ထီပေါက်ရင် ...
ပိုက်ဆံရှိရင်...
အခြေကျရင်...
လုပ်ချင်တာတွေ စာရင်း တို့ထားတာ တပုံကြီး။ အလုပ် ရပြီး ၄နှစ်အကြာ အဖွားနဲ့ အမေ ရှေ့ဆင့် နောက်ဆင့် ဆုံးသွားလို့ စိတ်ထဲ ရှိသလောက် မပြုစု လိုက်ရဘူး။ အခုတော့ စပျစ်သီး စားလျှင် အစေ့မပါတဲ့ စပျစ်သီးကို တမ်းတမ်းတတ မှာစားတတ်တဲ့ အဖွားကို သတိရတယ်။ ချောကလက်တို့ ဒိန်ခဲတို့ ကြိုက်တတ်တဲ့ အမေ့ကို စားချင် သလောက် စားပါလို့ ၀ယ်ကျွေးဖို့ အမေက လောကကြီးထဲ မရှိတော့ဘူး။ မစောင့်ခဲ့လျှင် ကောင်းသား ဆိုပြီး နောင်တ ရစရာတွေလည်း တပုံကြီး။ အနာဂတ်ကို ကြို မမြင်နိုင်တော့လည်း ဖြစ်တတ်ပါတယ် လို့ တွေးလျှင် ရပေမယ့် မိဘဆွေမျိုးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကျတော့ ဖြေဖို့ မလွယ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေကို အမြဲ တိုက်တွန်း ဖြစ်တာက မိဘ အတွက်ဆို ပိုက်ဆံ ရှိတဲ့ အချိန်ထိ အခြေကျတဲ့ အချိန်ထိ မစောင့်ပါနဲ့၊ တတ်နိုင်တာကို လုပ်ပေးလိုက်ပါ လို့။ နားလည် လက်ခံတဲ့ သူရှိသလို တချို့ ကျတော့လည်း ဒီအရွယ် ရောက်တဲ့ အထိ မိဘဆီက ယူလို့ကောင်းတုန်း။
ကိုယ်တွေ့ ကတော့ လူကြီး မိဘတွေ အတွက် တခုခု ၀ယ်မယ် ဆိုလျှင် အမြဲ သက်သက်သာသာနဲ့ ရတယ်။ အဒေါ်တွေက ပေါင်ဒါ ၀ယ်ပေးပါဦး ဆိုလို့ သွားဝယ်တာ တ၀က်ဈေးနဲ့ ရလာတယ်။ မျက်နှာသုတ်တဲ့ စက္ကူလေးတွေ ၀ယ်ပေးဖို့ သွားတာ တခုဝယ် တခု အလကား ရလာတယ်။ တိုက်ဆိုင်တာလို့ ပြောလျှင် ရပေမယ့် တခါလည်း မကမို့ သတိ ထားမိလာတာ။ သူတို့ မေတ္တာကြောင့် ကိုယ်လည်း အကျိုး ခံစားရတာ နေမှာ။
မနေ့က အလုပ်ထဲမှာ ၁၉နှစ်အောက် ကလေး၂ယောက် ကိုယ့်ကို လာရှာတယ်။ လုံခြုံရေး စာမေးပွဲ ဖြေချင်လို့တဲ့။ ဟယ် ငါနဲ့ ဘာဆိုင်လို့လဲ ဆိုတော့ အွန်လိုင်း ကနေ ဘွတ်ကင် တင်ပေးပါတဲ့။ အင်တာနက် ရှိလျှင် ဘယ်သူမဆို လုပ်လို့ ရတယ် လို့ပြောတော့ သူတို့မှာ အကြွေးကဒ် မရှိဘူး ဆိုပြီး ပိုက်ဆံ ထုတ်ပေးတယ်။ ဒီကလေးတွေကို လွှတ်လိုက်တဲ့ လူတွေရော အလုပ်ထဲက လူတွေကပါ သူတို့ ကဒ်နဲ့ မသုံးချင်လို့ ကိုယ့်ဆီ လွှဲလိုက်တာ။ ဒါနဲ့ပဲ စာမေးပွဲ ဖြေချင်တဲ့ လူတွေ ကိုယ့်ဆီ ရောက်ရောက်လာတယ်။ ပိုက်ဆံ မရဘဲ ကိုယ့် အလုပ်နဲ့လည်း မဆိုင်ဘဲ ဒီလူတွေအတွက် အချိန် ပေးရတာ၊ ဖုန်းဆက်ပြီး အကြောင်းကြားပေး ရတာတွေ ရှိသေးတယ်။ လူနည်းစု တစုအတွက် ကိုယ်တတ်နိုင်တာ လုပ်ပေးတာ။
