Thursday 16 April 2009

ကလေးထိန်း

ရန်ကုန်ပြန်တိုင်း တူတူမလေးတွေကို လက်ဆောင် ပစ္စည်း မျိုးစုံနဲ့ ကိုယ့်ဆီလာချင်အောင် ဆွယ်ရတယ်။ သူတို့ကလည်း ဓါတ်ပုံထဲမှာပဲ ရင်းနှီးနေတဲ့ ဦးလေးနဲ့ အဒေါ်ကို တီတီ တာတာ ပြောတာ မရှိပါဘူး။ လေဆိပ်မှာ တဖွဲ့ကြီး လာကြိုကြတယ်၊ အိမ်ရောက်တော့ တန်းစီပြီး ကိုယ်တို့လုပ်သမျှ နောက်ကနေ လိုက်ကြည့်ကြတယ်။ လက်ဆောင်တွေ ကိုယ်စီရပြီးလျှင်တော့ နည်းနည်း အသိအမှတ်ပြုပြီး အန်တီ ဒါလေး ပြပါဦး၊ ဒီဟာက ဘယ်လို လုပ်ရတာလဲ ဆိုပြီး ကစားစရာတွေကို ဖွင့်ခိုင်းတယ်။ နောက်နေ့ဆိုလျှင်တော့ ကိုယ့်ကို မှတ်မိသွားပြီး အန်တီရေ လာ တူတူဆော့ရအောင် ဆိုပြီး ကစားဝိုင်းထဲ ထည့်ခံရပြီ။ အဲ့ဒီမှာ သူတို့လေးတွေရဲ့ အကျင့် စရိုက်တွေ လေ့လာခွင့် ရတာပဲ။ မြွေနဲ့လှေကား ကစားကြတဲ့အခါ အလှည့်နဲ့ အံစာပစ်ကြတယ်။ အလှည့်ခိုးတဲ့သူ၊ တမင်မှားပြီး အကွက်ရေတဲ့သူ၊ မြွေမြိုမခံချင်တဲ့သူ၊ ရှုံးလို့ငိုတဲ့သူ အစုံပဲ။ အရွယ်တွေက ၄နှစ် ၅နှစ်တွေဆိုတော့ ပြောပြလျှင် နားလည်နေပြီ။ သူတို့အချင်းချင်း ဘယ်သူအကြီး ဘယ်သူ အငယ်ဆိုတာတော့ သိသား။ ဒီတော့ အလှည့်ကျော်တဲ့သူကို ငယ်စဉ်ကြီးလိုက်နော် လို့ပြောရတယ်။ အကွက်မှားရေလျှင်တော့ ၁ ၂ ၃ ၄ တူတူပြန်ရွတ်ကြတယ်။ ကိုယ်မြွေမြိုခံရတဲ့ အလှည့်ဆိုလျှင် ရယ်စရာဖြစ်အောင် အမူအယာနဲ့ လုပ်ပြတော့ သူတို့ပါအားလုံး လိုက်ရယ်ကြတယ်။ သူတို့လည်း မြွေမြိုရော အဒေါ်ကို အတုခိုးပြီး လိုက်ပြောင်တာ ရန်ဖြစ်ဖို့ ကလိမ် ကကျစ်ကျဖို့ မေ့နေကြတယ်။ ရှုံးလို့ငိုပြီး ကစားပွဲ ဖျက်တဲ့သူကိုတော့ အားကစား စိတ်ဓါတ် မရှိဘူးကွာ မင်းနဲ့ မဆော့နိုင်ဘူး လို့ ပယ်ထားလိုက်တယ်။ ကလေးဆိုတော့လည်း ဆော့ချင်တော့ အနားမှာ ရစ်သီရစ်သီ ပြန်လာလုပ်တာပဲ။ ကောင်းကောင်း ဆော့မှာလားလို့ ကတိ တောင်းပြီး ၀ိုင်းထဲ ပြန်ထည့်လိုက်တာ ပွဲမဖျက်တော့ဘူး။

