Thursday 11 December 2008

၆၀ ပြည့်ရင်...

ရုတ်တရက် အတွေးထဲ ရောက်လာ လို့ပါ။ ၆၀ ပြည့်ရင် ဘာလုပ်မလဲလို့။ ကိုယ့်မိဘနှစ်ပါးလုံး ၆၀ မပြည့်ခင် လူ့လောကကြီးက ထွက်သွားခဲ့ကြတယ်။ ဒါကြောင့် ၆၀ ဆိုတဲ့သက်တမ်းဟာ ကိုယ်အတွက်တော့ ရှည်လျားပါတယ်။ လူ့သက်တမ်းမှာ အမှုမဲ့ အမှတ်မဲ့ပဲ နေလာလိုက်တာ။ ကလေးဘ၀က ကျောင်းမှာစာလိုက်နိုင်ဖို့၊ သူငယ်ချင်းတွေနဲ့ ကစားရဖို့၊ မုန့်များများစားရဖို့ လောက်ပဲသိတယ်။ ဆယ်ကျော်သက် အရွယ်ရောက်တော့ လှဖို့၊ သူငယ်ချင်းတွေနဲ့ ပျော်ဖို့၊ တက္ကသိုလ်တက်ဖို့ ကြိုးပမ်းရပြန်ရော။ ဘွဲ့တစ်ခုရဖို့လည်း ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့ရတယ်။ ဒီကြားထဲ ရလိုက်တဲ့ အလုပ်က ကမောက်ကမ နဲ့ တွေ့ကြုံရတဲ့ လူမျိုး ပေါင်းစုံ စိတ်ဓါတ် ပေါင်းစုံတွေရဲ့ အလယ်မှာ ယောင်ချာချာဖြစ်။

အမေရဲ့အမေ ဖီဖီ အသက် ၆၀ ပြည့်မွေးနေ့မှာ ဖီဖီက ရေခဲရှန် ပန်းဆီရောင်ရင်ဖုံးအင်္ကျီနဲ့ ရှန်လုံချည်ဝတ်ပြီး မိတ်ကပ်ပါးပါးလူး နှုတ်ခမ်းနီဆိုးပြီး လူတွေကို ဧည့်ခံတယ်။ ၆၀ ပြည့်လို့ အလုပ်ကနေ ပင်စင်ယူလိုက်ပြီး သားသမီးနဲ့မြေးတွေကို ကိုယ်တိုင်ထမင်းဟင်း ချက်ကျွေးတယ်။ အိမ်တွင်းမှု စီးပွားရေးလေးလုပ်ပြီး မိသားစု ၀င်ငွေကို တဖက်တလမ်း ရှာသေးတယ်။ သားသမီးနဲ့ မြေးတွေအားလုံး အတွက် အုတ်တံတိုင်းကြီးလို အကာအကွယ် လည်း ပေးသေးတယ်။ မြေးတွေနဲ့ အတူ ခေတ်နဲ့အမီ လိုက်သေးတယ်။

အဖေရဲ့အမေ ဖွားဖွား အသက် ၆၀ ပြည့်မှာတော့ ပက်လက် ကုလားထိုင် မှာ ထိုင်နေ တာပဲ တွေ့ရတယ်။ လူတွေ နဲ့လည်း သိပ်စကား မပြောနိုင် တော့ဘူး။ လေဖြတ် နေတဲ့ ဝေဒနာသည် ဖွားဖွားရဲ့ ပြောစကားကို လူတိုင်း နားမလည် နိုင်လို့ ဖွားဖွားက စိတ်တိုပြန်ရော။ သားသမီးနဲ့ မြေးတွေကလည်း နှစ်ခါသုံးခါ ပြန်ပြောရလို့ ဖွားဖွားကို စကားဝိုင်းထဲ သိပ်မထည့်ဘူး။

ကိုယ့်အတွက်တော့ ၆၀ ပြည့်ရင်...
ဘုရားတရားနဲ့ နီးနီးနေချင်တယ် မိသားစု သူငယ်ချင်းတွေနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီးရီချင်တယ် ဒေသန္တရဗဟုသုတ တွေရမယ့်ခရီးတွေ သွားချင်တယ် ဘာသာစကားတစ်ခုခုကို သင်ယူချင်တယ် လမ်းနေ့တိုင်းလျှောက်ချင်တယ် ကိုယ့်အိမ်နီးချင်းတွေ အတွက် အကျိုးပြုစေမယ့် အလုပ်တစ်ခုခုလုပ်နေချင်တယ်

5 comments:

MrDBA said...

ကောင်းတဲ့ စိတ်ကူး။

Nu Thwe said...

လူတွေက ပိုနုပျိုကျန်းမာလာကြတယ်။ ခုခေတ်မှာ ခြောက်ဆယ်ဆိုတာ ငယ်ငယ်လေးပဲ။ လူ့အသိုင်းအ၀ိုင်းအတွက် ကောင်းကျိုးတွေ အများကြီး ပေးဝေနိုင်သေးတယ်။ စာရေးဆရာမကြီး ဒေါ်မီယာ ဖြစ်နေလိမ့်မယ် မှန်းတယ်။ ဟောစာတမ်း မှန်ရင် မုံ့ကျွေးနော်။

ပန်းခရမ်းပြာ said...

အခုခေတ် အသက်၆၀ ကတော့ အလုပ်လုပ်နေကြတုန်းပဲ။
ရုံးက Delivery man အဖိုးကြီးဆို
အသက်၇၀ ရှိပြီ။
လူငယ်တွေ ထက်တောင်
သွက်နေသေးတယ်။

khin oo may said...

စိတ်ကူးပေါက်တာ လုပ်နေဦးမှာပါဘဲ။

ThuHninSee said...

ဒီလောကမှာ ရှိပါအုံးမလားမသိ။ အသက်၆၄မှ ပင်စင်ရမှာဆိုတော့ အလုပ်တော့ လုပ်နေအုံးမယ်ထင်တယ်။