Monday, 8 February 2010

ကိုယ့်အကြိုက်

ပေါက်က သတိတရ တက်ဂ်လို့ အမှတ်တရ ရေးပါတယ်။ ခုတလော စိတ်ရှုပ် အလုပ် ရှုပ်လို့ ဘာမှ မရေး ချင် ဖြစ်နေတာ ပေါက်ရေ။ မြန်မာလို ၀တ်ရတာ နှစ်ခြိုက် ပေမယ့် ပေါက်လို ချိတ် ထမီတွေ အများကြီး မရှိဘူး။ ငါးတန်းမှာ တီတီစီကို ပြောင်းတော့ လုံချည် ၀တ်ရတယ်။ အဲ့ဒီမှာ လုံချည် စ ၀တ်ဖူးတာပဲ။ ကိုယ်တိုင်တော့ စုံအောင် မ၀တ်ဖူး ပေမယ့် မှတ်မိ တာလေးတွေ ချ ရေးလိုက် ချင်သေးတယ်။ အဖြူ အစိမ်း ဆိုပေမယ့် မိန်းကလေးတွေ ဆရာမတွေက အင်္ကျီ အဖြူကို ရင်စေ့ တမျိုး ရင်ပုံး တဖုံ ပုံစံ အမျိုးမျိုး ချုပ်ဝတ် ကြတာကိုး။ ကြယ်သီး ကိုလည်း နှိပ်စေ့ ထုပ်သီး အလှလေး တွေနဲ့ တန်ဆာ ဆင်သေးတယ်။ တရုပ်ကားတွေ ထဲက အတိုင်း လက်နဲ့ ပန်းပုံ ဖော်ထားတဲ့ ကြယ်သီး တွေလည်း ခေတ်စားတာ မှတ်မိတယ်။ ပိတ်စ ကလည်း ရိုးရိုး တက်ထရွန် အဖြူ အပြင် အရိပ်ပန်း လို့ခေါ်တဲ့ ခပ်ပါးပါး  ပိတ်စပေါ်မှာ ပန်းဒီဇိုင်း မျိုးစုံ ပါတဲ့ အစ၊ ရှောရှော ရှောရှောနဲ့ ၀တ်ရခက်တဲ့ တွီစနဲ့ ရေခဲရှန်၊ ရှမွိုင်း၊ ... အစုံပဲ။ လုံချည် အစိမ်းကလည်း အစိမ်း ပေါင်းစုံ။ တချို့က ပြောင်အစိမ်း မ၀တ်ဘဲ ဒီဇိုင်းလေးတွေ မသိမသာပါတဲ့ ထိုင်း ပိုးလုံချည်လိုမျိုး ၀တ်တယ်။ အဖုလေးတွေ ပါတဲ့ ဘီဘဲလ်၊ အသား အိအိလေး  ဖြစ်တဲ့ စိန်မိုက်ကယ် အစတွေလည်း ၀တ်ကြတယ်။

ပထမနှစ် တက္ကသိုလ် တက်တော့ ယောလုံချည် ၀မ်းဆက်တွေ ခေတ်စားတယ်။ ဆံပင် ရှည်ရှည် မိန်းကလေး ချောချော လှလှလေးတွေ မြန်မာ ဆန်ဆန် ၀တ်ထားတာတွေ့ရင် သဘောကျလို့ ငေးရတယ်။  အဲ့သလို မိန်ကလေးတွေ တွေ့ရင် ယွန်းမှီမှီလို့ ကိုယ်တို့ သူငယ်ချင်းတွေ အချင်းချင်း မျက်စ ပစ်ကြတယ်။  စိုးမြတ်သူဇာတို့ လုံချည်တိုတို ၀တ်တဲ့ ခေတ်မှာ ကိုယ်တို့ သူငယ်ချင်း တအုပ်လည်း ခြေသလုံးပေါ် လုံချည်ကို ၀တ်ကြတော့ ကောက်စိုက် ထွက်ကြ မလို့လားလို့ ဆရာမတွေက ငေါ့တာ ခံရသေးတယ်။ အဲ့ဒီ ခေတ်က ယောကျာ်းလေး တွေလည်း တိုတို ၀တ်ကြတယ် ထင်တာပဲ။ ကျော်သူတို့ စိုးသူတို့ ပုဆိုး တိုတိုနဲ့ လွယ်အိတ် ကြိုးထုံးတဲ့ ခေတ်ပေါ့။ အမေတို့ ပြောတာကတော့ ကျော်ဟိန်းတုန်းက ပုဆိုးကို မြေကြီး ဒရွတ် တိုက်အောင် ၀တ်တာတဲ့။ ရှည်လိုက်ကြ တိုလိုက်ကြနဲ့ ဖက်ရှင်က တကျော့ ပြန်လည်တာ ဆိုလား။

