Wednesday 21 January 2009

ချစ်သူတို့အကြောင်း

သတင်း ပေးတာက ရွှေသက်။ ကျောင်းမှာ နောက် မြန်မာ တယောက် ရောက်နေပြီ၊ register မှာ တွေ့လိုက် တယ်တဲ့။ လောလောဆယ် မိန်းကလေး ၃ယောက်ပဲ ရှိတာ နောက် တယောက် တိုးလာပြီ ဆိုတော့ အဖော် ရတာပေါ့လေ လို့ တွေးပြီး ပျော်နေလိုက်တယ်။ မြန်မာ စကား ပြောသံကြားလို့ ကမန်းကတန်း စာအုပ်တွေ ကောက်သိမ်းပြီး အခန်း အပြင် ထွက်လိုက်တော့ ရွှေသက်နဲ့ စကားပြောနေတဲ့ လူတွေက တခါမှ မမြင်ဖူးတဲ့ ယောကျာ်းလေး နှစ်ယောက်။ အနားက တယောက်ကို လက်ထဲက စာအုပ်တွေ စီရင်း ဒီဖိုင်လေး ခဏ ကိုင်ပေးထားလို့ ရမလား လို့မေးတော့ လက်မပါဘူးလား တဲ့။ အလန့်တကြား မော့ကြည့်လိုက်မိတယ်။ ခင်ဗျားကလည်း ဆိုပြီး နောက်တယောက်က ပြုတ်ကျခါနီး ဖိုင်ကို လှမ်းယူ လိုက်တယ်။ ကျေးဇူးတင်ပါတယ် လို့ ကူညီတဲ့သူကို ပြောပြီး ကိုယ့်ကိုကိုယ် မိတ်ဆက် လိုက်တယ်။ စကားစပ်လိုက်တော့ ကိုယ့် အချစ်ဆုံး သူငယ်ချင်းရဲ့ အကိုဝမ်းကွဲ ဖြစ်နေတယ်။ နံမည်ကြားပြီး ရင်းနှီးနေတာ ငါးတန်းထဲက၊ အခုမှလူချင်း တွေ့ဖူးတယ်။ ရန်ကုန်သူနဲ့ မန္တလေးသား စကား အမျှင် မပြတ်နိုင်လို့ ဖုန်းနံပါတ် လိပ်စာ လဲကြတော့ အိမ်ချင်းကလည်း တဘူတာပဲ ကွာတယ်။ အော် တူတူပြန်လို့ ရတာပေါ့။

အိမ်ပြန်ရောက်တော့ ပုံ့ပုံ့ကို ဖုန်းဆက်ရင်း နေ့လည်က တွေ့ခဲ့ရတဲ့ လူသစ် နှစ်ယောက် အကြောင်း ပြန်ဖောက်သည်ချမိတယ်။ ရွှေသက်ပြောတဲ့ ကွန်ပြူတာ တက္ကသိုလ်က တယောက် ကိုတွေ့ပြီ၊ ငါတော့ လုံးဝ စိတ်မ၀င်စားဘူး၊ ငါ့ ဒီဇိုင်း မဟုတ်ဘူး လို့။ ယောကျာ်းဆို အသား ညိုညို မျက်ခုံး ကောင်းကောင်း ရင်အုပ် ကျယ်ကျယ် ကျားကျား လျားလျား မျိုးမှ ရင်ခုန်ဖို့ ကောင်းတာ လို့ စိတ်ကူးယဉ် ထားတာ။ ပုံ့ပုံ့က နောက်တယောက်ကရော တဲ့။ မန္တလေးသား ယဉ်ကျေးတယ် ကူညီတတ်တဲ့စိတ်ရှိတယ် လို့ ပြောပြလိုက်တယ်။

