Thursday 29 January 2009

၁၆ - ၁၈

ဒီနေ့ ရုံးမှာ criminal record bureau check လုပ်ဖို့ ပြောလာလို့ စဉ်းစားမိတဲ့ ၁၆ - ၁၈ နှစ်တွေ အကြောင်း ရေးမိတာပါ။ ဒီ အရွယ်က hot list ထဲမှာ ပါတယ် လို့ ဆိုရ မလား။ ဘာလုပ်လုပ် ၁၈ နှစ်အောက်ဆို စည်းကမ်းက တမျိုး၊ သူတို့ သင်တန်း တက်မယ်ဆို ခွင့်ပြု ချက်တွေ အဆင့်ဆင့် ယူရတယ်၊ မေးခွန်းတွေ တသီကြီး ဖြေရတယ်၊ ပို့ချ သူကလည်း စစ်ဆေးမှုတွေ ခံယူရတယ်။ အရွယ် မရောက်သေး သူတွေ မို့ လူကြီး လို့ ယူဆ လို့မရ ၊ ကလေး လေးတွေလည်း မဟုတ် တော့တဲ့ ကြား အရွယ်တွေ။ လူကြီး တွေနဲ့ တန်းတူ ခံစားခွင့် သူတို့မှာ မရှိပါဘူး။ ဥပမာ သူတို့က နာရီပိုင်း လုပ်အားခ ဆို လျော့ရပါတယ်။ လူကြီးတွေ မရတဲ့ အခွင့်အရေးမျိုးတွေ တော့ သူတို့ တပုံကြီး ရပါတယ်၊ အထူးသဖြင့် ပညာရေးပါ။

ပုံမှန် အားဖြင့်တော့ ၁၅ နှစ်အထိ အထက်တန်းကျောင်း တက်နေရတာပါ။ တချို့က ကျောင်း ဆက်မတက်ဘဲ အလုပ်ဝင် ပါတယ်။ တချို့ကျတော့လည်း ဟိုမရောက် ဒီမရောက် ကျောင်းလည်း မတက် အလုပ်လည်း မလုပ်ဘဲ ဝေလေလေ လုပ်နေကြပါတယ်။ ဒီဝေလေလေ not in education, employment or training (NEET) အုပ်စုအတွက် အစိုးရက နောင်ရေး စဉ်းစားပြီး သီးသန့် ဘတ်ဂျက်တွေ ချပေးပါတယ်။ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ အတွက် ချပေးတဲ့ များစွာသော စီမံကိန်း များထဲက တစ်ခုပေါ့။

သူတို့ အတွက် နောင် အသုံးဝင်နိုင်မယ့် သင်တန်းတွေ တက်ဖို့၊ စာမေးပွဲတွေ ဖြေဖို့ အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ခက်တာက အဲ့ဒီ NEET အုပ်စုဝင် ၁၆-၁၈ နှစ် အရွယ် ပုဂ္ဂိုလ်တွေက ဒါတွေကို စိတ် မ၀င်စားတာပါပဲ။ သူတို့က စာသင်ခန်းတွေကို မုန်းလို့ ကျောင်းထွက်တယ်၊ စာမေးပွဲ ဖြေဖို့ မပြောနဲ့ စာဆို လုံးဝ မကြည့်ချင် ဆိုတဲ့ ပုံစံ။ ကျောင်းတွေ အဖွဲ့အစည်း တွေကလည်း အစိုးရ ချပေးထားတဲ့ ငွေတွေ သုံးဖို့၊ ကျောင်းသား ဦးရေ ပြည့်ဖို့ ဒီ NEET အုပ်စုကို ရှာရတယ်။ လုံးဝ မလွယ်ပါဘူး။ အလုပ်ချပေးတဲ့ ဌာနက လူတွေက အချိန် မလေးစားတဲ့ သူတွေ လို့ ညည်းတယ်။ ချိန်းတိုင်း ပျက်လို့။ သင်တန်း စီစဉ်သူတွေ ကလည်း ခဏခဏ ခံရပေါင်း များပြီတဲ့။ ဆရာတွေ ကလည်း ဒီအုပ်စုဆို နှာခေါင်းရှုံ့တယ်။