ဒီနေ့လည်း တယောက်ပြီး တယောက် CV ရေးပေးဖို့ လျှောက်လွှာ ဖြည့်ပေးဖို့ စာရေးပေးဖို့ အကူအညီ လာတောင်းကြတယ်။ တယောက်ကို တနာရီလောက် အချိန် ပေးရတယ်၊ ကွန်ပြူတာ မသုံးတတ်သူ၊ အလုပ် ရာဇ၀င်ကို မမှတ်မိတဲ့သူ၊ စာ မရေးတတ်သူနဲ့ ကြုံလျှင် အချိန် ပိုကြာသေးတယ်။ အစကတော့ အလုပ်ရှားတဲ့ အချိန်မှာ အလုပ် ရှာနေတဲ့သူတွေမို့ ကိုယ်ချင်းစာပြီး ကူညီလိုက်တာ။ ဘယ်သူက သတင်း ဖြန့်လိုက်တယ် မသိဘူး လူကိုယ်တိုင်ရော ဖုန်းနဲ့ပါ လာကြလို့ တယောက်ချင်း ကူညီတာကို ရပ်ပြီး အဖွဲ့လိုက် သင်တန်းပဲ လုပ်တော့မယ် လို့ ပြောမိတယ်။ သေချာ ပြန်စဉ်းစား လိုက်တော့ သူများ တကယ် လိုနေတဲ့ အချိန်မှာ တတ်နိုင်တာ လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။
ထီပေါက်လျှင် ကိုယ်နဲ့ နီးစပ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေကို အများကြီး လှူမယ်လို့ စိတ်ကူးရှိတယ်။ လခ အများကြီး ရလျှင် ပုံပါတဲ့ ရောင်စုံ အဘိဓါန် စာအုပ်တွေ အများကြီး ၀ယ်လှူမယ်လို့ စိတ်ကူးရှိတယ်။ အခြေကျလျှင် လူကြီး မိဘတွေ ကို ခေါ်ပြီး ကျွေးမွေး ပြုစုမယ် လို့ စိတ်ကူးရှိတယ်။ တခုမှ မဖြစ်သေးဘူး။ မရေရာတဲ့ အရာတွေ ဖြစ်လာမလားလို့ စောင့်နေတာနဲ့ တနိုင် ကူညီမှု ပေးဖို့တွေကို မျက်နှာလွှဲမိတော့မလို့။

19 comments:
စိတ်ဓါတ်လေးကောင်းပါတယ။် တို့ရဲ့စိတ်ဓါတွေကတော့ပျက်ပြားခဲ့တာ ကြာပါရောလား။ တစ်ကိုယ်ကောင်းဆန်သူဖြစ်ခဲ့တာ ကြာပါပြီ။
အမျိုး အလည်ရောက်တယ။် အမှန်က ကိုယ်ခွင့်ယူထားတယ်ရက်ရှည်။အမျိုးကို ညာပြောလိုက်တယ်။ ခွင့်တစ်ရက် ယူပေးမယ်လို့ပြောလိုက်တယ်။ မဟုတ်ရင် သူ စလုံးမှာ ရှိသမျှ ရက်အားလုံးတိုင်းဟာ ကိုယ့်အတွက် သူ့ ကိုလို့က်ပြီး entertain ရမလိုဖြစ်နေတယ။်
ကိုယ်ရဲု့ခွင့်တွေကို သူ့အတွက် မသုံးနိုင်ခဲ့ဘူး။ ကိုယ်ဟာ တစ်ကိုယ်ကောင်းဆန်သူကြီးပါ။
ပြောပြတာ ပါ ချစ်ညီမလေး မီယာ. :P
အမမီယာ အဲလိုလေးတွေးထားတာ ကောင်းတယ်။ တနိုင်ကိုလည်း မျက်နှာမလွှဲမိအောင် အရင်ကြိုးစားရမှာပေါ့နော်။ နောက်မှ နောက်ထပ်တွေလုပ်ရမှာပေါ့။ ခုထိတော့ ဘာမှမလုပ်ပေးနိုင်ပါဘူးလေ။
ထောက်ခံသွားပါတယ်။
ဆန္ဒတွေဖြစ်မြောက်အောင်မြင်ပါစေဗျာ.. ကောင်းမှုလုပ်မယ်ဆိုရင် တနေ့နေ့မှာဖြစ်ကိုဖြစ်မှာပါ..အချိန်မရောက်သေးလို့..။
မမရေ 'မိဘ အတွက်ဆို ပိုက်ဆံ ရှိတဲ့ အချိန်ထိ အခြေကျတဲ့ အချိန်ထိ မစောင့်ပါနဲ့၊ တတ်နိုင်တာကို လုပ်ပေးလိုက်ပါ လို့။' အဲဒါလေးကို သေချာ မှတ်သွားတယ်။ ကိုယ်ပေးလိုက်တာ ဘာမှ မဟုတ်ပေမယ့် သူတို့က အရမ်းတန်ဖိုးထားကြတယ်နော်..
ဖတ်ပြီးတွေးသွားတယ်
တနိုင် ဆိုတာလေ
ကိုယ်လည်းအဲလိုသိပ်တွေးလို့လားမသိ
အဲလိုလူတွေဆီ ထီက မလာဘူးး(
မထိုးပဲပေါက်ချင်နေလို့နဲ့တူပါရဲ့
ဇာတာကိုက ပင်ပင်ပန်းပန်းလုပ်မှရမယ်ဆိုတဲ့
ဇာတာမျိုးကိုးဆိုတော့လေး(
အားလုံးပြောတာ...သဘောတူထောက်ခံပါတယ်..
