Sunday 1 February 2009

ebay ဈေးဝယ်သူ

သူငယ်ချင်းက အညွှန်းကောင်းတာနဲ့ ebay မှာ ဈေးဝယ် ဖြစ်တာပါ။ ဈေးမ၀ယ်ခင် account ဖွင့်ရပါတယ်။ ဈေး စ ၀ယ်တော့မယ် ဆိုပါစို့။ ၀ယ်ချင်တဲ့ ပစ္စည်းကို အတိအကျ သိလျှင်တော့ search မှာ ရိုက်ထဲ့ လိုက်ရုံပါပဲ။ မသိ လျှင်တော့ အမျိုး အစား အလိုက် ရှာလို့ ရပါတယ်။ ဥပမာ အမျိုးသမီး လက်ကိုင်အိတ်၊ မော်တော်ကား၊ ကလေး ဖိနပ်၊ မိုးကာ အင်္ကျီ စသဖြင့်ပါ။ ပိုက်ဆံ ချေဖို့ နည်းတွေ အမျိုးမျိုး ရှိတာမို့ ကိုယ် သုံးချင်တဲ့ နည်းရွေးပြီး ငွေချေ ရပါတယ်။ ebay မှာ အစုံ ရောင်း/၀ယ်လို့ ရတယ်လို့ ကြားဖူးတဲ့ အထဲမှာ ကျွတ်ကျွတ်အိတ် အရောင်း အ၀ယ် ဖြစ်တာရယ် ဘရစ်တနီစပီးယားရဲ့ ပီကေ ရောင်း တာ ရယ် ကိုယ့် မိန်းမကို လေလံ ပစ်တဲ့ ယောကျာ်း ရယ် ကတော့ မကြုံစဖူး ထူးတယ်လို့ ပြောရ မှာပါ။

ပထမဆုံး ebay မှာ ၀ယ်ဖြစ်တာကတော့ အနွေးအင်္ကျီပါ။ မထိ မကိုင်ရဘဲ မြင်ရတဲ့ အတိုင်း လှတယ် ထင်ပြီး ၀ယ်မိ တာပါ။ ရောက်လာတော့မှ အင်္ကျီက ၀တ်လျှင် ယားတဲ့ အမွှေးပွ မျိုး ဖြစ်နေတယ်။ တချို့ ပစ္စည်း တွေက ရောင်းဈေး တခါတည်း သတ်မှတ် ထားပြီး ဖြစ်သလို တချို့ကတော့ လေလံ ပစ်ရတာပါ။ ကိုယ် ပေးနိုင်တဲ့ အမြင့်ဆုံး ဈေးကို ရိုက်ထဲ့ ထားလိုက် ပါတယ်။ တခြား လေလံ ၀င်ဆွဲသူ မရှိလို့ ကတော့ ရောင်းသူရဲ့ အနည်းဆုံး ဈေးနှုန်းနဲ့ ပစ္စည်းကို ရပါတယ်။ အနွေးအင်္ကျီ ၀ယ်တုန်းက ကြမ်းခင်းဈေးက ၉၉ပြား။ ကိုယ်က ကြိုက်တော့ သူများဆီ ပါသွားမှာ စိုးလို့ ၁၀ ကျပ်နဲ့ ၁ ပြား ပေးထား လိုက်ပေမယ့် ၀ယ်သူက ကိုယ် တယောက်တည်း ရှိတာမို့ ၉၉ ပြားနဲ့ ရလိုက် ပါတယ်။

