Wednesday 11 November 2009

အပြောင်း အရွှေ့ အတွက် ကြုံရသမျှ

ခုထိ အိမ် မပြောင်း ရသေးပါ။ သတိတရ အကြံ ပေးကြတာ အရမ်း ကျေးဇူး တင်ပါတယ်။ ကိုယ့်ဖာသာ နှစ်ယောက်တည်း နေချင်တာနဲ့ အိမ်ပြောင်းဖို့ စိတ်ကူးတာ ဘုမသိ ဘမသိ။ မနုသွဲ့ ပြောတာတွေတော့ အသေအချာ မမေ့အောင် လုပ်ဖို့ စာရင်း တို့ထားတယ်။ စိတ်က ဘယ်လောက်တောင် ပျော့သလဲဆိုတော့ အိမ်သစ်ကို ပြောင်းချင် စိတ် မရှိသလောက် ဖြစ်သွားတယ်။ အိမ်ကို လှည့်ပတ် ပြတော့ အိမ်ရှင်က မီးဖိုချောင်ရော ရေချိုးခန်းပါ ဘယ်လို ပစ္စည်းတွေ ထည့်ထားတဲ့ အကြောင်း ရှင်းပြပါတယ်။ ကျောက်ပြား အစစ် ခင်းထားတာနော် လို့ ပြောလိုက်သေးတယ်။ ကိုယ်ကတော့ ဒါတွေကို လုံးဝ စိတ် မ၀င်စားပါဘူး။ ကျောက်ပြား အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ့်တာဝန်က သန့်သန့် ရှင်းရှင်း နေဖို့လို့ပဲ မှတ်ထားပါတယ်။ ရေချိုးခန်းကို လှည့်ပတ်ပြတော့ အိမ်ရှင် မိန်းမက ကြွေခွက်မှာ ပဲ့ရာလေး တခုကို ကိုယ်တို့ အရှေ့မှာပဲ တွေ့သွားတယ်။ တော်ပါသေးရဲ့ မဟုတ်ရင် ကိုယ်လုပ်လို့ ဖြစ်တာဆိုပြီး လျော်ရမှာ။ အိမ်ကို ပြပြီးတာနဲ့ စာချုပ် အကြမ်းကို ဖတ်ဖို့ ပေးလိုက်တယ်။ သူတို့ ဘက်က အကာ အကွယ် ယူထားတာ တွေတော့ တပုံကြီးပဲ။ သိတဲ့လူတွေ ပြကြည့်တော့ အရေးကြီးတဲ့ အချက် ၂ချက် ထောက်ပြ ကြတယ်။ စရံငွေကို တရား မ၀င် ယူလို့ မရတဲ့ အကြောင်း နဲ့ လိုက်ကာတွေ ကော်ဇောတွေကို သန့်ရှင်းရေး ကုမ္ပဏီတွေ အပ်တာ ဈေးကြီးတယ် ဆိုတဲ့ အကြောင်းပါ။ စာချုပ်ထဲမှာ ရေးထားတာက သက်တမ်း ပြည့်လို့ ပြောင်းမယ် ဆိုရင် လိုက်ကာတွေ ကော်ဇောတွေကို သန့်ရှင်းရေး လုပ်ခ ပေးရမယ် လို့ ပါတာကိုး။ ကိုယ်လည်း စိတ်ပျော့တယ် ဆိုပေမယ့် ကိုယ် တက်မနေခင်မှာ ကျော့နေအောင် သန့်ရှင်းရေး လုပ်ထားတဲ့ အရိပ်အရောင် မတွေ့တော့ နဲနဲတော့ စိတ်ညစ်သွားတယ်။ အိမ်ငှား ဘ၀ မလွယ် ပါလား ပေါ့။

