Monday 23 November 2009

နေရာ အသစ်

အိမ် ပြောင်းတာနဲ့ ပတ်သက်ပြီး ၀ိုင်း အကြံဉာဏ် ပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို ကျေးဇူး တင်တဲ့ အကြောင်း ပြောချင် ပါတယ်။ ကိုယ်တို့ကို ဘေးနားမှာ လာ ၀ိုင်းကူ ပြောပေး နေသလိုပဲ။ အိမ်က တယောက်ကို ကော်မန့်နဲ့ စီဗုံးမှာ ဖတ်ရ တာတွေကို ပြောပြ မိတယ်။ ပျောက်နေတဲ့ ဇနိမောင်နှံ ကတောင် အိမ် ပြောင်းတာ အဆင်ပြေ ပါစေလို့ အီးမေးထဲ ပြောလာတော့ အားလုံး သတိတရ ရှိကြတာ တကယ်ပဲ ကျေးဇူး တင်တယ်။ မိသားစု မောင်နှမတွေ လိုပဲ အားပေး ကြတာ အားရှိ စရာပါ။ အိမ် ပြောင်းတဲ့ နေ့မှာ ရာသီဥတုက သိပ်မဆိုးလို့ အားလုံး အေးအေး ဆေးဆေးပဲ ပြီးသွားတယ်။

နှစ်ယောက်သား ပိုင်ဆိုင်တဲ့ စာအုပ်တွေနဲ့ အ၀တ်အစားတွေကို သိမ်းဆည်းပြီး ကြည့်လိုက်တော့ သယ်စရာတွေ များသား။ ပရိဘောဂ ဘာမှ မပိုင်ဆိုင် လို့သာ တော်တော့တယ်။ မီးဖိုချောင်မှာ ရှိတဲ့ အိုးခွက် ပန်းကန်တွေလည်း မရှိဘူး ဆိုပေမယ့် စက္ကူဗုံး တဗုံးတော့ ရှိတယ်။ ပန်းကန် ခွက်ယောက်ကို ၂ခုစီပဲ ၀ယ်နေကျမို့ အစုံလိုက်ရှိတာပဲ ထည့်သိမ်း တော့တယ်။ ပစ္စည်းတွေ ထုပ်သိမ်း ပြီးတာနဲ့ သန့်ရှင်းရေး အကျအန လုပ်ရတယ်။ ကိုယ် ပြောင်းသွားပြီး သန့်သန့် ရှင်းရှင်း ချန်ထား ခဲ့ချင်တာလေ။ ရေချိုးခန်း အိမ်သာကို ပြောင်လက် နေအောင် ယောကျာ်းက တိုက်ချွတ် ဆေးကြောပြီး မီးဖိုချောင် ကိုတော့ လင်မယား နှစ်ယောက် တူတူ သန့်ရှင်းရေး လုပ်ကြတယ်။ မြန်မာ အစားအစာတွေ ချက်ပြုတ် ကြော်လှော် စားတဲ့ အကျိုးကတော့ ၂နာရီလောက် တိုက်ချွတ် လိုက်ရတာပေါ့။

အိမ်ရှင်ကို နှုတ်ဆက် စကားပြောတော့ အခန်းကို သပ်သပ် ရပ်ရပ် ထားခဲ့ပေးတဲ့ အတွက် ကိုယ်တို့ကို ချီးမွမ်း စကား ပြောပါတယ်။ ဗြိတိသျှ တွေနဲ့ မတူဘူးဆိုပဲ။ ၈နှစ် သူတို့ နဲ့ နေခဲ့တာ ဆိုတော့ ကိုယ်တို့ အကြာဆုံးပဲ ထင်ပါတယ်။ အိမ်ရှင် အဟောင်းကို လိပ်စာ အသစ် ပေးပြီး နှစ်ယောက်သား နေရာ အသစ်ကို ပြောင်းခဲ့ ကြတယ်။ အိမ်သစ် ရောက်တော့ သန့်ရှင်းရေး နဲ့ စ ရ ပြန်ရော။ ကိုယ်တို့ မပြောင်းခင်မှ အိမ်ရှင်က ရေချိုးခန်းနဲ့ မီးဖိုချောင်ကို အသစ်ထည့်တော့ ဆောက်လုပ်ရေး သမားတွေရဲ့ လက်ချက်နဲ့ တအိမ်လုံး ဖုန်ထူပြီး ပစ္စည်း တွေဆိုလည်း မဲသဲ နေတော့တာပဲ။ အိမ်ရှင်က ကုတင် မပေးတော့ ကုတင် ၀ယ်ရတယ်။ ကုတင် အမျိုး ကလည်း စုံသလား မမေးနဲ့။ တခါမှ မ၀ယ်ဖူးတဲ့ ပစ္စည်းမို့ ထုံးစံ အတိုင်း သူများ တွေကို မေးပြီး သင့်မယ် ထင်တာ ၀ယ်လိုက်တာ ဘာမှကို ထပ် မ၀ယ်နိုင် တော့ဘူး။ ပိုင်ဆိုင်မှု တစ်ခု တိုး လာတာပေါ့လေ။

