ငယ်ငယ် ကတည်းက အပြောင်း အရွှေ့ဆို သိပ် ဘ၀င် မကျ ချင်ပါဘူး။ နေရာ အသစ်ကို ပြောင်းရမှာ အရမ်း ကြောက်ပါတယ်။ သူငယ်ချင်းတွေနဲ့ ကွဲသွားမှာကို စိုးရိမ်တာက ထိပ်ဆုံးကပေါ့။ နေရာသစ်မှာ ဘာတွေ ရင်ဆိုင် ရမလဲကို တွေးပြီး ကြောက်တာလည်း ပါတယ်။ ကြောက်ကြောက် နဲ့ပဲ စွန့်စားပြီး နိုင်ငံ ရပ်ခြား အထိ ထွက်လာခဲ့တယ်။ မျက်ကန်း တစ္ဆေ မကြောက် ဆိုတဲ့ အတိုင်းပါပဲ။ ကျောင်းပြီးတော့ သူငယ်ချင်းတွေ အသီးသီး တိုးတက်ရာ တိုးတက်ကြောင်း ရှာဖို့ ရေကြည်ရာ မြက်နုရာ ထွက်သွားကြတာ အကြောက်ကြီးတဲ့ ကိုယ်တို့ ကတော့ ကျောင်းတက်တဲ့ ဒီမြို့မှာပဲ ကျန်ရစ်ခဲ့တယ်။ ရောက်ကတည်းက နေတဲ့ အိမ်မှာပဲ ဆက်နေခဲ့တယ်။
ဒီအိမ်မှာ နေရတာ လုံခြုံပါတယ်။ အိမ်ရှင်နဲ့ နေရတာ ဆိုပေမယ့် လူကြီးတွေချည်းပဲမို့ တိတ်တိတ် ဆိတ်ဆိတ် လည်း ရှိပါတယ်။ တနင်္လာကနေ သောကြာအထိ နေ့ဆို အပြင်ထွက်ပြီး ညနေမှ ပြန်လာတာမို့ အိမ်ရှင်တွေနဲ့ သိပ် လည်း စကား မပြောဖြစ်ပါဘူး။ အိမ်လခ ပေးတဲ့ အချိန်လောက်ပဲ ထွေရာလေးပါး ပြောဖြစ်တယ်။ ကိုယ့် မီးဖိုခန်းနဲ့ ကိုယ်မို့ စားချင်တာလည်း ချက်စားလို့ ရတယ်။ တခါတလေ သူတို့ ခရီးသွားရင် တအိမ်လုံးမှာ ကိုယ်တို့ လင်မယား နှစ်ယောက်ထဲ။ အဲ့ဒီလို အချိန်မျိုးဆို ကိုယ်ကတော့ countryside မှာ cottage လေးငှားနေတာလို့ ကြံဖန်ပြီး စိတ်ကူးယဉ်ပါတယ်။ အိမ်ရှင်က သူတို့ ဧည့်ခန်းမှာ အချိန်မရွေး လာထိုင် နိုင်ပါတယ်လို့ ပြောထားပေမယ့် တခါမှ စိတ်လို လက်ရ သွားမထိုင် ဖြစ်ပါဘူး။ အပြင်က ပြန်လာတာနဲ့ မီးဖိုခန်းထဲမှာ ရေ သွားသောက်တယ်၊ ပြီးတာနဲ့ အိပ်ခန်းထဲ တန်းဝင်တာပဲ။ စာဖတ်ချင်ရင် ပိုနွေးတဲ့ မီးဖိုခန်းထဲ သွားထိုင် နေလိုက်တယ်။
ဒီလိုနဲ့ နေလာတာ ၈နှစ် ကျော်သွားပြီ။ ကိုယ်တို့ ပိုင်ဆိုင်တဲ့ အခန်းလေး ထဲမှာ ၈နှစ်ကြာ စုဆောင်းထားတဲ့ ပစ္စည်း တွေလည်း အတော်လေး များနေပြီ။ အိမ် ကလည်း အရင်လို သိပ် မတိတ်ဆိတ် တော့ပါဘူး။ စီးပွားရေး အခြေအနေ အရ အိမ်ရှင် ကလည်း ရရင် ရသလို ဧည့်သည်တွေ လက်ခံ လာပါတယ်။ ဧည့်သည်တွေနဲ့ မတွေ့တာ များပေမယ့် တခါတလေ မှာတော့ စပ်စပ်စုစုနဲ့ ကိုယ်တို့ အခန်းတံခါး လာဖွင့်တတ်တဲ့ ဧည့်သည် တွေနဲ့လည်း တိုးတတ် ပါတယ်။ ပြောင်းရွှေ့ရတာ မကြိုက်ပေမယ့် ကိုယ့်ဖာသာ နေဖို့ အကြောင်းဖန် လာတယ် လို့ပဲ တွေးမိပါတယ်။ စက်တင်ဘာဆို ကျောင်းသားတွေနဲ့ အိမ်တွေက ပြည့်လေ့ ရှိပါတယ်။ မ၀ံ့မရဲနဲ့ပဲ တရက်မှာ အိမ်ငှား အရှာ ထွက်လိုက်တာ မသိသေးတာ တွေလည်း အများကြီး သိလာရတယ်။ no children no pet မို့ အိမ်ရှင်တွေက သဘောကျ မှာပါတဲ့။ တအိမ်ထဲမှာပဲ ၈နှစ်ကျော် နေခဲ့တဲ့ အတွက်လည်း အိမ်ရှင်တွေက နှစ်သက် မှာပါတဲ့။
နှစ်ယောက်တည်း နေဖို့အတွက် ပေးဆပ် ရမှာ တွေကတော့ မနည်း ပါဘူး။ အိမ်လခ၊ ရေဖိုး၊ မီးဖိုး၊ တီဗီလိုင်စင် အင်တာနက်၊ ဖုန်းဖိုး၊ မြူနီစပယ် အခွန် စတဲ့ မြောက်မြား လှစွာသော အပို စရိတ်တွေ ကုန်ရမှာ ဖြစ်ပါတယ်။ ပြောင်းမယ့် နေရာက ဝေးရင် ခရီး စရိတ်က ထောင်းဦးမှာပါ။ လူမျိုးခြားတွေ သိပ်မရှိတဲ့ ရပ်ကွက်မျိုး ဆိုရင်လည်း သတိထား နေရဦးမယ်။ ညဘက် တယောက်တည်း အိမ်ပြန်လာရင် လူတကောင် ကြောင်တမြီးမှ မတွေ့ရတဲ့ နေရာမျိုး ဆိုလည်း ကိုယ့်စိတ်က လုံခြုံမှာ မဟုတ်ဘူး။ ဒါတွေ တွေးပြီး လက်ရှိနေရာမှာပဲ မျက်စိ စုံမှိတ်ပြီး ဆက်နေရ မလား လို့လည်း တွေးမိပါတယ်။ လက်ထပ်ပြီး ၃လ အကြာမှာ အခုနေတဲ့ အိမ်ကို ရောက်တာဆိုတော့ နှစ်ယောက်တည်း အတူ နေခဲ့ဖူးတာ ၃လပဲ ရှိတယ်လို့ ပြောလို့ ရပါတယ်။ လက်ထပ် ပြီးပြီးချင်း နှစ်ယောက်တည်း နေရတဲ့ ၃လမှာ စိတ် ချမ်းချမ်း သာသာ နေရတာ ပြန် သတိရ နေတယ်။ (မချမ်းသာ တာတွေလည်း ရှိပါတယ် နောင်လာနောက်သားတွေ အတွက် နောက်မှ ရေးထားဦးမယ်။) အခုတခါ နှစ်ယောက်တည်း နေရ ပြန်ဦးတော့မယ်။ ဘ၀ခရီးလမ်းက အပြောင်း အရွှေ့အကွေ့ တကွေ့ပေါ့။

15 comments:
အမရေ ကျွန်တော်မရောက်တာကြာလို့ဗျာ။
အိမ်ပြောင်းရတာ အတော်အလုပ်ရှုတ်တယ်ဗျ။ ကျွန်တော်လဲ စိတ်တိုင်းကျအိမ် ခုထိရနိုင်သေးပါဘူးဗျာ။
အဆင်ပြေပါစေဗျို့
အိမ်ပြောင်းတာ ပင်ပန်းတယ်။။
နေရာသစ်ကို ကျနော်လဲ ပြောင်းဖို့ ၀န်လေးတယ်။။
နေရာအသစ်မှာ အခြေတကျနဲ့ နှစ်ယောက်ထဲ ဘဝ စိတ်ချမ်းသာပါစေ ညီမရေ...
