Friday 18 September 2009

ရမ်းပဲ လူပုလေး (၃)

အခန်းထဲမှာ ဘာတွေ ရှိသလဲ ဆိုတော့ ကောက်ရိုး ချည်းပဲပေါ့။ လောဘ ကြီးတဲ့ ဘုရင်ကြီးက အခန်း အပြည့် ကောက်ရိုးတွေ ဖြည့်ထား ပြန်တာပေါ့။ မနက်ဖြန် မနက် မရောက်ခင် တခန်းလုံးကို ရွှေ အပြည့် ဖြစ်နေအောင် လုပ်နိုင်ရင် မင်းကို မိဖုရား တင်မြှောက်မယ် လို့ ဘုရင်ကြီးက မိန့်တော်မူ ပြီးတာနဲ့ အခန်း သော့ခတ်ပြီး ပြန်ကြွ သွားတယ်။ ဘုရင်ကြီး တဖက် လှည့်သွားတာနဲ့ လူပုလေးလည်း ထပ် ရောက်လာ ပြန်တယ်။ ဟာ ကောက်ရိုးက များသထက် များလာပါလား။ ကဲ ဒီ ကောက်ရိုး ပုံကြီး ရွှေ ဖြစ်အောင် လုပ်ဖို့ ငါ့ကို ဘာ ပေးမှာလဲ လို့ လူပုလေးက မိန်းကလေးကို မေးသတဲ့။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ကတော့ တကယ့်ကို ပူပင် သောက ရောက်နေ ရှာတယ်။ ကျမမှာ ပေးစရာ ဘာမှ မကျန်တော့ ပါဘူးရှင် လို့ပဲ ပြောသတဲ့။ အဲ့ဒီ အခါမှာ လူပုလေးက ကောင်းပြီလေ ဒါဆို ငါ့ကို ကတိ တခု ပေးပါ လို့ ဆိုတော့ မိန်းကလေး ကလည်း ကောင်းပါပြီရှင် ဘယ် ကတိမျိုး မဆို ပေးပါ့မယ် လို့ ကပျာကရာ ပြောရှာတယ်။ လူပုလေးက မိန်းကလေး မျက်နှာကို စေ့စေ့ ကြည့်ပြီး ပြောလိုက်တာက ဘုရင်ကြီး မြှောက်စားလို့ မင်း မိဖုရား ဖြစ်သွားခဲ့ရင် ပထမဆုံး မွေးတဲ့ ကလေးကို ငါ့ကို ပေးပါ့မယ် လို့ ကတိပေးပါ တဲ့။

လွယ်လွယ် လေးနဲ့ ပေးလိုက်လို့ ရတဲ့ ကတိမျိုး မဟုတ် ပေမယ့်လည်း ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး ခမျာ တခြား အားကိုး စရာလည်း မရှိတော့ လူပုလေးကို ကတိ ပေးလိုက်တယ် တဲ့။ အခု အချိန်ကနေ ဆိုရင်လည်း ကလေး ရဖို့ အဝေးကြီး လိုသေးတာပဲ လို့ တွေးပြီးတော့ ပေါ့လေ။ လူပုလေး ကလည်း အကြာကြီးဆို မေ့သွားနိုင်လောက်တယ်လေ။ မိန်းကလေးရဲ့ ကတိ ရတာနဲ့ လူပုလေးလည်း သူ့ အလုပ်ကို စ ပါလေရော။

နောက်နေ့ မနက် မိုးလင်းတော့ ရွှေတွေ ပြည့်နေတဲ့ အခန်းကြီးကို တွေ့ရတဲ့ ဘုရင်ကြီးဟာ အရမ်း အရမ်းကို ပျော်နေတာ တဲ့။ မိန်းကလေးကို နောက်ထပ် ခိုင်းဖို့ မလိုတော့အောင် သူ့မှာ ရွှေတွေ သုံးနိုင်တာထက် အများကြီး ပိုအောင် ရှိ နေပြီကိုး။ အပျော် လွန်နေတဲ့ ဘုရင်ကြီးက ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးကို လက်ထပ်ခွင့် တောင်းတဲ့ အခါ မိန်းကလေး ကလည်း သဘောတူ လက်ခံ လိုက်သတဲ့။