စနေတနင်္ဂနွေ အားတဲ့ အချိန်မှာတော့ ကလေးတွေကို ပုံပြင်တွေ ဖတ်ပြတယ်။ ငြိမ်ပြီး နားထောင် နေကြတာ တွေ့ပြီး စိတ်ထဲ မကောင်းဘူး။ သူတို့မိဘတွေက စီးပွားရေး အိမ်မှုကိစ္စတွေနဲ့ ရှုပ်နေကြပြီး ကလေးတွေကို အချိန် မပေးနိုင်ကြဘူး။ အိပ်ရာနိုးတာနဲ့ ကလေးထိန်းတွေက ရေမိုးချိုး သုတ်သင်ပေးပြီး ကျောင်းသွားပို့၊ ကျောင်းက ပြန်လာတာနဲ့ ကလေးထိန်းတွေကပဲ ထမင်းကျွေး၊ ပြီးတာနဲ့ ကျူရှင် ဆရာမကလာပြီး အိမ်စာလုပ်ပေးတယ်။ ဆရာမပြန်သွားတာနဲ့ နောက်တခေါက် ထမင်း စားတဲ့သူကစား တီဗီ ကြည့်တဲ့သူကကြည့်၊ ပြီးတာနဲ့ အမေတွေက နောက်နေ့အတွက် မီးဖိုထဲဝင် စီမံနေတာနဲ့ ကလေးတွေကို အချိန်ပေးဖို့ မအားကြဘူး။ အိပ်ချိန် ရောက်တော့ မောပြီး အားလုံး အိပ်သွားကြရော။ ကလေးထိန်းတွေနဲ့ အချိန် များများ နေရပေမယ့် ဈေးသက်သာတဲ့ ကလေးသာသာ အရွယ်တွေ ခေါ်ထားကြတော့ ကလေးထိန်းတွေ ကလည်း ကလေးတွေကို သင်ပြပေးတာ ပုံပြောပြတာတွေ မလုပ်တတ်ကြဘူး။ ဒါက ကိုယ့်မိသားစုမှာပဲ တွေ့မြင်ရတဲ့ အဖြစ်အပျက်တွေပါ။ ကလေးတွေကလည်း ၄၊ ၅ နှစ်ရောက်နေပေမယ့် ကလေးထိန်းတွေက ထမင်း ပန်းကန်နဲ့ အနောက်က လိုက်နေကြတယ်။ ထမင်း ကျွေးတာကိုကပဲ တကယ့် အလုပ်ကြီး တခု။ ကိုယ်ကတော့ အမုန်းခံပြီး ယောင်းမတွေကို ပြောပြတယ်။ ကလေးတွေကို ထမင်းစားပွဲမှာ ကိုယ့်ပန်းကန်၊ ဇွန်းနဲ့ ဒါမှမဟုတ် လက်နဲ့ ယူစားတတ်အောင် စားခိုင်းပါလို့။ ဒါမှ သူတို့ လက်လေးတွေလည်း ခိုင်မယ်၊ ကိုယ့်ပိုင်နက်လေးနဲ့ ကိုယ်လည်း နေတတ်မယ်လို့။ ကိုယ်ပြောတာကို အရေးတော့ သိပ်ထားပုံမရပါဘူး။ သူတို့က ဒီလို ခွံ့ကျွေးတာကိုပဲ အသားကျနေတာဆိုတော့ ကိုယ်က အခုမှသွားပြီး မိကျောင်းမင်း ရေခင်းပြသလို ဖြစ်နေတာပေါ့။