အိမ်ရှင်က ကိုယ်တို့ကို တနှစ်ထက် ပိုနေရင် လိုက်ကာနဲ့ ကော်ဇောတွေ အသစ်လဲ ပေးမယ်လို့ ဆိုလာပြန်တယ်။ ၀မ်းသာ အားရနဲ့ ကိုယ်ကလည်း ကျေးဇူး တင်လိုက်တာ ပေါ့။ တနှစ် မက နေဖြစ်မှာပါ အသစ်တွေ လဲ ပေးရင်တော့ အတိုင်းထက် အလွန်ပေါ့ လို့ ပြောမိတာ အမလေး ရင့်ရင့်သီးသီး ပြန်စာ ပို့လာတယ်။ မင်းတို့ကို မီးဖို ရေချိုးခန်း အသစ် ပေးထားတာ တော်လှပြီ ဆိုပဲ။ ဒါတွေပဲ ရမယ်တဲ့။ တကယ် စိတ်ကုန် သွားပြီး ဘာ ဆက်လုပ် ရမယ် မှန်းတောင် မသိဘူး။ စိတ်တွေတော့ လေးတာ အမှန်ပဲ။ စာချုပ် လက်မှတ် ထိုးတဲ့ နေ့ရောက်တော့ အိမ်ရှင်က စပြီး စရံငွေကို သူ မသိမ်းထားဘူး ဆိုတဲ့ အကြောင်း ပြောလာတယ်။ deposit protection service မှာ သိမ်းထားဖို့ အဆိုပြုတော့ ကိုယ်တို့ ဘာမှ ပြောစရာ မလိုတော့ပါဘူး။ လက်မှတ် မထိုးခင် ကိုယ်က သန့်ရှင်းရေး အကြောင်း မေးလိုက်တော့ အိမ်ရှင်က ဘာပြောရမှန်း မသိ ဖြစ်သွားပုံပဲ။ ဘယ်မှာလည်း ပြပါတဲ့။ ကိုယ်တို့လည်း စာချုပ်ကို ဟိုကြည့် ဒီကြည့် ရှာတာ မတွေ့ဘူး။ အလျော့ မပေးချင်တာနဲ့ နှစ်ယောက်သား စေ့စေ့ စပ်စပ် ရှာကြတာ နောက်ဆုံး စာမျက်နှာမှာ သွားတွေ့တယ်။ သူ့အိမ်ကို လှည့်ပတ်ကြည့်တော့ ဘာ သန့်ရှင်းရေးမှ မလုပ်ထားပါဘူး။ ဒါနဲ့ပဲ သူက professional ဆိုတာ ဖြုတ်လိုက်ပါ ဆိုပြီး စာချုပ်မှာ ဖျက်ပစ်လိုက်တယ်။

ခုထိတော့ သော့ မရသေးပါဘူး။ ရာသီဥတု စစ်ကြည့်တော့ ပြောင်းမယ့်နေ့မှာ မိုးသည်းထန်စွာ ရွာမယ်တဲ့။ ဒီကြားထဲ အိမ်ပြောင်းဖို့ ဆောင်ရန် ရှောင်ရန်တွေ အင်တာနက်ထဲ လိုက်ဖတ် ကြည့်နေသေးတယ်။ အယူသည်း လွန်းတာ မဟုတ်ပေမယ့် အမှား အယွင်း မရှိအောင်လို့ပါ။ ဖတ်မိတာ တခုက အိမ် အသစ်ကို မ၀င်ခင် စကားများခြင်း ရန်ဖြစ်ခြင်း စိတ်ဆိုးခြင်း မလုပ်ရ တဲ့။ နောက်ထပ် သိသင့်တာတွေ ရှိရင် ပြောသွားကြပါဦး။

13 comments:

Steve Evergreen said...

လန်ဒန် တဝိုက်မှာတော့ အိမ်ငှါး အိမ်ဝယ်တွေလုပ်ဘူးပါတယ်။ တခုခုသိချင်ရင်ဆက်သွယ်နိုင်ပါတယ်

http://steveevergreen.com/contact/

MANORHARY said...

အိမ်ပြောင်းရရွှေ့ရတာကို ကိုယ်လည်း
သိပ်ကြောက်း((
အလုပ်သိပ်များသလို စိတ်လည်းသိပ်ဖိစီးတယ်
မီယာ အဆင်ပြေပါစေ ..လို့ ဆုတောင်းပါတယ်။

Anonymous said...

:)ဟယ်.. အတော်ရှုပ်ပါလားမမီယာရယ်။ အိမ်အသစ်ပြောင်းကာစက လူမပြောင်းခင် ဘုရားစင်အရင်ပြောင်းပြီး တရားခွေတွေဖွင့်တာပဲ။ သရဲကြောက်လို့။ မမီယာကတော့ ခရစ်ယာန်ဆိုတော့ မသိဘူးနော်။
အိမ်အသစ်မ၀င်ခင်မှာ..ရန်တော့နည်းနည်းဖြစ်တယ်ထင်တာပဲ။
ကိုယ်ရောစိတ်ပါ မောပန်းနေတော့.စိတ်နည်းနည်းဆတ်တာကိုး။
အဟဲ။
mm

ပန်းခရမ်းပြာ said...