ကိုယ်လည်း ထဲထဲဝင်ဝင် မသိရခင်က ရောပြီး သံယောင်လိုက်မိပါတယ်။ ဒီကလေးတွေ နဲ့ သေချာ စကား ပြောကြည့်တော့မှ သူတို့ ဘ၀တွေက ကိုယ်တို့ ထက်တောင် ကြမ်းတမ်း ပါတယ်။ ကလေး တယောက်ကို မှတ်ပုံတင် တောင်းတော့ မရှိဘူး၊ အာမခံ နံပါတ်လည်း မရှိဘူး၊ မိသားစုနဲ့ ကွဲနေပြီး သူ့ကို နေရာ မျိုးစုံ ရွှေ့လွန်းလို့ ဒီ နံပါတ် ရဖို့ မတိုင်ခင်ပဲ နောက် တနေရာ ထပ် ပြောင်းရ တယ်တဲ့။ နောက်တယောက် ကြည့်လိုက်တော့ ဖြူဖြူ ဖွေးဖွေး နုနုလေး၊ ထောင်ထဲ သွားရ တော့မယ်တဲ့။ သူ့ သူငယ်ချင်းတွေက ထောင်ထဲ ရောက်တာနဲ့ ပထမဆုံးက မုဒိန်းကျင့် ခံရတာပါပဲလို့ ပြောပြ နေကြတယ်။

ကိုယ်ကတော့ သူတို့နဲ့ စကား ပြောဖြစ်တိုင်း ၁၈ နှစ် ကျော်သွားလျှင် ဘာမဆို အလကား မရနိုင်တော့တဲ့ အကြောင်း၊ အနာဂတ် အတွက် ၁၈ မပြည့်ခင် အရာထင် အောင် လုပ်ထားဖို့တွေ ပြောပေမယ့် တွေ့ရတဲ့ သူ တော်တော် များများက လူဆိုး စာရင်းဝင် တွေ ဖြစ်နေ ပြန်တယ်။ တကယ်တော့ ၁၆ - ၁၈ ဆိုတာ ထိခိုက် ရှလွယ်တဲ့ အရွယ် တွေမို့ တည့်တည့် မတ်မတ် လျှောက်နိုင်အောင် ထိန်းကျောင်း လမ်းပြ ပေးမယ့် သူ လိုတယ် လို့ ထင်တာပဲ။ ကိုယ် သူတို့ အရွယ်တုန်းက ရော ဘယ် နားမှာ ဘာလုပ် နေပါလိမ့်။

20 comments:

khin oo may said...

စာကျက်ရတာပေါ့။ မေးနေရသေးလား.။

Anonymous said...

၁၆နဲ့ 18နှစ်နဲ့ ကြား၊ ၁၈နှစ်မတိုင်ခင်ကလား ဆယ်တန်းဖြေပြီးလို့ ရန်ကုန်မြို့မှာ
ဖွင့်သမျှ သင်တန်း အကုန်လိုက်တက်တယ်။ ကာတွန်းတွေ၊၀တ္ထုဖတ်တယ်။
ကလေးလိုလို အပျိုလိုလို ဟိုမကျ၊ ဒီမကျနဲ့ စတိုင်လ်တွေထုတ်ပေါ့။
mm

Anonymous said...

၁၆ နှစ် ၁၈နှစ် အသည်းလှုပ်ရှားလွယ်.. ဆိုလား ချိုပြုံးဆိုတာ ကြားဖူးတယ်။ အော်..သူတို့အစိုးရများ ဒီလို လူငယ်လေးတွေအတွက် NEET ပရောဂျက်က သပ်သပ်ရှိသေးတာနော်။ ကောင်းလိုက်တာ။ အခုလို ဗဟုသုတတွေ မျှပေးတာ ကျေးဇူးတင်လိုက်တာ။ သူတို့ အတုယူတတ်ရင် သိပ်ကောင်းမှာပဲ။

MANORHARY said...

တို့တွေရဲ့အဲဒီအချိန်ကာလကြီးဘယ်နားမှာပျောက်ကျသွားတယ်ဆိုတာပြောပြ
လိုက်ပါချိုသင်းရယ်...း)

ဇနိ said...

၁၆ နဲ့ ၁၈ ကြားမှာ အိမ်အလုပ်ကူလုပ်၊ ဂိုက်ဒ်လုပ်ပေါ့
း)
ကျနော်တို့ဆီလည်း အဲသလိုတွေ အများသားပါလေ...

ဇနိ said...

ဂိုက်ဒ်ဆိုတာ ၁၀ တန်းကျောင်းသားကို ဂိုက်ဒ်လုပ်တာနော် တော်ကြာ တိုးဂိုက်တွေထင်နေဦးမယ်း)

Welcome said...

