Monday 12 January 2009

အချစ်ဝတ္ထု

မနေ့က မြန်မာ အချစ်ဝတ္ထုတွေ ရသလောက် လိုက်ဖတ်တာ ၃အုပ် ပြီးသွားတယ်။ အိပ်မက်ထဲတောင် ပါလာသေးတယ်။ ဖတ်လို့ ကောင်းတုန်း၊ ဇာတ်ကောင်တွေ နေရာမှာဝင်ပြီး စိတ်ကူးယဉ်ကာ ခံစားရတုန်းပဲ။ အချစ်ဝတ္ထု ဖတ်ပြီး ၀မ်းနည်းလိုက်၊ ၀မ်းသာလိုက်၊ လွမ်းဆွေးလိုက်၊ မုန်းလိုက်၊ ချစ်လိုက် နဲ့ ချစ်သူမရှိသေးတဲ့ အချိန်မှာ အချစ်ဆိုတာကို အချစ်ဝတ္ထု တွေထဲကနေပဲ မှန်းပြီး ခံစားရတာကိုး။ အချစ်ဝတ္ထု ဖတ်ပြီး ကိုယ့် ချစ်သူကို စိတ်ကူးနဲ့ ပုံဖော် ကြည့်ကြရတာ၊ ချစ်သူတွေ့တဲ့ အခါကျတော့လည်း အချစ်ဝတ္ထုထဲက စံတွေအတိုင်း ဖြစ်လာမလားလို့ မျှော်လင့်ရ၊ မှန်းထားတာနဲ့ တထပ်တည်းကျရင် တယ်ဟုတ်ပါလား အချစ်စစ်ဆိုတာ ဒါမျိုးနေမှာ ဆိုပြီး တွေး၊ ချစ်သူချင်း စိတ်ကောက်ကြတဲ့ အခါလည်း အချစ်ဝတ္ထုတွေထဲကလို ၀မ်းနည်းစကားတွေ စာတွေ ရှာကြံပြီး ဆို၊ ရေး နဲ့ ကြီးပြင်းလာတဲ့ တလျှောက် အချစ်ဝတ္ထုတွေက ကိုယ်တို့ သူငယ်ချင်း တအုပ်အတွက်တော့ ရည်ညွှန်းစာအုပ်လို အတော်လေး အရေးပါခဲ့တယ်။

သူငယ်ချင်းတွေထဲမှာ ပထမဆုံး စွံတဲ့ တယောက်ရဲ့ ရီးစားစာတွေကို ၀ိုင်းဖတ်၊ ဝေဖန် အကြံပြုချက်တွေပေး၊ စာအုပ်တွေ ထဲကအတိုင်း လျှောက်စဉ်းစားပြီး ၀ိုင်းဝန်း ဆုံးဖြတ် ပေးတတ်ကြတယ်။ သူတို့လိုက်ပြေးတော့လည်း သူငယ်ချင်းတွေ အားလုံးက ရှိတဲ့ ပိုက်ဆံ၊ လက်ဝတ်ပစ္စည်း တွေကို ရက်ရက်ရောရော ပေးလိုက်ကြသေးတယ်။ ပြန်တွေးကြည့်တော့ အချစ်ဝတ္ထုတွေထဲကလို အချစ်ရေးရာ ကိစ္စတွေမှာ သူငယ်ချင်းတွေ ရိုင်းပင်းကြတာ ကို အတုယူတာ နေမှာလို့။ တက္ကသိုလ်ကျောင်းတွေ၊ ကျောင်းသားတွေ သွားတတ်တဲ့ နေရာမျိုးတွေကိုလည်း ၀တ္ထုတွေ ထဲကနေပဲ အရင် ရင်းနှီး နေခဲ့ကြပြီး၊ ကိုယ်တက္ကသိုလ် တက်တဲ့အခါ အဲ့ဒီနေရာတွေကို လျှောက်ကြည့်ကြတယ်။ စက်မှုတက္ကသိုလ် သွားလည်တော့လည်း သြဘာလမ်းကို လျှောက်မိမှာ ကြောက်လိုက်ရတာ။ ၀တ္ထုထဲက ဇာတ်လိုက် ၀တ်စား ဆင်ယင်တာမျိုး အပြင်မှာတွေ့ရင် ပြူးပြဲပြီး လိုက်ကြည့်သေးတယ်။

