီး တခု မပြီးနိုင် သလိုပဲ။ အလိုချင်ဆုံး ဆိုပြီး မျှော်လင့် ထားတဲ့ အရာတစ်ခုကို ရပြီး ရပ်သွား မလား မထင်နဲ့ နောက် တစ်ခုထပ်လိုချင်ပြန်ရော။ ကျောင်းသား ဘဝတုန်းက အလုပ်သွားတဲ့လူတွေ လမ်းမှာတွေ့ရင် ငါလည်း အလုပ်လုပ်ချင်လိုက်တာ လို့ တမ်းတမိတယ်။ စာကျက်ရတာ ပင်ပန်းတယ်လို့ ထင်တာ။ အလုပ် ရှိရင် ကိုယ့်ဝင်ငွေနဲ့ လိုချင်တာ ဝယ်ရရင် ပြည့်စုံပြီ ထင်တာလေ။ အလုပ်လည်း ဝင်ရော ကျောင်းသားတွေ လမ်းမှာတွေ့ရင် အပူ အပင် နည်းလိုက်ကြတာလို့ အားကျမိပြန်ရော။ သားသားနဲ့ပဲ အချိန်တွေ ကုန်နေတာနဲ့ တခါတလေ ကိုယ်ဘာလုပ်ချင်စိတ် ရှိလဲ ဆိုတာတောင် မသိတော့ဘူး။ အကူအညီ လာတောင်းတဲ့ သူငယ်ချင်းတွေ ကိုလည်း အရင်လို စိတ်ပါ ကိုယ်ရောက် မလုပ်ပေးနိုင်ဘူး။ multi-tasking skills တွေလည်း ဘယ်ပြတင်းပေါက်က ထွက်သွားလည်း မသိတော့ဘူး။ တစ်ခုဆို တစ်ခုပဲ စဉ်းစားနိုင် လုပ်နိုင်တော့တယ်။ အနာဂတ် ဆိုတာကို မတွေးရဲ သလိုပဲ။ ဒါနဲ့ တနေ့တာ အတွက် ရေတိုစီမံကိန်းပဲ လုပ်ဖြစ်တော့တယ်။

Wednesday, 21 December 2011

Greetings

သာယာ ချမ်းမြေ့တဲ့ ခရစ်စမတ် အခါသယမှာ မိသားစုနဲ့ သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေ
ကောင်းကြီး မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နှစ်သစ်ကိုလည်း ဆုံတွေ့ ရပါစေ...
ချစ်တဲ့

မီယာ

Sunday, 11 December 2011

သားသားနဲ့ သူ့စာအုပ်တွေ

သားလေး မွေးတော့ သူငယ်ချင်းတွေ လက်ဆောင်ပေးကြတဲ့ အထဲမှာ စာအုပ်တွေလည်းပါတယ်။ ကလေး ဘယ် အရွယ်က စပြီး စာတွေ ဖတ်ပြရတာလဲ လို့မေးတော့ တယောက်က နင့်ကလေးကို ပြောချင်တာ အကုန်ပြော... စီးပွားရေး လူမှုရေး နိုင်ငံရေး ကြိုက်တာသာ ပြောဆိုလို့ ရီရတယ်။ 
ဒါနဲ့ သားသား ၁လသား အရွယ်မှာ စပြီး စာအုပ်လေးတွေ ဖွင့်ပြဖြစ်တယ်။ မှောက်တတ်တဲ့ အရွယ်ရောက်တော့ စာအုပ်လေးတွေ သူ့ အရှေ့ချထားပေးပြီး ဖတ်ပြတယ်။ ထိုင်တတ်တဲ့ အချိန်ကျတော့ အမေ့ပေါင်ပေါ် ထိုင်ပြီး နားထောင် တတ်နေပြီ။ စာအုပ်တွေလည်း အတော် မှတ်မိနေပြီ။ ကားဘီးကြီးလို့ အမေကပြောတာနဲ့ စာအုပ်ထဲက ကားဘီးတွေကို ထိုးပြတယ်။ ငှက်ပျောသီး ဆိုလည်း သိတယ်။ တခါတလေများ စကားပြောရင်း ထရပ်ကား တွေ အကြောင်း ပါသွားရင် သူကစားတဲ့ ထရပ်ကား ကိုဆွဲလာလို့ ရီရတယ်။ ၈လ လောက်မှာတော့ စာအုပ်တွေကို နံမည်နဲ့ တွဲသိနေပြီ။ ရီစရာ ပါရင် သူက အဲ့ဒီ စာမျက်နှာ ရောက်တာနဲ့ ကြိုရီထားတယ်။ သူမကြိုက်တဲ့ စာအုပ်တော့ မရှိသေးဘူး။ ဖတ်ပြတာ အကုန် နားထောင်တယ်။ မကြိုက်တဲ့ သီချင်းနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ လာရင် တော့ အော်ဟစ် နေတော့တာပဲ။ 
အိပ်ရာနိုးလာရင် ကစားစရာတွေ အပုံနားသွားပြီး စာအုပ် တအုပ်ပြီး တအုပ် ဆွဲလာတယ်။ မျောက်ကလေး အကြောင်းဆို မျောက်ကလေးက အစသန်တယ် သူ့ သူငယ်ချင်းတွေရဲ့ ငှက်ပျောသီးတွေ နှိုက်ထားတတ်တယ် ဆိုတာနဲ့ စထားတော့ သားသားက ငှက်ပျောသီးတွေကို လက်ထိုး ပြတယ်။ နောက်ဆုံးကျတော့ မျောက်လေး သူ့ဗိုက်သူ ရိုက်ပြီး ရီတယ် ဆိုတော့ ပုံထဲက အတိုင်း သူလည်း လိုက်လုပ်တယ်။ 
ဒါ ကျွန်တော့် ကား မဟုတ်ဘူး ဆိုတဲ့ စာအုပ်က လက်နဲ့ စမ်းပြီး ကြမ်းတာ တို့ ချောတာတို့ တောက်ပတာတို့ ပျော့ပျော့ အိအိ ဖြစ်နေတာတို့ ခံစားလို့ ရအောင် လုပ်ထားပေးတော့ သားသားက စာတစ်မျက်နှာ ရောက်တိုင်း အဲ့ဒါလေးတွေကို သူ့ဘာသာ သွားကိုင်ကြည့်တယ်။ တိရစ္ဆာန်တွေ ပုံပြထား တဲ့ စာအုပ်ထဲမှာ သူကြိုက်တာက ဘဲ ၀က် သိုး (old McDonald သီချင်း ထဲက သူမြင်ဖူးတဲ့ အကောင်တွေ) ဆို သဘောကျ ပြီး ရီတယ်။ ပိုးကောင်လေးတွေ အကြောင်း ပြောတဲ့ စာအုပ် ဖတ်တဲ့ အခါကျတော့ ၁ကောင်ထဲ ကျန်တဲ့ ပိုးကောင်လေး ပျံသွားတယ် ဆိုတဲ့ စာမျက်နှာကို ရောက်ရင် ဟော် လို့ ပြောပြီး နောက်ဆုံး စာမျက်နှာ ကိုလှန်လိုက်တယ်။ ပိုးကောင်လေး ၁၀ကောင်လုံး ပြန်ပေါင်းမိသွားတာ ကိုသူက သဘောကျတာ။ 
ပြိုင်ကားလေး အကြောင်း ဖတ်ကြရင် ၀ူးဝူးနဲ့ ကားမောင်း တဲ့ အသံတွေ လုပ်သေးတယ်။ လမ်းတလျှောက် ပြိုင်ကားလေး တွေ့တဲ့ အရာတွေ အကြောင်း ဖတ်ရင်လည်း သူသိတဲ့ ယုန်လေးတွေ ကုလားအုပ်ကြီးတွေ မြင်ရင် ဘာမှ မဖြစ်ဘူး တောင်တန်းတွေ သဲကန္တာရကြီး လို့ မြင်တာနဲ့ စာရွက်ကို လှန်ပစ်တယ်။ ပန်းဝင်သွားတဲ့ နောက်ဆုံး စာမျက်နှာ ရောက်ရင်တော့ ဟေးလို့ လက်နှစ်ဖက် မြှောက်ပြီး အော်တတ်တယ်။ ကလေး ပီပီ ၀မ်းသာ စရာတွေ နဲ့ပဲ ပုံပြင်ကို အဆုံးသတ်ချင်တာကိုး။

Friday, 2 December 2011

သားသား

အလျင်လို ကွန်ပြုတာ ရှေ့မှာ စိတ်ရှိတိုင်း ထိုင်လို့ မရတော့ဘူး။ ပြိုင်ဖက် တစ်ယောက် ရှိလာပြီ။ သူနဲ့ လုပြီး စက်သုံးရတာ။ အခုတောင် သူ အိပ်နေတုန်း လုပြီး ၀င်ရေးတာ။ ယောကျာ်းလေး ပီပီ ခလုတ်တွေ တွေ့ရင် ဖွင့်လိုက် ပိတ်လိုက် လုပ်ရတာ အမော။ လူကြီးတွေ လုပ်တာ ကြည့်ထားပြီး ကွန်ပြူတာ ခလုတ်နဲ့ စပီကာ ခလုတ်တွေကို ဖွင့်ပိတ် တတ်တယ်။ မော်နီတာတော့ စားပွဲပေါ် တင်ထားလို့။ အမေ့ပေါင်ပေါ် တင်ထားပြီး စက်ရှေ့ ထိုင်ရလို့ကတော့ သူ့လက်က မော်နီတာ ခလုတ် ကိုရောက်နေပြီ။ 
စာမရေးတာကြာလို့ အပေါက်အလမ်း သိပ်မတည့်ချင်ဘူး။ ပြန်လေ့လာရဦးမယ်။ အလျင်ကတော့ ကိုဇနိ နဲ့ မွန်နဲ့ ကို အပူကပ်နေကျ။ စိတ်ကူးပေါက်ပြီး ၀င်ကြည့်လိုက်တာ ၀င်လို့ ရသွားတာနဲ့ ရေးဖြစ်တာ။ 
ကလေး တစ်ယောက်နဲ့ အိမ်လည်း ဗြောင်းဆန် ခတ်နေရောပဲ။ သူမွေးကာစက မလှုပ်မရှားလေးမို့ မြန်မြန် သွားတတ် လာတတ်တဲ့ အရွယ် ရောက်ပါစေလို့ ဆုတောင်းတာ အခုတော့ ဗိုက်ထဲ ပြန်ထည့် ထားချင်တယ်။ ယောကျာ်းလေး မွေးလည်း ပူရ မိန်းကလေး မွေးလည်း ပူရတဲ့ မိဘတို့ ဘ၀ မလွယ်ပါလားလို့ ကိုယ်ချင်းစာမိတယ်။ သူမွေးတုန်းက အကြောင်းတွေတော့ ပြန်ရေးရင် အသစ် ဖြစ်မှာလည်း စိုးတယ်။ မှတ်တမ်း သဘောမျိုးလည်း ရေးထားချင်တယ်။ ကလေး တစ်ယောက် မွေးဖို့ လုံးဝ မလွယ်တာတော့ သေချာတယ်။ ကိုယ်တွေ့ပဲ။

Tuesday, 29 November 2011

သတိရလို့...

အချိန်တွေ အားလုံးပျောက်မှန်းမသိ ပျောက်သွားတယ်။ ရေးဖို့ အသာထား ဖတ်တောင် မဖတ်ဖြစ်တာမို့ ကိုယ့်ကိုယ်ကိုယ်တောင် အတော် စိတ်ပျက်မိတယ်။ သူငယ်ချင်းတွေ အားလုံးကို အမြဲ သတိရတယ်။ စိတ်ထဲကပဲ မှန်းပြီး နှုတ်ဆက် နေတာ ခဏ ခဏပေါ့။ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြမယ် လို့ ဆုတောင်း ပါတယ်။ ရေးချင်တာတွေ အများကြီးပဲ။ နောက်ဘယ်တော့မှ ပြန်ဝင်ဖြစ်မယ် မသိပါဘူး။

စိတ်ပူကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူး တင်ပါတယ်။ သတင်းကောင်း တစ်ခုကတော့ သားလေး တစ်ယောက် ရလိုက်တယ်။ သူနဲ့ပဲ အချိန်တွေ ကုန်နေလို့။

Monday, 1 March 2010

နွေဦး

ရာသီဥတုက သိသိ သာသာ ကောင်းလာပြီ။ ဘတ်စ်ကားပေါ် ထိုင်လိုက်လာရင်း မျက်နှာပေါ် နေရောင် ကျတာကို အရသာခံပြီး စိတ်ကူးယဉ် နေမိတယ်။ နေရောင်ကြောင့် ရတဲ့ အလင်းရယ် ပူနွေးတဲ့ နေပူရှိန်ရယ်က တကယ်ပဲ စိတ်ကို လန်းဆန်း စေတယ်။ မျက်စိစူးတဲ့ ကြားထဲက စိတ်ကူးထဲမှာ သူငယ်ချင်းတွေနဲ့ နေရောင်ထဲမှာ မုန့်တွေစားလိုက် ဈေး လျှောက်ဝယ်လိုက် စကား ထိုင်များလိုက်နဲ့ (အနော်ရထာလမ်းမကြီးရယ် Orchard Road ရယ် သူငယ်ချင်းတွေ ရှိတဲ့ နေရာတွေ) ကိုပါ မြင်ယောင် လိုက်တယ်။ ဒီလို ရာသီဆို ပန်းတွေကလည်း အရောင် စုံပြီး လှမှလှ။ ငေးစရာ ဖိနပ် လှလှလေးတွေလည်း ပုံစံ အမျိုးမျိုး တွေ့ရတတ်တယ်။ အင်္ကျီ အ၀တ်အစားတွေဆိုလည်း ဒီဇိုင်းတွေက တောက်တောက် ပပနဲ့ အားလုံး လိုချင်စရာ တွေချည်းပဲ။ အပျော်တွေက အပြင်မှာ တကယ်ပဲ ဖြစ်လာ သလိုလို...