ကျောင်းသူ အရွယ်မှာ အမေ ဆင်တာ ၀တ်ရပြီး အလုပ် လည်းရရော စိတ်တိုင်းကျ ကိုယ့်အကြိုက် အစလေးတွေ ၀ယ်ပြီး အပ်ချုပ်ဆိုင် အပ်တော့တာပဲ။ ရေခဲရှန် ပိတ်စ ဒီဇိုင်း ပြောင်းပြန် (အင်္ကျီက အဖြူပေါ် အနီပွင့်ဆို လုံချည်က အနီပေါ် အဖြူပွင့်) လေးတွေ ကြိုက်လို့ ၀ယ်ဝတ်တယ်။ ပုံမှန်ကတော့ အပွင့် နုတ်နုတ်လေးတွေဆို ၀မ်းဆက် ၀တ်ဖြစ်တာ များတယ်။ အင်္ကျီ ဒီဇိုင်း လှလှလေးတွေကို  အပ်ချုပ်သည် အကိုကြီးကပဲ စဉ်းစားပြီး ချုပ်ပေးတာ။ ချည်လုံချည် မြန်မာ အဆင်နဲ့ အင်းလေး လုံချည် တွေကိုတော့ အေးလို့ ကြိုက်တယ်။ အထက်ဆင် တပ်ပြီး ၀တ်လို့လည်း ရတယ်၊ ကျစ်ကျစ် လစ်လစ်လည်း ရှိလို့ ၀တ်လို့ ကောင်းတယ်။ လျှော်ပြီးရင် နဲနဲ ကျုံ့သွားတာရယ် အရောင် ကျသွားတာ ရယ်ကြောင့် သိပ်များများတော့ မ၀ယ်ဖြစ်ဘူး။ ကြိုးကြီးချိတ် ဆိုတာကိုတော့ မင်္ဂလာဆောင်မယ် ဆိုတော့မှပဲ ၀ယ်ဖြစ်တာပါ။ သတို့သားရဲ့ အမှတ်တရ လက်ဆောင် ဆိုလည်း ဟုတ်တယ်လေ။ ရန်ကုန် ပြန်တိုင်း ရသလောက် အင်္ကျီ လုံချည် တစုံ နှစ်စုံလောက်တော့ ချုပ်ဖြစ်တယ်။ အလုပ်ထဲက ပွဲတွေ ဘာတွေ တက်ရတဲ့ အခါ မြန်မာလို ၀တ်ရတာ ပိုနှစ်သက်တယ်။ ကိုယ့်အကြိုက် ၀တ်ချင်တာ ၀တ်ရအောင် ခန္ဓာကိုယ် ပုံ မပြောင်း သွားဖို့ ကြိုးပမ်း ရတာလည်း မလွယ် လှပါကြောင်း။

Wednesday, 20 January 2010

Fairtrade

မှတ်တိုင်မှာ ကား စောင့်နေတုန်း ကျောင်းသား တယောက်က ၃ မိနစ်လောက် အချိန် ပေးနိုင် မလားလို့ မေးလာတယ်။ ဘတ်စ်ကား အလာ လမ်းကို ငေးရင်း ဘာလုပ် မလို့လဲလို့ မေးတော့ fairtrade အကြောင်း ဘယ်လောက်များ သိလဲလို့ မေးချင်လို့ပါ တဲ့။ စစ်တမ်း ကောက်ပြီး စာတမ်း ပြုစု နေတာပါလို့ ပြောလာတယ်။