ပစ္စည်းတွေ နေရာချနေချိန်မှာ နဲနဲတော့ ပင်ပန်းပေမယ့် အခြေကျသွားရင် နေရတာ စိတ်ချမ်းမြေ့မှာပါလေ...
အမတို့လဲ ပြောင်းထားတာ မကြာသေးဘူး...
အိမ်ပြောင်း... ပြီးတော့ ရုံးကလဲ နေရာ အသစ်ကိုပြောင်းနဲ့ လူလဲ တော်တော်ဒေါင်းသွားတယ်...
အမဆို အခု လေးနှစ်အတွင်းမှာ အိမ် ၄ အိမ်ပြောင်းလိုက်ရတယ်.. ဒါပေမယ့် ဘာမှကြောက်စရာမလိုဘူး မီယာ။ ပို ပို ကောင်းတဲ့ နေရာတွေသာ ဖြစ်လာတာကို ကြုံရလိမ့်မယ်။
အမကတော့ အဲလို ပြောင်းရတာ ကြိုက်တယ်။ တနေရာထဲမှာ အကြာကြီးနေရတာ ပျင်းစရာကြီး။
အခင်းအကျင်းအသစ်မှာ ပျော်ရွှင်ပါစေနော်...
(ဘိုင်သဝေးးးး ဒီနေ့က စပြီး အမ ခွင့်တလ ယူထားတယ် ။ ဘလော့လည်တော့မယ် ဟဟ)
တို့လဲ လေးနှစ်မှာ လေးအိမ်ပြောင်းတယ်။နှစ်ယောက်ထဲနေရတော့ အေးချမ်းချမ်းနေရတာပေါ့။ဖိုက်တင်ချရင်လဲလွတ်လွတ်လပ်လပ်ချလို့ရတယ်။စတာနော် မမီယာ။
;)နှစ်ယောက်တည်းနေရတာ ကောင်းတာပေါ့။ အိမ်ချင်းနီးရင် လာကူပါတယ်။ အိမ်ပြောင်းရတာထက်.. နေရာပြန်ချရတာပိုပင်ပန်းတယ်။
mm
ဒို့ကတော့နှစ်ယောက်ထဲနေဖို့ကိုဘဲ အားပေးပါတယ်....
နှစ်ယောက်တည်း...
:)
Singapore မှာ၂ နှစ် မပြည့်ခင်မှာပဲ ၂ ခါပြောင်း ၃ အိမ်။
စာဆိုမှာတော့ "၃ ကျောင်းပြောင်းသော အရှင်" ပဲ ရှိလို့ တော်သေးတယ်။
ကျွန်မကတော့ "၃ အိမ်ပြောင်းသော မိန်းမ"။
အလုပ်ကတော့ စရောက်တည်းက တခုတည်း မြဲနေသေးတယ်။
ပိုမို ပျော်ရွှင် အဆင်ပြေတဲ့ နေရာလေး ဖြစ်ပါစေ မမီယာ။
နေရာသစ်မှာ အဆင်ပြေပါစေ။
အမတို့လည်း ဒီမှာ ပြောင်းရတာ စိတ်နဲ့မမှတ်မိနိုင်တော့ဘူး။ ကိုဧရာ စာအုပ်ထဲ လိပ်စာတွေတန်းစီချရေးထားတယ်။ ဆယ်ခုကျော်တယ်။ အိမ်ပြောင်းပြီးရင် ခါးနာရောဂါ စွဲတတ်တယ် မီယာရေ။ အဲ့ဒါလေးတော့ နှစ်ယောက်လုံးသတိထား။
မွေးထဲကပြောင်းရတာ မြန်မာနိုင်ငံမှာပြောင်းမဝလို့
နိုင်ငံခြားတွေပါလျှောက်ပြောင်းရတဲ့ဘဝ ငယ်သူငယ်ချင်းဆိုတာ ၁၂နှစ်လောက်ကသူငယ်ချင်းကိုခေါ်တယ်ထင်နေတာ ဟိဟိ ..အဲအရွယ်လောက်ကသူငယ်ချင်းတွေမ
ှပြောင်းသွားလည်းစာပို့ တတ်ပီ မေးလ်ပို့ တတ်ပီကိုး ..