သိတ်လည်း စိတ်မပူပါနဲ့ မီယာရယ်။ အားလုံး အဆင်ပြေသွားမှာပါ။ တခြားသူတွေနဲ့ တွဲမနေရရင် စိတ်ချမ်းသာစရာ ချည်းပါပဲ။ စလုံးက လူတွေ အိမ်ပြောင်းတာတော့ မိုးလေ၀သတွေ၊ ဆောင်ရန် ရှောင်ရန်တွေ မကြည့်နေနှိုင်ပါဘူး၊ လော်ရီကား ရမဲ့နေ့ရယ်၊ အလုပ်ပိတ်ရက်ရယ်ပဲ ရွေးလိုက်ကြတာပဲ။

မမသီရိ said...

မမ ဆိုလဲ စိတ်က အရမ်းပျော့တာမီယာရေ
ကိုယ်က ငွေပေးနေတာတောင် အားနာရတာနဲ့
မပြောချင်ရတာနဲ့
ဦးနှေက်ြစားတာလဲ မခံ နိုင်ဘူး
မီယာ့ကို ကိုယ်ချင်းစာတယ်

အဆင်ပြေပါစေ ညီမရေ

tg.nwai said...

မီယာရေ..အစစအရာရာအဆင်ပြေချောမွေ့ပါစေ...

တန်ခူး said...

ညီမရေ… အိမ်ရှင်ကလဲ ကြောက်စရာကြီးနော်…
အမကတော့ ၀ါတွင်းကလွဲရင် ကိုယ်အဆင်ပြေမယ့်အချိန်ပြောင်းလိုက်တာပဲလေ…
သူများတွေက ပြောကြတယ် နဂါးလှည့်တို့ ဘာတို့ … ပြောင်းသာပြောင်းတယ် ဘယ်တော့မှ သတိမထားမိဘူး…
မပြောင်းခင် ဘုရားကို အရင်ပင့်တယ်… ပြီးရင် ပရိတ်ရေနဲ့ တအိမ်လုံးဖြန်းလိုက်တာပဲညီမရေ… တပတ်အတွင်းတော့ ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်ဖြစ်အောင် ရွတ်တယ်… ညီမတို့  ဘာသာအရတော့ မသိဘူးပေါ့နော်… အမလုပ်နေကျလေးတွေ ပြောပြတာပါ… သိပ်စိတ်မပူပါနဲ့ နော်… စိတ်လေးကြည်ကြည်လေးနဲ့ သာ ပြောင်း.. အိုကေသွားလိမ့်မယ်…

rose of sharon said...

အင်းဘာပြောရမှန်းတောင်မသိဘူး... အိမ်ရှင်ကလည်း လူတောင်မတက်ရသေးဘူး... ဘာကြီးလဲမသိဘူးနော်...

nu-san said...

မမီယာရေ.. သိပ်လည်း မစိုးရိမ်ပါနဲ့ အမရယ်.. ကျနော်တို့ အခုနေတဲ့ အိမ်ရောက်လာတုန်းကဆို ရက်ကောင်းရက်မြတ်တွေ ဘာတွေ မကြည့်ဖြစ်ဘူး.. အိမ်ရှင်က သော့မအပ်ခင်ကတည်းက သန့်ရှင်းရေးတွေ လုပ်ပေးထားတယ်.. အိမ်ထဲမှာတော့ အားလုံး ဟောင်းလောင်းပဲ..ဘာမှ မပါဘူး.. အဲဒါဆိုတော့ မနေခင် ၁ ရက် ၂ ရက်လောက်ကတည်းက ပစ္စည်းတွေ နည်းနည်းချင်းစီ ရွှေ့ထားပြီး ဟိုတယ်က checkout လုပ်ပြီးတာနဲ့ အိမ်ပေါ်ရောက်လာတာပဲ... အမလည်း စိတ်အေးအေးထားပါ.. အိမ်ပြောင်းတော့ လူပင်ပန်းတဲ့အပြင် စိတ်လည်း ပင်ပန်းတာပေါ့.. ပြီးရင်တော့ အိမ်တက်ပွဲလုပ်ရမယ်နော်.. :)

ShwunMi- said...

ပြောင်းတုန်းတစ်ချက်ပါပဲ.. အဆင်ပြေပါစေ မမီယာ =)

khin oo may said...