  • fairtrade ကို ဘယ်လို နားလည် ပါသလဲ
  • အ၀တ်အစား သို့မဟုတ် စားသောက်ကုန် ၀ယ်တဲ့ အခါ    (က) တန်ဖိုး   (ခ) ထုပ်ပိုး ပြင်ဆင်မှု    (ဂ) fairtrade ကုန်ပစ္စည်း  ဘာကို ဦးစားပေး စဉ်းစားသလဲ
  • fairtrade ကုန်ပစ္စည်းတွေ ထဲက မှတ်မိသလောက် ပြောပါ
  • fairtrade ကုန်ပစ္စည်း ရောင်းတဲ့ ဆိုင်တွေ သိသလောက် ပြောပါ
  • Cadbury ချောကလက်ကို fairtrade တံဆိပ်ကပ်ရင် ၀ယ်စားမှာလား

သူ့ မေးခွန်းတွေက ဒါပါပဲ။ ကျေးဇူးတင် စကားပြောပြီး အနားက နောက် တယောက်ကို ထပ် မေးနေပြန်ရော။


fairtrade တံဆိပ်ကို စမြင်ဖူးတာ ကတော့ ဘုရားကျောင်းက သတင်းလွှာမှာပါ။ အသင်းသားတွေကို ဧည့်ခံတဲ့ ကော်ဖီနဲ့ လက်ဖက်ခြောက်တွေက fairtrade တွေပါလို့ အသိပေး ကြော်ငြာ ထားတယ်။ နောက်  စူပါမားကက်တွေ ရောက်တော့ သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်တွေပါ fairtrade တံဆိပ် ကပ်ထားတာ ထပ်တွေ့တယ်။ ရောက်စကတော့ ဘာ တံဆိပ်မှ မကြည့်နိုင်ပါဘူး။ ဈေး အသက်သာဆုံး ပစ္စည်းကို ရွေး ၀ယ်လိုက်တာပါပဲ။ ကိုယ် ၀ယ်လိုက်တဲ့ ပစ္စည်း ကိုယ့်လက်ထဲ မရောက်ခင် အဆင့်ဆင့် ဘယ်လို  ထုတ်လုပ် ထားလဲလို့ မတွေးကြည့်မိဘူး။ ဈေးဝယ်ကြရင် ကိုယ်လိုချင်တဲ့ ပစ္စည်း ဖြစ်နေတာရယ်၊ နံမည်ကြီး လူသိများတဲ့ တံဆိပ် ဖြစ်တာရယ်၊ ဈေးချိုဖို့ရယ်၊ ထုပ်ပိုး ထားတာလေးက ဆွဲဆောင်မှု ရှိနေတာရယ် စတာတွေက ခေါင်းထဲ အရင် ရောက်လာတာပါ။ အလွယ်တကူ ၀ယ်စားဖြစ်တဲ့ ငှက်ပျောသီးဆို ဘယ်က လာတာလဲတောင် မကြည့် ဖြစ်ပါဘူး။ ၀ယ်နေကျ ဈေးထက် နဲနဲ များနေတော့မှပဲ ဟိုရှာ ဒီရှာနဲ့ ဈေးနှုန်း တံဆိပ်ကို ကြည့်ဖြစ်တယ်။ အသုံး အဆောင်နဲ့ အလှပြင် ပစ္စည်းတွေ ၀ယ်လဲ ဒီအတိုင်းပဲ။ ဒီ ပစ္စည်း ဘယ်က လာသလဲ၊ ဘာကြောင့် သက်သာလဲ အရင် မတွေးဘဲ လောဘစိတ်နဲ့ ၀ယ်ပစ်လိုက်တာ များတယ်။

