Sunday 7 June 2009

စုံစီနဖာရန်ကုန်

ရန်ကုန် မပြန်ခင် ငွေဈေးတွေ ကျလို့ ဒီတခေါက်တော့ အသုံးအစွဲ သတိ ထားရမယ်လို့ ကိုယ့်ဘာသာ သတိ ပေးထားတယ်။ အစား အသောက် ကိုတော့ စားချင်တာတွေ စားမယ်ပေါ့။ မုန့်ဟင်းခါး ကိုတော့ ကြုံသလို စားဖြစ်တယ်။ မြေနီကုန်းကို မရောက်ခဲ့လို့ တင်တင်အေးနဲ့ ရွှေဥမှာတော့ မစားခဲ့ရပါဘူး။ နံမည်ကြီးတဲ့ ၄၆ လမ်း မုန့်ဟင်းခါးဆိုင် ရောက်တော့ ကုန်ပြီတဲ့။ စကားမစပ် အဲ့ဒီလမ်းက အမှိုက်ပုံကြီးက အနံ့ဆိုးလှပါတယ်။ ၃၈လမ်း ခင်ထွေးရီဆိုင် ကတော့ ပြောင်းသွားပါပြီတဲ့။
အနော်ရထာလမ်းဘက် လျှောက်ပြီး ဆံပင်ညှပ်တယ်။ မိန်းမဆိုင်က ၂၅၀၀၊ ယောကျာ်းကတော့ ဆံသမှာ ၁၀၀၀။ ၁၀ မိနစ် လောက်ပဲ ကြာတယ်။ ဘားလမ်းထဲက စပယ်ဦး တေးသံသွင်းကို အမှတ်တရ လှမ်းကြည့် လိုက်သေးတယ်။ ပြီးတော့ မျက်နှာချင်းဆိုင်က ရွှေမြို့တော်မှာ ကူးဖီးလ် ထိုင်စားတယ်။ တခြား အချိုမုန့်တွေလည်း အများကြီးပဲ။ ယင်ကောင်တွေလည်း တ၀ဲဝဲမို့ မစားဖြစ်တော့ပါ။ အပြန်ကျတော့ ဒူးရင်းသီးနဲ့ မင်းဂွတ်သီး ၀ယ်ခဲ့တယ်။ မလေးရှားသီးလို့ ပြောလို့ ကျိုက်ကော်သီး မရှိဘူးလားလို့ မေးတော့ မလေးရှားမျိုးပါတဲ့။ တလုံး ၁၆၀၀။ အလုံး သေးသေးနဲ့ အသားလည်း ရှိပါတယ်။ ချိုလည်း ချိုပါတယ်။ မင်းဂွတ်သီးကတော့ အရွယ်အလိုက် တလုံးကို ၁၀၀-၁၅၀ ပေးရတယ်။

ညဘက် တရုတ်တန်း လျှောက်တော့ ၁၉လမ်းမှာ ဆီချက် စားတယ်။ တပွဲ ၃၀၀။ စားနေရင်း ကိုးရီးယားတယောက်က ကိုယ်တို့ ပန်းကန်ကို လက်ညှိုးထိုးပြီး ဒါဘယ်လောက်လဲလို့ မေးလို့ မရှင်းခင် ဈေးသိလိုက်ရတာ။ ၃၀၀ ဆိုတော့ စိတ်ချမ်းသာလိုက်တာ။ နောက်နေ့ သူများခေါ်တာနဲ့ အင်းယားလမ်းက ခေါက်ဆွဲဆိုင်မှာ လိုက်စားဖြစ်တယ်။ ခေါက်ဆွဲ အမျိုးစုံရပါတယ်။ စားရတာလည်း အေးအေး ဆေးဆေး ရှိပါတယ်။ ဈေးတွေ ကြည့်ပြီး လိုက်ကျွေးတဲ့သူကို အရမ်း အားနာရတယ်။ မလေးရှား ခေါက်ဆွဲကြော်ပါ။ တပွဲ ၂၂၀၀။ ကိုယ်ကတော့ စားရင်း နှမြောနေတယ်။ စားလို့တော့ ကောင်းပါတယ်။ မုန့်ဟင်းခါးတပွဲ ၁၅၀၀ ရောင်းတဲ့ ဆိုင်လည်း ရှိသေးတယ်တဲ့။ ဆိုင်နေရာတော့ မမေးခဲ့တော့ဘူး။ သွားမှာမှ မဟုတ်တာ။