ဘုရင်ကြီးရဲ့ မိဖုရား ဖြစ်သွားတဲ့ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးဟာ အချိန် နဲနဲ ကြာလာတာနဲ့ အမျှ ဘုရင်ကြီးကို ချစ်ခင် နှစ်သက် လာတယ်။ ဒါနဲ့ပဲ သူတို့ လက်ထပ်ပြီး ၁နှစ် အကြာမှာ ဘုရင်ကြီး နဲ့ မိဖုရားကြီးမှာ ချစ်စရာ ကောင်းတဲ့ ကလေးလေး တယောက် ရလာတယ်။ အခုဆို ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးဟာ နန်းတော်ထဲမှာ သူချစ်တဲ့ ဘုရင်ကြီးရယ် ကလေးလေးရယ်နဲ့ ပျော်စရာ အရမ်း ကောင်းနေတာပေါ့။ သူ့ ဘ၀ အသစ်မှာ ပျော်နေတဲ့ မိဖုရားကြီးဟာ လူပုလေးကို ပေးခဲ့တဲ့ ကတိကို လည်း သတိ မရတော့ဘူးတဲ့။

ဒါပေမယ့် လူပုလေး ကတော့ မမေ့ဘူးတဲ့။ တနေ့ မိဖုရားကြီးက သူ့ ကလေးလေးနဲ့ ဆော့ကစားနေတုန်း လူပုလေး ရောက်လာတယ်။ မင်း ကတိပေးထားတဲ့ အတိုင်း ကလေးကို ယူဖို့ ငါလာတာ လို့ မိဖုရားကြီးကို ပြောသတဲ့။ မိဖုရားကြီးလည်း သိပ်တုန်လှုပ် ခြောက်ခြား သွားတာပေါ့။ ကလေးလေးကို သူ့ရင်ခွင်ထဲမှာ တင်းတင်း ကြပ်ကြပ် ဖက်ထားပြီး လူပုလေးကို ရှိခိုး တောင်းပန်တယ်။ ကျမမှာ ရှိသမျှ ပစ္စည်း ဥစ္စာတွေကို ယူပါရှင် ကျမရဲ့ ကလေးလေး ကိုတော့ ချမ်းသာပေးပါ လို့ ငိုပြီး ပြောသတဲ့။

ငိုယို တောင်းပန် နေတဲ့ မိဖုရားကြီးကို လူပုလေးလည်း သနားသွားပြီး ဒီတခါတော့ အခွင့် အရေး ပေးလိုက်မယ်လို့ ဆုံးဖြတ် လိုက်တယ်တဲ့။ ဒါနဲ့ လူပုလေးက မိဖုရားကြီးကို ကဲ ဒါဆို ငါပြောတာ နားထောင်။ ငါ့မှာ သူများနဲ့ မတူ တမူ ထူးခြားပြီး သမားရိုးကျ မဟုတ်တဲ့ နံမည် တခု ရှိတယ်။ သူဘာကို ပြောချင်မှန်း မသိတဲ့ မိဖုရားကြီးလည်း ဇဝေဇ၀ါ ဖြစ်သွားတာပေါ့။ ငါ့ရဲ့ နံမည်ကို ၃ရက်အတွင်းမှာ ဖော်ထုတ် နိုင်ရင် ကလေးကို ငါ မယူဘူး မင်းနဲ့ပဲ ထားခဲ့မယ် လို့ ပြောပြီး လူပုလေးလည်း ပျောက်သွား ပါလေရော။