နောက် မြန်မာ ယောကျာ်းလေး နှစ်ယောက် ထပ်ရောက်လာလို့ ယောကျာ်းလေး လေးယောက် မိန်းကလေး သုံးယောက်ဖြစ်သွားပြီး အုပ်စုလည်း တောင့်သွားတယ်။ သိပ်မကြာဘူး သူငယ်ချင်းတွေ အသီးသီး အတွဲ ရကုန် ကြတော့ အတွဲ မရှိသေးတဲ့ သူတွေပဲ ကျောင်းမှာ စာလာ ကျက်ကြတယ်။ တနေ့ ဓါတ်လှေကား အလာ စောင့်နေတုန်း ဘယ်သွားမလို့လဲ တယ်လှပါလား တဲ့။ ထမင်းသွားစားမလို့ ဆိုတော့ သူလည်း စားမယ် ဆိုပြီး လိုက်လာတယ်။ ပြီးတော့ ပိုက်ဆံရှင်းလိုက်တယ်။ နောက်တခေါက် ကျ ပေးပေါ့တဲ့။ ဟုတ်ကဲ့ ပါပေါ့။ ကျောင်းကအပြန် လမ်းကူးတော့ ကားလာတဲ့ဖက်ကို သူ့လက်နဲ့ ကာတာ တွေ့လိုက်ပြီး ရင်ထဲ နွေးသွားတယ် (တကယ်ပြောတာ)။

စာမေးပွဲ ရက်တွေမှာ အိမ်ကို နေ့တိုင်း ဖုန်းဆက် ပြီး သတင်း မေးတော့လည်း ဒိုင်ခံ ဖုန်းပြော ရတာပေါ့။ စကားစပ် ကြည့်တော့ သိတဲ့သူချင်း တော်တော် များများ တူနေတယ်။ သူ့ အခင်မင်ဆုံး သူငယ်ချင်း ဆိုသူက ကိုယ့်ကို လေယာဉ်ကွင်း တောင် လိုက်ပို့ သေးတယ်၊ ဒါပေမယ့် ကိုယ်တို့ နှစ်ယောက်ကို မိတ်မဆက် ပေးလိုက်ဘူး။ နေ့လည် ထမင်းစား သွားတိုင်း သူချည်း ရှင်းတာ တနေ့တော့ ဘဏ်ထဲက ကျန်တဲ့ ၁၀ ဒေါ်လာကို သွားထုတ် လာသတဲ့။ သူ ချမ်းသာသမျှ အကုန် ကိုယ့်အတွက် ချသုံးတာ တစ်ခုတည်းနဲ့ ကိုယ့်အပေါ်ထားတဲ့ မေတ္တာ အတိမ်အနက် ကို မှန်းလို့ရတယ်လေ။ နောက်တခါ ရင်ထဲ နွေးသွားတယ်။

အဲ့ဒီ အချိန်က အနားမှာ သုံးနိုင် ဖြုန်းနိုင်လို့ မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ လူအချို့နဲ့ နှိုင်းယဉ် ကြည့်တော့ ဖွဲနဲ့ဆန်ကွဲပဲ။ တတ်တဲ့ ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တဲ့ သူ့ စိတ်ဓါတ် ကို သဘောကျတာ။ စေတနာတွေ ဂရုဏာ ထားတာတွေလည်း ပါတာပေါ့။ အသား ညိုညို မျက်ခုံး ကောင်းကောင်းတွေ လည်း မကြည့်မိတော့ပါဘူး။ ကိုယ့်ကို အတိအလင်း ချစ်ရေးဆိုတော့ တခွန်းထဲပဲ မေးမိပါတယ်၊ အိမ်ထောင်ရှိလား လို့။ ကလေး ၂ယောက် တဲ့။ Sogo စတိုးဆိုင်တစ်ခုလုံး လည်နေသလိုပဲ ခေါင်းတွေ မူးလာပြီး မျက်စိမျက်နှာ ပျက်သွားတဲ့ ကိုယ့်ကို ကြည့်ပြီး အားရပါးရ အော်ရီတဲ့ မျက်နှာကို တသက် မမေ့ဘူး။

16 comments:

Anonymous said...

ဘီလိုတွေလဲ နားမလည်တော့ဘူး...

ATN

ဇနိ said...

း)
ဖတ်ရတာကောင်းတယ်
ကိုယ့်တွေ့တွေလား မသိနော်

Anonymous said...

အယ် တကယ့်အဖြစ်လားဗျာ ။

Anonymous said...

ဒါနဲ့ပဲ.. အိမ်က မောင်ကြီးဖြစ်သွားရောလား။အဟဲ

အမွန် said...
This comment has been removed by the author.
Anonymous said...

ကိုယ်တွေ့လေး ရေးပါအုံး ပြောလို့ ရေးတာလား မီယာ။ စိတ်ကူးယဉ်သက်သက်ဖြစ်ပါသည်၊ တိုက်ဆိုင်မှု ရှိက ခွင့်လွှတ်ပါ ပြောအုံးမလို့လား။ ...လား၊ ...လား ? ? ?

khin oo may said...