ရာသီဥတုက အရမ်းပူတော့ ကြုံသလို လက်ဖက်ရည်ဆိုင်လည်း ထိုင်ဖြစ်ပါတယ်။ MFTB အရှေ့က ပန်းဟေ၀န်မှာ အစားအသောက်တွေ စားလို့ ကောင်းတယ်။ ပဲပြုတ်နံပြားက အချိန်မရွေးရလို့ လက်ဖက်ရည်ဆိုင် ထိုင်တိုင်း မှာစားဖြစ်တယ်။ ရွှေပုဇွန် ရောက်ရင် ဖါလူဒါ သောက်တာ ထုံးတမ်းစဉ်လာ တခုလိုဖြစ်နေတာမို့ ဖါလူဒါ သောက်တယ်။ ကူးဖီးလ်က ၁၀၀၀ ဆိုတော့ ငယ်ငယ်က လှည်းနဲ့ ညဘက် လိုက်ရောင်းတဲ့ အသည်ကို သတိရတယ်။

တရက်တော့ ဟင်းစားဝယ်ဖို့ ဈေးလိုက်သွားတယ်။ ဟင်းသီးဟင်းရွက်တွေကတော့ အတန်ဆုံးပဲ။ ကန်စွန်းရွက်တစီး ၁၅၀။ ချဉ်ပေါင် ၁၀၀ဖိုး ၅စီး။ သခွားသီးတလုံး ၅၀။ အိမ်နဲ့ ဈေးက လမ်းလျှောက်သွားရင် ရောက်တာမို့ တနေ့တခါ သွားဝယ်လို့ရတယ်။ ရေခဲသေတ္တာ သုံးမရတာနဲ့လည်း အတော်ပါပဲ။ သားငါးတွေကိုတော့ ရာသီဥတု ပူပူမှာ ဒီလိုပဲ အပြင်မှာ ချရောင်းနေကြတယ်။ ဈေးလမ်းမှာ လမ်းလျှောက်ရင်း ကြွက်သေတွေ့လို့ တောင်တောင်အီအီ တွေးလိုက်သေးတယ်။ ပျံကျ ဈေးသည်တွေကတော့ အရင်လို ပြေးနေရတုန်းပဲ။ ၀ယ်နေရင်း တန်းလန်း သူတို့ပြေးတော့ ကိုယ်လည်း ဘယ်လိုက်ရမှန်း မသိဘူး။ စာပေဗိမာန် နားရောက်တော့ လမ်းဘေးမှာ ကျွဲကောသီးရောင်းနေတာတွေ့တာနဲ့ ဈေးမေးမိတယ်။ ၁၂၀၀ ဆိုတော့ မဆစ်တော့ဘဲ ဈေးသည်ကိုပဲ ရွေးခိုင်းလိုက်မိတယ်။ အိမ်ပြန်ရောက်တော့ စားမရအောင် ခြောက်နေတာနဲ့ လွှင့်ပစ် လိုက်ရတယ်။ စိတ်တော့ မကောင်းဘူး။