လူပုလေး ပျောက်သွားတာနဲ့ တပြိုင်နက် မိဖုရားကြီးလည်း သူ့ ရံရွေတော်တွေ အားလုံးကို ဆင့်ခေါ်ပြီး ရှိသမျှ နံမည်တွေ စဉ်းစား ကြတာပေါ့။ တညလုံး မအိပ်ကြဘဲ စဉ်းစား လို့ရတဲ့ နံမည် မှန်သမျှကို ချရေးပြီး စာရင်း လုပ်ထား လိုက်တယ်။ ဒါ့အပြင် မိဖုရားကြီးက ရံရွေတော်တွေ သာမက ဆက်သားတွေပါ ထပ်ဆင့် ခေါ်ပြီး လူပုလေးရဲ့ သူများနဲ့ မတူ တမူ ထူးခြားတဲ့ နံမည်ကို တတိုင်းပြည်လုံး နေရာအနှံ့ ရှာဖို့ ခိုင်းစေ လိုက်တယ်။ ၃ရက် ပြည့်လို့ လူပုလေး ပြန် ရောက်လာတဲ့ အခါ မိဖုရားကြီးမှာ နံမည် စာရင်း အရှည်ကြီး ရှိနေပြီ တဲ့။ မိဖုရားကြီးက နံမည် တခု ဖတ်ပြ လိုက်ရင် လူပုလေးက ခေါင်းခါ လိုက်လုပ်တော့ မိဖုရားကြီးလည်း သူ့ ကလေးလေးကို ဆုံးရှုံး ရမှာ အရမ်းကို စိုးရိမ်လာ သတဲ့။ အဲ့ဒီ အချိန်မှာပဲ ဆက်သား တယောက်က နန်းတော်ကို ပြန် ရောက်လာပြီး မိဖုရားကြီးကို အရေးတကြီး လျှောက်တင် စရာ ရှိပါတယ် လို့ ဆိုလာတယ်။ မိဖုရားကြီးလည်း လူပုလေးကို စောင့်ခိုင်း ထားရတာပေါ့။

အဲ့ဒီ ဆက်သား မိဖုရားကြီးကို လျှောက်တင်ပုံက မိဖုရားကြီး ခင်ဗျား ကျွန်တော်မျိုး အပြန်လမ်းမှာ တောအုပ်ထဲက ဖြတ်ပြန်လာတာ မြေ ကွက်လပ် တခုကို ရောက်ခဲ့ပါတယ်။ အဲ့ဒီမှာ ထူးဆန်းတဲ့ လူပုလေး တယောက် မီးပုံဘေးမှာ ကပြီး သီချင်း ဆိုနေတာလည်း ကြားခဲ့ရပါတယ်။ သူ ဆိုနေတဲ့ သီချင်းကတော့
ပျော်ရွှင်စွာ ကခုန်မယ် သီချင်းဆိုမယ်
မနက်ဖြန်ရောက်မှာ တွေးပျော်တယ်
ရမ်းပဲလူဟာ ငါ့နံမည်
သနားစရာ မိဖုရား မသိရှာကွယ်
အဲ့ဒီ သီချင်းလည်း ကြားရော မိဖုရားကြီးလည်း သူပဲ သူပဲ အဲ့ဒါ သူ့နံမည်ပဲ ဆိုပြီး အရမ်း ပျော်သွားတယ်တဲ့။ ကလေးလေးကို ပေးလိုက် ရမယ် ဆိုတဲ့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ အားလုံးလည်း ပျောက်သွားတယ်။ ပြီးတာနဲ့ လူပုလေး ရှိရာ ပြန်လာပြီး ကုနြေ္ဒနဲ့ မေးလိုက်တာက
မိဖုရားကြီး။ ရှင့်နံမည်က ဘာသဇာ မဟုတ်လား
လူပုလေး။ မဟုတ်ပါ
မိဖုရားကြီး။ အီဇီခဲ
လူပုလေး။ မဟုတ်ရေးချ မဟုတ်ပါ
မိဖုရားကြီး။ ဒါဆို ရှင့်နံမည်က ရမ်းပဲလူ များ ဖြစ်နေမလား

ရမ်းပဲလူ ဆိုတဲ့ နံမည်လည်း ကြားရော လူပုလေးက တအား စိတ်ဆိုးသွားပြီး နတ်သမီးတွေ လက်ချက်ပဲ ဖြစ်ရမယ် လို့ ဒေါသတကြီး အော်ဟစ်ပြီး နန်းတော်ထဲက စိတ်ဆိုး တကြီးနဲ့ ထွက်သွား ပါလေရော။

မိဖုရားကြီးလည်း ရမ်းပဲ လူပုလေးကို အဲ့ဒီ အချိန်က စပြီး နောက်တခါ ထပ် မတွေ့ရ တော့ဘူးတဲ့။ ဘုရင်ကြီးရယ် မိဖုရားကြီးရယ် သူတို့ရဲ့ ကလေးလေးရယ် နန်းတော်ကြီးမှာ ပျော်ရွှင်စွာနဲ့ အသက်ထက်ဆုံး နေထိုင် သွားကြသတဲ့ ကွယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

ကလေး ပုံပြင်စာအုပ်ကို ဖတ်ရင်း မြန်မာလို ပြန်ရေးတာမို့ ဒေါ်မီထုံကို နားလည် ပေးကြပါ။ ကလေး အတွက် ဆိုပြီး လက်ဆော့လိုက်တာ။ ဒီတခါပဲ တော်ပါပြီ။

16 comments:

မမသီရိ said...

