သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်း တပုဒ်... အမျိုးသမီး တယောက် မသုံးစွဲ ရသေးတဲ့ အ၀တ်တွေ၊ ပစ္စည်းတွေ ပိပြီး အိမ်ထဲမှာ သေဆုံး နေတာကို ရဲက ဘူဒိုဇာနဲ့ အိမ်ကိုရှင်းပြီး သူ့အလောင်းကို သယ်ထုတ်ရတယ် တဲ့။ အဲ့ဒီ သတင်း ဖတ်ပြီး ကိုယ်နဲ့ အ၀တ် အကြောင်း တွေးမိတယ်။
ကိုယ်တို့ ငယ်ငယ်က အ၀တ်အထည်တွေ အခုလောက် ဈေး မကြီးပေမယ့် ဈေး မပေါပါဘူး။ ကျောင်းဝတ်စုံရယ် ပွဲသွား ပွဲလာ ၀တ်ဖို့ရယ်နဲ့ အိမ်နေ အ၀တ်ရယ် လို့ အကြမ်းဖျင်း ၃မျိုးလောက် ခွဲလို့ရပါတယ်။ ကျောင်းဝတ်စုံကတော့ တော်နေသရွေ့ မတိုတက် သရွေ့ ၀တ်ပါလေ့။ ခရစ်စမတ်တို့ ဘုရားကျောင်းပွဲနေ့တို့ ဆိုလျှင်တော့ အင်္ကျီချုပ်တတ်တဲ့ အဒေါ်က ခါတော်မီ အင်္ကျီ ချုပ်ပေးလေ့ရှိတယ်။ ညမအိပ်ခင်အထိ ကိုယ့်အင်္ကျီ ဘယ်လိုပုံလည်း မသိရသေးဘူး။ စိတ်ကူးယဉ်ပြီး အိပ်ရာဝင်သွားတာ မနက်နိုးတော့ အဒေါ်က ဂါဝန်လေးကို တန်းမှာ ချိတ်ထားပေးတယ်။ ကလေးသဘာဝ အသစ်ရတော့ ပျော်တာပေါ့။ လူကြီးတွေ ၀ယ်ပေးတာပဲ ၀တ်ရတဲ့ အရွယ်မှာတော့ ဘာရယ်ညာရယ်လို့ ပူဆာမိတာ မရှိပါဘူး။ ၀ယ်ပေးတာ ဆင်တာ ၀တ်လိုက်တာပါပဲ။ လောဘ မရှိသေးတဲ့ အရွယ်ပေါ့။
ဆယ်ကျော်သက် အရွယ်ရောက်တော့ ရတဲ့ မုန့်ဖိုးကို စုပြီး အင်္ကျီဝယ် ၀တ်တယ်။ ပြည်တွင်းဖြစ် ရယ်ဒီမိတ်တွေက ဈေးမကြီးပါဘူး။ မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ ဆင်တူ ပိတ်ဖေါက်ဇာ အကျိင်္ီလေးတွေ ၁၁၀ ကျပ် ပေးပြီး ၀ယ်ဝတ်ကြတယ်။ ကိုယ်ကြိုက်တဲ့ ပိတ်စ၀ယ်ပြီး ရုပ်ရှင် မင်းသမီး အဆိုတော် တွေရဲ့ အင်္ကျီပုံစံတွေ အတိုင်း ရအောင် အပ်ချုပ်သည်ဆီ အပ်ကြတယ်။ ကျောင်းသူဆိုတော့ ကိုယ့်အထွာနဲ့ ကိုယ် အ၀တ်အစားကို ရတဲ့ မုန့်ဖိုးနဲ့ ၀ယ်ဝတ်တယ်။ ၀တ်ချင်ပေမယ့် မတတ်နိုင်လို့ မ၀ယ်နိုင်တဲ့ အရွယ်ပေါ့။
အလုပ်ရတော့ စနေ တနင်္ဂနွေဆို ပိတ်စတွေ ၀ယ်ပြီး အပ်ချုပ်သည်ဆီ ပြေးတယ်။ အပ်ချုပ်သည်ကို မြန်မြန် ရအောင် အပူတပ် လိုက်သေးတယ်။ တင်္နလာကနေ သောကြာကို ပိုက်ဆံ ရှာပြီး စနေ တနင်္ဂနွေမှာ ရှာသမျှ သုံးသလို ဖြစ်နေတယ်။