ကိုအောင်သာငယ် .... basic နည်းနေပြီ.. ချစ်ကိုယ်တွေ့ရေးနေတာ ကောင်းကောင်းဖတ်သွားပါ။ ဇာတ်ရှိန်ပျက်တယ်။

tg.nwai said...

မီယာရေ..လက်မပါဘူးလား ပြောတဲ့ တစ်ယောက်လား..အဲဒီသူက။ ဒါမှမဟုတ် ယဉ်ကျေးကူညီတတ်တဲ့..မန္တလေးသားလား။ ကိုယ်တွေ.မှန်းသိသာပါတယ်..ဒါလေးတွေက ဘယ်တော့မှ မေ.ဘူး..ဟိဟိ..။

:P said...

ကလေး ၂ ယောက်ဆိုတာ နောက်တာမဟုတ်လား...။
မတီဂျီရဲ့ မေးခွန်းအတိုင်းမေးပါသည်။

ZT said...

ဒန်တန့်ဒန်။ ကောင်းခန်းရောက်မှ မီးပြတ်သွားတယ်။ :D

ksanchaung said...

“လက်မပါဘူးလား” တဲ့။ (အဟိ) ဟုတ်သားပဲ။ ခိုင်းတိုင်း လုပ်ရမှာလား။ ခိုင်းဖတ်ကြီးလို့ ဘေးလူတွေက ထင်ကုန်မှာပေါ့။

ကျွန်တော့်ကိုပဲ ကြည့်။ ဘယ်မိန်းကလေးနဲ့မှ ထမင်းစားဖို့ လိုက်မသွားဘူး။ ခေါ်ချင်လား၊ မခေါ်ချင်လားမသိ။ အနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ တော်ကြာ အရှက်မရှိ အတင်းလိုက်ရောနေတယ်လို့ ထင်သွားရင် ဘယ်လိုရှင်းမလဲ။ နောက်ဆုံး လိုက်သွားဖြစ်တယ်ပဲ ထားဦး။ ပိုက်ဆံထုတ်ရှင်းချိန်ကျရင် လက်တုန်တတ်တယ်။ ရှိုးတိုးရှန့်တန့်နဲ့ ရင်ခုန်တတ်လို့ပါ။ (ဟဲဟဲ)

ဒါပေမယ့် ဘာမဆို ပွင့်ပွင့်လင်းလင်းရှိတယ်။ “နင်တို့ ငါ့ကိုကြိုက်ရင် ငါ့မိန်းမကို ပြော။ သူသဘောတူရင် ငါ့သားကို ယူလိုက်” လို့ ကြိုပြောပြီးသား။ တော်ကြာ ခေတ်ကာလ ချာတိတ်မတွေက ပြောရတာ မဟုတ်ဘူး။ James Dean နဲ့တူတဲ့ ဦးလေးကြီးဆိုပြီး ရင်ခုန်နေကြဦးမယ်။ အားနာစရာကြီး။

nu-san said...

မီယာရေ.. ဘယ်တစ်ယောက်လဲဟင်.. “ရှင်းရှင်းပြောပါလား ~~ ခပ်ရှင်းရှင်းပြောကွယ်~~~”
ရင်ထဲ ၂ ခါတောင် နွေးသွားတယ်ဆိုတော့ ညီမလေး Heart ထိသွားတယ်ပေါ့.. ဆက်ရန်ရှိသေးလားဟင်.. ကိုယ်တွေ့မို့ တကယ်ဖတ်လို့ကောင်းတယ်.. အပိုင်း၂ ဆက်ရေးပါနော်... :)

ရွှန်းမီ said...

း-) မန်းသားကြီး ထင်ပါတယ်။ ခင်တတ်မင်တတ်ဖော်ရွေတတ် ကူညီတတ်. .. . ဟာသလည်း ပြောတတ်ပုံပဲ။ ဆက်ပါ . . .

May Moe said...

ဆက်ရန်စောင့်နေပါတယ်ဗျိုး

Anonymous said...

ဂိန်.. သေရောပေါ့ဗျာ အဲဒါကြောင့်ပြောတာ အပြောကောင်းတိုင်းလဲ မယုံနဲ့ သဘောကောင်းတိုင်းလဲ မယုံနဲ့
လို့ အမေကမှာထားတာပေါ့။

Anonymous said...

စိတ်ဝင်စားတယ် ဆက်ပါအုံးဗျို့