ခုပဲ ပြန်တာ.. ခုပဲ ပြန်လာရတယ်
ရမ်းပဲ လူပုလေးက ခေါ်တာ ကိုး..း)

မိခင် စိတ်ဆိုတာ အဲ့ဒါပဲ နော် မီယာရေ..

Vista said...

နောက်ထပ်ရေးပါအုံး ကလေးကြီးတွေလည်းဖတ်ကြလို့ ပါ မတော်ပါနဲ့ အုံး

tg.nwai said...

ထပ်ရေးပါဦး..အဲ..တီတီ ပုံထပ်ပြောပြပါဦး...:)

Moe Cho Thinn said...

ပုံပြင်နားထောင်ရတာ သိပ်ကြိုက်တယ်။ ဒီပုံလေးလဲ သိပ်ကြိုက်တယ်။
ပုံပြောကောင်းတဲ့ မမ မီယာ၊ ပုံပြောပါအုံးချင့်။

ခင်မင်းဇော် said...

စာအုပ်ထုတ်မယ် မီယာ ပုံပြောမယ် နာမည်နဲ့၊ (ဦးဦးပုံပြောမယ်ထက် ကောင်းဦးမှာ)

rose of sharon said...

ကောင်းလိုက်တဲ့ပုံပြင်လေး

Rita said...

သိပ်ကောင်းတာပဲ
မတော်ပါနဲ့ဦး ဆက်ပြောပါ
အဲဒါမျိုးလေးတွေ

ရွှန်းမီ said...

မိဖုရားကြီး ဖြစ်လာတော့ ကူမယ့်လူတွေ များလာလိုက်တာ..
အစကဆို လူပုလေးရဲ့ အကူအညီယူဖို့တောင် ရွှေဆွဲကြိုးပေးရ ငွေလက်စွပ်ပေးရနဲ့.. ကံကောင်းလို့ ကလေးပါ မပေးလိုက်ရတာ.. လူပုလေးက လက်ငင်းပေးဆိုပြီး တခြားဟာတောင်းခဲ့ရင် ပါသွားဦးမှာ =)

Nu Thwe said...

Happy ending as it should be! Like it, thanks :)

khin oo may said...

မမထုံလာတယ်။ ဇတ်သိမ်းပိုင်းကို နားမလည်လိုက်ဘူး.

khin oo may said...

နောက် တပုံ

khin oo may said...

လူပုကလေးကိုမင်းသားလုပ်လိုက်ပါ. အသွင်ပြောင်းဖန်တည်း ပြီး ဘွားကနဲ.........စုံးမကြီးက လူပုလေးလုပ်ထားတာကိုလေ.

သီဟသစ် said...

မမီယာရေ

ပုံတွေ ထပ်ရေးပါဗျိုး
ဖတ်လို့ကောင်းလိုက်တာ

ခင်မင်စွာဖြင့်
သီဟသစ်

Dr. Yi Yi Win said...

ပုံပြင် လာနားထောင်တာ မီယာ....:)

sonata-cantata said...

ဒီတခါပဲ မလုပ်ပါနဲ့ အန်တီမီယာရယ်...
ဘာသာပြန်ချောမွေ့လွန်းလို့ပါ...
သားသားမီးမီးတို့အကြိုက်မို့ သားသားမီးမီးတို့ရဲ့ ဖေဖေမေမေတွေကလည်း ကျေးဇူးတင်ရပါသတဲ့ရှင်

ကိုရင်နော်ခင်လေးငယ် said...

အန်တီမီယာရေ..
တားတား အိပ်ပျော်နေလို့ ပုံပြင်နားထောင်ဖို့ နောက်ကျသွားတယ်.. ခုမှ လာပြီး တဝကြီး နားထောင်.. အဲ့.. ဖတ်သွားပါတယ်.. တားတားလည်း ဘုရင်ကြီး ဖြစ်ရင် မိဖုရား ချောချောလေး ရှာယူဦးမယ်..း))

ဘလော့လေး Template ပြောင်းထားတာ မှတ်တောင် မမှတ်မိဘူး..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..