Friday 29 May 2009

ချောင်းသာသို့

အလှူ ပြီးတော့ ချောင်းသာ ရောက်သွားတယ်။ ကားစီးရတာ ပင်ပန်းတယ်။ ချောင်းသာ မရောက်ခင် လမ်းက ပိုဆိုးတယ်။ ကားခက တယောက်ကို အသွား အပြန် ၁၈၀၀၀။ ၂ညပဲ အိပ်မယ်ဆို ၁၅၀၀၀။ ကားထဲမှာ ဆယ်ကျော်သက်တွေ ပါလာတော့ ပိုစည်ကား သွားတယ်။ ဖွင့်ထားတဲ့ အခွေကို သူတို့ ကြိုက်တာနဲ့ ပြန်လဲခိုင်းတာ ဆူညံနေတာပဲ။ ကားဘရိတ်အုပ်လို့ သူတို့ ဖိနပ်တွေ ပျောက်ကုန်ရင် တကားလုံး မီးထိုးပြီး ခုံအောက်တွေမှာ လိုက်ရှာတာကို မသိချင် ယောင်ဆောင်ပြီး ကိုယ့်ဖိနပ်ပါ ပြန်ရှာ ခိုင်းလိုက်တယ်။ ရန်ကုန်က ည ၁၀နာရီ ထွက်တာ ချောင်းသာကို မနက် ၄နာရီ သာသာလောက် ရောက်သွားတယ်။ အရမ်း အိပ်ချင်နေလို့ အခန်းဖွင့်ပေးမယ် ပြောတော့ ကျေးဇူးတင်လိုက်တာ။ နိုင်ငံခြား မှာဆို check-in time ရောက်မှ ၀င်ရတာ များတာကိုး။ မိုးလင်းတော့ အခန်းရှေ့က ခုံတန်းလေးမှာ ထွက်ထိုင်ပြီး ပင်လယ်လေ တ၀ရှူတယ်။

ခုံတန်းလေးမှာ ထွက်ထိုင်တာနဲ့ ဈေးသည်တွေကလည်း တယောက်တမျိုး လာမေးကြတယ်။ ကြားဖူးထားတဲ့ ပုဇွန်ကင် ငါးကင်တွေတော့ သိပ်မရှိတော့ဘူး။ ဟိုတယ် အခန်းထဲမှာလည်း လာရောင်းတဲ့ ဈေးသည်တွေဆီက မသန့်တဲ့ အစာတွေ ၀ယ်မစားဖို့ သတိပေးထားချက်တွေ ရှိတယ်။ သဘောကောင်းပုံရတဲ့ အမကြီး တယောက်ဆီက နေ့လည်စာ ထမင်းဟင်း မှာစားလိုက်တယ်။ နောက်ရက်တွေတော့ ဟိုတယ်က လေလံဆွဲထားတဲ့ စားသောက်ဆိုင်ကပဲ မှာစားကြတာ အတော်လေး စားကောင်းတယ်။ ပင်လယ်ကြီး ရှေ့ထားပြီး ထမင်းစားရတဲ့ အရသာကိုလည်း အရမ်း ကြိုက်သွားတယ်။

ဟိုတယ် အခန်းကတော့ တကယ် စုတ်ပါတယ်။ ocean view ဆိုတာနဲ့ပဲ အခန်းကို ဘာမှ လုပ်စရာ မလိုဘူးလို့များ ထင်သလား မသိဘူး။ ရေချိုးခန်းက ညစ်ပတ်တယ်။ အကြံပြုလွှာမှာ ရေးခဲ့သေးတယ်။ မီးက နေ့ခင်း ၁နာရီက ၃နာရီအထိ၊ ညနေ ၆နာရီက ၁၁နာရီအထိ ရတယ်။ နံနက်စာ စားပြီးတာနဲ့ အချိန်ရသလောက် လမ်းလျှောက် စက်ဘီးစီး အစားမျိုးစုံ မှာစား ဒါတွေပဲ လုပ်ခဲ့တယ်။ကျောက်မောင်နှမ ဆိုတာလည်း ရောက်ခဲ့သေးတယ်။ အနားမှာ တွေ့တဲ့ ကလေးတွေနဲ့လည်း သူတို့ ဘ၀၊ စားဝတ်နေရေး အကြောင်းတွေလည်း စကားပြောဖြစ်ခဲ့တယ်။ ကိုယ့်အားကိုယ်ကိုး စီးပွားရှာနေကြတဲ့ ကလေးတွေကို တွေ့ရတာ အားရစရာ။ ဇွန်းခြစ် မှာစားတော့ ရင့်တဲ့ အုန်းသီးတွေကို ခြစ်ပြီး ဖန်ခွက်ထဲ ထည့်ပေးလိုက်တယ်။ အုန်းသီး တလုံး ၅၀၀ မို့ အောင့်သက်သက်နဲ့ အုန်းရည်တော့ သောက်လိုက်တယ်။ နောက်နေ့ကျတော့ အဲ့ဒီဆိုင်က မ၀ယ်ဖြစ်တော့ဘူး။ ချောင်းသာပြန် လက်ဆောင်ကတော့ ဟာလ၀ါနဲ့ ငါးမုန့်ကြော်။

