Saturday 13 December 2008

ကိုယ်ချစ်

အိအိရေ... ကိုယ်တို့ ဆီကို တကူးတက လာလည်တဲ့ အတွက် ၀မ်းသာ ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစား နေတဲ့ အိအိက ထမင်းစားဖို့ သက်သက် မိုင် ၅၀ ခရီးကို အပင်ပန်းခံ လာခဲ့တာ မဟုတ်ဘူး ဆိုတာ ကိုယ်တို့ အားလုံး သိပါတယ်။ အိအိ တွေ့ချင် တဲ့သူကို မတွေ့ခဲ့ရဘဲ ကိုယ်တို့ နဲ့ပဲ စကားတွေ ဖောင်ဖွဲ့ ခဲ့ရတဲ့ အိအိအစား ရင်မော လွန်းလို့ ဒီပို့စ်လေး ရေးဖြစ်တာ။

love at first sight ကို မိန်းကလေးတွေ က ပိုပြီး အယုံအကြည် ရှိမယ် လို့ ထင်ပါတယ်။ အိအိ သူ့ကို တွေ့ဖူးတာ ၃ခါ ထက် မပိုဘူး။ ဒါပေမယ့် အိအိက သူ့ကို စိတ်ဝင် တစား အရေးတယူ ရှိတာ အားလုံး ရိပ်မိ ပါတယ်ကွယ်။ အိအိကို တွေ့စက ကလေးဆန်တဲ့ ချစ်စရာ လေးလို့ ကိုယ်တို့ တသိုက်က တဖွဖွ ပြောပေမယ့် ကိုယ်တော်ချောက သူ မကြား သလိုပဲ နှုတ်ဆိတ် နေခဲ့တယ်။ အိအိရဲ့ အရေးတယူ ဆက်ဆံမှုတွေ ကိုလည်း ဘာသိဘာသာ နေခဲ့တယ်။ ကိုယ် အသည်းအယားဆုံး ကတော့ အိအိက မိုးလင်းရင် ကော်ဖီ သောက်ရမှ လို့ပြောတာကို သူက ပိုလိုက်တာလို့ ပြောတာ၊ အိအိက သင်္ချာ နားမလည်တာ ရှင်းပြ ပေးနိုင်မလားလို့ မေးတာကို မကြား ချင်ယောင် ဆောင်နေတာ၊ အို ကြားထဲက ကိုယ်တို့တွေ မျက်နှာ မထား တတ်အောင် အိအိကို အားနာ ခဲ့ရတယ်။ အိအိရဲ့ ဖုန်းနဲ့ text တွေကိုလည်း သူ မတုံ့ပြန် ခဲ့ဘူးနော်။

ကိုယ်က ချစ်ရတာ စိတ် သိပ် ပင်ပန်း ပါတယ် ညီမလေးရယ်။ ချစ်တယ် ဆိုတော့ အလျှော့ လည်းပေးရတယ်။ ကိုယ်ချစ်သလို ပြန်မချစ်ရင်လည်း စိတ်ညစ်ရတယ်။ လိုချင်တဲ့ အချစ်မျိုး ပြန်မရတဲ့အခါ အရမ်း ပူလောင်တယ်။ ကိုယ်က သူနဲ့ပတ်သက်တာ မှန်သမျှကို အသေးစိတ် အရေးထားသလောက် သူကအမှုမဲ့ အမှတ်မဲ့ လုပ်တဲ့အခါ အရမ်းခံစားရမယ်။ မိန်းကလေး ဆိုတော့လည်း စပြီး ဖွင့်ပြော လို့လည်းမရ၊ ခံစား နေရသမျှကို မျိုသိပ် ထားရ တာလည်း နေမြင့်လေ အရူးရင့်လေ လိုဖြစ်နေမှာပဲ။ ရွှေပေး လို့မရတဲ့ မိန်းမတို့ အိနြေ္ဒကို ဆယ်ရမယ့် တာဝန် လည်းရှိတယ်။

လူကြီး တွေက ဒါကြောင့် ပြောတာ နေမှာ။ ကိုယ်ချစ်ကိုမရှာနဲ့ တဲ့။ အိအိ စိတ်ချမ်းသာပါစေ။

5 comments:

khin oo may said...

