ဘီဘီစီ ကလာတဲ့ who do you think you are စီးရီးကို ကြည့်ရင်း စဉ်းစားမိတယ်။ ကိုယ့် ဘိုးဘွား ဘီဘင် တွေက ဘယ်သူတွေလဲလို့။ အဖေ့ အဖေနဲ့အမေ ကို မှီလိုက်ပေမယ့် သူတို့ရဲ့ ဆွေမျိုး မိသားစုတွေ အကြောင်း ဘာမှ မသိဘူး။ အညာက ဆိုတာပဲ သိတယ်။ အမေဘက် ကျပြန်တော့လည်း အဖိုးက ကိုယ်တို့ အမေ မင်္ဂလာ မဆောင်ခင် ကတည်းက ဆုံးသွားတာ ဆိုတော့ အဖွားပဲ မှီတယ်။ အဖွားက သူ့ဘ၀ ဇာတ်ကြောင်းတွေ တခါတလေ ပြောပြလို့ တချို့တ၀က် သိရပါတယ်။ အဖိုး အဖွားတွေ ရဲ့ အဖေ အမေ တွေ က ဘယ်သူတွေလဲ၊ ဘယ် အရပ်ဒေသ ကလဲ၊ ဘာ လုပ်ကိုင် စားသောက်ကြလဲ၊ မောင်နှမ သားချင်း ဘယ်နှစ်ယောက် ရှိလဲ၊ ဘယ် ဘာသာ ကိုးကွယ်လဲ၊ သိချင်တာတွေက အများကြီး။ မေးဖို့ ဘယ်သူမှ မရှိတော့ သလောက်ပဲ။ အမေဘက်က အဖိုးနဲ့ အဖွားဆို သူတို့ သူငယ်ချင်း ဆွေမျိုးတွေ ပြောတာသာ မကြားဖူးရင် သူတို့ လူလတ်ပိုင်း အရွယ် ဘ၀ အခြေအနေက ကိုယ်တို့ သိတဲ့ အဖိုးအဖွား လက်ရှိ ဘ၀ အခြေအနေနဲ့ တခြားစီ။ အဖွားက တခါမှ ပါးစပ်က ထုတ်ဖော် မပြောပေမယ့် သူ့သား တယောက်က မွေးစားတာဆိုတာ သူများတွေ ပြောလို့ ကြားဖူးပါတယ်။ မြေနီကုန်းမှာ နေတုန်းက အိမ်နီးနားချင်း အမျိုးသမီးရဲ့ ဒုက္ခကို ဖြေရှင်းဖို့ အဖွားတို့က အဲ့ဒီ ကလေးကို မွေးစားလိုက်တယ်တဲ့။ တကယ်သာ မှန်ခဲ့ရင် ကိုယ်တို့ ဦးလေးလို့ မှတ်ယူထားတဲ့ သူက သွေးသား မစပ်တဲ့ သူစိမ်း တယောက် ဖြစ်နေမှာပေါ့။ သူ့ သားသမီး တွေကလည်း ကိုယ်တို့ရဲ့ တ၀မ်းကွဲ မောင်နှမတွေ မဟုတ်တော့ဘူး။ မိသားစု စက်ဝိုင်း တခုလုံး ဗြောင်းဆန်ခတ် သွားနိုင် လောက်တဲ့ ကိစ္စမျိုး ဖြစ်နိုင်တယ်။ တွေးရင်း နဲ့တောင် ကြက်သီးထတယ်။
ကိုယ့် အမျိုးသားဆို သူ့အဖိုးအဖွား အားလုံးကို နာမည်တောင် မသိဘူးတဲ့။ သူ့အမေရဲ့ ဘ၀ ဇာတ်ကြောင်း ကလည်း ရုပ်ရှင်ဇာတ်လမ်း ရိုက်လို့ရတယ်။ မွေးသမျှ သမီးတွေချည်း ဖြစ်နေလို့ ပေးပစ်တာ အားလုံး တယောက်တကွဲစီ ဖြစ်ကုန်သတဲ့။ သမီး အကြီးဆုံး ကတော့ သူ့ ညီမလေးတွေ ဘယ်အိမ် ရောက်သွားလဲ ဆိုတာ မှတ်ထားတယ်။ အရွယ်ရောက်တော့ အဲ့ဒီ အမ အကြီးဆုံးက လိုက်ရှာပြီး ညီအမ တတွေ ပြန်ဆုံ ကြရတာတဲ့။ မွေးစားတဲ့ မိသားစုအလိုက် အကျင့်စရိုက် ဘာသာ ပညာ အဆင့်အတန်း ကွဲပြား ကုန်ကြတယ်။ ဒါပေမယ့် ညီအမ တတွေ ရုပ်ချင်း အတော်ဆင်ကြတယ်။
ကိုယ်တို့ ကလေးများ ရှိလာလျှင်လည်း သူ့ဇာတိ အရင်းအမြစ်ကို သိချင်ရှာမှာပဲ လို့တွေးမိတယ်။ နိုင်ငံရပ်ခြားမှာ မွေးတဲ့ ကလေးတွေအတွက် ကိုယ့်မိဘရဲ့ ဇစ်မြစ်ကို သိရအောင် family tree သို့မဟုတ် family history ကို တနိုင် လုပ်ထား သင့်တယ် လို့လည်း တွေးမိတယ်။ သူတို့ generation အတွက် ဆို ကိုယ်တို့ ပြောသမျှက ၀တ္ထု ဇာတ်လမ်း လိုဖြစ်နေမလားပဲ။ မိသားစု ရာဇ၀င်ကိုတော့ စိတ်ဝင်စားမယ် လို့ မျှော်လင့်ရတာပဲလေ။

11 comments:
ဟုတ်တယ်နော်။ကိုယ့်မိသားစုရာဇ၀င်ဆိုတာလိုအပ်တယ်။
ဟုတ်တယ် စိတ်ဝင်စားစရာဘဲ. နိုင်ငံခြားမှာဆိုရင် သေချာဆွဲတယ်တယ်ပြောတယ်။ family tree
အဖေဘက်က အဘိုးလေးတစ်ယောက်က Family tree ဆွဲထားတယ်လို့ သူ့သမီးတွေပြောဖူးတယ်..။ ရန်ကုန်ရောက်ရင် ကူးယူထားဖှို အကြံကောင်းရသွားတယ်...။
ဒီမှာက surname သုံးတော့ နောက်ကြောင်း ပြန်လိုက်လို့ လွယ်သေးတယ်ဗျ... ကျနော်တို့ဆီမှာကတော့ အမျိုးတွေကို လိုက်မေးမှပဲ သိရမှာ... မျိုးဆက် ၄ ဆက်လောက်ပဲ သိကြတာများတယ်လေ... အမှန်တော့ family tree ရှိထားဖို့ကို လိုအပ်ပါတယ်...