အ၀တ်ဝယ်တဲ့ ကိုယ့်အကျင့်ကို သုံးသပ်ကြည့်တော့ ကွက်လပ် တခုကို ဖြည့်သလို ဖြစ်နေတယ်။ အ၀တ်တွေ ၀ယ်လိုက်ရလျှင် စိတ်ထဲ အားရ ကျေနပ်တာမျိုး ခံစားရတယ်။ ၀တ်ဖို့မရှိလို့ ၀ယ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အေးတဲ့ အချိန်၊ သိပ် မအေးတအေး အချိန်၊ ပူတဲ့ အချိန်၊ မပူ့တပူ အချိန် ၀တ်ဖို့ရယ် ဆိုပြီး ရမယ်ရှာပြီး အမျိုးပေါင်း စုံအောင် ၀ယ်တတ်တယ်။ တောင်းမှာ အကွပ် လူမှာ အ၀တ် လို့ အ၀တ်အစား မ၀ယ်ခင် ဆင်ခြေပေးပြီး ၀ယ်တယ်။ အထည်များ အယားပြေ ဆိုပြီး ဈေးပေါတာတွေ အများကြီး ၀ယ်တယ်။ အပြင်သွားလို့ တခုခု မ၀ယ်လာရလျှင် စိတ်ထဲ မကျေမနပ် ဖြစ်တတ်တယ်။ မရမချင်း မွှေနှောက်ပြီး ဈေးဆိုင်တွေ လိုက်ပတ်နေတာပဲ။ ဘာရှာနေလဲလို့ မေးလျှင် ကိုယ် ကိုယ်တိုင်လည်း မသိပါဘူး။ sales မှာ £5 ဆိုလျှင် မလိုလည်း ၀ယ်ဖြစ်တယ်။ £1 ဆိုလျှင်တော့ ကိုယ့်ဆိုဒ် မဟုတ်တောင် လက်ဆောင်ပေးရတယ် ဆိုပြီး ၀ယ်ထားတယ်။ အင်္ကျီတွေ ၀ယ်ရင်း သတင်းစာထဲ ပါတဲ့ အမျိုးသမီး အကြောင်းကလည်း မကြာခဏ ခေါင်းထဲ ရောက်လာပြီး ချွေးတွေလည်း ပြန်လာတယ်။
နောက် စဉ်းစားမိတာ တခုက ခုတလော အ၀တ် အစားတွေ သိသိ သာသာကြီး ဈေးပေါလာတယ်။ ဖက်ရှင် ပြပွဲတွေ ကဖြင့် မပြီးသေးဘူး၊ အင်္ကျီ ဒီဇိုင်း အသစ်တွေက ဆိုင်တွေပေါ် ရောက်ကုန်ပြီ။ အင်အားနဲ့ အချိန် ပိုစိုက်ရတဲ့ အ၀တ်အစားမျိုး (ဇာထိုး ပန်းထိုး ပုတီးစေ့) တွေကလည်း ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတယ်။ စီးပွားရေးကပ် ဆိုဒ်နေချိန်မှာ လူတွေကလည်း ဈေးပေါတဲ့ ဆိုင်တွေက အတော်လေး ၀ယ်ဖြစ်ကြတယ်။ ဒီတော့ ဆိုင်တွေကလည်း တဆိုင်နဲ့ တဆိုင် အပြိုင်အဆိုင် ဈေးလျှော့ ရောင်းကြရတယ်။ ဆိုင်တွေက အမြတ်အစွန်း အလျော့ မခံချင်တဲ့ အခါကျတော့ အခြား အသုံးစရိတ်တွေကို တတ်နိုင်သလောက် အသက်သာဆုံး ဖြစ်အောင် လုပ်ကြတယ်။ အ၀တ်အစား ထုတ်လုပ် စရိတ်၊ သယ်ယူခ၊ ထုပ်ပိုးခ စတာတွေ အပြင် ဆိုင်ဝန်ထမ်းတွေရဲ့ လခနဲ့ ရပိုင်ခွင့် တွေပါ ထိခိုက်ကုန်တယ်။ ဆိုင်ဝန်ထမ်းထဲမှာ ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ပါတယ်။
ဈေးပေါတိုင်း လောဘတက်ပြီး လိုက်ဝယ်နေတာ ဒီဂယက်က ကိုယ့်ကို ရိုက်ခတ် နေတာတောင် သတိမထားမိဘူး။ အင်္ကျီပုံထဲ ကိုယ့်ကို ရှာမတွေ့မှာလည်း တွေးပြီးကြောက်တယ်။

11 comments:
မကြောက်ပါနဲ့ မီယာ။ ဟိဟိ ၀ယ်မှာသာဝယ် ရန်ကုန် ပြန်ရင်သယ်သွား. ကီလိုကလဲမရှိ။အမျိုးတွေ ကတော့ကြို့က်တယ်။
မလိုအပ်ဘဲမ၀ယ်ပါနဲ့ မမီယာရေ..