လူမှုရေး စိတ်ဓာတ် ပြင်းပြသူလေးပါပဲ။
ကိုယ်တနိုင်ကူညီတာ ကိုယ့်အတွက်လဲ မပင်ပန်းတာမို့ ၀မ်းသာအားရသာ ဆက်ကူညီပါ ညီမရေ။ အဲဒီ ကြည်နူးမှုက စိတ်ချမ်းသာတာတော့ အမှန်ပဲ။ ဒါပေမဲ့ မနိုင်ဝန်တော့ မထမ်းမိစေနဲ့နော်။ အဲဒီအခါကျရင် စေတနာ ပျက်သွားတတ်လို့ပါ။ တချို့က မှီခိုလွန်းတော့ စိတ်ညစ်ရတတ်တာ ကိုယ်တွေ့မို့ပါ။
မီယာ ထီ အကြီးကြီး ပေါက်ပြီး လူမှုရေးတွေ လုပ်နိုင်ပါစေလို့ ဆုတောင်းလိုက်တယ်နော်။
"မရေရာတဲ့ အရာတွေ ဖြစ်လာမလားလို့ စောင့်နေတာနဲ့ တနိုင် ကူညီမှု ပေးဖို့တွေကို မျက်နှာလွှဲမိတော့မလို့" ကိုယ့်ကို သတိပေးလိုက်သလိုပါပဲ......ကျေးဇူး ။
တနိုင် ကိုလာဖတ်သွားပါတယ်ဗျာ။ လိုအင်များပြည့်ပါစေ။
ကောင်းလိုက်တဲ့ အတွေးလေးတွေပါပဲ.. တနိုင်လေးလောက်နဲ့ပဲ စကြတာပေါ့..ချိုသင်းပြောတာလည်း ဟုတ်ပါတယ်..။ ကိုယ်မနိုင်တာဆိုရင်လည်း မနိုင်ဘူး စောစောစီးစီးဖြတ်ထားလိုက်တာ ပိုကောင်းသလားလို့လေ..။ တခါတလေကျတော့ ကိုယ့်စေတနာဆိုတာက တာဝန်ကြီးလုံးလုံးကို ဖြစ်ပြီး စေတနာက ဝေဒနာတွေဖြစ်လာရတတ်လို့ပါ...။
အကောင်းဆုံးကတော့ မီယာပြောသလိုပဲ..ကိုယ်တတ်နိုင်သလောက် တနိုင်လေး လုပ်နိုင်ကြရင်ပေါ့နော်..။
အစ်မ
လူတိုင်းအပေါ် စေတနာထားနိုင်တာ ကုသိုလ်တစ်မျိုးပါ။ တနိုင်မဟုတ်ပဲ စိတ်ထဲ ရှိသလောက် အပြည့်အ၀ အကူအညီပေးနိုင်စေဖို့ ထီဆုကြီးကြီး အကြိမ်ကြိမ် ပေါက်စေဖို့ ဆုတောင်းပေးပါတယ်။
နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံပါစေ။
လေးစားလျက်..
တနိုင် လုပ်ပေးဖို့ ဘယ်တော့မှ ၀န်မလေးတတ်သူပါ...
ဒါပေမယ့် တခါတလေကျတော့ ချိုသင်းပြောသလို လူတွေကိုလဲ တွေ့ရတတ်လို့ စိတ်ကွက်မိခဲ့တယ်...
ဆင်ခြင်ဦးမှ...
အမခင်မင်းဇော်
လေးစားပါတယ်မီယာရေ။ အစ်မတွေပြောတာလဲ ဆင်ခြင်စရာလေးတွေပဲနော်။
ထီအကြီးကြီးပေါက်မှာ သေချာပါတယ်ညီမရယ်….
ညီမစေတနာက ညီမကို ပြန်အကျိုးပေးမှာပါ…
စေတနာကောင်းရင် ကံကောင်းပါတယ်ညီမရေ…
ညီမစေတနာလေးတွေကို လေးစားမိပါတယ်…
မမရယ်
ကောင်းလိုက်တဲ့ စိတ်ကူးလေး
ကျွန်တော်ကတော့ ထီပေါက်ရင် မြန်မာပြည်ပြန်ပြီး စာကြည့်တိုက်တွေ နိုင်ငံ့အနှံ့ ထူထောင်လိုက်ချင်တယ်
ဆန္ဒတွေ ပြည့်ပါစေ..
စိတ်ကူးလေး အရမ်းကောင်းသလို
စိတ်ဓါတ်လေးကလည်း အရမ်းကောင်းတယ်..
ခင်တယ် ခင်တယ် အရမ်းအရမ်း ခင်တယ်..း)
ဆန္ဒတွေအမြန် ပြည့်ပါစေ။
ပေါက် ပါစေဗျား။
ကိုယ်တိုင်လည်း singapore sweep တစ်လ တစ်ခါ ထိုးဖြစ်တယ်။
Post a Comment