အငှားကားခ တွေကတော့ ၁၀၀၀ ကနေစတာပါပဲ။ လိုင်းကားစီးနိုင်ရင်တော့ အတော်သက်သာပါတယ်။ ယုဇန ပလာဇာကို အဲကွန်းဘတ်စ်နဲ့ သွားခဲ့တယ်။ ကားခ ၂၀၀။ ကားပေါ်မှာ တီဗီပါလို့ ဓါတ်ပုံရိုက်ချင်တာ ကင်မရာ တကားကားနဲ့ သူများ မျက်စိနောက်မယ်နော်လို့ ယောကျာ်းက ကြိမ်းလို့ အသာလေး ငြိမ်နေရတယ်။ ဗိုလ်ချုပ်ဈေးကိုလည်း လိုင်းကားနဲ့ သွားတယ်။ ကားရှေ့ခန်းက စီးတာ ၂၀၀။ အနောက်က စီးရင် ၅၀။ ဈေးမှာ ဆိုင်အသစ်ဖွင့်တယ် ၀ယ်ကျွေးမယ်ဆိုလို့ ကြည့်လိုက်တာ ဆိုင်က အမှိုက်ပုံ အကြီးကြီး တခုနဲ့ ကပ်ရက်။ ဗိုလ်ချုပ်ဈေးက ဘာမှ မစားခဲ့ဘူး။ ရုံးချိန်တွေ ရှောင်ပြီး သွားတာမို့ ဘတ်စ်ကားစီးရတာ မဆိုးပါဘူး။ ပြည်ထောင်စုရိပ်သာလမ်းက feel ကိုလည်း ဘတ်စ်ကားနဲ့ပဲ သွားတာ။ စပယ်ယာက မီးပွိုင့်မှာ တံခါးဖွင့်ပေးလို့ ကျေးဇူးတောင် တင်ရသေးတယ်။ မြန်မာမုန့်တွေ အကုန်ရတယ်။ အဲ့ဒီနားက ထမင်းဂျိုးကြော်လည်း ၀ယ်စားခဲ့သေးတယ်။ ကိုယ်လည်း စားနိုင်မယ် ထင်သလောက် ၀ယ်တာပဲ။ ဆိုင်ပေါ်တင်ရောင်းတော့ သန့်ရှင်းတယ်လို့ ထင်စရာပေါ့လေ။ တကယ် ဟုတ် မဟုတ်တော့ ရောင်းသူတွေပဲ သိမှာပါ။ သွားနေကျ ပန်းဆိုးတန်းက စာပေလောက ဆိုင်လည်း ပြောင်းသွားတာနဲ့ တွေ့တဲ့ ဆိုင်မှာ စာအုပ်တွေ လိုက်ကြည့်တော့ စိတ်တိုင်း မကျပြန်ဘူး။ ပြန်ခါနီးတော့ အပြေးအလွှားနဲ့ စူပါဝမ်းမှာ ဖိနပ်ကလေးတွေ ၀ယ်တယ်။ မြန်မာညှပ်ဖိနပ်က ၁၅၀၀၊ ယိုးဒယား ညှပ်ဖိနပ်က ၇၀၀၀နဲ့ ဒေါက်ဖိနပ်လေးက ၈၀၀၀ပါ။ ဖိနပ်ကြိုက်တဲ့ သူငယ်ချင်းတွေကို သတိရတယ်။

23 comments:

ZT said...

ကူလ်ဖီးတော့ စားချင်တယ်။ ဒီမှာလည်း မရှိဘူး။ စလုံးမှာ ဖာလူဒါပဲ ရှိတယ်။ ပဲပြုတ်၊ နံပြားနဲ့ လက်ဖက်ရည်ကတော့ စားချင်စရာလေးပဲ။

အတော်လေး သွားရည်ကျသွားပါတယ်။ ဂလု။

ရွှန်းမီ said...

ကူးလ်ဖီးလ် စားချင်လိုက်တာ... ဒါပေမယ့်
ကျွဲကောသီးသည်ကို စိတ်ဆိုးလိုက်တာ ...
စားချင်စရာတွေရယ် .. သွားချင်စရာ စာအုပ်ဆိုင်တွေရယ် .. အမှိုက်ပုံတွေ ကြွက်သေတွေရယ် ..
အကုန်ပြန်ရေးပေးတာ ကျေးဇူးတင်ပါတယ် မမီယာ..

Anonymous said...

မုန့်ဟင်းခါးတော့ ကြိုက်တယ်ဗျ။ တခေါက်ပြန်ရင် ရောက်ရောက်ခြင်း အနဲဆုံး
၎ပွဲဆွဲတာ နောက်နေ့ကျတော့ ဝမ်းသွားပါလေရောဗျာ။ အဲဒါပြန်တိုင်းစားဖြစ်တယ်၊ စားတိုင်းလဲ အဲလိုပဲ
ဖြစ်တယ်ဗျာ.. ပြောရင်းတောင် ဝါးချင်လာပြီ..
ဘူးသီးကြော်လေးနဲ့ နံနံပင်လေးအုပ်၊ငရုပ်သီးပါးပါးလေးဖြူး ..........
တောက်.... သရေတောင်ကျတယ်..ဟင့်

Anonymous said...

ညဖက် လှည်းလေးနဲ့ေ၇ာင်းတဲ့ ကူဖီး ကုလားကြီးကိုရော, ကူဖီးလ် ကိုရော သတိရမိစေပါတယ် ဒီပို့စ်လေးကပေါ့...အခုရောရောင်းသေးလားမသိဘူးနော်...ကျေးဇူးတင်ပါတယ်နော်....
( mie nge )

မွန် said...