လက်တွေ့ မှာတော့ မနက် ၆နာရီခွဲထဲက ထပြီး အိပ်ချင် မူးတူးနဲ့ ထွက်လာတာ။ ထွက်ထွက်ချင်း  ဘတ်စ်ကား နှစ်စီး တိုက်လို့ ဆိုပြီး လမ်းပိတ်တာနဲ့ ကြုံတယ်။ ကိုယ်စီးလာတဲ့ ဘတ်စ်ကား ကလည်း ပြွတ်သိပ်နေတဲ့ ကားတွေ ကြားမှာ အိပဲ့အိပဲ့ မောင်းနေရတယ်။ အစည်းအဝေးက ၁၀နာရီ ဆိုတော့ ခရီးသွားချိန် ၃နာရီ ထည့်တွက်ထားတာ။ တရွေ့ရွေ့သွားနေတဲ့ ကားတန်းကြီးကို ကြည့်ပြီး အန်ချင်လာတယ်။ ချက်ချင်း အန်လို့တော့ မဖြစ် သေးပါဘူး။ မနက်စာတောင် ဘာမှ မစားခဲ့ဘူး။ အဲ့သလို ဖြစ်မှာ ကြောက်လို့။ သကြားခဲ ၂ခဲ ၃ခဲ တခါထဲ ၀ါးစား ပစ်လိုက်တယ်။ သူများတွေ ပြောတဲ့ မအန်တဲ့ နည်းမျိုးစုံ ဆေးမျိုးစုံလည်း ကိုယ့်အတွက် မတိုးဘူး။ ဒီ သကြားခဲကတော့ သိပ် မဆိုး သလိုပဲ။ အကွေ့ အကောက်တွေ များတဲ့ နံမယ်ကြီး ချောင်းသာ သွားတုန်းက အဲ့ဒီ သကြားခဲကို အမိအရ ယူသွားတာ မအန် မပြုဘဲ တန်းတန်း မတ်မတ် ရောက်သွားလို့ အရမ်းကို အားကိုး မိသွားတာ။ သကြားခဲ ၀ါးပြီး မကြာဘူး ခေါင်းထဲ ချွေးတွေ ထွက်လာပြီး မူးလိုက်တာ။ ခြေတွေ လက်တွေပါ အေးလာပြီး လူက ပုံမှန် မဟုတ်တော့ဘူး။

စည်းဝေးခန်းထဲ ရောက်တော့ စိတ် မသက်သာစရာ အကြောင်းတွေနဲ့ စတယ်။ ပရောဂျက် ဘတ်ဂျက် ၅၀% လျှော့မည် လုပ်ရမယ့် အလုပ်ကတော့ မလျော့ပါတဲ့။ ဘယ်လို လူတွေ ဘယ်လို အကြံတွေနဲ့ ဘယ်လို စီမံကိန်းတွေ ဆွဲနေ ကြသလဲတော့ မသိဘူး။ အောက်ဆုံးက ဖားတွေကတော့ တကယ့်ကို ပြားပြီးရင်း ပြားပဲ။ တနေ့က ကြားလိုက်ရတဲ့ အသုံး အနှုန်း တခုကို အတော် သဘောကျ မိတယ်။ modern slavery ဆိုတာ။ ကျွန်ဆို မျက်စိထဲ တန်းမြင်တာက ပညတ်တော် ဆယ်ပါး ရုပ်ရှင်ထဲက နေပူထဲမှာ ခြေချင်း ခတ်ပြီး ပိရမစ် ဆောက်ဖို့ ကျောက်တုံးကြီးတွေ ရွှေ့နေတဲ့သူတွေ။ အပူဒဏ်ကြောင့် ပင်ပန်းလို့ တုံ့နှေးနှေး ဖြစ်သွားတာနဲ့ တပြိုင်နက် စောင့်ကြည့်နေတဲ့ အလုပ်သမားခေါင်းက ကြာပွတ်နဲ့ ရိုက်တာ။ ကျွန်ဆိုတော့လည်း လွတ်လပ်မှု ဘယ်ရှိပါ့မလဲ။ ကိုယ်တို့ ဘ၀လည်း မထူးပါဘူးလေ။ အချည်အနှောင်တွေ တာဝန်တွေ ၀တ္တရားတွေနဲ့ ဘယ်မှာ လွတ်လပ်လို့လဲ။ အစည်းအဝေးလည်းပြီးရော မေးချင်တာ မေးပါတဲ့။ ဘာမေးစရာမှ မရှိပါဘူး။ ၅၀% ဘတ်ဂျက်သာ ရပါစေဦး။ အပြင်က အပူက ရင်ထဲ တကယ့်ကို ကူးစက်လာတာကိုး။

Monday, 8 February 2010

ကိုယ့်အကြိုက်

ပေါက်က သတိတရ တက်ဂ်လို့ အမှတ်တရ ရေးပါတယ်။ ခုတလော စိတ်ရှုပ် အလုပ် ရှုပ်လို့ ဘာမှ မရေး ချင် ဖြစ်နေတာ ပေါက်ရေ။ မြန်မာလို ၀တ်ရတာ နှစ်ခြိုက် ပေမယ့် ပေါက်လို ချိတ် ထမီတွေ အများကြီး မရှိဘူး။ ငါးတန်းမှာ တီတီစီကို ပြောင်းတော့ လုံချည် ၀တ်ရတယ်။ အဲ့ဒီမှာ လုံချည် စ ၀တ်ဖူးတာပဲ။ ကိုယ်တိုင်တော့ စုံအောင် မ၀တ်ဖူး ပေမယ့် မှတ်မိ တာလေးတွေ ချ ရေးလိုက် ချင်သေးတယ်။ အဖြူ အစိမ်း ဆိုပေမယ့် မိန်းကလေးတွေ ဆရာမတွေက အင်္ကျီ အဖြူကို ရင်စေ့ တမျိုး ရင်ပုံး တဖုံ ပုံစံ အမျိုးမျိုး ချုပ်ဝတ် ကြတာကိုး။ ကြယ်သီး ကိုလည်း နှိပ်စေ့ ထုပ်သီး အလှလေး တွေနဲ့ တန်ဆာ ဆင်သေးတယ်။ တရုပ်ကားတွေ ထဲက အတိုင်း လက်နဲ့ ပန်းပုံ ဖော်ထားတဲ့ ကြယ်သီး တွေလည်း ခေတ်စားတာ မှတ်မိတယ်။ ပိတ်စ ကလည်း ရိုးရိုး တက်ထရွန် အဖြူ အပြင် အရိပ်ပန်း လို့ခေါ်တဲ့ ခပ်ပါးပါး  ပိတ်စပေါ်မှာ ပန်းဒီဇိုင်း မျိုးစုံ ပါတဲ့ အစ၊ ရှောရှော ရှောရှောနဲ့ ၀တ်ရခက်တဲ့ တွီစနဲ့ ရေခဲရှန်၊ ရှမွိုင်း၊ ... အစုံပဲ။ လုံချည် အစိမ်းကလည်း အစိမ်း ပေါင်းစုံ။ တချို့က ပြောင်အစိမ်း မ၀တ်ဘဲ ဒီဇိုင်းလေးတွေ မသိမသာပါတဲ့ ထိုင်း ပိုးလုံချည်လိုမျိုး ၀တ်တယ်။ အဖုလေးတွေ ပါတဲ့ ဘီဘဲလ်၊ အသား အိအိလေး  ဖြစ်တဲ့ စိန်မိုက်ကယ် အစတွေလည်း ၀တ်ကြတယ်။

ပထမနှစ် တက္ကသိုလ် တက်တော့ ယောလုံချည် ၀မ်းဆက်တွေ ခေတ်စားတယ်။ ဆံပင် ရှည်ရှည် မိန်းကလေး ချောချော လှလှလေးတွေ မြန်မာ ဆန်ဆန် ၀တ်ထားတာတွေ့ရင် သဘောကျလို့ ငေးရတယ်။  အဲ့သလို မိန်ကလေးတွေ တွေ့ရင် ယွန်းမှီမှီလို့ ကိုယ်တို့ သူငယ်ချင်းတွေ အချင်းချင်း မျက်စ ပစ်ကြတယ်။  စိုးမြတ်သူဇာတို့ လုံချည်တိုတို ၀တ်တဲ့ ခေတ်မှာ ကိုယ်တို့ သူငယ်ချင်း တအုပ်လည်း ခြေသလုံးပေါ် လုံချည်ကို ၀တ်ကြတော့ ကောက်စိုက် ထွက်ကြ မလို့လားလို့ ဆရာမတွေက ငေါ့တာ ခံရသေးတယ်။ အဲ့ဒီ ခေတ်က ယောကျာ်းလေး တွေလည်း တိုတို ၀တ်ကြတယ် ထင်တာပဲ။ ကျော်သူတို့ စိုးသူတို့ ပုဆိုး တိုတိုနဲ့ လွယ်အိတ် ကြိုးထုံးတဲ့ ခေတ်ပေါ့။ အမေတို့ ပြောတာကတော့ ကျော်ဟိန်းတုန်းက ပုဆိုးကို မြေကြီး ဒရွတ် တိုက်အောင် ၀တ်တာတဲ့။ ရှည်လိုက်ကြ တိုလိုက်ကြနဲ့ ဖက်ရှင်က တကျော့ ပြန်လည်တာ ဆိုလား။

ကျောင်းသူ အရွယ်မှာ အမေ ဆင်တာ ၀တ်ရပြီး အလုပ် လည်းရရော စိတ်တိုင်းကျ ကိုယ့်အကြိုက် အစလေးတွေ ၀ယ်ပြီး အပ်ချုပ်ဆိုင် အပ်တော့တာပဲ။ ရေခဲရှန် ပိတ်စ ဒီဇိုင်း ပြောင်းပြန် (အင်္ကျီက အဖြူပေါ် အနီပွင့်ဆို လုံချည်က အနီပေါ် အဖြူပွင့်) လေးတွေ ကြိုက်လို့ ၀ယ်ဝတ်တယ်။ ပုံမှန်ကတော့ အပွင့် နုတ်နုတ်လေးတွေဆို ၀မ်းဆက် ၀တ်ဖြစ်တာ များတယ်။ အင်္ကျီ ဒီဇိုင်း လှလှလေးတွေကို  အပ်ချုပ်သည် အကိုကြီးကပဲ စဉ်းစားပြီး ချုပ်ပေးတာ။ ချည်လုံချည် မြန်မာ အဆင်နဲ့ အင်းလေး လုံချည် တွေကိုတော့ အေးလို့ ကြိုက်တယ်။ အထက်ဆင် တပ်ပြီး ၀တ်လို့လည်း ရတယ်၊ ကျစ်ကျစ် လစ်လစ်လည်း ရှိလို့ ၀တ်လို့ ကောင်းတယ်။ လျှော်ပြီးရင် နဲနဲ ကျုံ့သွားတာရယ် အရောင် ကျသွားတာ ရယ်ကြောင့် သိပ်များများတော့ မ၀ယ်ဖြစ်ဘူး။ ကြိုးကြီးချိတ် ဆိုတာကိုတော့ မင်္ဂလာဆောင်မယ် ဆိုတော့မှပဲ ၀ယ်ဖြစ်တာပါ။ သတို့သားရဲ့ အမှတ်တရ လက်ဆောင် ဆိုလည်း ဟုတ်တယ်လေ။ ရန်ကုန် ပြန်တိုင်း ရသလောက် အင်္ကျီ လုံချည် တစုံ နှစ်စုံလောက်တော့ ချုပ်ဖြစ်တယ်။ အလုပ်ထဲက ပွဲတွေ ဘာတွေ တက်ရတဲ့ အခါ မြန်မာလို ၀တ်ရတာ ပိုနှစ်သက်တယ်။ ကိုယ့်အကြိုက် ၀တ်ချင်တာ ၀တ်ရအောင် ခန္ဓာကိုယ် ပုံ မပြောင်း သွားဖို့ ကြိုးပမ်း ရတာလည်း မလွယ် လှပါကြောင်း။

Wednesday, 20 January 2010

Fairtrade

မှတ်တိုင်မှာ ကား စောင့်နေတုန်း ကျောင်းသား တယောက်က ၃ မိနစ်လောက် အချိန် ပေးနိုင် မလားလို့ မေးလာတယ်။ ဘတ်စ်ကား အလာ လမ်းကို ငေးရင်း ဘာလုပ် မလို့လဲလို့ မေးတော့ fairtrade အကြောင်း ဘယ်လောက်များ သိလဲလို့ မေးချင်လို့ပါ တဲ့။ စစ်တမ်း ကောက်ပြီး စာတမ်း ပြုစု နေတာပါလို့ ပြောလာတယ်။

  • fairtrade ကို ဘယ်လို နားလည် ပါသလဲ
  • အ၀တ်အစား သို့မဟုတ် စားသောက်ကုန် ၀ယ်တဲ့ အခါ    (က) တန်ဖိုး   (ခ) ထုပ်ပိုး ပြင်ဆင်မှု    (ဂ) fairtrade ကုန်ပစ္စည်း  ဘာကို ဦးစားပေး စဉ်းစားသလဲ
  • fairtrade ကုန်ပစ္စည်းတွေ ထဲက မှတ်မိသလောက် ပြောပါ
  • fairtrade ကုန်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေ သိသလောက် ပြောပါ
  • Cadbury ချောကလက်ကို fairtrade တံဆိပ်ကပ်ရင် ၀ယ်စားမှာလား

သူ့ မေးခွန်းတွေက ဒါပါပဲ။ ကျေးဇူးတင် စကားပြောပြီး အနားက နောက် တယောက်ကို ထပ် မေးနေပြန်ရော။


fairtrade တံဆိပ်ကို စမြင်ဖူးတာ ကတော့ ဘုရားကျောင်းက သတင်းလွှာမှာပါ။ အသင်းသားတွေကို ဧည့်ခံတဲ့ ကော်ဖီနဲ့ လက်ဖက်ခြောက်တွေက fairtrade တွေပါလို့ အသိပေး ကြော်ငြာ ထားတယ်။ နောက်  စူပါမားကက်တွေ ရောက်တော့ သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်တွေပါ fairtrade တံဆိပ် ကပ်ထားတာ ထပ်တွေ့တယ်။ ရောက်စကတော့ ဘာ တံဆိပ်မှ မကြည့်နိုင်ပါဘူး။ ဈေး အသက်သာဆုံး ပစ္စည်းကို ရွေး ၀ယ်လိုက်တာပါပဲ။ ကိုယ် ၀ယ်လိုက်တဲ့ ပစ္စည်း ကိုယ့်လက်ထဲ မရောက်ခင် အဆင့်ဆင့် ဘယ်လို  ထုတ်လုပ် ထားလဲလို့ မတွေးကြည့်မိဘူး။ ဈေးဝယ်ကြရင် ကိုယ်လိုချင်တဲ့ ပစ္စည်း ဖြစ်နေတာရယ်၊ နံမည်ကြီး လူသိများတဲ့ တံဆိပ် ဖြစ်တာရယ်၊ ဈေးချိုဖို့ရယ်၊ ထုပ်ပိုး ထားတာလေးက ဆွဲဆောင်မှု ရှိနေတာရယ် စတာတွေက ခေါင်းထဲ အရင် ရောက်လာတာပါ။ အလွယ်တကူ ၀ယ်စားဖြစ်တဲ့ ငှက်ပျောသီးဆို ဘယ်က လာတာလဲတောင် မကြည့် ဖြစ်ပါဘူး။ ၀ယ်နေကျ ဈေးထက် နဲနဲ များနေတော့မှပဲ ဟိုရှာ ဒီရှာနဲ့ ဈေးနှုန်း တံဆိပ်ကို ကြည့်ဖြစ်တယ်။ အသုံး အဆောင်နဲ့ အလှပြင် ပစ္စည်းတွေ ၀ယ်လဲ ဒီအတိုင်းပဲ။ ဒီ ပစ္စည်း ဘယ်က လာသလဲ၊ ဘာကြောင့် သက်သာလဲ အရင် မတွေးဘဲ လောဘစိတ်နဲ့ ၀ယ်ပစ်လိုက်တာ များတယ်။

သစ်သီး ၀လံ အမျိုးစုံကို တနှစ်လုံးနီးပါး အချိန်မရွေး ၀ယ်လို့ ရနေတဲ့ နေရာမှာ ရာသီစာရယ်လို့လည်း မက်မက် မောမော ၀ယ်မစားဖြစ် သလောက်ပဲ။ ငယ်ငယ်ကဆို ဆောင်းရာသီမှာ လိမ္မော်သီး၊ နွေရာသီမှာ ဒူးရင်းသီး၊ သရက်သီး မျှော်ပြီး စားရတာ။ ပူနွေးတဲ့ ရာသီဥတုမှာ စိုက်ရတဲ့ အသီး အနှံတွေကို ၀ယ်လို့ရတာ တကယ်တော့ ကျေးဇူး တင်စရာ ကောင်းလှပါတယ်။ ကမ္ဘာ တဖက်ခြမ်း ကနေ မပုပ်မသိုးအောင် သယ်ယူ လာရတာလည်း လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီကြားထဲ ရာသီဥတု ဖေါက်ပြန်တာနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံရတာ ရှိသေးဦးမယ်။ စီးပွားရေး အတက် အကျတွေ ရှိဦးမယ်။ ခြံပိုင်ရှင်တွေ လယ်ပိုင်ရှင်တွေနဲ့ စိုက်ပျိုးတဲ့ လုပ်သားတွေ အကြောင်း ရှည်ရှည်ဝေးဝေး စဉ်းစားမိတဲ့ အခါ ပေါပေါ လိုက်ချင်တဲ့ ကိုယ့်ရဲ့ စိတ်ကို ဆင်ခြင်မိပြန်တယ်။

