Friday 4 September 2009

ခရီးဖော်

တယောက် အကြောင်း တယောက် ကောင်းကောင်း သိချင်လျှင် ခရီး တခု တူတူ သွားလိုက်ပါတဲ့။ ဘယ်လို နေရာမျိုး သွားမှာလဲ၊ အပျော် ခရီးလား၊ ဈေးဝယ်တာ ၀ါသနာ ပါသလား၊ ပြတိုက်တွေ သမိုင်းကြောင်းတွေရော စိတ်ဝင်စား သလား၊ လမ်းမှာတွေ့တဲ့ ဒေသ အစာတွေ ၀ယ်စားရတာ ကြိုက်သလား၊ ပိုက်ဆံ ဘယ်လောက် အကုန်ခံနိုင် သလဲ၊ ဟိုတယ် သေးသေးလား ကြီးကြီးလား၊ နေ့လည်စာနဲ့ ညနေစာတွေကို ဆိုင်မှာစားမလား၊ အထုပ် ဆွဲစားမှာလား၊ အိမ်က ထည့်သွားမှာလား၊ ကိုယ်တိုင် ကားမောင်းမှာလား၊ ပြည်သူပိုင်ကားနဲ့ သွားမှာလား၊ ရထား စီးမလား၊ ကျန်းမာရေး အတွက် လမ်းလျှောက်မလား၊ တောတွေ တောင်တွေထဲ သွားဦးမလား၊ ပစ္စည်းတွေ တူတူ ထည့်မှာလား၊ ကိုယ့်အိတ်နဲ့ ကိုယ်လား၊ ပြောရရင်တော့ အများကြီးပါပဲ။ သဘောထားချင်း တိုက်ဆိုင်ဖို့ ညှိနှိုင်း နေလို့ကတော့ ခရီး ထွက်ရဖို့ရာ အကြောင်း မမြင်ပါ။

ဒါနဲ့ပဲ အလုပ် ပိတ်ရက် အတိုလေးမှာ ခရီးတိုလေး တခု သွားခဲ့တယ်။ တယောက် ကျောပိုးအိတ် တခုဆီနဲ့ ကြိုးစား ပမ်းစား ပြင်ဆင်မှု မရှိဘဲ အိမ်က ထွက်ခဲ့တယ်။ သွားရမယ့် နေရာက ကားတတန် ရထားတတန် ခရီး။ ရထား လက်မှတ် ကြိုဝယ်ထားသလား ဆိုတော့ ဘူတာ ရောက်မှ ၀ယ်မှာတဲ့။ ကားပေါ် ရောက်တော့ မူးတတ်တဲ့ ကိုယ်က အာရုံလွှဲတဲ့ အနေနဲ့ စကားပြောဖို့ ဘေးကို ကြည့်လိုက်တော့ သူက မျက်လုံးစုံ မှိတ်ထားတယ်။ ကားရပ်တော့ စိတ်ထဲ မကြည်မသာ ဖြစ်တာနဲ့ ကော်ဖီ ၀င်သောက်မယ်လို့ အဆိုပြုလိုက်တယ်။ ဗိုက်ဆာလို့လား တဲ့။ မဆာပါဘူး၊ နောက်ခရီး မဆက်ခင် အားဖြည့်တာ။ ဘူတာရုံ ရောက်ဖို့ ဘတ်စ်ကား ထပ်စီး ရသေးတယ်။ ဘူတာရုံ ရောက်တော့ စက်မှာ သွားနှိပ် ကြည့်လိုက်တာ ရထားခ တယောက်ကို £84 ဆိုတော့ အိမ်မှာ ကြည့်ထားတာနဲ့ မတူဘူးဆိုပဲ။ လက်မှတ် ရောင်းတဲ့ ကောင်တာမှာတော့ ဈေးတမျိုး ဖြစ်နိုင်တယ်လို့ ကိုယ့်ကို နှစ်သိမ့်ရှာတယ်။ ရထားခ ဈေးကြီးလျှင် ဘာလုပ်ချင်လဲ လို့ မေးတာနဲ့ ဘာအကြံမှ မရှိလို့ ပြား ၂၀ ပေးပြီး ၀င်ရတဲ့ အိမ်သာထဲ ၀င်သွားလိုက်တယ်။ ပြန်ထွက်လာတော့ ရထား လက်မှတ် ၂စောင် သူ့လက်ထဲမှာ၊ တယောက်ကို £30တဲ့။

