Tuesday 24 November 2009

မန်နေဂျာ ပါဝါ

ရုံးက ကွန်ပြူတာကို သုံးလာတာ အလုပ် စ၀င် ကတည်းက ဆိုတော့ ၅နှစ် ကျော်ပါပြီ။ ကိုယ့် အရှေ့ကလူ သုံးခဲ့တဲ့ စက်ကိုပဲ ဆက် သုံးတာပါ။ ဘယ်တုန်း ကမှ ဘာ ဒုက္ခမှ မရှိ ခဲ့ဘူး။ ကိုယ်ကလည်း သတိ ရှိရှိနဲ့ စက်ထဲကို ပေါက်ကရ မထည့်ဘူး။ မှန်မှန်လည်း backup လုပ်တယ်။ ဒီလိုနဲ့ ယုယု ယယ သုံးလာတာ လွန်ခဲ့တဲ့ ၃ပတ် လောက်ကတော့ outlook သုံးရင် စက်က ကြောင်ပြီး ဘာမှ မတက် တော့ဘူး။ ဒါနဲ့ အိုင်တီ မန်နေဂျာကြီးကို အပ်လိုက်တယ်။ မနက်ကနေ ညနေထိ စာမလာ သတင်း မကြားလို့ လိုက်မေးကြည့်တော့ ကိုယ့် ကွန်ပြူတာ က သုံး မရ တော့ပါဘူးတဲ့။ ဘာလို့လည်း ဆိုတာလည်း အဖြေ မရှိ ပါတဲ့။ မှတ်ကရော။ အဲ့သလို ဖြစ်မှာစိုးလို့ ကိုယ် အလုပ် စလုပ် ကတည်းက ကိုယ့်စက်ကို ဘယ် ဆရာနဲ့မှ မပြဘူး။ သူ့ဆီ မအပ်ခင် ပြဿနာက outlook တခု ထဲရယ်။ IP address တွေ ဘာတွေ ထည့်ရတာ ဆိုတော့ သူ့ အလုပ်မို့လို့ လွှဲအပ် လိုက်တာ တကယ့်ကို လွဲသွား တာပါပဲလား။

မန်နေဂျာကြီးက ကိုယ့်စက်ကို သိမ်းပိုက် ထားလိုက်ပြီး အရံ စက်တလုံး လာပေးထားတယ်။ ကိုယ့် data တွေတော့ မပါဘူးပေါ့။ ကိုယ့်တို့ရဲ့ ဆရာမကြီးကတော့ အရမ်း စိတ်ပူပြီး ဒီလောက် အရေးကြီးတဲ့ ကွန်ပြူတာပျက်သွားတာ ဘယ်လို လုပ်ကြမလဲ တဲ့။ သူ့ အလှည့် ရောက်ပြီဟေ့ ဆိုတဲ့ လေသံနဲ့ အိုင်တီ မန်နေဂျာကြီး ကလည်း ဒီ ကွန်ပြူတာဟာ လဲဖို့ သင့်နေတာ ကြာပြီပေါ့ လဲချိန် တန်ချိန်မှာ မလဲတာကြောင့် အခုလို ဖြစ်ရတာ လို့ ထပ်ဆောင်း ပြောပေးတယ် (ဘယ်အချိန်ထဲက ပြောချင်နေသလဲတော့ မသိဘူး)။ ကိုယ့် data တွေ မရှိတဲ့ စက်ကို သုံးရတာ ကိုယ်လက် အင်္ဂါ မစုံ သလို ပါပဲ။ မန်နေဂျာကြီး သိမ်းဆည်း လိုက်တဲ့ အတွက် သူ့ဆီမှာတော့ ကိုယ့် data တွေ ရှိနေတယ်၊ လိုချင်ရင် သူ့ဆီ တောင်းရတယ်။ ကိုယ့် အရံ စက်ထဲကို အခု data တွေ ထည့်လိုက်ရင် နောက် စက် အသစ် ရောက်လာရင် ပြောင်းထည့်ရမှာ ရှူပ်လို့ ဆိုတဲ့ အကြောင်း ပြချက် နဲ့ပေါ့။ အခု သုံးနေတဲ့ စက်ကိုပဲ ပေးပါ ဆိုတော့လည်း မရဘူးတဲ့။