ATN
အဲဒီ အစီအစဉ် ကျမလဲ စိတ်ဝင်တစားကြည့်ဖြစ်တယ်။ ခက်တာက- ဗမာလူမျိုးတွေမှာ မိသားစု နံမယ်မရှိတာရယ်။ ဆွေစဉ်မျိုးဆက်ကိုလည်း အများဆုံး ၃ဆက်ထက် ကျော် မမှတ်နိုင်တာရယ် ( ပါးစပ်နဲ့ ပဲ ပြောကြ ဆိုကြတာ ဆိုတော့လေ) ကြောင့်၊ မလွယ်ဘူး။ နောက်သူတို့တွေမှာ မိသားစု မှတ်တမ်းမရှိရင်တောင် national archives ဆိုတာမျိုးတွေမှာ ရှာလို့ရတယ်။ ကျမတို့မှာ မှတ်ပုံတင်ရုံး လူဝင်မူ ဌါနာ သွားရှာရင် ပေးမဲ့ပုံ မရှိ။
အဲဒီလိုလေး မှတ်မှတ်သားသား family tree ဆွဲထားရင် ကောင်းမှာပဲ။ တို့တော့ ၂၀မ်းကွဲလောက်ထိပဲ သိတော့တယ်။ ဒါတောင် အစုံ မသိဘူး။ သိချင်စိတ်လဲ ဖြစ်တယ်။ ဒါပေမဲ့ ပြောပြမဲ့လူတွေလဲ မရှိတော့ဘူး။ တကယ်က မှတ်တမ်းမှတ်ရာ အားနည်းတာကြောင့်ပါပဲ။
အမျိုးသားရဲ့ ဇာတ်လမ်းကလဲ စိတ်ဝင်စားဖို့ ကောင်းတယ်။ သဘောတူတယ်ဆိုရင် နားထောင်ရအောင် မျှပါအုံး။
“မြေမျို၍လူမျိုးမပျောက်၊ လူမျိုမှလူမျိုးပျောက်မည်” ဆိုသလိုပဲနော်။
ဒါနဲ့ ခုမှရောက်ဖြစ်တယ် မမီယာ။ ဘလော့ဂ်ပြင်လို့ ရတဲ့အချိန်လင့်ခ်ထားလိုက်မယ်နော်။
ဟုတ်တယ်နော်..။ နောင်လာနောင်သားတွေ ကိုယ့်သမိုင်းကိုယ်သိအောင်တော့ လိုတယ်ထင်တယ်။ တခါတခါ လူကြီးတွေပြောနေရင် ခေါင်းကို နောက်နေတာပဲ..
သူတို့အချင်းချင်းတောင် ငြင်းခုန်နေကြသေးတယ်...။
မီယာ့အမျိုးသားရဲ့ ဇာတ်လမ်းကလည်း ၀တ္ထုတွေထဲကလိုပဲနော်..။
ဟုတ်တယ်ဗျ ကျနော်တို့ မြန်မာတွေ အတွက် ဖမ်မလီ ဟစ်စရီ
တကယ်ကို လိုတာဗျ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့မှာက
ဖမ်မလီနိမ်းရယ်လို့ မရှိဘူးလေဗျာ နေ့နံကိုကြည့်ပြီး သင့်သလို
နာမည်ပေးကြတဲ့ဓလေ့ကြောင့် နာမည်တူတွေ အတော်များတယ်ဗျ
အစ်မမီယာပြောမှ ဆွေစဉ်မျိုးဆက် ပြန်စဉ်းစားကြည့်မိတယ်။ အဘိုး၊ အဘွားထိပဲ သိတယ်။ အိမ်ပြန်မှ မေးကြည့်အုံးမှပါ။
ဝေးးး နည်းနည်းသိတယ်။ မေမေ့အဘိုးအဘွားနဲ့ အဖေ့အဘိုးအဘွားထိသိတယ်။ အဟိ.. မဆိုးသေးဘူး။
mm
Post a Comment