၂နာရီလောက် စီးရမယ့် ခရီးဆိုတော့ ဖတ်စရာ တခုခု လိုက်ရှာတာ သူများတွေ ချန်ထားခဲ့တဲ့ သတင်းစာတွေ ရှိနေတယ်။ သတင်းစာ တစောင်ကို သူက ရှေ့ဆုံးနဲ့ နောက်ကျော၊ ကိုယ်က အလယ် စာမျက်နှာတွေ ဖတ်တယ်။ သတင်းစာရဲ့ နောက်ဆုံး စာမျက်နှာတွေကို နားမလည်တာနဲ့ အတော်ပဲလေ။ လု မနေရတော့ဘူးပေါ့။ လက်မှတ်စစ်လာတော့ ကိုယ့်လက်မှတ် ရှာမတွေ့ဘူး။ သူ့ကို လှမ်းကြည့်တော့ ဘာလဲ ဆိုတဲ့ အကြည့်ပဲ ပြန်ရတယ်။ လက်မှတ်က ကိုယ့်ကို ပေးထား ပြီးသားကိုး။ လက်မှတ်စစ်က နောက် တခေါက်ပြန်လာမယ် ပြောပြီး ထွက်သွားလေရဲ့။ ၃မိနစ်လောက် ဟိုမွှေ ဒီမွှေ ရှာတော့မှ လက်မှတ်က ကိုယ့်အရှေ့အိတ်ထဲက ထွက်လာတယ်။ အပြန် လက်မှတ်တော့ မယူထား တော့ဘူးလို့ တခါတည်း ပြောထားလိုက်တယ်။ ရထား ဆိုက်တော့ လမ်းညွှန် မြေပုံ ရှာပြီး လည်စရာ နေရာတွေကို ဆုံးဖြတ်တယ်။ အကြိုက်ချင်း တူလျှင်တော့ သိပ်အချိန် ယူစရာ မလိုပါဘူး။ ကိုယ်ကတော့ အိမ်မှာ မနေရလျှင် ပြီးရောလို့ စိတ် ပိုင်းဖြတ် ထားတာ ဆိုတော့ ဘယ်သွားသွား ပျော်ပျော်ကြီး နောက်က လိုက်တယ်။ ဒါလည်း အဆင်ပြေပါတယ်။

ဓါတ်ပုံကတော့ ကိုယ့်ဖာသာ ရိုက်ချင်ရာ ရိုက်တာ ပို စိတ်ချမ်းသာတယ်။ နှစ်ယောက်တွဲ ရိုက်ချင်တဲ့ အခါကျတော့ လမ်းမှာ တွေ့တဲ့သူကို အကူအညီ တောင်းရတာပေါ့။ သွားလည်တဲ့ နေရာမှာ ထုံးကျောက် တောင်တန်းတွေက မျက်စိရှေ့မှာ တတန်းကြီး၊ English Channel ရေပြင်ကြီးနဲ့ ဖြတ်သွားမယ့် သင်္ဘောတွေကိုလည်း မြင်နေရသေးတယ်။ မြင်ရတဲ့ မြင်ကွင်းတွေက ဖမ်းစားတာနဲ့ တောင်စွန်းတွေပေါ်ကို ဖြေးဖြေး တက်သွားလိုက်တာ အနောက်ကို လှည့် မကြည့်ဖြစ်ဘူး။ သတိရလို့ ကြည့်လိုက်တော့ ကိုယ် တယောက်တည်း။ ထုံးစံအတိုင်း သူမှီလာတော့ နောက်မကြည့်ဘဲ လျှောက်ရ ကောင်းလားလို့ ရေရွတ်တာပေါ့။ ရှေ့ဆက်ဖို့ ကြည့်လိုက်တော့ ဆက်သွားလို့ မရတော့ဘူး။ တောင်အစွန်း ရောက်နေပြီ။ ဒါနဲ့ အပေါ်ဖက်ကို တွားပြီး ပြန်တက်ရတယ်။ လှမ်းဆွဲတဲ့ မြက်ပင်တွေကလည်း ကြမ်းပါ့။ လက်တောင် ရှတယ်။ အောက်ကိုတော့ မကြည့်ရဲဘူး။ ကုန်းတက်ရင်း ဒီလိုအခက်အခဲတွေ လုပ်ဖို့ လာတာ မဟုတ်ဘူး လို့လည်း အဆူခံ လိုက်ရတယ်။ တောင်ပေါ်တော့ ပြန်ရောက်သွားလို့ တော်သေးတယ်။ ဒီတခေါက်တော့ ကိုယ့်ကို မျက်ခြေပြတ် မခံဘဲ ဖ၀ါးချင်းထပ် လိုက်လာတယ်။