သစ်သီး ၀လံ အမျိုးစုံကို တနှစ်လုံးနီးပါး အချိန်မရွေး ၀ယ်လို့ ရနေတဲ့ နေရာမှာ ရာသီစာရယ်လို့လည်း မက်မက် မောမော ၀ယ်မစားဖြစ် သလောက်ပဲ။ ငယ်ငယ်ကဆို ဆောင်းရာသီမှာ လိမ္မော်သီး၊ နွေရာသီမှာ ဒူးရင်းသီး၊ သရက်သီး မျှော်ပြီး စားရတာ။ ပူနွေးတဲ့ ရာသီဥတုမှာ စိုက်ရတဲ့ အသီး အနှံတွေကို ၀ယ်လို့ရတာ တကယ်တော့ ကျေးဇူး တင်စရာ ကောင်းလှပါတယ်။ ကမ္ဘာ တဖက်ခြမ်း ကနေ မပုပ်မသိုးအောင် သယ်ယူ လာရတာလည်း လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီကြားထဲ ရာသီဥတု ဖေါက်ပြန်တာနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကြုံရတာ ရှိသေးဦးမယ်။ စီးပွားရေး အတက် အကျတွေ ရှိဦးမယ်။ ခြံပိုင်ရှင်တွေ လယ်ပိုင်ရှင်တွေနဲ့ စိုက်ပျိုးတဲ့ လုပ်သားတွေ အကြောင်း ရှည်ရှည်ဝေးဝေး စဉ်းစားမိတဲ့ အခါ ပေါပေါ လိုက်ချင်တဲ့ ကိုယ့်ရဲ့ စိတ်ကို ဆင်ခြင်မိပြန်တယ်။

အ၀တ်အစားနဲ့ တခြား ပစ္စည်းတွေ ၀ယ်ရင်လည်း လောဘစိတ်နဲ့ ဈေးနှုန်း သက်သာရင် ၀ယ်လိုက်တာပဲ။ ဥပမာ ပြောရရင် ဘော်ကြယ်ထိုးထားတဲ့ အင်္ကျီ ဆိုပါစို့။ ဘော်ကြယ်တွေ ပုတီးစေ့တွေကို စက်နဲ့ထိုးတာလား လက်နဲ့လား၊ ဘယ်တိုင်းပြည်မှာ လုပ်တာလဲ၊ အလုပ်သမားတွေ ဘယ်လို လုပ်ငန်းခွင်မှာ လုပ်ရတာလဲ ၊ လုပ်အားခ အပြည့်အ၀ ရပြီး လုပ်တာလား၊ ကလေးတွေကို မတရား သဖြင့် ခိုင်းပြီး လုပ်ခိုင်းတာလား စသဖြင့် တွေးကြည့်လိုက်ရင် လက်လက်တောက်နေတဲ့ ဘော်ကြယ် အင်္ကျီကို ၀တ်ရမှာ နဲနဲ တွန့်ဆုတ် သွားတယ်။ ဒါပေမယ့် ကိုယ်တို့ ၀ယ်လို့ သူတို့ ရောင်းနေရတာ၊ ရောင်းနေရလို့လည်း ထုတ်နေရတာ၊ ဒါကြောင့်လည်း လူတွေ အလုပ်ရှိနေတာ လို့ စောဒက တက်ချင်ပြန်သေးတယ်။ အိန္ဒိယနိုင်ငံမှာ ၇နှစ် ၈နှစ် ကလေးတွေ မိုးလင်းက မိုးချုပ် ဘော်ကြယ်တွေ ထိုးနေတာ ရုပ်မြင်သံကြား အစီအစဉ် တခုမှာ မြင်လိုက်ရတော့မှ ကိုယ့်ပါးစပ်ကို အမြန်လေး ပိတ်ပစ်လိုက်မိတော့တယ်။


