မှတ်တိုင်မှာ ကား စောင့်နေတုန်း ကျောင်းသား တယောက်က ၃ မိနစ်လောက် အချိန် ပေးနိုင် မလားလို့ မေးလာတယ်။ ဘတ်စ်ကား အလာ လမ်းကို ငေးရင်း ဘာလုပ် မလို့လဲလို့ မေးတော့ fairtrade အကြောင်း ဘယ်လောက်များ သိလဲလို့ မေးချင်လို့ပါ တဲ့။ စစ်တမ်း ကောက်ပြီး စာတမ်း ပြုစု နေတာပါလို့ ပြောလာတယ်။
- fairtrade ကို ဘယ်လို နားလည် ပါသလဲ
- အ၀တ်အစား သို့မဟုတ် စားသောက်ကုန် ၀ယ်တဲ့ အခါ (က) တန်ဖိုး (ခ) ထုပ်ပိုး ပြင်ဆင်မှု (ဂ) fairtrade ကုန်ပစ္စည်း ဘာကို ဦးစားပေး စဉ်းစားသလဲ
- fairtrade ကုန်ပစ္စည်းတွေ ထဲက မှတ်မိသလောက် ပြောပါ
- fairtrade ကုန်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေ သိသလောက် ပြောပါ
- Cadbury ချောကလက်ကို fairtrade တံဆိပ်ကပ်ရင် ၀ယ်စားမှာလား
သူ့ မေးခွန်းတွေက ဒါပါပဲ။ ကျေးဇူးတင် စကားပြောပြီး အနားက နောက် တယောက်ကို ထပ် မေးနေပြန်ရော။
fairtrade တံဆိပ်ကို စမြင်ဖူးတာ ကတော့ ဘုရားကျောင်းက သတင်းလွှာမှာပါ။ အသင်းသားတွေကို ဧည့်ခံတဲ့ ကော်ဖီနဲ့ လက်ဖက်ခြောက်တွေက fairtrade တွေပါလို့ အသိပေး ကြော်ငြာ ထားတယ်။ နောက် စူပါမားကက်တွေ ရောက်တော့ သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်တွေပါ fairtrade တံဆိပ် ကပ်ထားတာ ထပ်တွေ့တယ်။ ရောက်စကတော့ ဘာ တံဆိပ်မှ မကြည့်နိုင်ပါဘူး။ ဈေး အသက်သာဆုံး ပစ္စည်းကို ရွေး ၀ယ်လိုက်တာပါပဲ။ ကိုယ် ၀ယ်လိုက်တဲ့ ပစ္စည်း ကိုယ့်လက်ထဲ မရောက်ခင် အဆင့်ဆင့် ဘယ်လို ထုတ်လုပ် ထားလဲလို့ မတွေးကြည့်မိဘူး။ ဈေးဝယ်ကြရင် ကိုယ်လိုချင်တဲ့ ပစ္စည်း ဖြစ်နေတာရယ်၊ နံမည်ကြီး လူသိများတဲ့ တံဆိပ် ဖြစ်တာရယ်၊ ဈေးချိုဖို့ရယ်၊ ထုပ်ပိုး ထားတာလေးက ဆွဲဆောင်မှု ရှိနေတာရယ် စတာတွေက ခေါင်းထဲ အရင် ရောက်လာတာပါ။ အလွယ်တကူ ၀ယ်စားဖြစ်တဲ့ ငှက်ပျောသီးဆို ဘယ်က လာတာလဲတောင် မကြည့် ဖြစ်ပါဘူး။ ၀ယ်နေကျ ဈေးထက် နဲနဲ များနေတော့မှပဲ ဟိုရှာ ဒီရှာနဲ့ ဈေးနှုန်း တံဆိပ်ကို ကြည့်ဖြစ်တယ်။ အသုံး အဆောင်နဲ့ အလှပြင် ပစ္စည်းတွေ ၀ယ်လဲ ဒီအတိုင်းပဲ။ ဒီ ပစ္စည်း ဘယ်က လာသလဲ၊ ဘာကြောင့် သက်သာလဲ အရင် မတွေးဘဲ လောဘစိတ်နဲ့ ၀ယ်ပစ်လိုက်တာ များတယ်။
သစ်သီး ၀လံ အမျိုးစုံကို တနှစ်လုံးနီးပါး အချိန်မရွေး ၀ယ်လို့ ရနေတဲ့ နေရာမှာ ရာသီစာရယ်လို့လည်း မက်မက် မောမော ၀ယ်မစားဖြစ် သလောက်ပဲ။ ငယ်ငယ်ကဆို ဆောင်းရာသီမှာ လိမ္မော်သီး၊ နွေရာသီမှာ ဒူးရင်းသီး၊ သရက်သီး မျှော်ပြီး စားရတာ။ ပူနွေးတဲ့ ရာသီဥတုမှာ စိုက်ရတဲ့ အသီး အနှံတွေကို ၀ယ်လို့ရတာ တကယ်တော့ ကျေးဇူး တင်စရာ ကောင်းလှပါတယ်။ ကမ္ဘာ တဖက်ခြမ်း ကနေ မပုပ်မသိုးအောင် သယ်ယူ လာရတာလည်း လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီကြားထဲ ရာသီဥတု ဖေါက်ပြန်တာနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံရတာ ရှိသေးဦးမယ်။ စီးပွားရေး အတက် အကျတွေ ရှိဦးမယ်။ ခြံပိုင်ရှင်တွေ လယ်ပိုင်ရှင်တွေနဲ့ စိုက်ပျိုးတဲ့ လုပ်သားတွေ အကြောင်း ရှည်ရှည်ဝေးဝေး စဉ်းစားမိတဲ့ အခါ ပေါပေါ လိုက်ချင်တဲ့ ကိုယ့်ရဲ့ စိတ်ကို ဆင်ခြင်မိပြန်တယ်။