အဲဒီအချိန်တုန်းက ဆယ်တန်းအောင်ပြီးစ ဆိုတော့ စိတ်ဓာတ် တက်ကြွနေတဲ့ အချိန်ဖြစ်တယ်။ ခေါ်သမျှ အစိုးရအလုပ်တွေ လျှောက်တယ်၊ လျှောက်တိုင်းလည်း ၁၈ နှစ်မပြည့်သေးလို့ အလုပ်မရဘူး။ ပြင်ပဗဟုသုတတွေ ကြွယ်ဝတဲ့ အချိန်လည်း ဖြစ်တယ်။ အားကစားမှာဆိုလည်း top ပါပဲ။ အစ်မပို့စ်ကို ဖတ်ကြည့်တော့ တစ်ယောက်နဲ့ တစ်ယောက် အခြေခံ အကြောင်း တရားတွေ မတူညီတော့ ရောက်ရှိနေတဲ့ ဘ၀အခြေအနေလဲ ကွဲပြားနိုင်တာပေါ့နော်။ ကိုယ်က အေးအေးဆေးဆေးနဲ့ ပညာသင်ယူနေနိုင်ပေမယ့် တစ်ချို့ကျ တော့ မိသားစုအရေးကြောင့် နှောင့်နှေးတာတွေလည်း ရှိကြမှာပါ။ စာနာနားလည်ပေးနိုင်ပါတယ်။
ပို့စ်အတွက်ကျေးဇူးပါ။
လေးစားလျက်
ဝင်းဇော်

Anonymous said...

ကျူရှင်လိုက်နေရတဲ့ အချိန်ဖြစ်မယ်။ ဘာမှ သိပ်နားမလည် သေးတဲ့ အချိန်ပါ။ အရာရာ အိမ်ကို လက်ဖြန့်တောင်းနေတာပဲ သိတယ်။

ZT said...

၁၆-၁၈ က နိုင်ငံခြားမရောက်ခင် ရသမျှ အချိန်ကလေးမှာ ကောင်မလေး တစ်ယောက်ကို အသည်းအသန် ပိုးနေတာပေါ့။ :D

မြရွက်ဝေ said...

၁၆ - ၁၈ မှာ ဆယ်တန်းအောင်ပြီး ဂိုက်လုပ်လိုက် အမေ့ရဲ့ TTMY လုပ်လိုက်နဲ့ တက္ကသိုလ်တွေဖွင့်နိုးကို မျှော်နေခဲ့တယ်။ နယ်မှာဆိုတော့ ဘာသင်တန်းမှ ဟုတ်တိပတ်တိမရှိပါဘူး။

Anonymous said...

ရတာမလို လိုတာမရပါ့လား။ လိုအပ်နေတဲ့ကလေးတွေမှာ ထောက်ပံ့ကြေးမရှိဘူး။ မလိုချင်တဲ့ကလေးတွေမှာ ထောက်ပံ့တာတွေရှိတယ်။ သူတို့စနစ်ကို အားကျမိပါတယ် အမရယ်။ ဆယ်တန်းအောင်စ ၁၇ နှစ်ကတော့ အနှစ်သက်ဆုံးအချိန်လားမသိ။ ခုထိလည်း ကိုယ့်ကိုယ်ကိုယ် ၁၇ ပဲ ထင်နေတာ ခက်တယ်။

Anonymous said...

ဆယ်တန်းအောင်တော့ ၁၆နှစ်မပြည့်သေး (ကြွားတာဟီး)
အောင်ပီးလတ်လျားလတ်လျား ရှိသမျှသင်တန်းလိုက်တတ် လမ်းသလား
အိမ်ကလမ်းများတာမကြိုက် ဒါနဲ့ ၁၆နှစ်ပြည့်တဲ့နေ့မှာ အစိုးရအလုပ်တခုမှာ သွင်းထည့်လိုက်တော့ ဘဝဆိုတဲ့ခရီးထဲ ရောက် ။ဒါပေမဲ့ ပျော်စရာကြီး ပေါင်းသင်းဆက်ဆံရေးမတတ်သေးတာလေးတခုပဲ။ အားလုံးက ကျောင်းပိတ်ထားတော့ အဲ့မှာ အကိုကြီးအမကြီးတွေနဲ့ ပျော်စရာကြီး စားလိုက်သွားလိုက် ကစားလိုက် ။ အငယ်ဆုံးဆိုတော့ အလိုလိုက်ကြတော့ အလုပ်လုပ်နေတာနဲ့မတူဘူး။ ဟီးဟီး ပျော်ခဲ့ရတယ်။၂နှစ် ခွဲလောက်လုပ်ပီး တက္ကသိုလ်ဖွင့်တော့ တက် ။ တကသိုလ်တက်တော့ ၁၈ နှစ် ထပ်ပျော် ..ဟီး ..အသက် ၂၅ ကနေ မကြီးချင်ဘူး ...
မြတ်နိုး

MrDBA said...

ဖတ်သွားတယ် မှတ်သွားတယ် ၁၆ နှစ်ပြန်ဖြစ်ခြင်လိုက်တာ။ အိ

တန်ခူး said...