အ၀တ်အစားနဲ့ တခြား ပစ္စည်းတွေ ၀ယ်ရင်လည်း လောဘစိတ်နဲ့ ဈေးနှုန်း သက်သာရင် ၀ယ်လိုက်တာပဲ။ ဥပမာ ပြောရရင် ဘော်ကြယ်ထိုးထားတဲ့ အင်္ကျီ ဆိုပါစို့။ ဘော်ကြယ်တွေ ပုတီးစေ့တွေကို စက်နဲ့ထိုးတာလား လက်နဲ့လား၊ ဘယ်တိုင်းပြည်မှာ လုပ်တာလဲ၊ အလုပ်သမားတွေ ဘယ်လို လုပ်ငန်းခွင်မှာ လုပ်ရတာလဲ ၊ လုပ်အားခ အပြည့်အ၀ ရပြီး လုပ်တာလား၊ ကလေးတွေကို မတရား သဖြင့် ခိုင်းပြီး လုပ်ခိုင်းတာလား စသဖြင့် တွေးကြည့်လိုက်ရင် လက်လက်တောက်နေတဲ့ ဘော်ကြယ် အင်္ကျီကို ၀တ်ရမှာ နဲနဲ တွန့်ဆုတ် သွားတယ်။ ဒါပေမယ့် ကိုယ်တို့ ၀ယ်လို့ သူတို့ ရောင်းနေရတာ၊ ရောင်းနေရလို့လည်း ထုတ်နေရတာ၊ ဒါကြောင့်လည်း လူတွေ အလုပ်ရှိနေတာ လို့ စောဒက တက်ချင်ပြန်သေးတယ်။ အိန္ဒိယနိုင်ငံမှာ ၇နှစ် ၈နှစ် ကလေးတွေ မိုးလင်းက မိုးချုပ် ဘော်ကြယ်တွေ ထိုးနေတာ ရုပ်မြင်သံကြား အစီအစဉ် တခုမှာ မြင်လိုက်ရတော့မှ ကိုယ့်ပါးစပ်ကို အမြန်လေး ပိတ်ပစ်လိုက်မိတော့တယ်။


ကိုယ့်လုပ်အားခကို မျှမျှတတ လိုချင်လားလို့ မေးရင် တန်ရာ တန်ကြေးတော့ လိုချင်ပါတယ်လို့ ဖြေမှာပဲ။  ငှက်ပျောသီး အကြောင်းပဲ ပြန် စဉ်းစားကြည့်ရင် ရောင်းတဲ့ စူပါမားကက်ကလည်း စီးပွားဖြစ် အမြတ်ရအောင် အရင်းကို တတ်နိုင် သလောက် နည်းအောင် လုပ်ရမှာပဲ။ ကြား ပွဲစားရှိခဲ့ရင် သူကလည်း သူ့အတွက် ကျန်အောင် စရိတ်စက မှန်သမျှ နည်းသထက် နည်းအောင် ကြံရမှာပဲ။ ခြံပိုင်ရှင်တွေကလည်း ခြံစရိတ် ကာမိအောင် လျှော့နိုင်သလောက် ကုန်ကျ စရိတ်တွေကို ကြိုးစား လျှော့မှာပဲ။ အားလုံးရဲ့ အောက်ဆုံးက အလုပ်သမား တွေကျတော့ ထပ်ဆင့် လျှော့ခိုင်းဖို့ သူတို့ အောက်မှာ ဘယ်သူမှ မရှိတော့ဘူး။ စိုက်ထုတ်ထားရတဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ ချွေးနဲ့ သွေး ကလွဲလို့ စာရင်း ပြစရာ စရိတ်စက လည်း မရှိလေတော့ သူတို့ရဲ့ လုပ်အားခကိုပဲ အလျှော့ ခံလိုက်ရတယ်။ ကိုယ်တို့ ၀ယ်တဲ့ ပစ္စည်းတွေ  ဈေး အရမ်း ပေါနေရတဲ့ အကြောင်းတွေထဲက တခု ဖြစ်မှာပေါ့။

ကိုယ်လည်း မျှတတဲ့ လုပ်အားခ လိုချင်တဲ့ အခါကျတော့ သူများတွေကိုလည်း ကိုယ်ချင်းစာနိုင်ပါတယ်။  လုပ်အားခ မျှမျှတတ ရတဲ့ အတွက် ကုန်ထုတ် အလုပ်သမားတွေ အတွက် အကျိုးပို ရှိသလို တန်ရာ တန်ကြေး  ပေးဝယ်တဲ့ အတွက် ကုန်ပစ္စည်းတွေကိုလည်း အဆင့်မီမီ အန္တရာယ် ကင်းကင်း ထုတ်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဥပမာ ပတ်ဝန်းကျင်နဲ့ တိရိစ္ဆာန်တွေကို ထိခိုက်စေမယ့် ပိုးသတ်ဆေးတွေ သုံးတာမျိုးပေါ့။ နေ့တဓူဝ သွားလာ လှုပ်ရှား နေရင်း တနိုင် လုပ်ကြည့်မယ်လို့ စဉ်းစားမိတယ်။

Tuesday, 5 January 2010

ချစ်တဲ့ အကြောင်း

ကိုယ်တို့ အရွယ်က အချစ် အကြောင်း သိပ် မပြောဖြစ် တော့ဘူး ထင်တာပဲ။ သူငယ်ချင်းတွေ တွေ့ရင် ကလေးတွေ အကြောင်း၊ ယောကျာ်း အကြောင်း၊ ယောက္ခမတွေ ယောင်းမတွေ အကြောင်း၊ အလုပ်အကိုင် အကြောင်း၊ ဈေးဝယ်ထွက်တဲ့ အကြောင်း၊ ဟင်းချက်နည်း အသစ် စသဖြင့် (ယောကျာ်း စကား ငှားပြော ရရင်) လက်တွေ့ကျတဲ့ အကြောင်း အရာတွေပဲ ပြောဖြစ် ကြတာ များတယ်။ များသော အားဖြင့် ပျော်စရာတွေ သိပ် မပြောဖြစ်တော့ သလိုပဲ။ တခါ တလေများ သူငယ်ချင်းတွေ တယောက်ပြီး တယောက် စိတ်ညစ် စရာတွေ ဆက်တိုက် ကြုံကြလို့ တယောက် အပူ တယောက် ကူးတော့တာ ပါပဲ။ သူငယ်ချင်းတွေ ဆိုပေမယ့် ဆွေမျိုးတွေ ထက်တောင် ပိုရင်းနှီး ကြတာလေ။ တယောက်က အလုပ် ရှာမရလို့ အကြွေး မကျေဘဲ ပြန်ရတော့မယ့် အကြောင်း၊ တယောက်က ကလေး ကျန်းမာရေး မကောင်းတဲ့ အကြောင်း၊ နောက် တယောက်က ယောက္ခမတွေနဲ့ အဆင် မပြေဖြစ်တဲ့ အကြောင်း ရင်ပူ စရာတွေ ချည်းပဲ။ ပျော်စရာရယ်လို့ မရှိ သလောက်ပဲ။ စိတ်ကူးယဉ် စရာ ဖြစ်ဖို့ ကတော့ ဝေးရောပေါ့။

ငယ်တုန်းကတော့ သူငယ်ချင်းတွေ တွေ့ကြရင် ချစ်သူ ရှိသူရော မရှိသေး သူပါ ရင်ခုန်ရတဲ့ အကြောင်းတွေ ဖလှယ်ကြတာ တနေကုန်တောင် မပြီးဘူး။ စကား ပြောကြရင် ဒီအကြောင်းက မပါလို့ မပြီးဘူး။ ချစ်သူ မရှိသေးတဲ့ သူတွေကလည်း  ရင်ခုန် စရာတွေ နားထောင်ပြီး စိတ်ကူးယဉ် ရတာ အမော။  ကိုယ့် သူငယ်ချင်းတွေ အားလုံး လိုလို က သိပ် ချစ်တတ် ကြတယ်။ အချစ်ကို ဦးစားပေးကြ သူများထဲမှာ ပါတာ ပေါ့လေ။ သူငယ်ချင်း တယောက်ဆို သူ အဖြေပေးလိုက်တဲ့ နေ့မှာပဲ သူ့ ချစ်သူက ခရီးဝေး ထွက်သွားတာမို့ သူ့ခမျာ ငိုလိုက်ရတာ။  ကိုယ်တို့ တအုပ် လုံးလည်း သူနဲ့ အတူ ၀မ်းနည်း လိုက်တာ။ နောက် တယောက်ကတော့ သူ့ချစ်သူနဲ့ အိမ်က သဘော မတူလို့ စွန့်စွန့် စားစားနဲ့ အားလုံးကို ပုန်ကန်ပြီး ချစ်သူနောက် လိုက်သွားတယ်။ ငယ်သေးတဲ့ အရွယ်တွေ ဆိုတော့ ပစ္စည်း ဥစ္စာ မပြည့်မစုံနဲ့ ဘ၀ကို စရတာပေါ့။  အဲ့ဒီမှာ သူငယ်ချင်းတွေက ရှိသမျှ မုန့်ဖိုးတွေ နာရီတွေ လက်ကောက်တွေ ရက်ရက် ရောရော ၀ိုင်းပေးကြတယ်။သူတို့ အရေး ကိုယ့် အရေးပေါ့လေ။

ဘယ်နေရာ ကြည့်ကြည့် ဘယ်သူ့ ကြည့်ကြည့် အချစ်တွေနဲ့ ၀န်းရံ ထားသလိုပဲ။ ချစ်လို့ သ၀န်တိုကြတာ၊ စိတ်ကောက်ကြတာ၊ ရန်ပွဲတွေ ဖြစ်ကြတာ၊ မပြည့် မစုံ ဖြစ်ရတာ ဘာပဲ ဖြစ်ဖြစ် အချစ်ကြောင့်လို့ပဲ အဖြေ ထုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ သီချင်း ကြားရင်လည်း တိုက်ဆိုင်လိုက်တာ ဆိုပြီး ကိုယ့်ချစ်သူကို သတိရတယ်။ ရုပ်ရှင် ကြည့်ကြရင်လည်း မြန်မာကား၊ အိန္ဒိယကား၊ အင်္ဂလိပ်ကား၊ တရုပ်ကား ( ကိုယ်တို့ ခေတ်က ကိုးရီးယားကား မပေါ်သေးဘူး) အချစ် ဇာတ်လမ်း မှန်သမျှ ကိုယ်တို့နဲ့ တိုက်ဆိုင် နေသလို ချည်းပဲ။ ငယ်ရွယ်သူတို့ သဘာဝ ထိခိုက် ခံစားလွယ်ကြတယ်။ တောင်းပန်ရင်လည်း ခွင့်လွှတ် မြန်ကြတယ်။ စိတ်ကောက် နေတဲ့ သူငယ်ချင်းကို သူ့ချစ်သူက Bryan Adams ရဲ့ Please forgive me နဲ့  Everything I do I do it for you ကို အခွေထဲ ထည့်ပေးလာတယ်။ ချက်ချင်း စိတ်ကောက် ပြေသွားတဲ့ သူငယ်ချင်းကို ကြည့်ပြီး ကျန်တဲ့ သူတွေက အားကျ မိကြတယ်။ ချစ်တတ်  လိုက်ကြတာလို့လေ။

ချစ်တိုင်းလည်း ပေါင်းခွင့် ရတာ မဟုတ်တော့ ချစ်သူနဲ့ လက်ထပ်ခွင့် ရတာ ကိုယ့် အမြင်မှာတော့ ကံ ကောင်းလွန်း လို့ပါ။ ဒါ့အပြင် မိဘကပါ ကြည်ဖြူပြီး ပံ့ပိုး ကူညီတယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။ အတူ နေရဖို့ ဆိုတာလည်း နှစ်ယောက်လုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ အားလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိနဲ့ စွမ်းအား တွေလည်း လိုပါသေးတယ်။ ကိုယ်တို့ လိုချင်တာတွေ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစား နေကြတဲ့ အချိန်တုန်းက သူ့ကို မကြာ ခဏ ပြောဖူးတာကတော့ မျဉ်းပြိုင် နှစ်ကြောင်းဆုံဖို့ မဖြစ်နိုင်ဘူး လို့။ တကယ်လည်း နီးစပ်ဖို့ အရေးမှာ နှစ်ယောက်လုံး နည်းနည်းစီ လျှော့လိုက် ရတာပဲ။ စိတ်ကူး ထားတဲ့ စံတွေ plan တွေလည်း လျော့ရဲရဲ ဖြစ်ကုန်တယ်။ အဓိက ရည်ရွယ်ချက်က နှစ်ယောက် နီးကြဖို့ ဆိုတော့ ကျန်တာတွေက သာမည ဖြစ်ကုန်တယ်။ အချစ် တခုတည်း အတွက်လားလို့ မေးရင် ဟုတ်တယ်လို့ ဖြေတာပဲ။ အချစ်ကို အကြောင်းပြုပြီး တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှာ ပြဿနာ ပေါင်းစုံလည်း ကြုံရတာ ပါပဲ။ တခါတရံမှာ အချစ် အကြောင်း ပြောတာ ရပ်ပြီး မာန တပုံစီနဲ့ သူ စွမ်းတာ ကိုယ် ကျွမ်းတာတွေလည်း ပြိုင်ဆိုင် ပြောတတ် လာတယ်။ ဘ၀ကို လက်တွေ့ ကျကျ ရင်ဆိုင် ရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်လို မနွေးထွေး နိုင်တော့ဘူး။  အက်ရာတွေ ထင်တာ များလာတော့ နဂို အတိုင်း ချောမွေ့ဖို့ သိပ် မလွယ်တော့ဘူး။  နှစ်ဦး နှစ်ဖက် စိတ် မလျော့ဘဲ အားစိုက်ထုတ် လိုက်ရင်တော့  အရင်လို ပြန် ချစ်နိုင်ဦးမယ်လို့ မျှော်လင့် နိုင်ပါသေးတယ်။ အတူ နေနိုင်ဖို့ ကြိုးစားခဲ့တာ လမ်းခွဲဖို့မှ မဟုတ်ပဲလေ။ အက်ရာ ဆက်ရာတွေ သိပ်မများခင် ချစ်တဲ့ အကြောင်း မကြာခဏ ပြောနိုင်အောင် ကြိုးစား ရအောင်နော်။
(ချစ်သူငယ်ချင်းတွေအတွက် အမှတ်တရ)