လိုအပ်ပြီး တွေ့တဲ့ အမျိုးအစားနဲ့ ဒီဇိုင်းကို..
သိပ်သဘောမတွေ့လည်း မ၀ယ်ပါနဲ့...
နဲနဲလေး သဘောမတွေ့ရင်တောင်မ၀ယ်ပါနဲ့..
ဈေးချတိုင်းဝယ်တာ..
ဆိုင်တွေရှေ့ဖြတ်လျှောက်တိုင်းတိုင်းဝယ်တာ..
ရောဂါပိုးတစ်ခုလိုဘဲ...
( ကျနော့အထင်တော့ အဲဒါလည်း စိတ်ရောဂါတစ်မျိုးဘဲလို့..)
မမီယာရေ.. ကျနော်လည်း အ၀တ်အစား ၀ယ်တာ ရောဂါ တခုလိုဖြစ်နေတယ်.. အပတ်တိုင်းလိုလို သွားနေကျ ဆိုင်ကို အသစ်တင်လား ဘာဈေးချလဲ ဆိုတာ သွားမကြည့်ရရင် တခုခု လိုနေသလိုပဲ.. ကိုယ့်အတွက်မဟုတ်တောင် လက်ဆောင်ပေးလို့ရတယ် တန်တယ်ဆိုပြီး ၀ယ်ထားတာက ရှိလိုက်သေးတယ်.. ဒါပေမယ့် ဈေးကြီးကြီးတွေတော့ မ၀ယ်ဖြစ်ပါဘူး အမရယ်.. ကိုယ့်အထွာလေးနဲ့ ကိုယ်ပေါ့..:P
အခုတော့ အဲဒီစိတ်တွေကို ဘရိတ်အုပ်ထားလိုက်ပြီ.. မလိုအပ်ပဲ မ၀တ်တော့ဘူးဆိုပြီး စိတ်ကို ပိုင်းဖြတ်ထားရတယ်..အဟဲ.. မ၀ယ်ပေမယ့်.. တခါတလေတော့ အာသာပြေသွား သွားငမ်းသေးတယ်... :D
မီယာရေးထားတာလေး ဖတ်ပြီး အမတို့ ငယ်ငယ်က တရုတ်ပိတ်လေးတွေ မို့ မို့ မြင့်အောင် ချူပ်သလို လိုက်ချူပ်ဝတ်တာ သွားသတိရတယ်… ပြီးတော့ ပုခုံးမှာ ဖော့အကြီးကြီးတွေတပ် ဟေမာဝတ်သလိုဝတ်သေးတာ…အမလဲ အဲလိုပဲ…saleဆိုတာတွေ့ တာနဲ့  ရောဂါဟောင်းလေးပြန်ပိုးထလာရော… ဒါပေမယ့် သိပ်ဈေးကြီးတွေတော့ မ၀ယ်ပါဘူး… ကိုယ်နဲ့ လိုက်ဖက်ပြီး ဈေးသင့်တာလေးပေါ့… ကိုယ့်ဆိုဒ်မရှိရင် ညီမလေးအတွက်ဝယ်တယ်… မွေးထားတာက သားဆိုတော့ အ၀တ်အစားကလဲ သိပ်အထူးအဆန်းဝယ်လို့ မရဘူးလေ… တခါတခါကျတော့လဲ ကိုယ့်ကိုယ်ကို ထိန်းရတယ်.. အမေပြောတာလေးပြန်သတိရပြီးတော့လေ… ကိုယ့်မှာလိုတဲ့အခါ အ၀တ်အစားဆိုတာ ပြန်ရောင်းစားလို့ မရဘူးတဲ့… စုပါစောင်းပါတဲ့… တခါတလေကျတော့လဲ ငါအသက်ကြီးနေပြီ.. ဒါလေးတွေ ခုမှ မ၀တ်ရင်နောင်ဆို ၀တ်ဖို့ သင့်တော်မှာ မဟုတ်ဘူးလို့  ကိုယ့်ကိုယ်ကို ချွင်းချက်လေးပေးမိပြန်ရော.. မိန်းခလေးကိုး…