ကိုယ့်လုပ်အားခကို မျှမျှတတ လိုချင်လားလို့ မေးရင် တန်ရာ တန်ကြေးတော့ လိုချင်ပါတယ်လို့ ဖြေမှာပဲ။  ငှက်ပျောသီး အကြောင်းပဲ ပြန် စဉ်းစားကြည့်ရင် ရောင်းတဲ့ စူပါမားကက်ကလည်း စီးပွားဖြစ် အမြတ်ရအောင် အရင်းကို တတ်နိုင် သလောက် နည်းအောင် လုပ်ရမှာပဲ။ ကြား ပွဲစားရှိခဲ့ရင် သူကလည်း သူ့အတွက် ကျန်အောင် စရိတ်စက မှန်သမျှ နည်းသထက် နည်းအောင် ကြံရမှာပဲ။ ခြံပိုင်ရှင်တွေကလည်း ခြံစရိတ် ကာမိအောင် လျှော့နိုင်သလောက် ကုန်ကျ စရိတ်တွေကို ကြိုးစား လျှော့မှာပဲ။ အားလုံးရဲ့ အောက်ဆုံးက အလုပ်သမား တွေကျတော့ ထပ်ဆင့် လျှော့ခိုင်းဖို့ သူတို့ အောက်မှာ ဘယ်သူမှ မရှိတော့ဘူး။ စိုက်ထုတ်ထားရတဲ့ သူတို့ရဲ့ ကိုယ်ခန္ဓာ၊ ချွေးနဲ့ သွေး ကလွဲလို့ စာရင်း ပြစရာ စရိတ်စက လည်း မရှိလေတော့ သူတို့ရဲ့ လုပ်အားခကိုပဲ အလျှော့ ခံလိုက်ရတယ်။ ကိုယ်တို့ ၀ယ်တဲ့ ပစ္စည်းတွေ  ဈေး အရမ်း ပေါနေရတဲ့ အကြောင်းတွေထဲက တခု ဖြစ်မှာပေါ့။

ကိုယ်လည်း မျှတတဲ့ လုပ်အားခ လိုချင်တဲ့ အခါကျတော့ သူများတွေကိုလည်း ကိုယ်ချင်းစာနိုင်ပါတယ်။  လုပ်အားခ မျှမျှတတ ရတဲ့ အတွက် ကုန်ထုတ် အလုပ်သမားတွေ အတွက် အကျိုးပို ရှိသလို တန်ရာ တန်ကြေး  ပေးဝယ်တဲ့ အတွက် ကုန်ပစ္စည်းတွေကိုလည်း အဆင့်မီမီ အန္တရာယ် ကင်းကင်း ထုတ်လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ဥပမာ ပတ်ဝန်းကျင်နဲ့ တိရိစ္ဆာန်တွေကို ထိခိုက်စေမယ့် ပိုးသတ်ဆေးတွေ သုံးတာမျိုးပေါ့။ နေ့တဓူဝ သွားလာ လှုပ်ရှား နေရင်း တနိုင် လုပ်ကြည့်မယ်လို့ စဉ်းစားမိတယ်။

Tuesday, 5 January 2010

ချစ်တဲ့ အကြောင်း

ကိုယ်တို့ အရွယ်က အချစ် အကြောင်း သိပ် မပြောဖြစ် တော့ဘူး ထင်တာပဲ။ သူငယ်ချင်းတွေ တွေ့ရင် ကလေးတွေ အကြောင်း၊ ယောကျာ်း အကြောင်း၊ ယောက္ခမတွေ ယောင်းမတွေ အကြောင်း၊ အလုပ်အကိုင် အကြောင်း၊ ဈေးဝယ်ထွက်တဲ့ အကြောင်း၊ ဟင်းချက်နည်း အသစ် စသဖြင့် (ယောကျာ်း စကား ငှားပြော ရရင်) လက်တွေ့ကျတဲ့ အကြောင်း အရာတွေပဲ ပြောဖြစ် ကြတာ များတယ်။ များသော အားဖြင့် ပျော်စရာတွေ သိပ် မပြောဖြစ်တော့ သလိုပဲ။ တခါ တလေများ သူငယ်ချင်းတွေ တယောက်ပြီး တယောက် စိတ်ညစ် စရာတွေ ဆက်တိုက် ကြုံကြလို့ တယောက် အပူ တယောက် ကူးတော့တာ ပါပဲ။ သူငယ်ချင်းတွေ ဆိုပေမယ့် ဆွေမျိုးတွေ ထက်တောင် ပိုရင်းနှီး ကြတာလေ။ တယောက်က အလုပ် ရှာမရလို့ အကြွေး မကျေဘဲ ပြန်ရတော့မယ့် အကြောင်း၊ တယောက်က ကလေး ကျန်းမာရေး မကောင်းတဲ့ အကြောင်း၊ နောက် တယောက်က ယောက္ခမတွေနဲ့ အဆင် မပြေဖြစ်တဲ့ အကြောင်း ရင်ပူ စရာတွေ ချည်းပဲ။ ပျော်စရာရယ်လို့ မရှိ သလောက်ပဲ။ စိတ်ကူးယဉ် စရာ ဖြစ်ဖို့ ကတော့ ဝေးရောပေါ့။