Friday, 1 January 2010

Happy 2010

ဘလော့တွေလည်း မလည်ဖြစ် ဘာမှလည်း မရေးဖြစ်တာ ကြာသွားတယ်။ ဘာဖြစ် နေတာလည်း ဆိုတော့ ကိုယ့် ဘာသာလည်း မသိဘူး။ winter blue ခေါ်မလား home sick ဖြစ်သလား စိတ်ကျရောဂါ ၀င်နေသလား ... လားပေါင်းများစွာ... ခေါင်းထဲ အဖြေရှာလည်း အတိအကျတော့ မပြောတတ်ပါ။ နှစ်သစ် ရောက်ပြီဆိုတော့ တခုခုတော့ ချ ရေးထားဦးမှပဲလေ လို့လည်း တွေးမိသား။ Grumpy woman ကိုလည်း ဆက်ရေးချင်တယ်။ ဒီနေ့ ရေးဖို့တော့ မဖြစ်သေး ပါဘူးလေ။ တနှစ်လုံး grumpy ဖြစ်နေရရင် မကောင်း ပါဘူး။

ချစ်ရ ခင်ရတဲ့ သူတွေ အားလုံး အတွက်နဲ့ ကိုယ့် အတွက်ပါ ၂၀၁၀ ကိုတော့ တကယ်ပဲ Happy year ဖြစ်ချင်ပါတယ်။ မနှစ်က အဆင် မပြေမှုများ ရှိခဲ့ရင် ဒီနေ့က စပြီး ချောမွေ့ပါစေ။ နှစ်ဟောင်းမှာ အမုန်းတရားတွေ ပွားများထားမိရင် ဒီနေ့က စပြီး ချစ်ခြင်း မေတ္တာတွေ တိုးပွား နိုင်ပါစေ။ ၂၀၀၉ မှာ မချောင် မလည် ကျဉ်းကြပ်မှု တွေ ကြုံခဲ့ ရရင် ဒီနေ့က စပြီး သောက ကင်းကင်း ဘေးရန် ရှင်းရှင်းနဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ လို့ အားလုံး အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်း ပေးပါရစေ။

Wednesday, 9 December 2009

Grumpy woman

တီဗီက လာတဲ့ Grumpy old women အစီအစဉ်ကို သဘောကျ မိတာနဲ့ ကိုယ့်ဖာသာ grumpy လုပ်ကြည့်တာ။ old ကို မသိမသာလေး ဖြုတ် ထားခဲ့တာ သတိ ထားမိလား။ အဲ့ဒီ အစီအစဉ် မှာ ပါတဲ့ အမျိုးသမီးတွေက ၅၀ ကျော်တွေ များတယ်၊ တခါ တလေ လည်း ၃၀ ကျော်တွေ ပါပါတယ်။ ဒါပေမယ့်လည်း...

credit crunch ကြောင့် လူတွေ ကျပ်တည်း ကြတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ဈေး ၀ယ်သူတွေ ဆီက ခိုးတာတော့ လုံးဝ သည်းမခံ နိုင်ဘူး။ ကိုယ်တို့ ရုံးနားမှာ စာရေး ကိရိယာ ရောင်းတဲ့ ဆိုင် တဆိုင် ရှိတယ်။ ပစ္စည်း ၂မျိုး ၀ယ်တာ (၂+၂.၅၀) ကိုယ့်ဖာသာ ပေါင်းထား ပြီးသား။ ၁၀ တန် ပေးလိုက်တာ ၄.၅၀ ပြန်အမ်းတယ်။ လိုသေးတယ် ဆိုတော့ လူကို ကြည့်ပြီး ကျပ်စေ့ တစေ့ ထုတ်ပေးတယ်။ ပြေစာ ပေးဦး ဆိုတော့ စက်ကနေ နှိပ်ပြီး ထွက်လာတဲ့ စာရွက်မှာ ၃.၅၀ ဖိုးပဲ နှိပ်ထားတယ်။ ဈေး ၀ယ်သူဆီက ၁ကျပ် ဆိုင်ရှင်ဆီက ၁ကျပ် ခိုးတာ။ တခါလည်း မဟုတ်ဘူး။ ပိုက်ဆံ ပြန်အမ်းရင် မကြည့်ဘဲ အိတ်ထဲ တန်းထည့် တတ်သူများ သတိချပ်ပါ။

စူပါ မားကက်မှာ တချို့ ပစ္စည်းတွေ ၁ခုထက် ပိုဝယ်ရင် သက်သာတယ် လို့ ပြောကြတယ်။ အမြဲတမ်း မမှန်ဘူး။ ခေါက်ဆွဲ တထုပ်ကို ပြား ၈၀၊ ၂ထုတ် ၀ယ်ရင် ၁.၇၀ တဲ့။ ဘယ်မှာ ပို သက်သာလို့လဲ။ အိမ်သာသုံး စက္ကူ ၉လုံး ပါတဲ့ အထုပ်က ၅.၄၀၊ ၁၂ လုံးပါတဲ့ အထုပ်က ၇.၄၀။ ပိုဝယ်လို့ ပိုဈေး မသက်သာပါ။ သင်္ချာ မတွက် တတ်ရင်တော့ သူတို့ ရေးထားတဲ့ အတိုင်း ၀ယ်လိုက်ရင် ဈေးကြီး ပေးဖို့သာ ပြင်ပေတော့။

အလုပ်ထဲက ဖြစ်သမျှတွေ အိမ်မှာ ပြန် ရင်ဖွင့်တာ အခုဆို သတိထား နေရတယ်။ ခရစ်စမတ် ပါတီမှာ ရုံးသူ ရုံးသားတွေရဲ့ အမျိုးသား အမျိုး သမီးတွေပါ ဖိတ်တော့ မသိသေးတဲ့ ကိုယ့်အိမ်သူ အိမ်သားတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေကို အချင်းချင်း မိတ်ဆက်ပေးကြတယ်။ ရှန်သီ က သူ့ အမျိုးသားကို မာရီယာနဲ့ မိတ်ဆက် ပေးတဲ့ အခါ ရှန်သီ့ အမျိုးသားက အားရပါးရ ပြောလိုက်တာက လူတွေနဲ့ လိုက် ရန်ဖြစ်တဲ့ တယောက်လားတဲ့။ ကြားတဲ့ လူတွေလည်း ဘာပြောရမှန်း မသိအောင် ခက်နေတဲ့ အချိန်မှာ ထပ်ပြီး ပြောလိုက်တာက မင်းပဲ ပြောတာလေ မာရီယာ ရန်ဖြစ်ပြီး ချလိုက်တဲ့ အကြောင်း တဲ့။ အိမ်ကလူတွေ အိမ်ရှင်မကို မျက်နှာရအောင် ပံ့ပိုး ပေးပုံများ တယောက် တမျိုးစီ မရိုး နိုင်အောင်ပါပဲ။

အိမ်လိပ်စာ ပြောင်းလို့ ဘဏ်ကို အကြောင်းကြားတာ ၃မိနစ်နဲ့ ပြီးမယ် ထင်လား။ လိပ်စာ အသစ်ကို မပြောင်း ပေးသေးခင် လိပ်စာ အဟောင်းကို ပြောရတယ်။ ပြီးတော့ နေ့ဘက် နဲ့ ညဘက် ဆက်သွယ်ဖို့ ပေးထားတဲ့ ဖုန်းနံပါတ်တွေ သေချာအောင် ပြန်မေးတယ်။ အမေ နံမည်၊ ဘယ်မြို့မှာ မွေးတာလဲ၊ လောလောဆယ် ခရီး သွားဖို့ ရှိသလား၊ အကြွေးကဒ် ဘယ်နှစ်ခု ရှိလဲ၊ ဘဏ် ပြောင်းဖို့ စိတ် မ၀င်စားဘူးလား၊ အိမ် ပိုင်သလား၊ အိမ် ၀ယ်ဖို့ အစီအစဉ် ရှိလား........ မဆုံးနိုင်တော့ဘူး။ ငါ့ လိပ်စာ အသစ် ပြောင်းဖို့ ဖြစ်နိုင် ဦးမှာလား လို့ မေးလိုက်တော့မှ လိပ်စာ အသစ်ကို ပြောပါတဲ့။ သူတို့လည်း အလုပ်ရှင် ခိုင်းတာ လုပ်ကြရတာ နားလည် ပါတယ်။ ဒါပေမယ့် မဆိုင်တဲ့ ကိစ္စတွေလည်း ဆွဲထည့်တာ အစဦး ရည်ရွယ်ချက်တောင် ပျောက်မလို ဖြစ်သွားတယ်။

'customer comes first' 'customer is always important' ရေးထားလိုက်တာ နေရာ အနှံ့။ တနေ့က ပြတိုက် တခုကို ရောက်သွားတယ်။ အိမ်သာထဲ အ၀င် အနောက် ကနေ ဆွဲထားလို့ လှည့်ကြည့်လိုက်တော့ သန့်ရှင်းရေး သမ တယောက်။ ငါ အဲ့ဒီ အိမ်သာကို ဆေးမလို့တဲ့။ ဒါနဲ့ သူ့ကို အလျှော့ပေးပြီး ပြန် လှည့်ထွက် လာရတယ်။ အပြန်ကျတော့ ခရစ်စမတ် အတွက် အလှပြင် ထားတာတွေ ငေးရင်း စတိုးဆိုင် တခုထဲ ရောက်သွားတယ်။ အင်္ကျီ တထည် မျက်စိ ကျလို့ လှမ်းအယူမှာ ဖြတ်ခနဲ ကိုယ့် အရှေ့ကနေ ကျော်ပြီး သူ့ပစ္စည်းတွေ ပြန်စီဖို့ အရေးကြီးနေတဲ့ ဆိုင်က အရောင်း စာရေးမ ကို အသာပေး လိုက်ရတယ်။ စိတ်တိုတာနဲ့ အဲ့ဒီဆိုင်က ဘာမှ မ၀ယ်ခဲ့ဘူး။ တကယ်ဆို ဈေးဝယ်သူက ကြည့်နေတာ ယဉ်ကျေးမှု ရှိရမှာပေါ့။ အပြောနဲ့ အလုပ် မညီပုံများ။

ဆွေမျိုးတွေဆီ ပိုက်ဆံ ပို့ပြီးတိုင်း ရောက်ကြောင်း သတင်း လာလေ့ မရှိဘူး။ ကိုယ်က ဖုန်းဆက် မေးရတယ်။ အရင်လနဲ့ ဒီလ ဈေးကွာလို့ ငွေ ပမာဏ နည်းနေရင်တော့ အကြောင်းကြားတယ်။ ဈေးက တလနဲ့ တလ မတူဘူး လို့ ပြောပြထားလည်း တခါပဲ။ နင် တတ်နိုင်သလောက် ပေးတာပဲ လို့ ပြောတာ ရှိသေးတယ်။ တကယ်ဆို ကိုယ်က ပို့တာ လစဉ် ဒီ ပမာဏပဲ ဆိုတာ ပို့တိုင်း ပြောလည်း ပါးစပ် အမြှုပ်ထွက်တာပဲ အဖတ်တင်တယ်။ အိမ်တိုင် ရာရောက် ပိုက်ဆံ သွားပို့ပေးတဲ့ သူကိုလည်း တခါတလေ မဆိုင်တာတွေ သွား ပြောသေးတယ်။ ဟိုလူတွေကဖြင့် ကိုယ့်ကို မြင်ဖူး တာလည်း မဟုတ်၊ နံမည်ပဲ ကြားဖူးနေတာ။

ပြောစရာတွေ အများကြီး ရှိသေးတယ်။ စီးရီး အလိုက် သွားရင် ကောင်းမလားလို့။

Tuesday, 24 November 2009

မန်နေဂျာ ပါဝါ

ရုံးက ကွန်ပြူတာကို သုံးလာတာ အလုပ် စ၀င် ကတည်းက ဆိုတော့ ၅နှစ် ကျော်ပါပြီ။ ကိုယ့် အရှေ့ကလူ သုံးခဲ့တဲ့ စက်ကိုပဲ ဆက် သုံးတာပါ။ ဘယ်တုန်း ကမှ ဘာ ဒုက္ခမှ မရှိ ခဲ့ဘူး။ ကိုယ်ကလည်း သတိ ရှိရှိနဲ့ စက်ထဲကို ပေါက်ကရ မထည့်ဘူး။ မှန်မှန်လည်း backup လုပ်တယ်။ ဒီလိုနဲ့ ယုယု ယယ သုံးလာတာ လွန်ခဲ့တဲ့ ၃ပတ် လောက်ကတော့ outlook သုံးရင် စက်က ကြောင်ပြီး ဘာမှ မတက် တော့ဘူး။ ဒါနဲ့ အိုင်တီ မန်နေဂျာကြီးကို အပ်လိုက်တယ်။ မနက်ကနေ ညနေထိ စာမလာ သတင်း မကြားလို့ လိုက်မေးကြည့်တော့ ကိုယ့် ကွန်ပြူတာ က သုံး မရ တော့ပါဘူးတဲ့။ ဘာလို့လည်း ဆိုတာလည်း အဖြေ မရှိ ပါတဲ့။ မှတ်ကရော။ အဲ့သလို ဖြစ်မှာစိုးလို့ ကိုယ် အလုပ် စလုပ် ကတည်းက ကိုယ့်စက်ကို ဘယ် ဆရာနဲ့မှ မပြဘူး။ သူ့ဆီ မအပ်ခင် ပြဿနာက outlook တခု ထဲရယ်။ IP address တွေ ဘာတွေ ထည့်ရတာ ဆိုတော့ သူ့ အလုပ်မို့လို့ လွှဲအပ် လိုက်တာ တကယ့်ကို လွဲသွား တာပါပဲလား။

မန်နေဂျာကြီးက ကိုယ့်စက်ကို သိမ်းပိုက် ထားလိုက်ပြီး အရံ စက်တလုံး လာပေးထားတယ်။ ကိုယ့် data တွေတော့ မပါဘူးပေါ့။ ကိုယ့်တို့ရဲ့ ဆရာမကြီးကတော့ အရမ်း စိတ်ပူပြီး ဒီလောက် အရေးကြီးတဲ့ ကွန်ပြူတာပျက်သွားတာ ဘယ်လို လုပ်ကြမလဲ တဲ့။ သူ့ အလှည့် ရောက်ပြီဟေ့ ဆိုတဲ့ လေသံနဲ့ အိုင်တီ မန်နေဂျာကြီး ကလည်း ဒီ ကွန်ပြူတာဟာ လဲဖို့ သင့်နေတာ ကြာပြီပေါ့ လဲချိန် တန်ချိန်မှာ မလဲတာကြောင့် အခုလို ဖြစ်ရတာ လို့ ထပ်ဆောင်း ပြောပေးတယ် (ဘယ်အချိန်ထဲက ပြောချင်နေသလဲတော့ မသိဘူး)။ ကိုယ့် data တွေ မရှိတဲ့ စက်ကို သုံးရတာ ကိုယ်လက် အင်္ဂါ မစုံ သလို ပါပဲ။ မန်နေဂျာကြီး သိမ်းဆည်း လိုက်တဲ့ အတွက် သူ့ဆီမှာတော့ ကိုယ့် data တွေ ရှိနေတယ်၊ လိုချင်ရင် သူ့ဆီ တောင်းရတယ်။ ကိုယ့် အရံ စက်ထဲကို အခု data တွေ ထည့်လိုက်ရင် နောက် စက် အသစ် ရောက်လာရင် ပြောင်းထည့်ရမှာ ရှူပ်လို့ ဆိုတဲ့ အကြောင်း ပြချက် နဲ့ပေါ့။ အခု သုံးနေတဲ့ စက်ကိုပဲ ပေးပါ ဆိုတော့လည်း မရဘူးတဲ့။