အ၀တ်အစားနဲ့ တခြား ပစ္စည်းတွေ ၀ယ်ရင်လည်း လောဘစိတ်နဲ့ ဈေးနှုန်း သက်သာရင် ၀ယ်လိုက်တာပဲ။ ဥပမာ ပြောရရင် ဘော်ကြယ်ထိုးထားတဲ့ အင်္ကျီ ဆိုပါစို့။ ဘော်ကြယ်တွေ ပုတီးစေ့တွေကို စက်နဲ့ထိုးတာလား လက်နဲ့လား၊ ဘယ်တိုင်းပြည်မှာ လုပ်တာလဲ၊ အလုပ်သမားတွေ ဘယ်လို လုပ်ငန်းခွင်မှာ လုပ်ရတာလဲ ၊ လုပ်အားခ အပြည့်အ၀ ရပြီး လုပ်တာလား၊ ကလေးတွေကို မတရား သဖြင့် ခိုင်းပြီး လုပ်ခိုင်းတာလား စသဖြင့် တွေးကြည့်လိုက်ရင် လက်လက်တောက်နေတဲ့ ဘော်ကြယ် အင်္ကျီကို ၀တ်ရမှာ နဲနဲ တွန့်ဆုတ် သွားတယ်။ ဒါပေမယ့် ကိုယ်တို့ ၀ယ်လို့ သူတို့ ရောင်းနေရတာ၊ ရောင်းနေရလို့လည်း ထုတ်နေရတာ၊ ဒါကြောင့်လည်း လူတွေ အလုပ်ရှိနေတာ လို့ စောဒက တက်ချင်ပြန်သေးတယ်။ အိန္ဒိယနိုင်ငံမှာ ၇နှစ် ၈နှစ် ကလေးတွေ မိုးလင်းက မိုးချုပ် ဘော်ကြယ်တွေ ထိုးနေတာ ရုပ်မြင်သံကြား အစီအစဉ် တခုမှာ မြင်လိုက်ရတော့မှ ကိုယ့်ပါးစပ်ကို အမြန်လေး ပိတ်ပစ်လိုက်မိတော့တယ်။
ကိုယ့်လုပ်အားခကို မျှမျှတတ လိုချင်လားလို့ မေးရင် တန်ရာ တန်ကြေးတော့ လိုချင်ပါတယ်လို့ ဖြေမှာပဲ။ ငှက်ပျောသီး အကြောင်းပဲ ပြန် စဉ်းစားကြည့်ရင် ရောင်းတဲ့ စူပါမားကက်ကလည်း စီးပွားဖြစ် အမြတ်ရအောင် အရင်းကို တတ်နိုင် သလောက် နည်းအောင် လုပ်ရမှာပဲ။ ကြား ပွဲစားရှိခဲ့ရင် သူကလည်း သူ့အတွက် ကျန်အောင် စရိတ်စက မှန်သမျှ နည်းသထက် နည်းအောင် ကြံရမှာပဲ။ ခြံပိုင်ရှင်တွေကလည်း ခြံစရိတ် ကာမိအောင် လျှော့နိုင်သလောက် ကုန်ကျ စရိတ်တွေကို ကြိုးစား လျှော့မှာပဲ။ အားလုံးရဲ့ အောက်ဆုံးက အလုပ်သမား တွေကျတော့ ထပ်ဆင့် လျှော့ခိုင်းဖို့ သူတို့ အောက်မှာ ဘယ်သူမှ မရှိတော့ဘူး။ စိုက်ထုတ်ထားရတဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ ချွေးနဲ့ သွေး ကလွဲလို့ စာရင်း ပြစရာ စရိတ်စက လည်း မရှိလေတော့ သူတို့ရဲ့ လုပ်အားခကိုပဲ အလျှော့ ခံလိုက်ရတယ်။ ကိုယ်တို့ ၀ယ်တဲ့ ပစ္စည်းတွေ ဈေး အရမ်း ပေါနေရတဲ့ အကြောင်းတွေထဲက တခု ဖြစ်မှာပေါ့။
ကိုယ်လည်း မျှတတဲ့ လုပ်အားခ လိုချင်တဲ့ အခါကျတော့ သူများတွေကိုလည်း ကိုယ်ချင်းစာနိုင်ပါတယ်။ လုပ်အားခ မျှမျှတတ ရတဲ့ အတွက် ကုန်ထုတ် အလုပ်သမားတွေ အတွက် အကျိုးပို ရှိသလို တန်ရာ တန်ကြေး ပေးဝယ်တဲ့ အတွက် ကုန်ပစ္စည်းတွေကိုလည်း အဆင့်မီမီ အန္တရာယ် ကင်းကင်း ထုတ်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဥပမာ ပတ်ဝန်းကျင်နဲ့ တိရိစ္ဆာန်တွေကို ထိခိုက်စေမယ့် ပိုးသတ်ဆေးတွေ သုံးတာမျိုးပေါ့။ နေ့တဓူဝ သွားလာ လှုပ်ရှား နေရင်း တနိုင် လုပ်ကြည့်မယ်လို့ စဉ်းစားမိတယ်။