လမ်းမှာ သဘာဝ ရှူခင်းတွေ ကြည့်ပြီး နေ၀င်တာ လာကြည့် ရအောင်လို့ ပြောတော့ ဟေ့ တိုးတိုးပြောပါကွာ သူများတွေ ကြားကုန်ဦးမယ်၊ ဒါ အရှေ့ဖက် တဲ့။ မိန်းမနဲ့ ယောကျာ်း သဘာဝချင်း မတူဘူး လို့ပဲ တွေးဖြေလိုက်တယ်။ ကိုယ်က သတိမထားမိဘဲ လုပ်ချင်တာသာ စိတ်ကူးယဉ်ပြီး ပြောလိုက်မိတာလေ။ မပြန်ခင်တော့ ကိုယ့်အကြောင်း သိလို့ ဈေးဝယ် ကောင်းတဲ့ နေရာ တခု ခေါ်သွားတယ်။ သိပ်မကြာဘူး သူ အနားကို ရောက်လာပြီး ပြောတာက လာဝယ်တဲ့ သူတွေက အဖွားကြီးတွေ ချည်းပဲနော် တဲ့။ ပေါင်းတာ ကြာပြီမို့ သူဘာကို ဆိုလိုတာလည်း သိလိုက်တယ်။ အ၀တ်အစားတွေ မ၀ယ်စေချင်ဘူး ပေါ့လေ။ ဒါနဲ့ပဲ ဘာမှ မ၀ယ်ခဲ့ဘူး။ မြို့ကြီး ပြန်ရောက်တော့ နှစ်ယောက်လုံး အကြိုက် တရုပ်စာ သွားစားကြတယ်။ ပြီးတော့ သူက ဖိနပ် ၀ယ်တယ်။ ၂ရံဝယ်လျှင် ၂၀%လျှော့မယ် ဆိုတာနဲ့ ကိုယ့်အတွက် ဖိနပ် ၁ရံဝယ်ပေးတယ်။

ခရီးတိုလေး တခုတော့ ပျော်ရွှင်စွာနဲ့ ပြီးသွားတယ်။ ဘ၀ခရီး ကိုလည်း ခရီးဖော်ကောင်းနဲ့ဆို မမှုပါဘူး။ မမောတမ်း နောက်က လိုက်ခဲ့မယ်။

17 comments:

Anonymous said...

မမီယာရေ..
မမီယာကတော့..ခရီးဖော်နဲ့..
ခရီးတိုလေး တခုတော့ ပျော်ရွှင်စွာနဲ့ ပြီးသွားတယ်။ ဘ၀ခရီး ကိုလည်း ခရီးဖော်ကောင်းနဲ့ဆို မမှုပါဘူး။ မမောတမ်း နောက်က လိုက်ခဲ့မယ်။

(ခရီးသွားချိန်မှာ မျက်လုံးစုံမှိတ်ချင်မှိတ်ပါစေ...)


သဘောကျလိုက်တာ..

ပေါက်

MANORHARY said...

မီယာ
တချို့ခရီးတွေက ခရီးဖော်နဲ့မှ အဆင်ပြေတယ်
တချို့ခရီးတွေကျတော့ တစ်ယောက်တည်းဆို
ပိုအဆင်ပြေတယ် ခရီးဖော်နဲ့သွားသောခရီးများစွာ
ခရီးဆုံးထိ အဆင်ပြေပါစေ...လို့

rose of sharon said...