ကိုယ်ကတော့ အဒေါ်အငယ်ဆုံးနဲ့ ပေါင်းပြီး ငြိမ်းကျော်ရဲ့ ၀တ္ထုတွေ စ ဖတ်ရတယ်။ သူ့ဇာတ်လိုက်တွေက ယောကျာ်း ပီသပြီး တည်ငြိမ်တဲ့ ပုံစံတွေများတယ်၊ စိတ်ကူးယဉ်ခဲ့ရတာ အမော။ သူ့ဝတ္ထုထဲမှာ မိသားစု မောင်နှမတွေ သိုက်သိုက်ဝန်းဝန်း ရှိတာမျိုးလည်း ကြိုက်သေးတာ။ နောက်တော့ မောင်စိန်ဝင်း (ပုတီးကုန်း)၊ နွမ်ဂျာသိုင်း၊ မြနှောင်းညို၊ ဆွေဆွေအောင်၊ ဝေေ၀အောင်၊ လမင်းမိုမို၊ ပုဏ္ဏမီ၊ လွန်းထားထား၊ မိုမို (ဆေးတက္ကသိုလ်)၊ ဂျူး၊ မေငြိမ်း၊ အဒေါ်ဖတ်သမျှ ကိုယ်လည်း လိုက်ဖတ်ခဲ့တာ။ ဂျုးရဲ့ ဇာတ်လိုက်တွေဖြစ်တဲ့ ကိုနန္ဒ၊ မင်းထင်ကျော် ဆိုတာတွေကိုတော့ အပြင်မှာတွေ့မလားတောင် မျှော်လင့်မိသေးတယ်။ ဂျူးရဲ့ ဇာတ်ကောင်တွေကျတော့ စရိုက် အမူအကျင့်တွေ တယောက်နဲ့ တယောက် မတူပြန်ဘူး။ ပျော့ညံ့တယ်လို့ ထင်မိတဲ့ တစ်ဦးတည်းသောသား ထဲက ဇာတ်လိုက် ဆိုရင်တော့ မကြိုက်ချင်ပြန်ဘူး။

ဆယ်ကျော်သက် အရွယ်တုန်းက အိမ်မှာ အချစ်ဝတ္ထု ဖတ်ရဖို့ သိပ်မလွယ်ကူပါဘူး။ အဒေါ်တွေက ကိုယ်ဖတ်သမျှ စာအုပ်အားလုံး လိုက်ဖတ်တယ်။ အဖွားကတော့ ၀တ္ထုတွေ မီးရှို့ပစ်မယ် လို့ ကြိမ်းတတ်တယ်။ ဒါနဲ့တောင် စာအုပ် အသစ် ထွက်ရင် စာအုပ် အငှားဆိုင်ကို ပြေးပြီး အရင်ဆုံးရအောင် ဦးတာပဲ။ အငှားဆိုင်ကလည်း သိနေတော့ ကိုယ်ဖတ်တတ်တဲ့ စာအုပ်မျိုးတွေကို ဖယ်ထားပေးတယ်။ ညနေဖက် စာအုပ်အငှားဆိုင်ကို သူငယ်ချင်းတွေနဲ့ သွားရင်း လမ်းလျှောက်ထွက်ရတာလည်း ပျော်စရာကောင်းပါတယ်။ အိမ်ကတယောက်ကို အချစ်ဝတ္ထု ဖတ်လားဆိုတော့ တခါမှ မဖတ်ဖူးဘူးတဲ့၊ ငါတို့က သုတစွယ်စုံပဲဖတ်တယ် တဲ့။ ပျင်းစရာကောင်းလိုက်တာနော်။

11 comments:

ThuHninSee said...