ညီမရေ… မှတ်သားစရာလေးတွေ ဝေမျှပေးတဲ့ အတွက် ကျေးဇူးပါ… ၁၆-၁၈ အရွယ်က စူးစမ်းစမ်းသတ်ချင်တဲ့အရွယ်… စိတ်လှုပ်ရှားလွယ်တဲ့အရွယ်… မိဘတွေကတော့ဆိုတယ်… အဲဒီအရွယ် အထိန်းရအခက်ဆုံးတဲ့… အဲဒီအရွယ်တုန်းကလား… ကျောင်းမှာ လုပ်အားပေးဆရာမလုပ်တယ်.. ပြီးတော့ ထုတ်ဆီးလဲတိုးသေးတယ်… ပြီးတော့…အင်း…အချစ်ဝတ္ထုတွေလဲ ခိုးဖတ်နေပြီ…

May Moe said...

ဆယ်တန်းအောင်ပြီး LCCI တက်ရင်း ဆိုင်ဝိုင်းထွက်ပါတယ် :)

Anonymous said...

စိတ်ညစ်စရာတွေဖတ်သွားတယ်ဗျာ ဘာမှတော့ မပြောချင်တော့
ဘူးဗျာ ပြောရင် နိုင်င့ရေးတွေ ပါလာမယ်ဗျာ။

မမသီရိ said...

ညီမရေ...အစိုးရက..Project တွေချပေးတာ..သိပ်ကောင်း တယ်..
ဒါပေမဲ့ သူတို့ တကယ်လိုအပ်နေတာ က..မေတ္တာ တွေ ဖြစ်ချင် ဖြစ်နေမှာ..
နောင် ကြုံ ရင် မေး ကြည့် ကြည့်ပါ...အဲဒီ ကလေး အများစု ဟာ..
သေသေချာချာ ချစ်ခင်ခံ ခဲ့ ရတဲ့သူတွေ မဖြစ်နိုင်ဘူး...
အဲဒီ adolescent တွေ က...လူတစ်ယောက်ရဲ့ ဘ၀ အပြောင်းအလဲ ..မျဉ်းကျားလေး တစ်ခု ကိုး.....အရာ တော်တော် များများ..ပြောင်းလဲ သွား နိုင်တယ်...... အထိရောက်ဆုံး ကုသ မှု က တော့..နွေးထွေးတဲ့..မိသားစုနဲ့ သူငယ်ချင်း မိတ်ဆွေ တွေ ရဲ့ မေတ္တာ ပဲ..
တို့ မြန်မာတွေ အများစု က...တော့...မိသားစု ရဲ့ ချစ်ခြင်းမေတ္တာတွေ.
ရခဲ့ ကြတယ်....တို့တွေ မြန်မာ ဖြစ်ရတာ ..တကယ် ကံကောင်းတာပါ..
..........

ksanchaung said...

ကျောင်းသုံးနှစ်ပိတ်လို့ ဝေလေလေလုပ်နေတဲ့ အချိန်ပေါ့။

မီယာ said...

ကော်မန့်တွေ အားလုံးအတွက် ကျေးဇူး အထူး တင်ပါတယ်။ အဲ့ဒီအရွယ်က ဘယ်လောက် ဖြတ်သန်းရ ခက်သလဲဆိုတာ ကိုယ်တွေ့ပါပဲ။ ကျွန်မလည်း 16-18 အရွယ်မှာ ကျောင်းတွေ ပိတ်လို့ ယောင်ခြောက်ဆယ်ပေါ့။ အိမ်က ထွက်ပြေးချင်စိတ်တွေလည်း မကြာခဏ ပေါက်တယ်။ သူငယ်ချင်း တော်တော် များများကတော့ အိမ်ထောင် ကျကုန်တယ်။ အဲ့ဒီ အချိန်တုန်းက အသက် 25-30 အရွယ်တွေကို အားကျတယ်။ အတည်တကျ ဖြစ်နေလို့လေ။

Sonata Cantata said...

၁၆-၁၈ ကိုပြန်စဉ်းစားတော့ အမှုမဲ့ အမှတ်မဲ့ သမားရိုးကျ ကုန်လွန်ခဲ့တယ်လို့ပဲ ဆိုရတော့မယ်။ အရွယ်နဲ့ လိုက်ဖက်တဲ့ ရှိသင့်ရှိထိုက်တဲ့ အသိတရားရှိမနေခဲ့ဘူး လို့ ကောက်ချက်ချမိတယ်။ တဆက်တည်းမို့ ရင်ဖွင့်ပါရစေ အဲ့ဒီ အရွယ်ကမှ မဟုတ်ဘူး အခုထိ လည်း လောကအကြောင်း၊ လူတွေအကြောင်း နဲ့ ပတ်သက်လာရင် ကိုယ့်ကိုကိုယ် lagging ဖြစ်တယ်လို့ ငါနဲ့ငါပဲ ၀ိရောဓိတွေ ဖြစ်ပြီး မသက်မသာ ခံစားရတဲ့ ဝေဒနာတွေကြောင့် ဘလော့ဂ်ရွာထဲမှာ ခြေဦးတည့်သလို သွားနေတယ်။