ခရီးဖော်ကောင်းလေးနဲ့ ဘဝခရီးကို အဆုံးထိ ပျော်ရွှင်စွာ အတူတကွ လျှောက်လှမ်းနိုင်ပါစေ

ကိုရင်နော်ခင်လေးငယ် said...

ဘဝခရီးကိုလည်း စိတ်တူကိုယ်တူ ခရီးဖော်ကောင်းနဲ့အတူ ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ..

အရှေ့ဘက်က နေလုံးကြီးဝင်သွားတဲ့ ဓါတ်ပုံရှုခင်းလေး ကြည့်ချင်တယ်..း))

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ATN said...

သရုပ်မှန် ဘ၀သရုပ်ဖော် ခရီးသွားရသ ဆောင်းပါးလေးပါလား မီယာရေ့ ... နှစ်ခြိုက်သဘောကျသွားတယ်...

Anonymous said...

ဘ၀ခရီးဖော်ရှိနေပြီပဲ.. ကောင်းကောင်းဆိုးဆိုး မြဲဖို့ပဲဟုတ်..

ရွှန်းမီ said...

ဖတ်ရတာ မောလိုက်တာ အစ်မရယ်.. အင်း.. ညီမက ခရီးထွက်ရင် မတူတဲ့သူနဲ့ ညှိနှိုင်းနေဖို့ရာ သိပ်ပျင်းတယ်.. သွားချင်ရာပေးသွား လုပ်ချင်ရာပေးလုပ်မှ =)
ရှုခင်းဓာတ်ပုံလေးလှတယ်..

Anonymous said...

ကာလိုင်းကိုရောက်ခဲ့တာလားအမ။ လန်ဒန်ရောက်ရင် ၀င်လည်ပါအုံး။ ၀တုတ်က အမတို့ကို သိတယ်ထင်တယ်တဲ့။

Moe Cho Thinn said...

ဒီလိုပါပဲ မီယာ။ ခရီးဖော်ဆိုတာ သူ့ကို သည်းခံရတာရှိသလို ကိုယ့်ကို သည်းခံပေးရတာလဲ သူ ရှိမှာပါပဲ။
တို့နှစ်ယောက်ကျတော့ သူက ခရီးကို ပြင်ဆင်ရင် အမြဲ စနစ်တကျ။ ဟိုတယ်ဆိုလဲ ဘွတ်ကင်လုပ်ပြီးမှ၊ ဖြောင့်ဖြောင့်ကြီး သွားချင်တယ်။
တို့ကတော့ ကြံရာ ၀င်သွား၊ ပျော်ရာ အကြာကြီးနေ၊ လမ်းဘေးဒေသစာလေးတွေ လျှောက်စား အဲဒီလို နေချင်တာ။
တခါတလေမှာ သူ့နည်းက အဆင်ပြေတာ ရှိသလို၊ ကိုယ့်နည်းနဲ့ တည့်သွားတာလဲ ရှိတတ်တယ်။ ကိုယ့်အားနည်းချက် သူ့မှာရှိတော့ ပို ဟန်ကျပြီး သူ့အားနည်းချက် ကိုယ့်အားသာနေရင် ခရီးက ပိုပျော်သွားရတတ်တယ်လို့ပဲ မှတ်ပါတယ်လေ။

ဘာဖြစ်လို့လဲဆိုတော့ ဒီခရီးဖော်နဲ့ အတူ လျှောက်ခဲ့တာ ခရီးတောင် အတော်ပေါက်ခဲ့ပြီပဲကိုး။

tg.nwai said...

ပျော်ခဲ့တယ်မဟုတ်လား မီယာ..နောက်ကနေ ဖ၀ါးခြေထပ်လိုက်တယ်ဆိုလို့ ပြုံးမိသေးတယ်...တယောက်နဲ့ တယောက် အကုန် အကြိုက်တူနေလို့လည်း မဖြစ်ဘူးလေ..ခုန သတင်းစာဆို လုဖတ်နေရဦးမယ်...ဖတ်ပြီး လိုက်လည်ရသလိုပါပဲ..ရှူခင်းကလည်း လှလိုက်တာနော်..