အင်း.သနားစရာကြီးတွေနော်။ မှတ်မိသေးတယ်။ မိုမိုဆေးတက္ကသိုလ်ရဲ့ ၀တ္ထုဇာတ်ကောင် နေနိုင်လွန်းဆိုတာကို သိပ်သဘောကျတာ။ သူ့လို မျက်နှာကြီးကို လိုက်တည်ထားရတာ အမော။ နဂိုမျက်နှာက စပ်ဖြီးဖြီးဆိုတော့
အတင်းတည်ထားရတာ ရီစရာကြီး။ ရှားရဲ့ မျက်ဝန်းညိုဝတ္ထုကို သဘောကျလို့
မျက်လုံးညိုညိုလေးတွေကို လိုက်ကြည့် ရတာအမော။ အဟိ.. ဒီတစ်ခုတော့ စိတ်ကူးထဲက အတိုင်းပဲဖြစ်တယ်။ ဒါလင့် မျက်လုံးက အညိုရောင်...။

Anonymous said...

ဝတ္ထုတွေဖတ်ဖြစ်ပါတယ်..
အခုတောင်..မှာပြီးဖတ်သေးတယ်..
သုတစွယ်စုံ..ဒေါက်တာတင်ထွန်းဦးထုတ်တဲ့စာအုပ်..
အဲ့ဒါတွေလဲဖတ်တာပဲ..
ဖတ်စရာမရှိ..သတင်းစာကြော်ငြာတွေဖတ်တယ်..
နာရေး..သာရေး အကုန်ဖတ်..(ဟားဟ)
မမီယာအိမ်အသစ်လေး..
ရိုးတယ်..
အေးချမ်းတယ်..
ပေါက်

ksanchaung said...

သုတစွယ်စုံဖတ်တဲ့ထဲ ကျွန်တော်လည်း ပါတယ်။ သိပ္ပံမဂ္ဂဇင်းတောင် ပါလိုက်သေး။

အချစ်ဝတ္ထုတွေနဲ့ ပတ်သက်လို့ကတော့ - ။ ငြိမ်းကျော် - အတော်လေးနက်လွန်းတော့ လိုက်မမှီဘူး။ မောင်စိန်ဝင်း(ပုတီးကုန်း) - ဒီဆရာကြီးကလည်း ကျို့ကုန်းနားကနေကို မခွါနိုင်ဘူး။ နွမ်ဂျာသိုင်းလား။ သူကတော့ ရယ်ရလို့ ဖတ်ဖြစ်တယ်။ ဂျူးနဲ့ မေငြိမ်းလည်း အတော်ဖတ်ဖူးတယ်။

ပုဏ္ဏမီ၊ လွန်းထားထား၊ မိုမို (ဆေးတက္ကသိုလ်)။ သူတို့ကိုလည်း စိတ်ဝင်စားခဲ့တာပေါ့။ မဟေသီထဲမှာ စာမျက်နှာပြည့်ပုံကြီးတွေနဲ့။ ချစ်စရာသိပ်ကောင်းတဲ့ စာရေးဆရာမလေးတွေပဲ။ ဒါပေမယ့် သူတို့ရဲ့ဇာတ်လိုက်တွေက သိပ်အစွမ်းထက်လွန်းနေတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။

Anonymous said...

အမေ မဖတ်နဲ့ဆိုတာ ခိုးဖတ်လို့ ပါဝါမျက်မှန်က ပုလင်းဖင်ဖြစ်နေပြီ အမမီယာရေ။
ဆယ်တန်းလောက်ပြီးတော့ အချစ်ဝတ္ထုကို မဖတ်ဖြစ်တော့ဘူး။
အိမ်အသစ်တွေပြင်လို့ပါလား အမမီယာ။
အိမ်သစ်မုန့်ကျွေးအုံးလေ။

May Moe said...