ငယ်တုန်းကတော့ သူငယ်ချင်းတွေ တွေ့ကြရင် ချစ်သူ ရှိသူရော မရှိသေး သူပါ ရင်ခုန်ရတဲ့ အကြောင်းတွေ ဖလှယ်ကြတာ တနေကုန်တောင် မပြီးဘူး။ စကား ပြောကြရင် ဒီအကြောင်းက မပါလို့ မပြီးဘူး။ ချစ်သူ မရှိသေးတဲ့ သူတွေကလည်း  ရင်ခုန် စရာတွေ နားထောင်ပြီး စိတ်ကူးယဉ် ရတာ အမော။  ကိုယ့် သူငယ်ချင်းတွေ အားလုံး လိုလို က သိပ် ချစ်တတ် ကြတယ်။ အချစ်ကို ဦးစားပေးကြ သူများထဲမှာ ပါတာ ပေါ့လေ။ သူငယ်ချင်း တယောက်ဆို သူ အဖြေပေးလိုက်တဲ့ နေ့မှာပဲ သူ့ ချစ်သူက ခရီးဝေး ထွက်သွားတာမို့ သူ့ခမျာ ငိုလိုက်ရတာ။  ကိုယ်တို့ တအုပ် လုံးလည်း သူနဲ့ အတူ ၀မ်းနည်း လိုက်တာ။ နောက် တယောက်ကတော့ သူ့ချစ်သူနဲ့ အိမ်က သဘော မတူလို့ စွန့်စွန့် စားစားနဲ့ အားလုံးကို ပုန်ကန်ပြီး ချစ်သူနောက် လိုက်သွားတယ်။ ငယ်သေးတဲ့ အရွယ်တွေ ဆိုတော့ ပစ္စည်း ဥစ္စာ မပြည့်မစုံနဲ့ ဘ၀ကို စရတာပေါ့။  အဲ့ဒီမှာ သူငယ်ချင်းတွေက ရှိသမျှ မုန့်ဖိုးတွေ နာရီတွေ လက်ကောက်တွေ ရက်ရက် ရောရော ၀ိုင်းပေးကြတယ်။သူတို့ အရေး ကိုယ့် အရေးပေါ့လေ။

ဘယ်နေရာ ကြည့်ကြည့် ဘယ်သူ့ ကြည့်ကြည့် အချစ်တွေနဲ့ ၀န်းရံ ထားသလိုပဲ။ ချစ်လို့ သ၀န်တိုကြတာ၊ စိတ်ကောက်ကြတာ၊ ရန်ပွဲတွေ ဖြစ်ကြတာ၊ မပြည့် မစုံ ဖြစ်ရတာ ဘာပဲ ဖြစ်ဖြစ် အချစ်ကြောင့်လို့ပဲ အဖြေ ထုတ်လိုက်တယ်။ လက်ဖက်ရည်ဆိုင်က ဖွင့်တဲ့ သီချင်း ကြားရင်လည်း တိုက်ဆိုင်လိုက်တာ ဆိုပြီး ကိုယ့်ချစ်သူကို သတိရတယ်။ ရုပ်ရှင် ကြည့်ကြရင်လည်း မြန်မာကား၊ အိန္ဒိယကား၊ အင်္ဂလိပ်ကား၊ တရုပ်ကား ( ကိုယ်တို့ ခေတ်က ကိုးရီးယားကား မပေါ်သေးဘူး) အချစ် ဇာတ်လမ်း မှန်သမျှ ကိုယ်တို့နဲ့ တိုက်ဆိုင် နေသလို ချည်းပဲ။ ငယ်ရွယ်သူတို့ သဘာဝ ထိခိုက် ခံစားလွယ်ကြတယ်။ တောင်းပန်ရင်လည်း ခွင့်လွှတ် မြန်ကြတယ်။ စိတ်ကောက် နေတဲ့ သူငယ်ချင်းကို သူ့ချစ်သူက Bryan Adams ရဲ့ Please forgive me နဲ့  Everything I do I do it for you ကို အခွေထဲ ထည့်ပေးလာတယ်။ ချက်ချင်း စိတ်ကောက် ပြေသွားတဲ့ သူငယ်ချင်းကို ကြည့်ပြီး ကျန်တဲ့ သူတွေက အားကျ မိကြတယ်။ ချစ်တတ်  လိုက်ကြတာလို့လေ။