ပါလာတဲ့ ပစ္စည်းတွေ နေရာ ချလိုက်တော့ အိမ် သေးသေး လေးလည်း တခါတည်း ပြည့်သွားတယ်။ ဒါပေမယ့် ကိုယ် နှစ်ယောက်တည်း နေတာ ဆိုတဲ့ အသိစိတ် တခု ထဲနဲ့ပဲ အတော်လေး စိတ် လွတ်လပ် ပါတယ်။ ခြေဆန့် လက်ဆန့် လုပ်လို့ရတဲ့ ဧည့်ခန်းလေး တခုလည်း ပါတော့ အိမ်နဲ့ ပိုတူ သွားတာပေါ့။ အိမ်နဲ့ အမြဲ နေနေရတဲ့ သူတွေ အဖို့ ဘာမှ မထူးဆန်း ပေမယ့် ကိုယ်တို့ အတွက်တော့ ကိုယ် မပိုင်တဲ့ အိမ်ကလေးမှာ သီးသန့် နေရတာ တကယ်ပဲ ကံကောင်းတယ် လို့ ယူဆ ပါတယ်။ အိမ်သစ်တက်ပွဲတော့ မလုပ်ရသေးဘူး။ စပါယ်ရှယ် တခုခု ချက်ပြီး အားလုံးကို ထပ်ဖိတ်ပါ့မယ်။

11 comments:

MANORHARY said...

အိမ်ပြောင်းတာ အဆင်ပြေတယ်ဆိုလို့
ဝမ်းသာလိုက်တာ.. နေရာသစ်လေးမှာ
အသားတကျပျော်ပါစေ ...
တစ်နေရာကတစ်နေရာအပြောင်းမှာကြုံရတာကတော့
သန့်ရှင်းရေးနဲ့ ပစ္စည်းနေရာချထားရေးပဲ ...
တစ်ပတ်လောက်ကတော့ ရှုပ်နေဦးမှာပဲ ..
တစ်ခုခုချက်ပြီးရင် ထပ်လာခဲ့မယ်နော် ကူချက်ရဥိးမလားး))

Anonymous said...

:)အိမ်ပြောင်းတုန်းက ရန်ဖြစ်သေးလား။
mm

nu-san said...

မမီယာ ချစ်ချစ်က တော်လိုက်တာ.. အိမ်သန့်ရှင်းရေးကူလုပ်ပေးတယ်တော့.. :) အမရေ.. အဆင်ပြေပြေနဲ့ အိမ်ပြောင်းလို့ ပြီးသွားတာမို့ ၀မ်းသာတယ်.. အိမ်အဟောင်းမှာရော အိမ်အသစ်မှာရော သန့်ရှင်းရေး လုပ်ရတယ်ဆိုတော့ ၂ ယောက်စလုံး အတော်ပင်ပန်းသွားကြမှာပဲ.. ကိုယ်ချင်းစာတယ်.. အိမ်သစ်တက်ပွဲကျရင်လည်း ဖိတ်ဖို့ မမေ့နဲ့နော်.. :D

PAUK said...

အိမ်ပြောင်းတဲ့နေ့အတိအကျမသိလိုက်ဘူး..မမီယာ..
သိရင် ဒန်ပေါက်ချက်ပြီး ဘူးနဲ့ လာပို့အုန်းမှာ...

Rita said...

ပျော်စရာကောင်းမှာပဲနော် မမီယာ
=)

Vista said...

တူလိုက်ထှာ အနော်လည်းအိမ်ပြောင်းပြီးပြီ နေရာမကျသေးဘူး ၁ပတ်လောက်တော့ပွနေအုံးမယ်
တော်သေးတာကအိမ်ရှင်က
ရှင်းပေးသွားလို့ အသင့်လေးပဲ ..

သက်ဝေ said...

ညီမ မီယာတို့ နှစ်ယောက်...
အိမ်အသစ်မှာ ပျော်ပါစေ...
အိမ်သစ်တက်ပွဲ မုန့်ကျွေးရင် အိမ်ကလေးကိုလဲ ဓါတ်ပုံရိုက်ပြဖို့ မမေ့နဲ့အုံးနော်...း)

JuneOne said...

မုန့်မြန်မြန် ကျွေးတော့။နှစ်ယောက်ထဲ ရန်မဖြစ်နဲ့အုံးနော်။ဟိ ဆရာလုပ်သွားတယ်။

ခင်မင်းဇော် said...

အိမ်အသစ်လေးကို ဓါတ်ပုံရိုက်တင်ပေးပါဦးလားးးး

Moe Cho Thinn said...

မောင်တထမ်း မယ်တရွက် မို့ ပျော်စရာကြီး..
အဆင်ပြေတယ် ပျော်ရွှင်တယ် တဲ့။ ဒါ အလိုအပ်ဆုံးပဲ မီယာ..။

rose of sharon said...

အိမ်သစ်လေးနဲ့ အဆင်ပြေတာ ဝမ်းသာပါတယ်.... တကယ်တော့ အိမ်ရှင်နဲ့တွဲနေရတာထက် ကိုယ့်ဟာကို နေရတာ အကောင်းဆုံးပါဘဲနော်... ဒို့အမြင်ကိုပြောတာပါ