နောက်တဖွဲ့ကတော့ ဆယ်ကျော်သက် အရွယ် မောင်နှမ ၀မ်းကွဲတွေ။ သူတို့ မိဘတွေက အသက်ကြီးမှ ကလေး ယူထားကြတော့ ဆယ်ကျော်သက်တွေရဲ့ အမူအကျင့်တွေကို မျက်စိထဲ မတည့်နိုင်ဘူး။ ဘာဖြစ်လို့ နားဖေါက်ချင်တာလဲ နားကပ်တဖက်ပဲ ၀တ်ချင်တာလဲ နားမလည်နိုင်ကြဘူး။ တရက်တော့ ဘုရားကျောင်းမှာ သီချင်းဆိုဖို့ သီချင်းကျင့်ကြတယ်။ မောင်လေးက ဂစ်တာတီး ညီမလေးတွေက ဧည့်သည်တွေရှိတယ်ဆိုတော့ ရှက်ကိုးရှက်ကန်းနဲ့ မပွင့်တပွင့် အသံနဲ့ သီချင်းဆိုကြတယ်။ အဲ့ဒီမှာ သူတို့ အဖေဖြစ်သူ အားပေးပုံက ညည အိမ်နားမှာ သီချင်းလာဆိုတဲ့ သူတောင်းစားတွေ အသံကတောင် နင်တို့ထက် အများကြီး သာတယ် တဲ့။ ကလေးတွေ စိတ်ဆိုးပြီး ငိုကြ စိတ်ကောက်ကြတော့ ဒါလေးပြောတာနဲ့ ဘာဖြစ်ရတာတုန်း ဆိုပြီး ထပ်ဆူသေးတယ်။ အဖြစ်အပျက် အားလုံးကို မြင်ရ ကြားရတဲ့ ကိုယ့်အဖို့တော့ တကယ့်ကို စိတ် မသက်သာစရာပါ။ ၅၀ ကျော်ပြီဖြစ်တဲ့ ဦးလေးကို ခေတ်ရေစီးကြောင်းကို နားလည်ပေးဖို့၊ ကိုယ်တွေလည်း တချိန်က သူတို့လိုပဲ မပြည့်တဲ့ အိုးလေးတွေ ဖြစ်ခဲ့ဖူးတာ၊ ကလေးတွေကို တတ်နိုင်သလောက် အားပေးဖို့ အေးအေးဆေးဆေး စကားပြောဖြစ်တယ်။ သူကိုယ်တိုင်လည်း ပြောပြီးမှ စိတ်မကောင်းဖြစ်နေတယ် ကလေးတွေကိုတော့ ပြန်မချော့ဘူး။

ကိုယ့်နဲ့ အနီးအနားမှာ ဆိုလျှင်တော့ ကလေးတွေကို အခုလို နားလည် စိတ်ရှည်နိုင်ပါ့မလား လို့လည်း ကိုယ့်ဘာသာ ပြန်မေးကြည့်ဖူးတယ်။ ခဏ အလည်လာတာမို့ ကလေးတွေနဲ့ ပြေလည်နေတာလို့ သူတို့ မိဘတွေကတော့ ပြောတယ်။ သူတို့ ကလေးအကြောင်း သူတို့ ပိုသိမှာပေါ့လေ။ ကိုယ်ကတော့ ငယ်ငယ်က ၀မ်းနည်းပြီး ငိုခဲ့ရတဲ့ အကြောင်းတွေ ပြန်သတိရပြီး ကလေးတွေကို ပျော်တော်ဆက်လုပ်ချင်တာ တခုတည်းရယ်ပါ။

17 comments:

Anonymous said...

ဝေး..ကလေးရရင် အန်တီမီယာကျောင်းပို့မယ်ဟေ့။အတော် စိတ်ရှည်တယ်ထင်တယ်နော်။
mm

Nu Thwe said...

မျှော်နေတာ ကြာပြီ မီယာ။ Welcome back!

ကလေးတွေကို ထိန်းကျောင်း ပျိုးထောင်ပုံချင်း ကွာတာ သတိထားမိတယ်။ ထုံးစံအတိုင်း ကောင်းတာလေးတွေပဲ ရွေးယူကြရအောင်။