ကိုယ်က ငိုမဲ့မဲ့ လုပ်လေ သူက ပိုဆိုးလေပဲ။ စက်က ပိုးထိတာ လို့ လည်း ပြောတော့ ဘာကြောင့် ကိုယ့်စက်မှာ anti-virus အသစ် မရှိသလဲလို့ မေးတော့ သူ့ဘက် လှည့်တယ် ထင်ပြီး ခုခံ ပြောဆိုတာ နာရီဝက်လောက် ကြာသွားတယ်။ နောက် တခါ ဒါမျိုး မဖြစ်အောင် ဘယ်လို ကာကွယ် ရမလဲ လို့ မေးတဲ့ အခါ ကျတော့ အက်ဖ်ဘီအိုင်တို့ စီအိုင်အေ တို့တောင် ကာကွယ်လို့ မရဘူးဆိုပဲ။ ကိုယ်လည်း စိတ် ပေါက်ပေါက်နဲ့ ရှင် က ကိစ္စသေးသေး မှန်သမျှကို ကြီးကြီး မားမား ဖြစ်အောင် လုပ်တဲ့ နေရာမှ ပါရဂူပဲလို့ ပြောချ လိုက်တယ်။ တခါမှ မပြောဖူး ပေမယ့် မခံ နိုင်လို့ ပြောလိုက်တာ။ ကိုယ် အလုပ် မဖြစ်လေ သူ ပါဝါ တက်လေ ဖြစ်နေ တာကိုး။ သူ လုပ်ပေးမှ ရမယ့် သဘော။

ကိုယ်တို့ ရုံးမှာ လူ အယောက် ၂၀လောက် ရှိပါတယ်။ သူတလူ ငါတမင်း ပါဝါတွေ ပြကြလွန်းလို့ ဘယ်သူက ဆရာ ဘယ်သူက တပည့်လဲ ဆိုတာ မသိနိုင် လောက်အောင် ပါပဲ။ ကိုယ့်အလှည့် ရောက်တာနဲ့ ရသလောက် တန်ခိုးတွေ ထုတ်ပြ ကြတာပဲ။ အရွယ်စုံ ဆိုဒ်စုံ ပါဝါစုံ အလုပ် စ၀င် ကတည်းက လှိမ့်နေအောင် ခံရဖူးတယ်။ လုပ်သက် ကြာလာတော့ လူတွေရဲ့ စိတ် အရောင်စုံ တွေကိုလည်း ပိုသိလာတယ်။ တချို့က ဘယ်သူ့ကို မဆို တန်းတူ ဆက်ဆံ တတ်သလို တချို့ကတော့ အထက်ဖား အောက်ဖိ ဆိုတဲ့ အထဲ ပါပါတယ်။ ၀င်စ ကတော့ အရမ်း စိတ်ညစ်တယ်။ ကိုယ့် ကိုယ်ကို မခုခံ တတ်ဘူး။ အိမ်ပြန်လာပြီး စိတ်ညစ်ရတာ အမြဲပဲ။ ကြာလာတော့ ဗိုလ်ကျ တဲ့သူ ဘယ်သူဆိုတာ သိပြီး ခပ် ရှောင်ရှောင်ပဲ နေလိုက်တယ်။ အမှန်ကတော့ မဟုတ် မခံ ဗိုလ်ကျ တဲ့သူကို ပြန်ချဲ သင့်တာ။ ပြန် မပြောရဲတဲ့ အတွက် အဲ့ဒါ ကိုယ့်ရဲ့ အားနည်းချက်လို့ အလုပ်ထဲမှာ အမြဲ ဝေဖန် ခံရတယ်။ ပြန် မပြော ရဲတာက အရိုးစွဲနေပြီး အလွယ်တကူနဲ့ ဖျောက်ပစ်ဖို့ ခက်သား။ ကိုယ်မှန်ရင် ပြန် ပြော ရဲဖို့ ဖြေးဖြေးချင်းတော့ ကြိုးစား နေပါတယ်။

မန်နေဂျာကြီး ပါဝါပြချင်နေတာကိုတော့ သိပါတယ်။ ကံကောင်း တာက (သူ မသိရှာ တာက) ကိုယ်လုပ်ရမယ့် အလုပ် တော်တော် များများက အင်တာနက် ကတဆင့် သွားတာ ဆိုတော့ အိနြေ္ဒ မပျက် အလုပ် လုပ်လို့ ရနေတယ်။ ဒီတော့ ကိုယ်လည်း စက်ကြီး တခုလုံး ပျက်သွားလို့ ပြန် မရတော့လည်း ဘာဖြစ်လဲ ဆိုတဲ့ ပုံစံနဲ့ပဲ နေလိုက်တယ်။ တကယ်လည်း သံဝေဂ ရပါတယ်။ ပစ္စည်း သင်္ခါရ လူ သင်္ခါရ ပဲလေ။ ဒီနေ့လည်း ကိုယ် အလုပ် မသွားဘူး။ သတင်း ကြားတာကတော့ ကွန်ပြူတာကို dell က မှာတာ မရလို့ တခြား နေရာ က မှာရမယ်တဲ့။ ကွန်ပြူတာ တလုံး ၀ယ်ဖို့ ဒီလောက် ခက်ခဲ နေတာ အခုမှပဲ ကြားဖူးတယ်။ ခရစ်စမတ် ရုံးပိတ်ရက် မတိုင်ခင် ရောက်လာ မလားလို့ စောင့်ကြည့် ရဦးမယ်။

Monday, 23 November 2009

နေရာ အသစ်

အိမ် ပြောင်းတာနဲ့ ပတ်သက်ပြီး ၀ိုင်း အကြံဉာဏ် ပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို ကျေးဇူး တင်တဲ့ အကြောင်း ပြောချင် ပါတယ်။ ကိုယ်တို့ကို ဘေးနားမှာ လာ ၀ိုင်းကူ ပြောပေး နေသလိုပဲ။ အိမ်က တယောက်ကို ကော်မန့်နဲ့ စီဗုံးမှာ ဖတ်ရ တာတွေကို ပြောပြ မိတယ်။ ပျောက်နေတဲ့ ဇနိမောင်နှံ ကတောင် အိမ် ပြောင်းတာ အဆင်ပြေ ပါစေလို့ အီးမေးထဲ ပြောလာတော့ အားလုံး သတိတရ ရှိကြတာ တကယ်ပဲ ကျေးဇူး တင်တယ်။ မိသားစု မောင်နှမတွေ လိုပဲ အားပေး ကြတာ အားရှိ စရာပါ။ အိမ် ပြောင်းတဲ့ နေ့မှာ ရာသီဥတုက သိပ်မဆိုးလို့ အားလုံး အေးအေး ဆေးဆေးပဲ ပြီးသွားတယ်။

နှစ်ယောက်သား ပိုင်ဆိုင်တဲ့ စာအုပ်တွေနဲ့ အ၀တ်အစားတွေကို သိမ်းဆည်းပြီး ကြည့်လိုက်တော့ သယ်စရာတွေ များသား။ ပရိဘောဂ ဘာမှ မပိုင်ဆိုင် လို့သာ တော်တော့တယ်။ မီးဖိုချောင်မှာ ရှိတဲ့ အိုးခွက် ပန်းကန်တွေလည်း မရှိဘူး ဆိုပေမယ့် စက္ကူဗုံး တဗုံးတော့ ရှိတယ်။ ပန်းကန် ခွက်ယောက်ကို ၂ခုစီပဲ ၀ယ်နေကျမို့ အစုံလိုက်ရှိတာပဲ ထည့်သိမ်း တော့တယ်။ ပစ္စည်းတွေ ထုပ်သိမ်း ပြီးတာနဲ့ သန့်ရှင်းရေး အကျအန လုပ်ရတယ်။ ကိုယ် ပြောင်းသွားပြီး သန့်သန့် ရှင်းရှင်း ချန်ထား ခဲ့ချင်တာလေ။ ရေချိုးခန်း အိမ်သာကို ပြောင်လက် နေအောင် ယောကျာ်းက တိုက်ချွတ် ဆေးကြောပြီး မီးဖိုချောင် ကိုတော့ လင်မယား နှစ်ယောက် တူတူ သန့်ရှင်းရေး လုပ်ကြတယ်။ မြန်မာ အစားအစာတွေ ချက်ပြုတ် ကြော်လှော် စားတဲ့ အကျိုးကတော့ ၂နာရီလောက် တိုက်ချွတ် လိုက်ရတာပေါ့။

အိမ်ရှင်ကို နှုတ်ဆက် စကားပြောတော့ အခန်းကို သပ်သပ် ရပ်ရပ် ထားခဲ့ပေးတဲ့ အတွက် ကိုယ်တို့ကို ချီးမွမ်း စကား ပြောပါတယ်။ ဗြိတိသျှ တွေနဲ့ မတူဘူးဆိုပဲ။ ၈နှစ် သူတို့ နဲ့ နေခဲ့တာ ဆိုတော့ ကိုယ်တို့ အကြာဆုံးပဲ ထင်ပါတယ်။ အိမ်ရှင် အဟောင်းကို လိပ်စာ အသစ် ပေးပြီး နှစ်ယောက်သား နေရာ အသစ်ကို ပြောင်းခဲ့ ကြတယ်။ အိမ်သစ် ရောက်တော့ သန့်ရှင်းရေး နဲ့ စ ရ ပြန်ရော။ ကိုယ်တို့ မပြောင်းခင်မှ အိမ်ရှင်က ရေချိုးခန်းနဲ့ မီးဖိုချောင်ကို အသစ်ထည့်တော့ ဆောက်လုပ်ရေး သမားတွေရဲ့ လက်ချက်နဲ့ တအိမ်လုံး ဖုန်ထူပြီး ပစ္စည်း တွေဆိုလည်း မဲသဲ နေတော့တာပဲ။ အိမ်ရှင်က ကုတင် မပေးတော့ ကုတင် ၀ယ်ရတယ်။ ကုတင် အမျိုး ကလည်း စုံသလား မမေးနဲ့။ တခါမှ မ၀ယ်ဖူးတဲ့ ပစ္စည်းမို့ ထုံးစံ အတိုင်း သူများ တွေကို မေးပြီး သင့်မယ် ထင်တာ ၀ယ်လိုက်တာ ဘာမှကို ထပ် မ၀ယ်နိုင် တော့ဘူး။ ပိုင်ဆိုင်မှု တစ်ခု တိုး လာတာပေါ့လေ။

ပါလာတဲ့ ပစ္စည်းတွေ နေရာ ချလိုက်တော့ အိမ် သေးသေး လေးလည်း တခါတည်း ပြည့်သွားတယ်။ ဒါပေမယ့် ကိုယ် နှစ်ယောက်တည်း နေတာ ဆိုတဲ့ အသိစိတ် တခု ထဲနဲ့ပဲ အတော်လေး စိတ် လွတ်လပ် ပါတယ်။ ခြေဆန့် လက်ဆန့် လုပ်လို့ရတဲ့ ဧည့်ခန်းလေး တခုလည်း ပါတော့ အိမ်နဲ့ ပိုတူ သွားတာပေါ့။ အိမ်နဲ့ အမြဲ နေနေရတဲ့ သူတွေ အဖို့ ဘာမှ မထူးဆန်း ပေမယ့် ကိုယ်တို့ အတွက်တော့ ကိုယ် မပိုင်တဲ့ အိမ်ကလေးမှာ သီးသန့် နေရတာ တကယ်ပဲ ကံကောင်းတယ် လို့ ယူဆ ပါတယ်။ အိမ်သစ်တက်ပွဲတော့ မလုပ်ရသေးဘူး။ စပါယ်ရှယ် တခုခု ချက်ပြီး အားလုံးကို ထပ်ဖိတ်ပါ့မယ်။

Wednesday, 11 November 2009

အပြောင်း အရွှေ့ အတွက် ကြုံရသမျှ

ခုထိ အိမ် မပြောင်း ရသေးပါ။ သတိတရ အကြံ ပေးကြတာ အရမ်း ကျေးဇူး တင်ပါတယ်။ ကိုယ့်ဖာသာ နှစ်ယောက်တည်း နေချင်တာနဲ့ အိမ်ပြောင်းဖို့ စိတ်ကူးတာ ဘုမသိ ဘမသိ။ မနုသွဲ့ ပြောတာတွေတော့ အသေအချာ မမေ့အောင် လုပ်ဖို့ စာရင်း တို့ထားတယ်။ စိတ်က ဘယ်လောက်တောင် ပျော့သလဲဆိုတော့ အိမ်သစ်ကို ပြောင်းချင် စိတ် မရှိသလောက် ဖြစ်သွားတယ်။ အိမ်ကို လှည့်ပတ် ပြတော့ အိမ်ရှင်က မီးဖိုချောင်ရော ရေချိုးခန်းပါ ဘယ်လို ပစ္စည်းတွေ ထည့်ထားတဲ့ အကြောင်း ရှင်းပြပါတယ်။ ကျောက်ပြား အစစ် ခင်းထားတာနော် လို့ ပြောလိုက်သေးတယ်။ ကိုယ်ကတော့ ဒါတွေကို လုံးဝ စိတ် မ၀င်စားပါဘူး။ ကျောက်ပြား အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်တာဝန်က သန့်သန့် ရှင်းရှင်း နေဖို့လို့ပဲ မှတ်ထားပါတယ်။ ရေချိုးခန်းကို လှည့်ပတ်ပြတော့ အိမ်ရှင် မိန်းမက ကြွေခွက်မှာ ပဲ့ရာလေး တခုကို ကိုယ်တို့ အရှေ့မှာပဲ တွေ့သွားတယ်။ တော်ပါသေးရဲ့ မဟုတ်ရင် ကိုယ်လုပ်လို့ ဖြစ်တာဆိုပြီး လျော်ရမှာ။ အိမ်ကို ပြပြီးတာနဲ့ စာချုပ် အကြမ်းကို ဖတ်ဖို့ ပေးလိုက်တယ်။ သူတို့ ဘက်က အကာ အကွယ် ယူထားတာ တွေတော့ တပုံကြီးပဲ။ သိတဲ့လူတွေ ပြကြည့်တော့ အရေးကြီးတဲ့ အချက် ၂ချက် ထောက်ပြ ကြတယ်။ စရံငွေကို တရား မ၀င် ယူလို့ မရတဲ့ အကြောင်း နဲ့ လိုက်ကာတွေ ကော်ဇောတွေကို သန့်ရှင်းရေး ကုမ္ပဏီတွေ အပ်တာ ဈေးကြီးတယ် ဆိုတဲ့ အကြောင်းပါ။ စာချုပ်ထဲမှာ ရေးထားတာက သက်တမ်း ပြည့်လို့ ပြောင်းမယ် ဆိုရင် လိုက်ကာတွေ ကော်ဇောတွေကို သန့်ရှင်းရေး လုပ်ခ ပေးရမယ် လို့ ပါတာကိုး။ ကိုယ်လည်း စိတ်ပျော့တယ် ဆိုပေမယ့် ကိုယ် တက်မနေခင်မှာ ကျော့နေအောင် သန့်ရှင်းရေး လုပ်ထားတဲ့ အရိပ်အရောင် မတွေ့တော့ နဲနဲတော့ စိတ်ညစ်သွားတယ်။ အိမ်ငှား ဘ၀ မလွယ် ပါလား ပေါ့။