ချစ်တိုင်းလည်း ပေါင်းခွင့် ရတာ မဟုတ်တော့ ချစ်သူနဲ့ လက်ထပ်ခွင့် ရတာ ကိုယ့် အမြင်မှာတော့ ကံ ကောင်းလွန်း လို့ပါ။ ဒါ့အပြင် မိဘကပါ ကြည်ဖြူပြီး ပံ့ပိုး ကူညီတယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့။ အတူ နေရဖို့ ဆိုတာလည်း နှစ်ယောက်လုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ အားလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိနဲ့ စွမ်းအား တွေလည်း လိုပါသေးတယ်။ ကိုယ်တို့ လိုချင်တာတွေ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစား နေကြတဲ့ အချိန်တုန်းက သူ့ကို မကြာ ခဏ ပြောဖူးတာကတော့ မျဉ်းပြိုင် နှစ်ကြောင်းဆုံဖို့ မဖြစ်နိုင်ဘူး လို့။ တကယ်လည်း နီးစပ်ဖို့ အရေးမှာ နှစ်ယောက်လုံး နည်းနည်းစီ လျှော့လိုက် ရတာပဲ။ စိတ်ကူး ထားတဲ့ စံတွေ plan တွေလည်း လျော့ရဲရဲ ဖြစ်ကုန်တယ်။ အဓိက ရည်ရွယ်ချက်က နှစ်ယောက် နီးကြဖို့ ဆိုတော့ ကျန်တာတွေက သာမည ဖြစ်ကုန်တယ်။ အချစ် တခုတည်း အတွက်လားလို့ မေးရင် ဟုတ်တယ်လို့ ဖြေတာပဲ။ အချစ်ကို အကြောင်းပြုပြီး တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှာ ပြဿနာ ပေါင်းစုံလည်း ကြုံရတာ ပါပဲ။ တခါတရံမှာ အချစ် အကြောင်း ပြောတာ ရပ်ပြီး မာန တပုံစီနဲ့ သူ စွမ်းတာ ကိုယ် ကျွမ်းတာတွေလည်း ပြိုင်ဆိုင် ပြောတတ် လာတယ်။ ဘ၀ကို လက်တွေ့ ကျကျ ရင်ဆိုင် ရမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်လို မနွေးထွေး နိုင်တော့ဘူး။  အက်ရာတွေ ထင်တာ များလာတော့ နဂို အတိုင်း ချောမွေ့ဖို့ သိပ် မလွယ်တော့ဘူး။  နှစ်ဦး နှစ်ဖက် စိတ် မလျော့ဘဲ အားစိုက်ထုတ် လိုက်ရင်တော့  အရင်လို ပြန် ချစ်နိုင်ဦးမယ်လို့ မျှော်လင့် နိုင်ပါသေးတယ်။ အတူ နေနိုင်ဖို့ ကြိုးစားခဲ့တာ လမ်းခွဲဖို့မှ မဟုတ်ပဲလေ။ အက်ရာ ဆက်ရာတွေ သိပ်မများခင် ချစ်တဲ့ အကြောင်း မကြာခဏ ပြောနိုင်အောင် ကြိုးစား ရအောင်နော်။
(ချစ်သူငယ်ချင်းတွေအတွက် အမှတ်တရ)