ဒီမှာ နှစ်နှစ်ဆိုရင် ကိုယ့်ဖာသာကိုယ် လမ်းလျှောက်ပေတော့ပဲ။ သုံးနှစ်ဆို ခရင်းနဲ့ ဇွန်းနဲ့ သုံးပြီး စားပွဲမှာ ကောင်းကောင်း ထိုင်စားတတ်နေပြီ။ ကိုယ့်အားကိုယ်ကိုးတတ်တာ၊ ရဲတင်းတာ၊ လူအများနဲ့ ပေါင်းသင်း ညှိနှိုင်းတတ်တာတွေကို အကျင့်လုပ်ပေးနေပြီ။

ဟိုမှာက လူပေါတော့ အထိန်းတွေနဲ့ ပစ်ထားတာ မဆန်းလှဘူး။ မိဘရဲ့ ပေးသင့်တဲ့ attention and care မရတဲ့ ကလေးတွေမှာ attachemnt issues တွေ ဖြစ်လာတယ်။ ဒါတွေက နောင်ကျတော့ မိဘနဲ့ သားသမီး ဆက်ဆံရေး၊ သားသမီးရဲ့ လူ့လောကနဲ့ ဆက်ဆံရေးမှာ သွားထင်ဟပ်တယ်။ ဘာသာတရား ယဉ်ကျေးမှု ထုံးတမ်းတွေနဲ့ ဖိအုပ်ထားတဲ့တိုင် ပျောက်ပျက်သွားတဲ့ အရာတွေ မဟုတ်ဘူး။

သွားပြောရင် အနောက်ကို အထင်ကြီးပြီး အပိုတွေ လျှောက်ပြောနေတယ်လို့ တချို့က ထင်ကြတယ်။ သူများရဲ့ အတွေ့အကြုံကို အသုံးချပြီး ကိုယ့်မှာ အမှားနည်းအောင်၊ အကောင်းဖက် ပိုများအောင် လုပ်တဲ့ နည်းကို မသုံးတတ်သေးတာလို့ မြင်တယ်။ ဒီမှာတော့ ဒါလောက်နဲ့ ရပ်လိုက်တော့မယ်။

မင်္ဂလာ နှစ်သစ်ပါ-လို့ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ချင်ပါတယ်း)

PAUK said...

သေချာဖတ်သွားပါတယ်..
အခုလောလောဆယ် ချန်းချန်းက ကျူရှင်မတက်ချင်ကြောင်း ဆန္ဒပြနေပါတယ်..
ါဠန်ခဲ့သော July August တုန်းက
လန်ဒန်ကိုသူ့တစ်ယောက်တည်း လေကြောင်းcompany
ကိုအပ်ပြီး ပေးသွားတာ..အမျိုးတစ်ချို့က ဆူပါတယ်..

MANORHARY said...

အန်တီမီယာ
ကိုကို့ကိုလွှတ်လိုက်မယ်နော်..း)
ကိုကိုက ကျူရှင်ထားလို့မရ..အမေသင်မှဖြစ်တယ်

MrDBA said...

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

ပန်းခရမ်းပြာ said...

ဒီမှာတော့ မူကြို ကလေးလေးတွေက အစ
ကိုယ့်ဖိနပ်လေး ကိုယ့်ဘာသာ ချွတ်ပြီး နေရာတကျ ထားကြတာ။
ငယ်ငယ်ထဲက ကိုယ့်အား ကိုယ်ကိုး နှိုင်အောင် သင်ပေးတာပေါ့။
ဒါကြောင့် တချို့ ဗမာ ကလေးတွေ (လူကြီး လူလတ်တွေလည်း ပါတယ်၊)
အမြဲတမ်း သူများ အားကိုးနေတာ၊ အကူညီ စောင့်နေတာ၊
တွေ့ရတာ သိပ်ဘ၀င် မကျလှဘူး။

Phyo Evergreen said...

အန်တီမီယာ ကလေးတော်တော်ချစ်တတ်မဲ့ပုံဘဲနော်.... ။

နွေးနေခြည် said...

ဖတ်.. မှတ်သားနာယူသွားပါတယ် အန်တီမီယာ

Welcome said...