အ၀တ်ခနခန၀ယ်ရခြင်းအကြောင်းမှာ ပေါင်ချိန်တက်တက်လာလို့ကလဲ တစ်ကြောင်း မဟုတ်ပေလော မမီယာ။ ဒီဇိုင်းအသစ်တိုင်းးမ၀ယ်ပေမယ့် ကိုယ်ကြိုက်တဲ့ပုံလေးတွေ တွေ့တယ် စမ်းဝတ်တာတော့လုပ်မိတယ်။
စမ်းဝတ်လို့ ကိုယ်နဲ့အဆင်ပြေရင်လဲ ၀တ်တာပေါ့။ များသောအားဖြင့်က ကံတရားက ကိုယ့်ဘက်မှာရှိပါတယ်။ စမ်းဝတ်တိုင်း၉၀%လောက်က အဆင်မပြေတော့ ပိုက်ဆံကုန်သက်သာတာပေါ့လေ။
mm
သူများငယ်ငယ်က ကိုယ်လုံးမလှလို့ဆိုပြီး ရှပ်အကျီင်္လိုဟာမျိုးတွေပဲချုပ် ၀တ်ဖြစ်တယ်။
သူများတွေ အ၀တ်ဆန်းဆန်းလေးတွေ ၀တ်ရင် ကိုယ်အားကျတယ်။
အားကျပြီးဝယ်လိုက်ရင် စွပ်လို့တောင်မရဘူး။း(
မီယာ
အဝတ်တွေအကြောင်းလာဖတ်
စဉ်းစား တွေးတောရင်း အဝတ်တွေမဝယ်တော့ရင်
ကောင်းမလား တွေးမိ ....း)
လက်ဆောင်များများလာပေးကြစေသတည်းးးးးး ဆိုပြီး..
း)))
မသီတာကတော့ မ၀ယ်ဖြစ်တော့ဘူး မီယာ။
အသွားအလာ နည်းတာလည်းပါမယ်။
နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်က Uniform ပေးတယ်။
မြန်မာပြည် ပြန်ဖြစ်ရင်တော့ စိတ်ကြိုက် ဒီဇိုင်းလေးတွေ ချုပ်မလားလို့ စိတ်ကူးတွေယဉ်နေတာ...
ဝယ်ပြီးလို့ ၃ ခါလောက် ၀တ်ပြီးရင် မကြိုက်တော့ဘူး။ အဲဒီတော့ ထပ်ဝယ်ရင်း ၀ယ်ရင်းနဲ့ပဲ။ သိပ်တော့လည်း အများကြီး မရှိပါဘူး။ မ၀တ်တော့တာတွေဆို ရှင်းထုတ်ပစ်တတ်တော့။
အစ်မ.. ညီမလေ facebook ထဲက pet society မှာ မွေးထားတဲ့အကောင်လေးကိုပဲ game money နဲ့ ၀ယ်ဝတ်ပေးနေရတာ..
အားငယ်လိုက်တာာ..
Myanmar friends, I'm argentine sport journalist and I'm looking for a Myanmar football blog. If you know one, please, write to contact the blogger.
Best regards from Buenos Aires
Pablo
International football journalism
Post a Comment