တို့ကတော့ ကိုယ်ချစ်ကို သဘောမကျဘူး။ ခံစားရတယ်။ ဖြစ်နိုင်ရင် အချစ်ပြောင်းပါ အိရေ။ အချိန်မလွန်သေးရင် နောက်ဆုတ်လို့ ရပါတယ်။ ဒီလောက် ဆို သဘောပေါက်။ သူ ကိုယ့်ကို မချစ်ဘူး။ အိမခံစားစေချင်ဘူး။

ThuHninSee said...

အိပ်ချင်ယောင်ဆောင်တဲ့သူကို အနှိုးရခက်တယ်တဲ့။
မခက်ပါဘူး။ ညို့သကျည်းပေါ် တက်သာနင်းလိုက်၊
နိုးလာစေရမယ်။ (အဲ.. ကိုယ်ချစ်နဲ့ မဆိုင်ဘူးထင်တယ်)

Anonymous said...

ဟုတ်ကဲ့မမ စကားနားထောင်ပါ့မယ်။
အောင်မငီး မွန်တို့က လုပ်ချလိုက်ပြန်ပြီ။
လာလေ့ ဘယ်သူ့ကို တက်နင်းရမလဲ စဉ်းစားလိုက်အုံးမယ်။

:P said...

"ကိုယ်ချစ်" ဆိုတဲ့ သီချင်းလေးက ဆိုလို့ကောင်းသလောက်
တကယ့်ကိုယ်ချစ်က ခံရခက်မှာပါ။
ကိုယ့်ကို မသိချင်ယောင်ဆောင်ရင် ကိုယ်က သူ့ထက်ပိုပြီး
ဂရုမစိုက်ပဲနေပြလိုက်........

Nu Thwe said...

စစ်တမ်း လာဖြေသွားတာ ကျေးဇူးနော် မီယာရေ။
ဒီတစ်ပုဒ်ကို ခုမှ မြင်တယ်။ နည်းနည်း လျှာရှည်ပါရစေနော်။
အိကို ပြောလိုက်ပါ...ကိုယ်ချစ်တာနဲ့ သူ ထိုက်တန်ရဲ့လား စဉ်းစားပါလို့။ တန်တယ်ဆိုတာ သေချာရင် ဆက်အချိန်ကုန် အားအင်ကုန်ခံပေါ့။ ကိုယ်ရသင့်တဲ့ တုံ့ပြန်မှု ရဖို့ နှစ်နဲ့ချီကြာကောင်း ကြာမယ်။ ရချင်မှလည်း ရမယ်။ အဲဒီလူအကြောင်း ပိုသိအောင် ကြိုးစားပါဦး။ နဂိုစိတ်ထား နူးညံ့တဲ့၊ မိသားစုနဲ့ သူငယ်ချင်းတွေအပေါ် တွယ်တာတတ်တဲ့ သူမျိုးဆိုရင် နည်းနည်း မျှော်လင့်နိုင်စရာ ရှိတာပေါ့။ စိတ်ထန်သူ၊ မိသားစုနဲ့ တခြားသူတွေအပေါ် လေးစားမှု မရှိသူ ဆိုရင်တော့ ကိုယ့်အပေါ်မှ ထူးပြီး ကောင်းလိမ့်မယ်လို့ မျှော်လင့်ရတာ ကြောက်စရာပဲ။ ရေရှည် မေတ္တာရေးမှာ တစ်ဖက်သတ်ဘ၀က အလုပ်မဖြစ်ပါဘူး။ တချို့က နာကျင်ရတာကိုမှ ကြိုက်တာ ရှိသေးတယ်။ ဒါဆိုရင်တော့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပျော်နိုင်ပါစေလို့ပဲ ဆန္ဒပြုရုံပေါ့။