ညီအစ်ကို မောင်နှမ များတဲ့ အိမ်ကိုဆို သိပ်ပြီး အားကျမိခဲ့တယ်။ တစ်ယောက်ထဲ ကစားနေရ တာထက် မောင်နှမအများကြီးနဲ့ ကစားပြီး ရန်ဖြစ် ရတာလည်း တန်တယ်လို့ အားကျပြီး လိုချင် မိတယ်။ တစ်ယောက်ထဲ သမားဆိုတော့ ၄-၅ ယောက် ၀ိုင်းကစားရတဲ့ မိုနိုပိုလီ လည်း တခါမှ မကစားဖြစ်ဘူး။

နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေ

ဇနိ said...

မင်္ဂလာနှစ်သစ်ပါ အမမီယာ
း)
ကျနော့်မှာ အခု တူလေးတယောက်ရှိနေပြီ
အသက်က ၁ နှစ်ကျော်လေးပေါ့
အဖေ့ကိုပြောမိတယ် - ကလေးကို အလိုတွေချည်းပဲလည်း မလိုက်မိဖို့ပါ - အလိုလိုက်မိတာ များရင် ပျက်စီးသွားမှာ စိုးလို့။
အဖေကလည်း ပြောတယ် - ကလေးတယောက်ကို ပြုစုပျိုးထောင်ရတာ သိပ်ခက်တယ်တဲ့။
း)

nu-san said...

မမီယာရဲ့ကလေးထိန်းပုံပြင်တွေကို သေချာ မှတ်သွားရမယ်.. မုန့်ဆီကြော်ကတော့ မရှိသေးဘူး... :D မွန်ပြောသလိုပဲ အန်တီမီယာရဲ့ ကျောင်းကို ပို့မယ်နော်..နော်... :D

မင်္ဂလာရှိသော နှစ်သစ်ပါ မမီယာ!! :)

Moe Cho Thinn said...

ဘာပြောရမှန်းတောင် မသိတော့ဘူး မီယာ။ တို့မှာလဲ အုပ်ချုပ်ပုံ ကွဲပြားနေတဲ့ တူမလေးတွေ ရှိတယ်။ အကောင်းဆုံးကတော့ မေတ္တာလဲပေး၊ ကိုယ့်ဖာသာကိုယ် အားကိုး ပြီး တာဝန် ယူတတ်အောင်လဲ သင်ပေးရင် အကောင်းဆုံးပါပဲ။ သူတို့လေးတွေက ဖယောင်းလေးတွေလိုပါပဲ။ ကိုယ်လိုရာ ပုံသွင်းလို့ ရပါတယ်။ သူတို့ ငယ်သေးတဲ့အချိန်မှာ ကိုယ်အနားမှာ နေခွင့်မရတာ၊ မရှိနိုင်တာတွေအတွက်တော့ အမြဲစိတ်မကောင်းဖြစ်မိတယ်။ သူတို့ရဲ့ တိုးတက်မှုလေးတွေ၊ စိတ်နေစိတ်ထားလေးတွေ အရိပ်ကြည့်နေချင်တာ..

တန်ခူး said...

ညီမရေ… တကယ်က မနေ့ ကတည်းက ဖတ်ပြီးသား… ကော်မန့် တင်မလို့ လုပ်တုန်း အမျိုးသားက နှစ်ဟောင်းက အကြွေးတွေသတိပေးတာ အကြွေးကဒ်bill မပေးရသေးလို့  ပြေးပေးတာနဲ့ ကော်မန့် တင်တာ နောက်ကျသွားတာညီမရေ…