အဲဒီတော့မှအဆက်မပြတ်တော့တာ..
ပြောင်းရတာသိပ်စိတ်မကုန်တော့ဘူး အကျင့်ပါနေလို့ 
အိမ်ပြောင်းရတာကို ကျနော်လည်း မကြိုက်ဘူး အမ.. အလုပ်ရှုတ်လွန်းလို့.. အိမ်ဟောင်းမှာ ပစ္စည်းတွေ သိမ်းဆည်းပြီး အိမ်သစ်ရောက်ရင် နေရာပြန်ချရတာ ဘာမှသာ မဟုတ်တယ် ၁ ရက် ၂ ရက်မကဘူး.. အထာကျဖို့ဆို ၁ ပတ်လောက်ကြာမလားပဲ.. ပြီးတော့ အိမ်အသစ်ရောက်ခါစမှာ လိုအပ်တာတွေ ထပ်ဖြည့်ရပြန်တာနဲ့ ပင်ပန်းတယ် အမ.. :)
၂ ယောက်တည်း ကမ္ဘာဆိုတော့ တမျိုးကောင်းတာပေါ့ မမီယာရယ်.. :D
အိမ်ပြောင်းရတာ အတော် စိတ်ရှုပ်စရာ ကောင်းတယ်။ သယ်တဲ့ စရိတ်ကြီးတော့ မလိုဘူး ထင်တာတွေ လွှင့်ပစ်ရရော။ အစ်မတို့လည်း ခဏခဏ အိမ်ပြောင်းရတယ်။ နေရာသစ်လေးတွေမှာ ပျော်သွားတာပါပဲ။ မီယာတို့ တူနှစ်ကိုယ် တိုင်းပြည်မှာ ပျော်ရွှင်ကြပါစေ။
အဆင်ပြေပါစေ။
အလုပ်တွေ ရှုပ်ဦးမှာပေါ့။ သိမ်းရဆည်းရ လွှင့်ပစ်ရနဲ့လေ။ Inventory ကို ပြောင်းနေပြီး ပထမပတ်မှာ သေသေချာချာ စစ်ပါ။ မကိုက်ညီတာတွေကို agent/ landlord ကို ချက်ချင်း ပြောပါ။ Gas/ electricity/ water meters တွေကို အစနဲ့ အဆုံးမှာ သေချာ ဖတ်ပြီး supplier ကို သတင်းပို့ပါ။ ကောင်းတာက ကိုယ့်အိမ်နဲ့ ကိုယ်ဆိုတော့ ကိုယ့်လက်ကိုယ့်ခြေမို့ လွတ်လပ်ပါတယ်။ ပျော်မှာပါ။
နှစ်ယောက်တည်းနေတာကိုတော့ အားပေးတယ် မီယာ။ အရမ်းကို စိတ်လွတ်လပ်ပြီး ကိုယ်စိုးကိုယ်ပိုင် ဘ၀ကို တကယ် အရသာတွေ့မှာပါ။ ကိုယ်စိတ်ကူးလေးနဲ့ကိုယ် အိမ်လေး ပြင်ဆင်တာကအစ၊ သူငယ်ချင်းတွေကို လွတ်လွတ်လပ်လပ် ဖိတ်နိုင်တာအဆုံး စိတ်ချမ်းသာပါလိမ့်မယ်။ စိတ်မချမ်းသာတာတွေလဲ ပြုံးပြီး စောင့်ဖတ်ပါမယ်။
Post a Comment