16 comments:

ကိုရင်နော်ခင်လေးငယ် said...

ပျော်ရွှင်စရာခရီးလေးပါပဲ...
အဲ့ဒီ အုန်းသီးကြီးစားချင်တယ်.. အဲ့လိုသွားမှန်းသိရင် ဝယ်ခဲ့ဖို့ မှာလိုက်ပါတယ်..း)

nu-san said...

မမီယာက ချောင်းသာ ရောက်ဖြစ်သွားသေးတယ်နော်.. ပျော်စရာကြီး.. ညီမတော့ ပြန်ဖြစ်တဲ့ ၃ ပတ်အတွင်း တောင်ငူပဲ ရောက်ဖြစ်တယ်.. တခြားကိုတော့ ဘယ်မှ မသွားဖြစ်ဘူး.. အဟီး. အားကျတယ်.. :)

khin oo may said...

kom: မီးက အဲသလောက်ရရင် မဆိုးပါဘူး.။ ဆက်ရေးပါဦး ရှည်ရှည်ရေးပါ။ ဟာလဝါနဲနဲ ငါးမုန့်နဲနဲ ရှိတာ အကုန်ထုတ်. အသံနဲ့မဝဘူး။

30 May 09, 00:36
kom: ဖတ်သွားသည် အစ်မလည်းသွားချင်နေတာ မရောက်ခဲ့ဘူးကောင်းတယ။် နောက်တစ်ခါအတွက် ဗဟုသုတရတယ်။ နိုင်ငံခြားက လာတဲ့ ဘိုကြီးဘိုမကြီါ်စုံတွဲပုံကို ကြည့်ချင်လိုက်တာ. ဟောတယ်ဘို့းပြောပြဦး.အကြံ့ပုလွတ်ရေးခဲ့တာ ဖတ်မိပါစေ။

PAUK said...

မမီယာနဲ့ လိုက်လည်ချင်လိုက်တာ..
နိုင်ငံရပ်ခြားရောက်ပြီးမှ မြန်မာကိုပြန်တိုင်း
မေမြို့ ကလွှဲလို့ ဘယ်မှ မရောက်ဖြစ်ဖူး..
မမပြောသလို ဟိုတယ်ခ ဘာညာပြောပြအုန်းနော်..

sonata-cantata said...

မြန်မာပြည်က beach တွေတခုမှမရောက်ဖူးသေးဘူး။ သိပ်လှတယ်လို့ စာတွေထဲမှာပဲ ဖတ်နေရတယ်။ ရောက်အောင်တော့ သွားဦးမယ်။

Moe Cho Thinn said...

ချောင်းသာ ရောက်ခဲ့တယ်လား။
ပင်လယ်ဆို ချစ်လို့ ပျော်တယ်။
နှစ်ယောက်တွဲပုံလေး ပင်လယ်နောက်ခံနဲ့ လိုနေသေးတယ်..ဒီပို့စ်မှာ။

Nu Thwe said...

ပျော်စရာကြီးပဲ မီယာ။ ပြည်တော်ပြန်တာ တန်အောင် လည်ခဲ့တယ်ပေါ့လေ။ အားကျလိုက်တာ။

ဒါနဲ့ ဒီမှာ အုန်းသီးစိမ်းနုနု ၀ယ်လို့ ရတယ်နော်။ ထိုင်းဆိုင်မှာ တစ်လုံး တစ်ပေါင်ရယ်။ ကိုယ့်ဖာသာကိုယ်တော့ ခွဲရမယ်။ ဇွန်းခြစ်လေးက သိပ်စားကောင်းတာပဲ။

Anonymous said...