"..ဘ၀ခရီး ကိုလည်း ခရီးဖော်ကောင်းနဲ့ဆို မမှုပါဘူး။ မမောတမ်း နောက်က လိုက်ခဲ့မယ်.."

Quote of the day ပေါ့ မီယာ..:)

သက်ဝေ said...

ခရီးတိုလေးတခုမှာ ခရီးဖေါ်နဲ့အတူတူ ပျော်ရွှင်ခဲ့သလို ဘဝခရီးရှည်မှာလဲ ခရီးဖေါ်နဲ့အတူတူ နားလည်မှု တွေနဲ့ ချစ်ခင်ပျော်ရွှင်စွာ လှမ်းလျှောက်နိုင်ပါစေ မီယာ...

*** အလုပ်များနေလို့ မရောက်တာ နဲနဲကြာသွားတယ်.. သတိကတော့ ရနေပါတယ်...

မမသီရိ said...

ညီမ မီယာ ရဲ့ ခရီးလေး ပျော်စရာ ကောင်းလိုက်တာ
စိတ်တူ ကိုယ်တူ ခရီးဖော်သာ ရှိမယ် ဆို ဘယ်လို ခရီးမျိုး ပဲ ဖြစ်ပါစေဘယ် ပင်ပမ်းမလဲ နော်

တသက်လုံး ထာဝရ ဒီလို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ညီမရေ.

သူနဲ့သာဆိုရင်... နေပူပူ မှာ ထီးမလိုဘူး
သူနဲ့သာဆိုရင် ဆောင်းမှာလဲ အနွေးထည် မလိုဘူး
ဆိုတဲ့ မြန်မာသီချင်းလေး တပုဒ်တောင်ရှိတယ် မဟုတ်လား..း)

Rita said...

သိပ်ကောင်းတာပဲ မမီယာ။
ခရီးဖော်ကောင်းနဲ့ဆို မမှုပါဘူးတဲ့လား။

nu-san said...

ရေးထားတာကောင်းတယ် မမီယာ..နောက်ဆုံး စာကြောင်းကတော့ Heart အထိဆုံးပဲ.. :)

မွန် said...

မမမီယာ မေးလ်လိပ်စာမွန့်ကိုပေးလို့ရမလားဟင် မွန့်မေးလ်က natthimilay@gmail.com ပါ ကျေးဇူးတင်ပါတယ်မမ

Dr. Yi Yi Win said...

တယောက် အကြောင်း တယောက် ကောင်းကောင်း သိချင်လျှင် ခရီး တခု တူတူ သွားလိုက်ပါတဲ့။
ဒါနဲ့ပဲ အလုပ် ပိတ်ရက် အတိုလေးမှာ ခရီးတိုလေး တခု သွားခဲ့တယ်။ ဆိုလို့ မိတ်ဆွေသစ်တစ်ယောက်ယောက်နဲ့ ထင်နေတာမီယာရေ..နောက်တော့မှာ“ပေါင်းတာ ကြာပြီမို့ သူဘာကို ဆိုလိုတာလည်း သိလိုက်တယ်။ ”ဆိုမှာရှင်းသွားတယ်။ အခုမှအချိန်ရလို့ လာဖတ်တာမီယာ။

Anonymous said...

ဘာပဲဖြစ်ဖြစ် ပျော်တာပဲ မဟုတ်လား မီယာ... ဘ၀ဆိုတာ ဒီလိုပါပဲ ... ခုချိန်စိတ်ညစ်ရလဲ တချိန်ကျ ပြန်ပြောတော့ရယ်စရာ လိုလိုနဲ့..
ဘ၀ဖော်နဲ့ ရန်ဖြစ်ရင်လဲ အဲလိုပဲ... ဒေါနဲ့မောနဲ့ ..
ပြီးတော့လဲ ရယ်လိုက် ရတာပါပဲ....
ဘ၀ခရီးကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ...
အမ ခင်မင်းဇော်