မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင် ထိုင်ပြီး သောက်ရတာ အကောင်းဆုံးပါ။ လက်ဖက်ရည်လည်းသောက်၊ မုန့်လည်းစား၊ သီချင်းလည်းနားထောင်၊ လေလည်းပေါ၊ လမ်းပေါ်က လူတွေကိုငေးနဲ့ လက်ဖက်ရည် ဆိုင်ထိုင်ရတာကို ကလေးလူကြီး မရွေး ကြိုက်နှစ်သက်ကြတယ် ထင်တာပဲ။ အိမ်က တူမလေးက ၃နှစ်ပဲ ရှိသေးပေမယ့် မှန်တွေအများကြီး ရှိတဲ့ ရွှေဂုံတိုင်က လက်ဖက်ရည်ဆိုင် ကိုသွားမယ်ဆို ပျော်လွန်းလို့။ လက်ဖက်ရည်ဆိုင် ရောက်ရင် စားပွဲထိုးကို ချိုဆိမ့် ချိုပေါ့ ပေါ့ဆိမ့် ကျဆိမ့် စုံနေအောင် မှာကြသေးတယ်။ တခါမှတော့ တယောက် လက်ဖက်ရည် တယောက် မမြည်းကြည့်ဖူးဘူး။ သူတို့ မတူအောင် ဘယ်လိုဖျော်သလဲ ဆိုတာတော့ စိတ်ဝင်စားစရာပဲ။
ရန်ကုန်မှာတုန်းက လက်ဖက်ရည်ကို အိမ်မှာသောက်လေ့မရှိပါဘူး။ လက်ဖက်ခြောက် အချိုခြောက် လက်ဆောင်ရရင် သောက်တတ်တဲ့ တယောက်ယောက်ကို ပြန်ပေးလိုက်တာပဲ။ အကြမ်းခြောက် ကတော့ ဧည့်သည် အတွက်၊ ထမင်းနဲ့ ကြက်ခြေနီသုပ်လေးနဲ့ စားရင် လက်ဖက်ရည်ကြမ်းလေးနဲ့ လိုက်ဖက်တာမို့ အိမ်မှာ ရှိတတ်ပါတယ်။ စင်ကာပူမှာတော့ ဟော်ကာမှာ တီးစုစု မှာသောက်တာကလွဲပြီး ဟိုင်းတီးလည်း မသွားခဲ့ဖူးတော့ လက်ဖက်ရည် အမျိုးစုံ မသောက်ခဲ့ဖူးပါဘူး။ လောလောဆယ် ကျွန်မနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ သောက်ကြတဲ့ လက်ဖက်ရည် အမျိုးအစားတွေကတော့ မှတ်သားစရာ အစုံပါပဲ။
လက်ရှိအလုပ်မှာ အလုပ်စ၀င်တဲ့နေ့က လက်ဖက်ခြောက်ဗူးတွေကို တွေ့ပြီး ဦးနှောက်စားသွားတယ်။ ဘယ်ဗူးကို ဖွင့်ရမလဲလို့ စဉ်းစားနေတုန်း တစ်ယောက်က နော်မယ်လ်တီး (normal tea) လို့ ရေးထားတဲ့ ဗူးကိုဖွင့်တာတွေ့ လိုက်တယ်။ ငါလည်း အဲ့ဒါပဲ သောက်မယ်လို့ ပြောလိုက်တော့ သူက စက္ကူထုပ်လေးတစ်ခု လို လက်ဖက်ရည်အိတ် (tea bag)လေး လှမ်းပေးပါတယ်။ မတ်ခွက်ထဲထည့်ပြီး ရေနွေးပူလောင်းထည့်လိုက်တော့ အရောင်ခပ်ရင့်ရင့်၊ လက်ဖက်ခြောက် နှပ်ထားတဲ့ အရောင်ရှိတဲ့ လက်ဖက်ရည်ကို ရပါတယ်။ သကြားတစ်ဇွန်းထည့်ပြီး နွားနို့ လောင်းထည့်လိုက်တော့ ရန်ကုန်က ဆိုင်လက်ဖက်ရည် နဲ့ဆင်ဆင်တူတဲ့ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရပါတယ်။ နောက်မှ သိရတာက PG tips အမျိုးအစား လက်ဖက်ခြောက်ပါ။ ရုံးကလူတွေက Builder's tea လို့ လွယ်လွယ်ခေါ် ကြပါတယ်။ ယောကျာ်း တော်တော်များများနဲ့ အထွေအထူး မပြောတဲ့ ဧည့်သည်တွေကို ဒီ လက်ဖက်ခြောက်နဲ့ ဖျော်တိုက်တတ်ပါတယ်။
Earl Grey လို့ရေးထားတဲ့ ဗူးကို ဖွင့်ကြည့်တော့ အနံ့သင်းသင်း တမျိုးရပါတယ်။ Bergamot ပန်းရနံ့လို့ ရေးထားပါတယ်။ ရုံးက ဆရာမကြီးနဲ့ အင်္ဂလိပ်လူမျိုး တချို့ သောက်ကြပါတယ်။ မြန်မာဖျော်နည်း အတိုင်း စမ်းဖျော်ကြည့်တော့ အကြိုက် မတွေ့ပါဘူး။ အရမ်း ပေါ့တယ်လို့ ထင်တာပဲ။ အမျိုးသမီး ဧည့်သည်တွေ လာရင် Earl Grey ဖျော်တိုက် လေ့ရှိပါတယ်။