ညီမပြောချင်တဲ့ messageလေးကို ရလိုက်တယ်… အမတို့ နိုင်ငံမှာ ဆွေမျိုးတွေပေါတော့ ကလေးတွေကို အားလုံးက ၀ိုင်းဂရုစိုက်နိုင်သလို စည်းကမ်းတင်းကျပ်ဖို့ ကိုလဲ နှောင့်နှေးနေသလားလို့ … အမတို့ ငယ်ငယ်ကလဲ ၅နှစ်၆နှစ်လောက်အထိ ထမင်းခွံ့ ကျွေးနေကြတုန်းလေ… အမအမျိုးသားဆို အဲဒီအကျင့်တွေကို သားဆီအထိ သယ်ချင်တုန်း… ဘယ်မှာ ဒုက္ခရောက်လဲဆိုတော့ ဒီက childcareလဲပို့ ရော သားခမျာ ဟိုဟာမလုပ်တတ် ဒီဟာမလုပ်တတ်နဲ့ … အိမ်က အကုန်လုပ်ပေးခဲ့တာကို… ပထမတော့ သားကိုကြည့်ပြီး သနားလို့  ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတယ်… ကလေးကတော့ မိဘချတဲ့လမ်းကို လျှောက်ရတာကို… ခုတော့ သားတော်တော် okသွားပြီလေ… ကိုယ်တိုင်ရေချိုး၊ ထမင်းစား၊ အ၀တ်လဲ အတော်ကို ဟုတ်သွားပြီ…

Teen တွေနဲ့ ပတ်သက်ပြီး ညီမပြောသလိုပဲ သားသမီးနဲ့ မိဘကြားက generation gapကို ထည့်စဉ်းစား နားလည်ပေးရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပါ… ကိုယ်ကိုယ်တိုင်က အဲဒီလို ခံစားခဲ့ရသူမို့  ကိုယ့်အလှည့်ကျရင် အတော်သတိထားမယ်လို့  စဉ်းစားမိတယ် ညီမရေ…

မှတ်သားစရာပို့ စ်လေးအတွက် ကျေးဇူးပါညီမရေ…

JuneOne said...

ကလေးတစ်ယောက်ကို ပြုစုရတာတော်တော်မလွယ်တာ။ဒီမှာ တစ်ယောက်ထည်းကိုတောင် လက်မလည်ဘူး။နှစ်သစ်မှာပျော်ရွှင်ပါစေ။

ခင်မင်းဇော် said...

မီယာ့ပို့စ်လေး ဖတ်ရင်း နိုင်ငံခြားမှာ ကလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်တတ်အောင် မွေးကတည်းက တယောက်တည်း သိပ်တာကိုလဲ မြန်မာစိတ်နဲ့တွေးရင် စိတ်မချခဲ့ဘူး။ သူတို့ ဓလေ့နဲ့တော့ ကိုက်နေတာပဲနော်။ တချို့ကိုလဲ ကြိုက် တချို့ကိုလဲ မကြိုက်နဲ့ ။ ဒါပေမယ့် ကောင်းတာတွေတော့ အတုယူသင့်တယ် ။

သက်ဝေ said...

ညီမ မီယာရေ...
ကလေးတွေအကြောင်းကို စေ့စေ့စပ်စပ် သေသေချာချာ တွေးပြီးရေးထားတာကို ဖတ်သွားပါတယ်။
အမလဲ ကလေးတွေရဲ့ စိတ်အတွေးလေးတွေနဲ့ ခံစားချက် သေးသေးလေးတွေကို စိတ်ဝင်စားတယ်...။
ကိုယ့် မိဘ ဘိုးဘွားတွေရဲ့ ထိန်းကျောင်းပုံနဲ့ နိုင်ငံခြားက ထိန်းကျောင်းပုံ ကွာဟချက်ကလေးတွေ အများကြီးရှိနေတာ မြင်တယ်။ အတူယူသင့်တယ်လို့လဲ ခံစားရပါတယ်... ပြောရရင်တော့ အရှည်ကြီးပေါ့...
စာတွေ ဆက်ရေးဦးလေ.. နော်...

Dr. Yi Yi Win said...

ရောက်တယ်မီယာရေ။ ခုမှ မန့် လို့ ရတယ်။ ကလေးတွေအကြောင်း ဆယ်ကျော်သက်လေးတွေအကြောင်း မီယာခံစားရေးပြတာလေးတွေ ဖတ်လို့ ကောင်းတယ်။ ကလေးတွေကို ထိမ်းကြောင်းရာမှာအဲလို အနုစိပ်ခံစားတတ်ရင်ကောင်းတယ်မီယာ။