ကိုယ်က ငိုမဲ့မဲ့ လုပ်လေ သူက ပိုဆိုးလေပဲ။ စက်က ပိုးထိတာ လို့ လည်း ပြောတော့ ဘာကြောင့် ကိုယ့်စက်မှာ anti-virus အသစ် မရှိသလဲလို့ မေးတော့ သူ့ဘက် လှည့်တယ် ထင်ပြီး ခုခံ ပြောဆိုတာ နာရီဝက်လောက် ကြာသွားတယ်။ နောက် တခါ ဒါမျိုး မဖြစ်အောင် ဘယ်လို ကာကွယ် ရမလဲ လို့ မေးတဲ့ အခါ ကျတော့ အက်ဖ်ဘီအိုင်တို့ စီအိုင်အေ တို့တောင် ကာကွယ်လို့ မရဘူးဆိုပဲ။ ကိုယ်လည်း စိတ် ပေါက်ပေါက်နဲ့ ရှင် က ကိစ္စသေးသေး မှန်သမျှကို ကြီးကြီး မားမား ဖြစ်အောင် လုပ်တဲ့ နေရာမှ ပါရဂူပဲလို့ ပြောချ လိုက်တယ်။ တခါမှ မပြောဖူး ပေမယ့် မခံ နိုင်လို့ ပြောလိုက်တာ။ ကိုယ် အလုပ် မဖြစ်လေ သူ ပါဝါ တက်လေ ဖြစ်နေ တာကိုး။ သူ လုပ်ပေးမှ ရမယ့် သဘော။

ကိုယ်တို့ ရုံးမှာ လူ အယောက် ၂၀လောက် ရှိပါတယ်။ သူတလူ ငါတမင်း ပါဝါတွေ ပြကြလွန်းလို့ ဘယ်သူက ဆရာ ဘယ်သူက တပည့်လဲ ဆိုတာ မသိနိုင် လောက်အောင် ပါပဲ။ ကိုယ့်အလှည့် ရောက်တာနဲ့ ရသလောက် တန်ခိုးတွေ ထုတ်ပြ ကြတာပဲ။ အရွယ်စုံ ဆိုဒ်စုံ ပါဝါစုံ အလုပ် စ၀င် ကတည်းက လှိမ့်နေအောင် ခံရဖူးတယ်။ လုပ်သက် ကြာလာတော့ လူတွေရဲ့ စိတ် အရောင်စုံ တွေကိုလည်း ပိုသိလာတယ်။ တချို့က ဘယ်သူ့ကို မဆို တန်းတူ ဆက်ဆံ တတ်သလို တချို့ကတော့ အထက်ဖား အောက်ဖိ ဆိုတဲ့ အထဲ ပါပါတယ်။ ၀င်စ ကတော့ အရမ်း စိတ်ညစ်တယ်။ ကိုယ့် ကိုယ်ကို မခုခံ တတ်ဘူး။ အိမ်ပြန်လာပြီး စိတ်ညစ်ရတာ အမြဲပဲ။ ကြာလာတော့ ဗိုလ်ကျ တဲ့သူ ဘယ်သူဆိုတာ သိပြီး ခပ် ရှောင်ရှောင်ပဲ နေလိုက်တယ်။ အမှန်ကတော့ မဟုတ် မခံ ဗိုလ်ကျ တဲ့သူကို ပြန်ချဲ သင့်တာ။ ပြန် မပြောရဲတဲ့ အတွက် အဲ့ဒါ ကိုယ့်ရဲ့ အားနည်းချက်လို့ အလုပ်ထဲမှာ အမြဲ ဝေဖန် ခံရတယ်။ ပြန် မပြော ရဲတာက အရိုးစွဲနေပြီး အလွယ်တကူနဲ့ ဖျောက်ပစ်ဖို့ ခက်သား။ ကိုယ်မှန်ရင် ပြန် ပြော ရဲဖို့ ဖြေးဖြေးချင်းတော့ ကြိုးစား နေပါတယ်။