အိမ်ရှင်က ကိုယ်တို့ကို တနှစ်ထက် ပိုနေရင် လိုက်ကာနဲ့ ကော်ဇောတွေ အသစ်လဲ ပေးမယ်လို့ ဆိုလာပြန်တယ်။ ၀မ်းသာ အားရနဲ့ ကိုယ်ကလည်း ကျေးဇူး တင်လိုက်တာ ပေါ့။ တနှစ် မက နေဖြစ်မှာပါ အသစ်တွေ လဲ ပေးရင်တော့ အတိုင်းထက် အလွန်ပေါ့ လို့ ပြောမိတာ အမလေး ရင့်ရင့်သီးသီး ပြန်စာ ပို့လာတယ်။ မင်းတို့ကို မီးဖို ရေချိုးခန်း အသစ် ပေးထားတာ တော်လှပြီ ဆိုပဲ။ ဒါတွေပဲ ရမယ်တဲ့။ တကယ် စိတ်ကုန် သွားပြီး ဘာ ဆက်လုပ် ရမယ် မှန်းတောင် မသိဘူး။ စိတ်တွေတော့ လေးတာ အမှန်ပဲ။ စာချုပ် လက်မှတ် ထိုးတဲ့ နေ့ရောက်တော့ အိမ်ရှင်က စပြီး စရံငွေကို သူ မသိမ်းထားဘူး ဆိုတဲ့ အကြောင်း ပြောလာတယ်။ deposit protection service မှာ သိမ်းထားဖို့ အဆိုပြုတော့ ကိုယ်တို့ ဘာမှ ပြောစရာ မလိုတော့ပါဘူး။ လက်မှတ် မထိုးခင် ကိုယ်က သန့်ရှင်းရေး အကြောင်း မေးလိုက်တော့ အိမ်ရှင်က ဘာပြောရမှန်း မသိ ဖြစ်သွားပုံပဲ။ ဘယ်မှာလည်း ပြပါတဲ့။ ကိုယ်တို့လည်း စာချုပ်ကို ဟိုကြည့် ဒီကြည့် ရှာတာ မတွေ့ဘူး။ အလျော့ မပေးချင်တာနဲ့ နှစ်ယောက်သား စေ့စေ့ စပ်စပ် ရှာကြတာ နောက်ဆုံး စာမျက်နှာမှာ သွားတွေ့တယ်။ သူ့အိမ်ကို လှည့်ပတ်ကြည့်တော့ ဘာ သန့်ရှင်းရေးမှ မလုပ်ထားပါဘူး။ ဒါနဲ့ပဲ သူက professional ဆိုတာ ဖြုတ်လိုက်ပါ ဆိုပြီး စာချုပ်မှာ ဖျက်ပစ်လိုက်တယ်။

ခုထိတော့ သော့ မရသေးပါဘူး။ ရာသီဥတု စစ်ကြည့်တော့ ပြောင်းမယ့်နေ့မှာ မိုးသည်းထန်စွာ ရွာမယ်တဲ့။ ဒီကြားထဲ အိမ်ပြောင်းဖို့ ဆောင်ရန် ရှောင်ရန်တွေ အင်တာနက်ထဲ လိုက်ဖတ် ကြည့်နေသေးတယ်။ အယူသည်း လွန်းတာ မဟုတ်ပေမယ့် အမှား အယွင်း မရှိအောင်လို့ပါ။ ဖတ်မိတာ တခုက အိမ် အသစ်ကို မ၀င်ခင် စကားများခြင်း ရန်ဖြစ်ခြင်း စိတ်ဆိုးခြင်း မလုပ်ရ တဲ့။ နောက်ထပ် သိသင့်တာတွေ ရှိရင် ပြောသွားကြပါဦး။

Monday, 2 November 2009

အပြောင်းအရွှေ့

ငယ်ငယ် ကတည်းက အပြောင်း အရွှေ့ဆို သိပ် ဘ၀င် မကျ ချင်ပါဘူး။ နေရာ အသစ်ကို ပြောင်းရမှာ အရမ်း ကြောက်ပါတယ်။ သူငယ်ချင်းတွေနဲ့ ကွဲသွားမှာကို စိုးရိမ်တာက ထိပ်ဆုံးကပေါ့။ နေရာသစ်မှာ ဘာတွေ ရင်ဆိုင် ရမလဲကို တွေးပြီး ကြောက်တာလည်း ပါတယ်။ ကြောက်ကြောက် နဲ့ပဲ စွန့်စားပြီး နိုင်ငံ ရပ်ခြား အထိ ထွက်လာခဲ့တယ်။ မျက်ကန်း တစ္ဆေ မကြောက် ဆိုတဲ့ အတိုင်းပါပဲ။ ကျောင်းပြီးတော့ သူငယ်ချင်းတွေ အသီးသီး တိုးတက်ရာ တိုးတက်ကြောင်း ရှာဖို့ ရေကြည်ရာ မြက်နုရာ ထွက်သွားကြတာ အကြောက်ကြီးတဲ့ ကိုယ်တို့ ကတော့ ကျောင်းတက်တဲ့ ဒီမြို့မှာပဲ ကျန်ရစ်ခဲ့တယ်။ ရောက်ကတည်းက နေတဲ့ အိမ်မှာပဲ ဆက်နေခဲ့တယ်။

ဒီအိမ်မှာ နေရတာ လုံခြုံပါတယ်။ အိမ်ရှင်နဲ့ နေရတာ ဆိုပေမယ့် လူကြီးတွေချည်းပဲမို့ တိတ်တိတ် ဆိတ်ဆိတ် လည်း ရှိပါတယ်။ တနင်္လာကနေ သောကြာအထိ နေ့ဆို အပြင်ထွက်ပြီး ညနေမှ ပြန်လာတာမို့ အိမ်ရှင်တွေနဲ့ သိပ် လည်း စကား မပြောဖြစ်ပါဘူး။ အိမ်လခ ပေးတဲ့ အချိန်လောက်ပဲ ထွေရာလေးပါး ပြောဖြစ်တယ်။ ကိုယ့် မီးဖိုခန်းနဲ့ ကိုယ်မို့ စားချင်တာလည်း ချက်စားလို့ ရတယ်။ တခါတလေ သူတို့ ခရီးသွားရင် တအိမ်လုံးမှာ ကိုယ်တို့ လင်မယား နှစ်ယောက်ထဲ။ အဲ့ဒီလို အချိန်မျိုးဆို ကိုယ်ကတော့ countryside မှာ cottage လေးငှားနေတာလို့ ကြံဖန်ပြီး စိတ်ကူးယဉ်ပါတယ်။ အိမ်ရှင်က သူတို့ ဧည့်ခန်းမှာ အချိန်မရွေး လာထိုင် နိုင်ပါတယ်လို့ ပြောထားပေမယ့် တခါမှ စိတ်လို လက်ရ သွားမထိုင် ဖြစ်ပါဘူး။ အပြင်က ပြန်လာတာနဲ့ မီးဖိုခန်းထဲမှာ ရေ သွားသောက်တယ်၊ ပြီးတာနဲ့ အိပ်ခန်းထဲ တန်းဝင်တာပဲ။ စာဖတ်ချင်ရင် ပိုနွေးတဲ့ မီးဖိုခန်းထဲ သွားထိုင် နေလိုက်တယ်။

ဒီလိုနဲ့ နေလာတာ ၈နှစ် ကျော်သွားပြီ။ ကိုယ်တို့ ပိုင်ဆိုင်တဲ့ အခန်းလေး ထဲမှာ ၈နှစ်ကြာ စုဆောင်းထားတဲ့ ပစ္စည်း တွေလည်း အတော်လေး များနေပြီ။ အိမ် ကလည်း အရင်လို သိပ် မတိတ်ဆိတ် တော့ပါဘူး။ စီးပွားရေး အခြေအနေ အရ အိမ်ရှင် ကလည်း ရရင် ရသလို ဧည့်သည်တွေ လက်ခံ လာပါတယ်။ ဧည့်သည်တွေနဲ့ မတွေ့တာ များပေမယ့် တခါတလေ မှာတော့ စပ်စပ်စုစုနဲ့ ကိုယ်တို့ အခန်းတံခါး လာဖွင့်တတ်တဲ့ ဧည့်သည် တွေနဲ့လည်း တိုးတတ် ပါတယ်။ ပြောင်းရွှေ့ရတာ မကြိုက်ပေမယ့် ကိုယ့်ဖာသာ နေဖို့ အကြောင်းဖန် လာတယ် လို့ပဲ တွေးမိပါတယ်။ စက်တင်ဘာဆို ကျောင်းသားတွေနဲ့ အိမ်တွေက ပြည့်လေ့ ရှိပါတယ်။ မ၀ံ့မရဲနဲ့ပဲ တရက်မှာ အိမ်ငှား အရှာ ထွက်လိုက်တာ မသိသေးတာ တွေလည်း အများကြီး သိလာရတယ်။ no children no pet မို့ အိမ်ရှင်တွေက သဘောကျ မှာပါတဲ့။ တအိမ်ထဲမှာပဲ ၈နှစ်ကျော် နေခဲ့တဲ့ အတွက်လည်း အိမ်ရှင်တွေက နှစ်သက် မှာပါတဲ့။

နှစ်ယောက်တည်း နေဖို့အတွက် ပေးဆပ် ရမှာ တွေကတော့ မနည်း ပါဘူး။ အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ တီဗီလိုင်စင် အင်တာနက်၊ ဖုန်းဖိုး၊ မြူနီစပယ် အခွန် စတဲ့ မြောက်မြား လှစွာသော အပို စရိတ်တွေ ကုန်ရမှာ ဖြစ်ပါတယ်။ ပြောင်းမယ့် နေရာက ဝေးရင် ခရီး စရိတ်က ထောင်းဦးမှာပါ။ လူမျိုးခြားတွေ သိပ်မရှိတဲ့ ရပ်ကွက်မျိုး ဆိုရင်လည်း သတိထား နေရဦးမယ်။ ညဘက် တယောက်တည်း အိမ်ပြန်လာရင် လူတကောင် ကြောင်တမြီးမှ မတွေ့ရတဲ့ နေရာမျိုး ဆိုလည်း ကိုယ့်စိတ်က လုံခြုံမှာ မဟုတ်ဘူး။ ဒါတွေ တွေးပြီး လက်ရှိနေရာမှာပဲ မျက်စိ စုံမှိတ်ပြီး ဆက်နေရ မလား လို့လည်း တွေးမိပါတယ်။ လက်ထပ်ပြီး ၃လ အကြာမှာ အခုနေတဲ့ အိမ်ကို ရောက်တာဆိုတော့ နှစ်ယောက်တည်း အတူ နေခဲ့ဖူးတာ ၃လပဲ ရှိတယ်လို့ ပြောလို့ ရပါတယ်။ လက်ထပ် ပြီးပြီးချင်း နှစ်ယောက်တည်း နေရတဲ့ ၃လမှာ စိတ် ချမ်းချမ်း သာသာ နေရတာ ပြန် သတိရ နေတယ်။ (မချမ်းသာ တာတွေလည်း ရှိပါတယ် နောင်လာနောက်သားတွေ အတွက် နောက်မှ ရေးထားဦးမယ်။) အခုတခါ နှစ်ယောက်တည်း နေရ ပြန်ဦးတော့မယ်။ ဘ၀ခရီးလမ်းက အပြောင်း အရွှေ့အကွေ့ တကွေ့ပေါ့။

Tuesday, 27 October 2009

အင်တာနက် မရှိတဲ့ ၃ပတ်

မှတ်မှတ်ရရ အင်တာနက် မရှိတာ ၃ပတ် နီးပါး ဖြစ်သွားတယ်။ ဘာတွေ ဖြစ်သလဲဆိုတော့ ဘလော့ မလည်ရ တော့ဘူးပေါ့။ ဂူဂယ်မှာ ဘာဘာ ညာညာ ရှာမရဘူးပေါ့။ အွန်လိုင်း တက်တဲ့ သူငယ်ချင်းတွေ နဲ့လည်း မတွေ့ရဘူးပေါ့။ အိမ်က မိသားစုတွေ နဲ့လည်း စကား မပြော ဖြစ်ဘူး။ အိမ်ကနေလည်း အလုပ် မလုပ် ဖြစ်ဘူး။ လယ်ထဲက အပင်တွေလည်း ပျက်စီးကုန်မှာ သေချာတယ်။ စိတ် မထိန်းနိုင်မှာစိုးလို့ သွားတောင် ပြန်မကြည့်ဘူး။ ပြတ်လက်စနဲ့ပဲ ပြတ်ပါစေလေ။ အကြောင်းရင်းမှန်ကို မသိရှာတဲ့ သူငယ်ချင်းတချို့က လေပြင်းတွေ တိုက်လို့လားတဲ့။

အလုပ်ထဲမှာတော့ အီးမေးပဲ ပုံမှန် စစ်ဖြစ်တယ်။ အိမ်ရောက်မှ စိတ်ရှိတိုင်း အင်တာနက်ကို သုံးရတာ ခုမှ တန်ဖိုး သိတော့တယ်။ ကော်ဖီဆိုင်မှာ သူများတွေ အင်တာနက် သုံးနေတာ တွေ့လို့ လွယ်မယ် ထင်တာ မလွယ်ပါဘူး။ ကဒ်ကလေး ၀ယ်ပြီး ခုထိတောင် စာရင်း မသွင်း ရသေးလို့ မသုံး ဖြစ်ဘူး။ အဲ့ဒီ ပိုက်ဆံ ထည့်ထားတဲ့ ကဒ်တွေကလည်း ပိုက်ဆံအိတ် ပျောက်ရင် ပါသွားတော့ ၀ယ်ရတာ ခပ်လန့်လန့်။ ခုတလော ပျောက်တာရော မေ့တာရော အတော်များတယ်။ ဇရာက အရိပ်ပြနေတယ် ထင်ပါ့။

ဘလော့ရွာက သူငယ်ချင်း တွေကိုတော့ နေ့တိုင်း လွမ်းတယ်။ ဘယ်သူတွေ ဘာအသစ်တွေ ရေးထား ပြီလဲ လို့ပေါ့။ အတိုးချပြီး အခုမှ တ၀ ဖတ်ရမယ်။ အင်တာနက် မရှိတော့ အချိန်တွေ ပိုသလား မမေးပါနဲ့။ တီဗီ စီးရီး တခု နှစ်ခု လောက်တောင် ပုံမှန် ကြည့်ဖြစ်တယ်။ စာအုပ်လည်း ဖတ်ဖြစ်တယ်။ အိမ်က တယောက်နဲ့လည်း ပို စကားများဖြစ်တယ်။ အင်တာနက် ရှိရင် ကိုယ့်အာရုံနဲ့ ကိုယ် ငြိမ်နေကြတာလေ။ အိမ်မှာ အလုပ်တွေ ယူမလုပ် ဖြစ်တော့ ခေါင်းကိုက် သက်သာ သွားသလိုပဲ။

အမှတ်တရပေါ့...