ဆီချက် ၃၀၀ဆိုလို့ ဝမ်းသာသွားတယ် ဟင်းရွက်တွေလဲ အရင်ဈေးနဲ့ သိပ်မကွာသေးဘူးပဲ အငှားကားခလဲ ၁၀၀၀ကနေစတယ်ဆိုတော့ မဆိုးဘူးပဲနော် အားလုံးပဲဒီ့ထက်ဈေးကြီးနေပြီထင်နေတာ စိတ်အတော်လေးချမ်းသာမိတယ်မမမီယာ တီဗီပါတဲ့ကား ရန်ကုန်မှာဆွဲတယ် ဟုတ်လား မြင်ဖူးချင်လိုက်တာ ဒီ့ထက်ပြည့်ပြည့်စုံစုံလေးသိချင်တယ်မမ အဲ့ကားကဘယ်လိုဆိုတာလေ

PAUK said...

မမီယာ..
မောင်ထော်လေးလမ်းက..ဒိန်ချဉ်ရော မသောက်ခဲ့ဘူးလား..
ကျနော်ကတော့ ယင်ကောင်တလောင်းလောင်းနဲ့လဲ
စားတာပဲ..

helpness said...

စမူဆာ စားချင်တယ်။
မနှစ်ကပြန်တုန်းက မစားခဲ့ရဘူး။

မေငြိမ်း said...

အမှိုက်ပုံကြီးနဲ့ ဖြစ်ဖြစ်.. ယင်တလောင်းလောင်းနဲ့ဖြစ်ဖြစ်.. လွမ်းတာပဲ။
ခု ပြန်လာပြီးတော့လည်း မီယာ ပြန်သွားချင်သေးတာပဲ ဟုတ်..။

နွေးနေခြည် said...

ဖိနပ်ကလွဲလို့ ကျန်တာ အကုန်စားချင်တယ်း)

မိုးကောင်းသူ said...

ပဲနံပြားစားချင်တယ်။ ဖိနပ်တော့ ဆိုက်မတော်မှာစိုးလို့ယူတော့ဘူးနော်။

MANORHARY said...

အထမ်းလေးနဲ့အသုတ်ကော မစားခဲ့ဘူးလားမီယာ..း)
ပြောရင်းနဲ့သတိရလာပြီ..
ဟို မီယာပြောတဲ့မုန့်ဟင်းခါးက အင်းလျားလမ်းကထင်တယ် နောက်ကျရင် မရတော့ဘူးတဲ့ (ကြားဖူးတာပါ..)
ဖိနပ်တော့ မီယာပဲစီးလိုက်တော့နော်း)း) သိပ်အေးရင်စီးလို့မရမယ့်ဖိနပ်လှလှလေးတွေဖြစ်နေလို့ ခု ဒီမှာအေးနေပြီလေ..

မီးမီးချစ် said...

ဖိနပ်လေး ကို ကြိုက်တယ်ဝေ့

khin oo may said...

ဖိနပ်ဆိုက်က ၆ သို့မဟုတ် ရပါ။ သို့ဖြစ်သောကြောင့် အရပ်ရှည်လိမ့်မယ်။ ၅ ပေ ၂ အထက်ဖြစ်လိမ့်မည်။

Moe Cho Thinn said...

မီယာနဲ့ အကုန်အကြိုက်တူတယ်။ အခုတင်ထားတာတွေအကုန် တို့စားချင်လို့ အမြဲစိတ်ကူးနေတာတွေပဲ။ (ဖိနပ်တော့ စားချင်တဲ့အထဲမပါ)
အားကျပါတယ်ကွာ။ တနေ့နေ့တော့ ပြန်ကို ပြန်ရမှာပါ။

မမသီရိ said...

ညီမလေးပျောက်နေပါတယ် လို့ထင်မိသား
ရန်ကုန်ပြန်နေတာကိုး..
ပျော်စရာကြီးနော်..
ဖိနပ်ကြိုက်တာတော့ တူနေပြီ..း)
ဒေါက်ဖိနပ် ၂ ရံလုံး ကြိုက်တယ်..း)

Anonymous said...