မန်နေဂျာကြီး ပါဝါပြချင်နေတာကိုတော့ သိပါတယ်။ ကံကောင်း တာက (သူ မသိရှာ တာက) ကိုယ်လုပ်ရမယ့် အလုပ် တော်တော် များများက အင်တာနက် ကတဆင့် သွားတာ ဆိုတော့ အိနြေ္ဒ မပျက် အလုပ် လုပ်လို့ ရနေတယ်။ ဒီတော့ ကိုယ်လည်း စက်ကြီး တခုလုံး ပျက်သွားလို့ ပြန် မရတော့လည်း ဘာဖြစ်လဲ ဆိုတဲ့ ပုံစံနဲ့ပဲ နေလိုက်တယ်။ တကယ်လည်း သံဝေဂ ရပါတယ်။ ပစ္စည်း သင်္ခါရ လူ သင်္ခါရ ပဲလေ။ ဒီနေ့လည်း ကိုယ် အလုပ် မသွားဘူး။ သတင်း ကြားတာကတော့ ကွန်ပြူတာကို dell က မှာတာ မရလို့ တခြား နေရာ က မှာရမယ်တဲ့။ ကွန်ပြူတာ တလုံး ၀ယ်ဖို့ ဒီလောက် ခက်ခဲ နေတာ အခုမှပဲ ကြားဖူးတယ်။ ခရစ်စမတ် ရုံးပိတ်ရက် မတိုင်ခင် ရောက်လာ မလားလို့ စောင့်ကြည့် ရဦးမယ်။

5 comments:

PAUK said...

အထက်ဖား အောက်ဖိဆိုတဲ့ စကားလေး သိပ်သဘောကျတာပဲ ။။
တကယ်လည်း ကြုံနေရလို့ပါ။။
ကိုယ့်မှာတော့ မျက်လုံးကိုပြူးလို့..။။
လုပ်တတ်တဲ့သူများကျတော့ ပြုံးပြုံး ပြုံးပြုံးနဲ့
လုပ်သွားလိုက်တာ အဆင်ကိုချောလို့..။။

Moe Cho Thinn said...

အမြဲ ကြုံရတတ်တဲ့ လူတွေရဲ့ သဘောပါပဲ ညီမရေ.. အမတော့ အဲဒီလိုလူမျိုးတွေနဲ့ တွေ့ရင် ဘာဖြစ်လို့ မလုပ်ပေးနိုင်တာလဲ၊ ဘာကြောင့်လဲ ဆိုတာမျိုးကို ယဉ်ယဉ်ကျေးကျေး အမြဲမေးပြီး သူ့ပြသနာကို စူးစမ်း မိတယ်။ ဒါမှ သူ ညစ်နေတယ်ဆိုရင်လဲ သူ့ဖာသာသူ သိသွားပြီး အဓိပ္ပါယ် မရှိတာ နားလည်သွားမယ်။ ကိုယ့်အလှည့်ဆိုလဲ အမြဲပဲ ချက်ချင်း ကူတယ် ဆိုရင် သူတို့ဖက်က ပြောင်းလဲလာနိုင်ပါတယ်။ အမ လက်တွေ့ပါပဲ။ တချို့ကျတော့ အဲဒီလိုပဲ ညီမရေ.. နည်းနည်းညစ်လိုက်ရမှ နေသာထိုင်သာ ရှိတာမျိုး..။

ဒါနဲ့ အိမ်အသစ်လေးမှာ ပျော်နေပြီပေါ့..

PAUK said...

ဟမ်..မချိုသင်းအရှေ့ကနေ ပိတ်နေမိပြီတော့..
ဟီးးဟီ..

မမသီရိ said...

အလုပ်ထဲကအကြောင်းလေးတွေ
ဖြစ်တတ်ပါတယ် လေ ညီမရေ

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတယ် မို့လား

ကွန်ပျူတာ အကောင်းဆုံးလေးရပါစေ ကွယ်

ShwunMi- said...

ရုံးကcomputer တွေ maintain, update လုပ်ဖို့က အိုင်တီမန်နေဂျာအလုပ် မဟုတ်ဘူးလားဟင်..

backup တွေကို အင်တာနက်ပေါ် သိမ်းထားတာ ဆိုရင်တော့ သိပ်စိတ်ပူစရာ မရှိဘူးပေါ့ မမီယာ..
လိုမယ်ထင်ရင် portable hard-disk လေး ဆောင်ထားလေ..