Friday, 18 September 2009

ရမ်းပဲ လူပုလေး (၃)

အခန်းထဲမှာ ဘာတွေ ရှိသလဲ ဆိုတော့ ကောက်ရိုး ချည်းပဲပေါ့။ လောဘ ကြီးတဲ့ ဘုရင်ကြီးက အခန်း အပြည့် ကောက်ရိုးတွေ ဖြည့်ထား ပြန်တာပေါ့။ မနက်ဖြန် မနက် မရောက်ခင် တခန်းလုံးကို ရွှေ အပြည့် ဖြစ်နေအောင် လုပ်နိုင်ရင် မင်းကို မိဖုရား တင်မြှောက်မယ် လို့ ဘုရင်ကြီးက မိန့်တော်မူ ပြီးတာနဲ့ အခန်း သော့ခတ်ပြီး ပြန်ကြွ သွားတယ်။ ဘုရင်ကြီး တဖက် လှည့်သွားတာနဲ့ လူပုလေးလည်း ထပ် ရောက်လာ ပြန်တယ်။ ဟာ ကောက်ရိုးက များသထက် များလာပါလား။ ကဲ ဒီ ကောက်ရိုး ပုံကြီး ရွှေ ဖြစ်အောင် လုပ်ဖို့ ငါ့ကို ဘာ ပေးမှာလဲ လို့ လူပုလေးက မိန်းကလေးကို မေးသတဲ့။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ကတော့ တကယ့်ကို ပူပင် သောက ရောက်နေ ရှာတယ်။ ကျမမှာ ပေးစရာ ဘာမှ မကျန်တော့ ပါဘူးရှင် လို့ပဲ ပြောသတဲ့။ အဲ့ဒီ အခါမှာ လူပုလေးက ကောင်းပြီလေ ဒါဆို ငါ့ကို ကတိ တခု ပေးပါ လို့ ဆိုတော့ မိန်းကလေး ကလည်း ကောင်းပါပြီရှင် ဘယ် ကတိမျိုး မဆို ပေးပါ့မယ် လို့ ကပျာကရာ ပြောရှာတယ်။ လူပုလေးက မိန်းကလေး မျက်နှာကို စေ့စေ့ ကြည့်ပြီး ပြောလိုက်တာက ဘုရင်ကြီး မြှောက်စားလို့ မင်း မိဖုရား ဖြစ်သွားခဲ့ရင် ပထမဆုံး မွေးတဲ့ ကလေးကို ငါ့ကို ပေးပါ့မယ် လို့ ကတိပေးပါ တဲ့။

လွယ်လွယ် လေးနဲ့ ပေးလိုက်လို့ ရတဲ့ ကတိမျိုး မဟုတ် ပေမယ့်လည်း ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ခမျာ တခြား အားကိုး စရာလည်း မရှိတော့ လူပုလေးကို ကတိ ပေးလိုက်တယ် တဲ့။ အခု အချိန်ကနေ ဆိုရင်လည်း ကလေး ရဖို့ အဝေးကြီး လိုသေးတာပဲ လို့ တွေးပြီးတော့ ပေါ့လေ။ လူပုလေး ကလည်း အကြာကြီးဆို မေ့သွားနိုင်လောက်တယ်လေ။ မိန်းကလေးရဲ့ ကတိ ရတာနဲ့ လူပုလေးလည်း သူ့ အလုပ်ကို စ ပါလေရော။

နောက်နေ့ မနက် မိုးလင်းတော့ ရွှေတွေ ပြည့်နေတဲ့ အခန်းကြီးကို တွေ့ရတဲ့ ဘုရင်ကြီးဟာ အရမ်း အရမ်းကို ပျော်နေတာ တဲ့။ မိန်းကလေးကို နောက်ထပ် ခိုင်းဖို့ မလိုတော့အောင် သူ့မှာ ရွှေတွေ သုံးနိုင်တာထက် အများကြီး ပိုအောင် ရှိ နေပြီကိုး။ အပျော် လွန်နေတဲ့ ဘုရင်ကြီးက ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးကို လက်ထပ်ခွင့် တောင်းတဲ့ အခါ မိန်းကလေး ကလည်း သဘောတူ လက်ခံ လိုက်သတဲ့။

ဘုရင်ကြီးရဲ့ မိဖုရား ဖြစ်သွားတဲ့ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးဟာ အချိန် နဲနဲ ကြာလာတာနဲ့ အမျှ ဘုရင်ကြီးကို ချစ်ခင် နှစ်သက် လာတယ်။ ဒါနဲ့ပဲ သူတို့ လက်ထပ်ပြီး ၁နှစ် အကြာမှာ ဘုရင်ကြီး နဲ့ မိဖုရားကြီးမှာ ချစ်စရာ ကောင်းတဲ့ ကလေးလေး တယောက် ရလာတယ်။ အခုဆို ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးဟာ နန်းတော်ထဲမှာ သူချစ်တဲ့ ဘုရင်ကြီးရယ် ကလေးလေးရယ်နဲ့ ပျော်စရာ အရမ်း ကောင်းနေတာပေါ့။ သူ့ ဘ၀ အသစ်မှာ ပျော်နေတဲ့ မိဖုရားကြီးဟာ လူပုလေးကို ပေးခဲ့တဲ့ ကတိကို လည်း သတိ မရတော့ဘူးတဲ့။

ဒါပေမယ့် လူပုလေး ကတော့ မမေ့ဘူးတဲ့။ တနေ့ မိဖုရားကြီးက သူ့ ကလေးလေးနဲ့ ဆော့ကစားနေတုန်း လူပုလေး ရောက်လာတယ်။ မင်း ကတိပေးထားတဲ့ အတိုင်း ကလေးကို ယူဖို့ ငါလာတာ လို့ မိဖုရားကြီးကို ပြောသတဲ့။ မိဖုရားကြီးလည်း သိပ်တုန်လှုပ် ခြောက်ခြား သွားတာပေါ့။ ကလေးလေးကို သူ့ရင်ခွင်ထဲမှာ တင်းတင်း ကြပ်ကြပ် ဖက်ထားပြီး လူပုလေးကို ရှိခိုး တောင်းပန်တယ်။ ကျမမှာ ရှိသမျှ ပစ္စည်း ဥစ္စာတွေကို ယူပါရှင် ကျမရဲ့ ကလေးလေး ကိုတော့ ချမ်းသာပေးပါ လို့ ငိုပြီး ပြောသတဲ့။

ငိုယို တောင်းပန် နေတဲ့ မိဖုရားကြီးကို လူပုလေးလည်း သနားသွားပြီး ဒီတခါတော့ အခွင့် အရေး ပေးလိုက်မယ်လို့ ဆုံးဖြတ် လိုက်တယ်တဲ့။ ဒါနဲ့ လူပုလေးက မိဖုရားကြီးကို ကဲ ဒါဆို ငါပြောတာ နားထောင်။ ငါ့မှာ သူများနဲ့ မတူ တမူ ထူးခြားပြီး သမားရိုးကျ မဟုတ်တဲ့ နံမည် တခု ရှိတယ်။ သူဘာကို ပြောချင်မှန်း မသိတဲ့ မိဖုရားကြီးလည်း ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ငါ့ရဲ့ နံမည်ကို ၃ရက်အတွင်းမှာ ဖော်ထုတ် နိုင်ရင် ကလေးကို ငါ မယူဘူး မင်းနဲ့ပဲ ထားခဲ့မယ် လို့ ပြောပြီး လူပုလေးလည်း ပျောက်သွား ပါလေရော။

လူပုလေး ပျောက်သွားတာနဲ့ တပြိုင်နက် မိဖုရားကြီးလည်း သူ့ ရံရွေတော်တွေ အားလုံးကို ဆင့်ခေါ်ပြီး ရှိသမျှ နံမည်တွေ စဉ်းစား ကြတာပေါ့။ တညလုံး မအိပ်ကြဘဲ စဉ်းစား လို့ရတဲ့ နံမည် မှန်သမျှကို ချရေးပြီး စာရင်း လုပ်ထား လိုက်တယ်။ ဒါ့အပြင် မိဖုရားကြီးက ရံရွေတော်တွေ သာမက ဆက်သားတွေပါ ထပ်ဆင့် ခေါ်ပြီး လူပုလေးရဲ့ သူများနဲ့ မတူ တမူ ထူးခြားတဲ့ နံမည်ကို တတိုင်းပြည်လုံး နေရာအနှံ့ ရှာဖို့ ခိုင်းစေ လိုက်တယ်။ ၃ရက် ပြည့်လို့ လူပုလေး ပြန် ရောက်လာတဲ့ အခါ မိဖုရားကြီးမှာ နံမည် စာရင်း အရှည်ကြီး ရှိနေပြီ တဲ့။ မိဖုရားကြီးက နံမည် တခု ဖတ်ပြ လိုက်ရင် လူပုလေးက ခေါင်းခါ လိုက်လုပ်တော့ မိဖုရားကြီးလည်း သူ့ ကလေးလေးကို ဆုံးရှုံး ရမှာ အရမ်းကို စိုးရိမ်လာ သတဲ့။ အဲ့ဒီ အချိန်မှာပဲ ဆက်သား တယောက်က နန်းတော်ကို ပြန် ရောက်လာပြီး မိဖုရားကြီးကို အရေးတကြီး လျှောက်တင် စရာ ရှိပါတယ် လို့ ဆိုလာတယ်။ မိဖုရားကြီးလည်း လူပုလေးကို စောင့်ခိုင်း ထားရတာပေါ့။

အဲ့ဒီ ဆက်သား မိဖုရားကြီးကို လျှောက်တင်ပုံက မိဖုရားကြီး ခင်ဗျား ကျွန်တော်မျိုး အပြန်လမ်းမှာ တောအုပ်ထဲက ဖြတ်ပြန်လာတာ မြေ ကွက်လပ် တခုကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ထူးဆန်းတဲ့ လူပုလေး တယောက် မီးပုံဘေးမှာ ကပြီး သီချင်း ဆိုနေတာလည်း ကြားခဲ့ရပါတယ်။ သူ ဆိုနေတဲ့ သီချင်းကတော့
ပျော်ရွှင်စွာ ကခုန်မယ် သီချင်းဆိုမယ်
မနက်ဖြန်ရောက်မှာ တွေးပျော်တယ်
ရမ်းပဲလူဟာ ငါ့နံမည်
သနားစရာ မိဖုရား မသိရှာကွယ်
အဲ့ဒီ သီချင်းလည်း ကြားရော မိဖုရားကြီးလည်း သူပဲ သူပဲ အဲ့ဒါ သူ့နံမည်ပဲ ဆိုပြီး အရမ်း ပျော်သွားတယ်တဲ့။ ကလေးလေးကို ပေးလိုက် ရမယ် ဆိုတဲ့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ အားလုံးလည်း ပျောက်သွားတယ်။ ပြီးတာနဲ့ လူပုလေး ရှိရာ ပြန်လာပြီး ကုနြေ္ဒနဲ့ မေးလိုက်တာက
မိဖုရားကြီး။ ရှင့်နံမည်က ဘာသဇာ မဟုတ်လား
လူပုလေး။ မဟုတ်ပါ
မိဖုရားကြီး။ အီဇီခဲ
လူပုလေး။ မဟုတ်ရေးချ မဟုတ်ပါ
မိဖုရားကြီး။ ဒါဆို ရှင့်နံမည်က ရမ်းပဲလူ များ ဖြစ်နေမလား

ရမ်းပဲလူ ဆိုတဲ့ နံမည်လည်း ကြားရော လူပုလေးက တအား စိတ်ဆိုးသွားပြီး နတ်သမီးတွေ လက်ချက်ပဲ ဖြစ်ရမယ် လို့ ဒေါသတကြီး အော်ဟစ်ပြီး နန်းတော်ထဲက စိတ်ဆိုး တကြီးနဲ့ ထွက်သွား ပါလေရော။

မိဖုရားကြီးလည်း ရမ်းပဲ လူပုလေးကို အဲ့ဒီ အချိန်က စပြီး နောက်တခါ ထပ် မတွေ့ရ တော့ဘူးတဲ့။ ဘုရင်ကြီးရယ် မိဖုရားကြီးရယ် သူတို့ရဲ့ ကလေးလေးရယ် နန်းတော်ကြီးမှာ ပျော်ရွှင်စွာနဲ့ အသက်ထက်ဆုံး နေထိုင် သွားကြသတဲ့ ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ကလေး ပုံပြင်စာအုပ်ကို ဖတ်ရင်း မြန်မာလို ပြန်ရေးတာမို့ ဒေါ်မီထုံကို နားလည် ပေးကြပါ။ ကလေး အတွက် ဆိုပြီး လက်ဆော့လိုက်တာ။ ဒီတခါပဲ တော်ပါပြီ။

Thursday, 17 September 2009

ရမ်းပဲ လူပုလေး (၂)

ပုံပြင်တွေ ကြိုက်တဲ့ တူမလေး မကြားဖူးသေးတဲ့ ပုံပြင်လေးမို့ပါ။ ဆက်ပြီနော်...

ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ကြည့်နေတုန်းမှာပဲ ဘီးပေါ်မှာ ရွှေ ချည်မျှင်တွေ အထပ်လိုက် ဖြစ်နေတာကို အံ့သြ ဖွယ်ရာ တွေ့လိုက် ရတယ်။ ဒီလိုနဲ့ လူပုလေးက ချည်ငင် ကောင်းနေတုန်း မိန်းကလေးလည်း အိပ်မောကျ သွားပါ လေရော။ နောက်နေ့ မနက် မိန်းကလေး အိပ်ရာ ကလည်း နိုးရော လူပုလေးကို မတွေ့ရ တော့ဘူး။ အခန်း တခန်း လုံးတော့ ရွှေ ချည်တွေ အပြည့်ပဲ တဲ့။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးလည်း သူ့ ကံကို မယုံ နိုင်ဘူးပေါ့။ သူ့ အသက်ကို လူပုလေးက ကယ် လိုက် တာလေ။ ဘုရင်ကြီးလည်း အခန်းထဲ ကြွလာရော ရွှေတွေ မြင်ပြီး အရမ်း ၀မ်းသာ သွား သတဲ့။ ဒီ မိန်းကလေး မှာတော့ မျက်လှည့် အတတ် ရှိရမယ် ပေါ့။ လောဘကြီးတဲ့ ဘုရင်ကြီးက ရွှေ အပြည့် ဖြည့်ထားတဲ့ အခန်း တခန်းလောက်နဲ့ မတင်းတိမ် နိုင်ဘူး တဲ့။ ဒီ့ထက် ပို လိုချင်သေး တာတဲ့။

ဒါနဲ့ပဲ ဘုရင်ကြီးက မိန်းကလေးရေ မင်း တော်တယ်။ အသက် ရှင်ခွင့် ရစေ။ မင်းကို သွားခွင့်တော့ မပေးနိုင် သေးဘူး၊ မင်းလုပ်စရာတွေ ကျန်သေးတယ် လို့ မိန့်တော်မူ ပြန်တယ်။ ဒီတခေါက်တော့ ဘုရင်ကြီးက ပိုကျယ်တဲ့ အခန်း ထဲကို ခေါ်သွားတယ်။ အခန်း ထဲမှာလည်း ကောက်ရိုး အပြည့် နဲ့ပေါ့။ မနက်ဖြန် မနက်မှ ဒီ အခန်းထဲ ရှိတဲ့ ကောက်ရိုး အားလုံးကို ရွှေ ဖြစ်အောင် မလုပ်ပေး နိုင်ရင် မင်းကို သေဒဏ် ပေးမယ် လို့ အမိန့် ချမှတ်၊ အခန်းကို သော့ခတ်ပြီး ထွက်သွား ပြန်ပါလေရော။

သနားစရာ မိန်းကလေး ခမျာ သေချင် လောက်အောင် စိတ်ညစ် သွားတာပေါ့။ ဘာလုပ် ရမှန်းလဲ မသိတာနဲ့ ကောက်ရိုး ပုံကြီး ရှေ့မှာ ထိုင်ချ လိုက်ပြီး အားရ ပါးရ ငိုချ လိုက်မိတယ် တဲ့။ ဒါပေမယ့် ခဏနေ ကြာတော့ မနေ့ညက သူ့ကို ကူညီခဲ့တဲ့ လူပုလေးက မိန်းကလေးရဲ့ အရှေ့ကို ရုတ်တရက် ပြန် ရောက်လာတယ်။ ပြီးတော့ လူပုလေးက မိန်းကလေးကို မင်း ဘာ အကူအညီ လိုနေလဲ ဆိုတာ ငါ သိပါတယ် လို့ ပြောပြီး ဒီ တခေါက်ရော ငါ့ကို ဘာပေးမှာလဲ လို့ မေးတာနဲ့ မိန်းကလေးလည်း မျက်ရည်တွေ ကပျာ ကရာ သုတ်ပြီး သူ့ လက်မှာ ၀တ်ထားတဲ့ ငွေ လက်စွပ် သေးသေးလေးကို လူပုလေး လက်ထဲ ထည့်ပေး လိုက်တယ်။ ငွေ လက်စွပ်လေး ရတာနဲ့ လူပုလေးလည်း ချည်ငင်တဲ့ ဘီးကို စလှည့် တော့တာပဲ။
ဝှီး ၀ှီးဝှီး

လူပုလေးက ချည်ငင် ကောင်း နေတုန်း ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးလည်း တခါ အိပ်ပျော် သွားပြန် ပါလေရော။ မနက် မိုးလင်းလို့ ဘုရင်ကြီး ကြွလာတဲ့ အခါ တခန်းလုံး ရွှေတွေ အပြည့်နဲ့ ဖြစ်နေတာကို တအံ့တသြနဲ့ တွေ့ရ ပြန်ပါ သတဲ့ကွယ်။ ကောက်ရိုးကို ရွှေ ဖြစ်အောင် လုပ်နိုင်တဲ့ မိန်းကလေး ကတော့ ငါ့အတွက် မိဖုရားကောင်း ဖြစ်နိုင်တယ် လို့လည်း တွေးမိ တယ်တဲ့။ ဒါနဲ့ပဲ ပိုကျယ်တဲ့ နောက် အခန်း တခန်းကို မိန်းကလေးကို ထပ် ခေါ်သွားပြန် ပါလေရော။ အခန်းထဲမှာ ဘာတွေ ရှိမယ် ထင်သလဲ???