အဘိုးကြီး တစ်ယောက်ကတော့ အနီရောင် အရည်တွေ သောက်သောက် နေလို့ ဘာလဲလို့ မေးကြည့်တော့ ရက်ဒ်ဘွတ်ရှ်တီး (Redbush tea) တဲ့။ ကဖိန်းဓါတ် မပါဘူးတဲ့။ တကယ်ပဲ ချုံပုတ်တွေက အရွက် အနီတွေ လားတော့ မပြောတတ်ဘူး။ နို့ သကြား မပါဘဲ စမ်းကြည့်တော့ သောက်လို့ တမျိုးကောင်းပါတယ်။ အဲ့ဒီ အဘိုးကြီးက အနီရောင် လက်ဖက်ရည်တွေကို တနေ့လုံး သောက်တာပဲ။
မဆလာ လက်ဖက်ခြောက် (Masala tea) ဗူးကို ဖွင့်ကြည့်တော့ မျှော်လင့်ထားတဲ့ အတိုင်း မဆလာနံ့ သင်းနေပါတယ်။ မြန်မာ နှာခေါင်းနဲ့ ဆိုတော့ တမျိုးကြီးပါပဲ။ တနေ့တော့ ရာသီဥတု အေးအေးမှာ အဲ့ဒီ လက်ဖက်ခြောက်ကို ဖျော်သောက်ကြည့်တာ ပူစပ်စပ် အရသာနဲ့ ဟင်းခတ် အမွှေးရနံ့ ရတဲ့ လက်ဖက်ရည်မျိုး ရပါတယ်။ ရုံးက အိန္ဒိယလူမျိုးတွေ ကြိုက်ကြပါတယ်။
ကျန်းမာရေး လိုက်စားတဲ့ ရုံးကမမ တွေက ပူတီနံ အနံ့ရှိတဲ့ မင့်တီး (Mint tea) နဲ့ စပယ်ပန်း အနံ့ရှိတဲ့ ဂျက်စမင်တီး (Jasmine tea) သောက်ကြပြန်တယ်။ သူတို့ကတော့ တရှိုက်မက်မက် သောက်ကြတာပဲ။ အနံ့ခံပြီး သောက်တာတဲ့။ လူကို လန်းဆန်းစေတယ် ဆိုပဲ။ လက်ဖက်ခြောက်ထုပ်ကို ရေနွေးပူထဲ ထည့်ပြီး နို့ သကြား မပါဘဲ သောက်တာပါ။ တခါတလေတော့ သောက်ရတာ ကောင်းပါတယ်။ အရသာ မရှိဘဲ အနံ့ပဲ ရှိတယ်။ စပယ်ပန်းနံ့လေး သင်းနေတာတော့ ကြိုက်ပါတယ်။ တရုတ် စားသောက်ဆိုင် တွေမှာလည်း ဂျက်စမင်တီး ပေးလေ့ရှိပါတယ်။
တခါ ပန်းပွင့်လေးတွေနဲ့ ဗူးကိုကြည့်လိုက်တော့ ကယ်မိုမိုင်းလ်တီး (Camomile tea) လို့ရေးထားပါတယ်။ ဆေးဖြစ်ဝါးဖြစ် တခါတလေ သောက်ကြတယ်လို့ သူငယ်ချင်းက ပြောပြပါတယ်။ အအေးမိ တဲ့အခါတို့ ကိုယ်လက် နာကျင် ကိုက်ခဲ တဲ့အခါမျိုးဆို ကယ်မိုမိုင်းလ်တီးကို ပျားရည်လေးနဲ့ သောက်ရင် သက်သာ စေတယ်လို့ ဆိုပါတယ်။ ထုံးစံအတိုင်း စမ်းသောက် ကြည့်တော့ ဘာမှတော့ သိပ်မထူးခြားပါ။ အနံ့လေးရှိတာ တခုပါပဲ။
ရုံးမှာ လူတွေ ကိုယ့် လက်ဖက်ခြောက်ဗူးနဲ့ ကိုယ် လာကြတာ၊ ကျွန်မလည်း အားကျမခံ တောင်ငူအကြမ်းခြောက် တစ်ထုပ်ယူသွားတာပေါ့။ သဘာဝအတိုင်း လက်ဖက်ခြောက်တွေကို ရေနွေးပူလောင်းထည့်ပြီး သောက်ရုံပဲ။ လက်ဖက်ရွက်အနံ့ ပဲရတယ်။ တခါတလေ ပျင်းရင် လက်ဖက်ရွက်တွေကိုပါ စားလိုက်သေးတယ်။ လူအမျိုးမျိုးက လက်ဖက်ရည် အမျိုးစုံ နေအောင် သောက်တာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သောက်တဲ့ လက်ဖက်ရည် ကိုကြည့်ပြီး သူတို့ရဲ့ life style ကိုလည်း မှန်းလို့ရပါတယ်။ ဒါက ရုံးက လူတစ်စုလေး အကြောင်းပေါ့နော်။