ဘာမှကြောက်စရာမရှီဘူး စောစော မပြောင်းမိတာ ဘဲ။ အော် စောစော မပြောင်းမိလေချင်းဆြိုီ့ပီးနောင်တရသွားမယ်။

Moe Cho Thinn said...

ညီမရေ
ဘာမှ စိတ်ထဲမှာ အနှောင့်အယှက်မရှိပါနဲ့။ စိတ်ချမ်းချမ်းသာသာ သာ ပြောင်းပါ။ စာချုပ်ကတော့ အရေးကြီးတယ်၊ အခုလို မိတ်ဆွေတွေနဲ့ တိုင်ပင် လုပ်တယ်ဆိုရင် အဆင်ပြေမှာပါ။ နို့မို့ဆို စာချုပ်မိပြီး နောင်ကျရင် စိတ်ဆင်းရဲရနိုင်လို့ပါ။

အဲဒီလိုအပ်တာတွေ ပြီးသွားရင်တော့ စိတ်က အဓိကပါပဲ မီယာ။ ညီမတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးသာ လုပ်ပါ။ ကိုယ်ပျော်ရွှင်ရင် နေ့တိုင်းဟာ နေ့ကောင်းရက်သာ ပါပဲ။

အမတို့ အိမ်ငှားတုန်းကတော့ ဘာမှ နားမလည်ခဲ့ဘူး။ ဘာတောင်းဆိုရမယ် ဘာညာလဲ မသိခဲ့ဘူး။ အကုန် ကောင်းတယ် ကျေနပ်တယ် နဲ့ သားအဖ ၃ယောက် သဘောကျနေတာ။ မိသားစုလေး တသီးတသန့် နေရတာကိုပဲ စိတ်ချမ်းသာမိတာ။ အိမ်ရှင်ကတောင် အမတို့ကို ကြည့်ပြီး ဘာမှ မပြင်ဆင်ပေးနိုင်တဲ့ သူ့အိမ်လေးကိုတောင် ကြည်နူးသွားတယ်။

ဆောင်း said...

အိမ်ပြောင်းရင် ၀ိုင်းကူမဲ့သူရှိလား။ အိမ်မှာ အပစ်တွေ အနာအဆာတွေ ရှိမရှိ ကြိုကြည့်ထားနော် တော်ကြာ အလျှော်တောင်းနေမယ် ဖြစ်နိုင်ရင် အိမ်ကို ကိုယ်မ၀င်ခင် ဓါတ်ပုံရိုက်ထား သက်သေနဲ့ ပြောလို့ ရအောင်လို့ ။ တချို့ အိမ်ရှင်တွေ က သိပ်မကပ်ပါဘူး။ စရံငွေကို ၂၀၀၇ ထဲက အိမ်ရှင်တွေ သိမ်းပိုင်ခွင့်မရှိဘူးလို့ ဥပဒေ ထွက်ထားတာ။ အိမ်ရှင်တွေ စရံပြန်မပေးကြလို့ လေ။ ၂၀၀၇ နောက်ပိုင်း စရံပြန်မရရင် မြို့ နယ်ပိုင်ကောင်ဆယ်ကို အကြောင်းကြားပြီး တရားစွဲရင် အိမ်ရှင်က ၃ဆ ပြန်လျှော်ရတယ် အိမ်ငှားဘက်က ဥပဒေက ၉၀%ရပ်တည် ထားပါတယ် စိတ်မပူပါနဲ့  ပုံမှန်က အိမ်တွင်းက ပစည်းတွေကို ငှားပြီးတာနဲ့  နောက်ထပ် အသစ်အသစ်တွေ ပေးလေ့မရှိတော့ဘူး။ အိမ်တွင်းမှာ လျှပ်စစ်ပစည်းတွေ ပျက်ရင် အစားထိုးပေးမလား မေးကြည့်အုန်းနော် ကုလားထိုင်ပျက်တာတို့ ဘာတို့ ပါ ကြိုမေးထား။ တခါ က အသိတယောက်ပြောတာပါ အိမ်သာ အိုးအထိုင်ပျက်သွားလို့ အိမ်ရှင်က ပေါင်၃ထောင် အလျှော်တောင်းတယ် လို့ ကြားဖူးတယ်။
အိမ်ပြောင်းဆားဗစ် လိုချင် ရင်ပြောနော် သိထားတဲ့ ဖုံးနံပါတ်တွေ ပေးပေးမယ် saundoo@gmail.com