အချစ်ဝတ္ထု ဖတ်သက်မရင့်ခင် အချစ်ရသွားလို့ ၀တ္ထု ထဲကအကွက်တွေမသုံးလိုက်ရဘူး :P

Sonata Cantata said...

အစ်မကတော့ လယ်တွင်းသားစောချစ်ရဲ့ "ကျွန်တော် အမုန်းဆုံး ကျွန်တော်" ထဲက မင်းသမီးလေး သနားလွန်းလို့ တရွဲရွဲငို။ မုန်းစရာ အဲ့ဒီ ကျွန်တော်ကိုလည်း အူလှိုက်သည်းလှိုက် မုန်းလိုက်ရတာ မှတ်မိသေး။ ကိုဧရာ ကတော့ သိုင်းဝတ္ထုနဲ့ မင်းသိင်္ခဖတ်သတဲ့

ပန်းခရမ်းပြာ said...

ငယ်တုန်းကတော့ အစုံဖတ်တာပဲ။ အချစ် အလွမ်း သိုင်း မင်းသိင်္ခ။ အခုတော့ ရယ်စရာ နဲ့ သောကြာကို ပဲ စွဲမိနေတယ်။ ကြီးပေါ ဖြစ်ချင်လို့လား မသိဘူး နော်။

:P said...

အိမ်မှာ စာအုပ်ဆိုင်ဖွင့်တော့ 3 တန်း မှာ လမင်းမိုမိုရဲ့ လုံးချင်းဝတ္ထုခိုးဖတ်တယ်...သိုင်း ကလွဲလို့ ၀တ္ထုတွေ အားကြီးကြိုက်

Anonymous said...

သားလည်း မဆင်ထုံလိုပဲ.. သိုင်းကလွဲရင်တော်တော်များများကြိုက်စ်။
အချစ်၊ အလွမ်းအဆွေး၊ စိတ်ကူးယဉ်၊ ဒဏ္ဍာရီ၊ သမိုင်းဝတ္ထု၊ စုံစေ့။
ချစ်ဦးညို၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ ဂျူး၊ မင်းသိင်္ခ။း)
ဟီဟီး.. အိမ်ကလူကြီးတဲ့ :D

ATN said...

ပထမဆုံးဖတ်ခဲ့ဖူးတဲ့ အချစ် ၀တ္ထုတအုပ်ကိုတော့ နံမည် မှတ်မိနေတယ် ငြိမ်းကျော်ရဲ့ မြောက်ပြန်လေတွင် တင်သော ကမ္ဗည်း-ဆိုတာ... ဇာတ်လမ်းကတော့ မမှတ်မိတော့ဘူး...း)

Moe Cho Thinn said...

တို့အိမ်က အမတွေကလဲ လုံးချင်း အချစ်ဝတ္ထုတွေ ပေးမဖတ်ဘူး။ မဂ္ဂဇင်းပဲ အားထားရတယ်။ တို့ကတော့ တွေ့သမျှ စာအကုန်ဖတ်ချင်တာပါပဲ။ နည်းနည်း အရွယ်ရောက်လာတော့ အမေက ဂျာနယ်ကျော် မမလေးရဲ့ သူလိုလူ ဖတ်ခိုင်းတယ်။ ကြိုက်လိုက်တာ ဘယ်နှစ်ခေါက်မှန်း မမှတ်မိဘူး။ ပထမဆုံးဖတ်ဖူးတဲ့ အချစ်ဂန္တ၀င် ၀တ္ထုကြီးပါပဲ။

ဒါနဲ့ မီယာတို့ ဘယ်လိုတွေ့ကြသလဲ။ ဇာတ်လမ်းလေး လုပ်ပါအုံး။