(ပုံကို google ကယူပါတယ်)

Monday, 14 September 2009

ရမ်းပဲ လူပုလေး

ချစ်သော တူမလေး အတွက် ပုံပြင်လေး တပုဒ်ပါ။
ဟိုး ရှေးရှေးတုန်းက ဈေးမြို့လေး တမြို့မှာ ထင်ပေါ် ကျော်ကြား ချင်တဲ့ ဂျုံစက် ပိုင်ရှင် လူကြီး တယောက် ရှိတယ်တဲ့။ သူ့မှာ ချောမော လှပတဲ့ သမီးလေး တယောက်လည်း ရှိတယ်။ ဂျုံစက် ပိုင်ရှင် လူကြီးဟာ သူ့ကို လူတကာ အရေးစိုက်အောင် မကြာ မကြာ လေလုံးထွား ပုံကတော့ တတိုင်းပြည်လုံးမှာ ကျုပ် ဂျုံစက်က တခြားဂျုံ စက်တွေထက် မြန်အောင် ကြိတ် နိုင်တယ်ဗျို့။ ကျုပ်စက်က ထွက်တဲ့ ဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်က တခြား ဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်ထက် ၂ဆ ပိုမြင့်တယ် လို့ ကြွားပြော တတ်တယ်။ သူ့ အကြောင်း သိတဲ့ လူတွေ ကတော့ သိပ် အရေး မစိုက်ကြပါဘူး။

တနေ့တော့ ဘုရင်ကြီးက သူတို့မြို့ကို ကြွချီလာတယ်။ ဂျုံစက် ပိုင်ရှင် လူကြီးလည်း ထုံးစံအတိုင်း လေလုံးထွား ပြီး ကျွန်တော်မျိုးမှာ ကောက်ရိုးကို ရွှေဖြစ်အောင် ငင်တတ်တဲ့ သမီး တယောက် ရှိပါတယ် လို့ အသံကုန် ဟစ် ပါလေရော။ ကြားရတဲ့ လူတိုင်းက ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ မယုံနိုင်ဖွယ် ကြွားလုံးကို သြချ ယူရတယ်။ လူကြွားကြီး အကြောင်း မသိတဲ့ ဘုရင်ကြီးကတော့ သူ အမှန်တွေ ပြောနေတယ် ထင်ပြီး ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးကို နန်းတော်သို့ ခုချက်ချင်း ခေါ်စေ လို့ အမိန့်ထုတ် လိုက်တယ်တဲ့ကွယ်။ ဘုရင်ကြီး ကလည်း လောဘကြီးတဲ့ ဘုရင်ကြီးတဲ့။

ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး နန်းတော် ကိုလည်း ရောက်လာရော ချည်ငင်စက်လေး တခုနဲ့ ကောက်ရိုးတွေ ခန်းလုံးပြည့် ဖြည့်ထားတဲ့ အခန်း တခန်း ထဲကို ဘုရင်ကြီးက ခေါ်သွား ပါလေရော။ မနက်ဖြန် မနက်မှ ကောက်ရိုး အားလုံးကို ရွှေဖြစ်အောင် မလုပ်ပေး နိုင်ရင် သေဒဏ်ပေးစေ လို့ အမိန့် ချမှတ်ပြီးတာနဲ့ အခန်းကို သော့ခတ်ပြီး ထွက်သွားတယ်။ သနားစရာ မိန်းကလေး ခမျာ ငိုရုံကလွဲပြီး ဘာမှ မလုပ်နိုင်ရှာဘူး။ ကောက်ရိုး အားလုံးကို ရွှေ ဖြစ်အောင်တော့ ဘယ်လို နည်းနဲ့မှ သူ မလုပ်နိုင်ပါဘူး။ ခုတော့ သူ့အဖေ ထင်ပေါ်လိုမှု၊ အကြွားလွန်မှုနဲ့ သူသေရတော့မယ်။

ရုတ်တရက် ထူးဆန်းတဲ့ လူပုလေး တယောက် သူ့ရှေ့ရောက်လာတယ်။

ဘာဖြစ်နေတာတုန်း လူပုလေးက မေးတယ်။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးက ဖြစ်ကြောင်း ကုန်စင် ပြောပြတယ်။
ငါ ကူညီနိုင်မယ် ထင်တယ် ငါ့ကို ဘာဆုချမှာလဲ
လို့ လူပုလေးက မေးတယ်။
ဒါကိုယူပါ
လို့ မိန်းကလေးက သူ့ လည်ဆွဲလေးကို လူပုလေး လက်ထဲ ထည့်လိုက်တယ်။ လူပုလေးလည်း နောက်ထပ် စကား တလုံးမှ မပြောတော့ဘဲ ချည်ငင်တဲ့ ဘီးကလေးကို စလှည့်လိုက်တယ်။
ဝှီး ၀ှီးဝှီး
(နောက်တပတ်မှ ဆက်မယ်နော်) ပုံကို listverse.com ကယူပါတယ်။

Monday, 7 September 2009

ကိုယ်နဲ့အ၀တ်

သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်း တပုဒ်... အမျိုးသမီး တယောက် မသုံးစွဲ ရသေးတဲ့ အ၀တ်တွေ၊ ပစ္စည်းတွေ ပိပြီး အိမ်ထဲမှာ သေဆုံး နေတာကို ရဲက ဘူဒိုဇာနဲ့ အိမ်ကိုရှင်းပြီး သူ့အလောင်းကို သယ်ထုတ်ရတယ် တဲ့။ အဲ့ဒီ သတင်း ဖတ်ပြီး ကိုယ်နဲ့ အ၀တ် အကြောင်း တွေးမိတယ်။

ကိုယ်တို့ ငယ်ငယ်က အ၀တ်အထည်တွေ အခုလောက် ဈေး မကြီးပေမယ့် ဈေး မပေါပါဘူး။ ကျောင်းဝတ်စုံရယ် ပွဲသွား ပွဲလာ ၀တ်ဖို့ရယ်နဲ့ အိမ်နေ အ၀တ်ရယ် လို့ အကြမ်းဖျင်း ၃မျိုးလောက် ခွဲလို့ရပါတယ်။ ကျောင်းဝတ်စုံကတော့ တော်နေသရွေ့ မတိုတက် သရွေ့ ၀တ်ပါလေ့။ ခရစ်စမတ်တို့ ဘုရားကျောင်းပွဲနေ့တို့ ဆိုလျှင်တော့ အင်္ကျီချုပ်တတ်တဲ့ အဒေါ်က ခါတော်မီ အင်္ကျီ ချုပ်ပေးလေ့ရှိတယ်။ ညမအိပ်ခင်အထိ ကိုယ့်အင်္ကျီ ဘယ်လိုပုံလည်း မသိရသေးဘူး။ စိတ်ကူးယဉ်ပြီး အိပ်ရာဝင်သွားတာ မနက်နိုးတော့ အဒေါ်က ဂါဝန်လေးကို တန်းမှာ ချိတ်ထားပေးတယ်။ ကလေးသဘာဝ အသစ်ရတော့ ပျော်တာပေါ့။ လူကြီးတွေ ၀ယ်ပေးတာပဲ ၀တ်ရတဲ့ အရွယ်မှာတော့ ဘာရယ်ညာရယ်လို့ ပူဆာမိတာ မရှိပါဘူး။ ၀ယ်ပေးတာ ဆင်တာ ၀တ်လိုက်တာပါပဲ။ လောဘ မရှိသေးတဲ့ အရွယ်ပေါ့။

ဆယ်ကျော်သက် အရွယ်ရောက်တော့ ရတဲ့ မုန့်ဖိုးကို စုပြီး အင်္ကျီဝယ် ၀တ်တယ်။ ပြည်တွင်းဖြစ် ရယ်ဒီမိတ်တွေက ဈေးမကြီးပါဘူး။ မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ ဆင်တူ ပိတ်ဖေါက်ဇာ အကျိင်္ီလေးတွေ ၁၁၀ ကျပ် ပေးပြီး ၀ယ်ဝတ်ကြတယ်။ ကိုယ်ကြိုက်တဲ့ ပိတ်စ၀ယ်ပြီး ရုပ်ရှင် မင်းသမီး အဆိုတော် တွေရဲ့ အင်္ကျီပုံစံတွေ အတိုင်း ရအောင် အပ်ချုပ်သည်ဆီ အပ်ကြတယ်။ ကျောင်းသူဆိုတော့ ကိုယ့်အထွာနဲ့ ကိုယ် အ၀တ်အစားကို ရတဲ့ မုန့်ဖိုးနဲ့ ၀ယ်ဝတ်တယ်။ ၀တ်ချင်ပေမယ့် မတတ်နိုင်လို့ မ၀ယ်နိုင်တဲ့ အရွယ်ပေါ့။

အလုပ်ရတော့ စနေ တနင်္ဂနွေဆို ပိတ်စတွေ ၀ယ်ပြီး အပ်ချုပ်သည်ဆီ ပြေးတယ်။ အပ်ချုပ်သည်ကို မြန်မြန် ရအောင် အပူတပ် လိုက်သေးတယ်။ တင်္နလာကနေ သောကြာကို ပိုက်ဆံ ရှာပြီး စနေ တနင်္ဂနွေမှာ ရှာသမျှ သုံးသလို ဖြစ်နေတယ်။

အ၀တ်ဝယ်တဲ့ ကိုယ့်အကျင့်ကို သုံးသပ်ကြည့်တော့ ကွက်လပ် တခုကို ဖြည့်သလို ဖြစ်နေတယ်။ အ၀တ်တွေ ၀ယ်လိုက်ရလျှင် စိတ်ထဲ အားရ ကျေနပ်တာမျိုး ခံစားရတယ်။ ၀တ်ဖို့မရှိလို့ ၀ယ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အေးတဲ့ အချိန်၊ သိပ် မအေးတအေး အချိန်၊ ပူတဲ့ အချိန်၊ မပူ့တပူ အချိန် ၀တ်ဖို့ရယ် ဆိုပြီး ရမယ်ရှာပြီး အမျိုးပေါင်း စုံအောင် ၀ယ်တတ်တယ်။ တောင်းမှာ အကွပ် လူမှာ အ၀တ် လို့ အ၀တ်အစား မ၀ယ်ခင် ဆင်ခြေပေးပြီး ၀ယ်တယ်။ အထည်များ အယားပြေ ဆိုပြီး ဈေးပေါတာတွေ အများကြီး ၀ယ်တယ်။ အပြင်သွားလို့ တခုခု မ၀ယ်လာရလျှင် စိတ်ထဲ မကျေမနပ် ဖြစ်တတ်တယ်။ မရမချင်း မွှေနှောက်ပြီး ဈေးဆိုင်တွေ လိုက်ပတ်နေတာပဲ။ ဘာရှာနေလဲလို့ မေးလျှင် ကိုယ် ကိုယ်တိုင်လည်း မသိပါဘူး။ sales မှာ £5 ဆိုလျှင် မလိုလည်း ၀ယ်ဖြစ်တယ်။ £1 ဆိုလျှင်တော့ ကိုယ့်ဆိုဒ် မဟုတ်တောင် လက်ဆောင်ပေးရတယ် ဆိုပြီး ၀ယ်ထားတယ်။ အင်္ကျီတွေ ၀ယ်ရင်း သတင်းစာထဲ ပါတဲ့ အမျိုးသမီး အကြောင်းကလည်း မကြာခဏ ခေါင်းထဲ ရောက်လာပြီး ချွေးတွေလည်း ပြန်လာတယ်။

နောက် စဉ်းစားမိတာ တခုက ခုတလော အ၀တ် အစားတွေ သိသိ သာသာကြီး ဈေးပေါလာတယ်။ ဖက်ရှင် ပြပွဲတွေ ကဖြင့် မပြီးသေးဘူး၊ အင်္ကျီ ဒီဇိုင်း အသစ်တွေက ဆိုင်တွေပေါ် ရောက်ကုန်ပြီ။ အင်အားနဲ့ အချိန် ပိုစိုက်ရတဲ့ အ၀တ်အစားမျိုး (ဇာထိုး ပန်းထိုး ပုတီးစေ့) တွေကလည်း ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတယ်။ စီးပွားရေးကပ် ဆိုဒ်နေချိန်မှာ လူတွေကလည်း ဈေးပေါတဲ့ ဆိုင်တွေက အတော်လေး ၀ယ်ဖြစ်ကြတယ်။ ဒီတော့ ဆိုင်တွေကလည်း တဆိုင်နဲ့ တဆိုင် အပြိုင်အဆိုင် ဈေးလျှော့ ရောင်းကြရတယ်။ ဆိုင်တွေက အမြတ်အစွန်း အလျော့ မခံချင်တဲ့ အခါကျတော့ အခြား အသုံးစရိတ်တွေကို တတ်နိုင်သလောက် အသက်သာဆုံး ဖြစ်အောင် လုပ်ကြတယ်။ အ၀တ်အစား ထုတ်လုပ် စရိတ်၊ သယ်ယူခ၊ ထုပ်ပိုးခ စတာတွေ အပြင် ဆိုင်ဝန်ထမ်းတွေရဲ့ လခနဲ့ ရပိုင်ခွင့် တွေပါ ထိခိုက်ကုန်တယ်။ ဆိုင်ဝန်ထမ်းထဲမှာ ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ပါတယ်။

ဈေးပေါတိုင်း လောဘတက်ပြီး လိုက်ဝယ်နေတာ ဒီဂယက်က ကိုယ့်ကို ရိုက်ခတ် နေတာတောင် သတိမထားမိဘူး။ အင်္ကျီပုံထဲ ကိုယ့်ကို ရှာမတွေ့မှာလည်း တွေးပြီးကြောက်တယ်။