အဲ့ဒီကူလ်ဖီးပေါ့ ပထမဆုံး ရန်ကုန်ရောက်တော့ မေက အရမ်းကောင်းတယ်ဆိုပြီးကျွေးတာ။ ရွာသားတို့က ရေခဲဆိုတာ စားဖူးတာမဟုတ်လေတော့။ မေရယ်သွားတွေလည်းကျဉ်လှပါပြီ ဒီဟာကြီးသာ ဆက်စားရရင် ဖျားရပါတော့မယ် အခုတောင်ကိုယ်တွေပူလာပြီ ချမ်းလိုက်တာလည်းလွန်ပါရော ဆိုပြီး ညည်းညူခဲ့ဖူးတယ်။ မရယ်နဲ့နော် တကယ်...

ပုံရိပ် said...

လက်ဖက်ရည်နဲ့ စမူစာကြော် စားချင်သွားတယ်။ ပဲပြုတ်နဲ့ နံပြား၊ မလေးရှားခေါက်ဆွဲကြော်လည်း စားချင်တာပဲ။

Dr. Yi Yi Win said...

ဟယ်...မီယာပြန်ရောက်ခဲ့တာ မသိလိုက်ဘူးတော့။

Anonymous said...

မလေးရှားခေါက်ဆွဲကြော် စားချင်တယ်။ အဲဒါ သိပ်ကြိုက်တဲ့အထဲ ပါတယ်။
အမ ခင်မင်းဇော်

ကိုလူထွေး said...

အဲသလို
ကုန်ဈေးတွေလဲ မတန်တဆ
ငွေးကြေးတွေလဲ ဖောင်းပွပြီး
ခြင်္သေ့တွေလဲ 'ဝ' ပြီးရင်း 'ဝ' လာကြတဲ့
ဒီ ရန်ကုန်မြို့ပျက်ကြီးထဲမှာ

တထောင်တန် တအုပ်ကို
အကြွေအနုတ်အဖြစ်
ငါ..သုံး..ပစ်..ခဲ့..တယ်...


ကိုလူထွေး ဆီကနေကူးယူလာတာ...
းဝ)

(ပုံတွေကို အငမ်းမရ အနီးကပ်ဆွဲပြီး စားသွားတယ်...)

ကိုရင်နော် said...

နံပြားနဲ့ ပဲပြုတ် စားချင်တယ်ဗျာ...

တကယ်ဗျာ.. အဲ့ဒီ ယင်ကောင်တွေပါ ဖမ်းစားချင်စိတ်ပေါက်လာပြီ.. (ပြန်ခွင့်သာရမယ်ဆိုရင်)

ခင်မင်စွာဖြင့်

ကိုရင်နော်

ATN said...

မီယာရေ-
ကူဖီးလ်မစားရတာ အနှစ် ၂၀ ရှိနေပြီ...
ခု ဒါပထမဆုံး ကူဖီးလ်ကို ပြန်တွေ့ရတာ...
ကျေးဇူးပါ...
အဲသလိုပဲ... မစားရတဲ့ အစာတွေ အများကြီး...း(
ပဲပြုတ်နဲ့ နံပြားကိုတော့ အလွမ်းဆုံးပဲ ...
ပြောရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတောင် သတိရသွားတယ်...

တန်ခူး said...

ကူးဖီးလ်က အမအကြိုက်ဆုံးထဲမှာပါတယ်… ရွှေပုဇွန်မှာလဲ ကူးဖီးလ်ပဲစားတယ်… ဟိုတခါပြန်တုန်းက စက်ဘီးနဲ့ ရောင်းတဲ့အသည်ကြီးတွေ့ လို့  အိမ်ထဲကနေ အပြေးအလွှားလှမ်းခေါ်စားခဲ့သေးတာ…ငယ်ငယ်ကဆို အမေ့ကို မမေးရသေးဘူး မကျွေးမှာကြောက်လို့  အသည်ကို အိမ်ထဲအရင်ခေါ်တာလေ… ကန်တော်လေးက မန္တလေးလမ်းထိပ်မှာ မုန့် ဟင်းခါးဆိုင်ကောင်းကောင်းလေးရှိတယ်… မြောင်းကြီးဘေးမှာဆိုတော့ မြောင်းနဲ့ အမှိုက်ပုံကို ကျောခိုင်းပြီးသာစား… အရမ်းကို စားကောင်းတာ… အမအမျိုးသားက မြောင်းနဲ့ အမှိုက်ပုံကို ကျောမခိုင်းနိုင်တော့ တခါစားပြီး နောက်ခေါ်လို့ မရတော့ဘူး… မီယာ့ပုံလေးတွေ ကြည့်ပြီး ခုပဲ ပြန်ချင်လာပြီ…