ဟလ၀ါဆိုရင်တော့ ရွှေမြင်းပျံပဲကြိုက်တယ်။ ခခကြီးမှာကော အမင်းစားခဲ့သေးလားဗျ။ တရုတ်ကျောင်းလမ်းက ၀က်အူချောင်းနဲ့ ကိုနစ်ကိုးကို လွမ်းသွားပြီ။

ခင်မင်းဇော် said...

မီယာက ချောင်းသာပါ ရောက်သေးသကိုးးး။ ပုသိမ်နဲ့ ၂ နာရီစာပဲ ဝေးတယ်။ ရွာသားလေးလဲ ရောက်ဖူးသကိုး။ ၀မ်းသာလိုက်တာ။ အမတို့ကတော့ လာသမျှ ဧည့်သည် လိုက်ပို့ရတော့ တချို့အခေါက်တွေ ရေထဲတောင် မဆင်းဖြစ်တော့ဘူး။ ဒါပေမယ့် ချောင်းသာကို ငွေဆောင်ထက်တောင် ချစ်သေးတယ်။
နောက်ပုသိမ်မှာ ခခကြီးလိုပဲ ကောင်းတဲ့ မြန်မာထမင်းဆိုင် နှင်းဝေလွင် ဆိုတာ ရှိသေးတယ်။ သူ့ဆီက ဟင်းတွေက ပိုကောင်းတယ်။ လမ်းမကြီးမှာပဲ ၊ နောက် ရွှေလ၀င်း ဟာလ၀ါ လဲ ရှိသေးတယ်။ သူက ထောပတ်နံ့လေး ပိုမွှေးတယ်။ ဗူးပုံစံလေးတွေ လှတယ်။ နောက် ဘွက်ကြီးတန်းလမ်းထဲက ဒေါ်ကျင်မြ ၀က်အူချောင်း စားကြည့်ပါဦး။ ဆွေမျိုးမေ့သွားမယ်။ နောက် ပုသိမ်မြို့မ ဈေးကြီးထဲက ဒေါ်ခက်ရွှေရင်အေး၊ ဒေါ်ခင်ဝင်း အသုတ် .... ခင်အောင်ကဖီးက ပေါက်စီ... သူ့ရှေ့က အော်ကေ့ကြည့်....အင်း ပုသိမ်မြို့ကြော်ငြာ လာထိုးတယ်ထင်သွားဦးမယ် ရပ်ဦးမှ...

ZT said...

ရေပိုက်ပုံကို ကြည့်လိုက်တာ ရေချိုးခန်းထဲ တောက်တဲ့ကြီး ဝင်နေတာလားလို့ အထင်မှားသွားတယ်။ :)

တန်ခူး said...

ညီမရေ… ပျော်စရာကြီးနော်… မေမေက ချောင်းသာဆို သိပ်ပျော်လို့  ခဏခဏရောက်ဖြစ်တယ်… ဟုတ်တယ်… ဟော်တယ်တချို့ က သိပ်မသန့် ဘူး… တို့ တွေ သွားတုန်းက တောသည်လေးတွေ ကောင်းတယ်… ပင်လယ်စာကတော့ ရှယ်ပဲနော်…

Taungoo said...

ချောင်းသာအကြောင်းက ဒီတင်ပဲလားဗျာ။ ထပ်ရေးပါဦး။ ဖတ်ရတာ မဝဘူး။

Anonymous said...

ဟုတ်တယ် ကိုတောင်ငူရဲ့ ကျိုက်ထီးရိုးလို
အရှည်ကြီး အရှည်ကြီး အရှည်ကြီး (ဖြူဖြူကျော်သိန်းလေသံနဲ့ဖတ်ရန်) ရေးပေးပါ :P

ရွှန်းမီ said...

အဲ့မှာလည်း ပျော်ခဲ့တယ်ပေါ့ =)

မွန် said...

မမရေ အုန်းစိမ်းရေမြင်လို့ သွားရည်တများများနဲ့ ပြန်သွားပါပီ
ဟာလဝါနဲ့ ငါးမုန့်ကလဲ အလာနောက်ကျလို့ မကျန်တော့ဘူးထင်တယ်

Anonymous said...

ရေဘုံဘိုင်ခေါင်းကြည့်ထဲက ဟိုတယ် ဘယ်လောက်သန့်လဲ သဘောပေါက်လိုက်တယ်
ဒါနဲ့ နာဂစ်ဒုက္ခသည်တွေရော တွေ့ခဲံသေးလားဗျ