ဝယ်သူ တွေ များ နေလျှင် သတိ ထားပြီး ကိုယ် ပေးတဲ့ ဈေးက သူများထက် မနည်းအောင် ပေးရပါတယ်။ သူများတွေ ဘယ်လောက် ပေးထားလဲ ဆိုတာ မသိ နိုင်တာမို့ ကိုယ် သိပ် လိုချင်တဲ့ ပစ္စည်း ဆိုလျှင်တော့ တတ်နိုင် သလောက် အများဆုံး ဈေး မှန်းပြီး ပေးထား လိုက်ပါတယ်။ တခါက စီတီဇင် နာရီ အဟောင်းတလုံး ၀ယ်ဖို့ ကြိုးစားတာ ပြား ၇၀ နဲ့ ကပ်ပြီး ရှုံးသွားလို့ မကျေ မချမ်းနိုင် ဖြစ်ရသေးတယ်။ နောက် ဖြစ်တတ်တဲ့ အန္တရာယ် ကတော့ လောဘ တက်ပြီး ဈေးပို ပေးမိ တာပါ။ မသမာတဲ့ ရောင်းသူ များလည်း ရှိတာမို့ ကိုယ့် စိတ်ကို နိုင်ဖို့ လိုပါတယ်။ ၀ယ်သူ အယောင်ဆောင် အိုင်ဒီ အမျိုးစုံနဲ့ လေလံပစ်သူတွေ များနေ သယောင် ဈေးပို ရအောင် လုပ်တတ်လို့ပါ။

ebay မှာ ဈေးဝယ် တာ လည်း အပြင် မှာလိုပဲ စိတ်ချ ရတဲ့ ဈေးသည် ဆီကပဲ ၀ယ်ချင် ပါတယ်။ ဒါကြောင့်လည်း ရောင်းသူရဲ့ positive feedback ဘယ်လောက် ရှိလဲ၊ ဘယ်နိုင်ငံ၊ မြို့ ကလဲ ဆိုတာ စစ်ဆေး ပြီးမှပဲ ၀ယ်ဖြစ်ပါတယ်။ တချို့ ကလည်း ပို့ခ ကို များများ ယူထား တတ်လို့ ကြမ်းခင်းဈေး က နည်းပေမယ့် ပို့ခနဲ့ ပေါင်းလိုက်လျှင် ဈေး များ သွား တတ်ပါတယ်။ ဖန်စီနားကပ် လိုဟာမျိုး ၀ယ်မယ်ဆို ပို့ခ ဘယ်လောက်လဲ လို့ သတိထား ကြည့်ရ ပါတယ်။ ၀ယ်သူထဲ မှာလည်း မရိုးသား တဲ့ သူတွေရှိလို့ ပိုက်ဆံကို တခါတည်း ချေဖို့၊ paypal နဲ့ပဲ လက်ခံတာတို့ လည်း ရှိတတ် ပါတယ်။ ၀ယ်သူ ကိုလည်း ရောင်းသူ တွေက feedback ပေးရ ပါတယ်။ နှစ်ဦးနှစ်ဘက် ကျေနပ်စေဖို့ ebay က ဒီလို စနစ်တွေ ထားတာ ဖြစ်မှာပါ။ ဓါတ်ပုံ ကြည့်ပြီး ၀ယ်ရတာမို့ မရှင်းတာရှိလျှင် ရောင်းသူကို အီးမေးလ် ပို့ပြီး မေးလို့ ရပါတယ်။ ရောက် လာ ပြီး မှ မကြိုက် လျှင်လည်း ပြန်ပေး လျှင် တချို့ ဈေးသည်တွေ က လက်ခံပါတယ်။ ပို့ခတော့ ကုန်မယ် ထင်တယ်။

ebay မှာ အဟောင်းရော အသစ်ပါ ရောင်းတာမို့ ကိုယ်ကြိုက်တာ ရွေးဝယ်ရုံပါပဲ။ လမ်းမလျှောက် ချင်တဲ့ သူတွေ အတွက် တထိုင်တည်းနဲ့ ကြိုက်တာ အမျိုးစုံ ၀ယ်လို့ ရပါတယ်။ နံမည်စုံ ဆိုဒ်စုံ အရောင်စုံ ရှိတဲ့ ပစ္စည်း ဈေးဆိုင်မှာ ခင်းထား သလိုပါပဲ။ ၀ယ်ထားပြီး ပစ္စည်း ရောက်မလာခင်တော့ နဲနဲ ပူပင် ရတာပေါ့။ ရောက်လာပြီး ကိုယ် မြင်ထား ထင်ထား သလို မဟုတ် ပြန်လျှင်လည်း စိတ်ရှုပ် အလုပ်ရှုပ် နိုင်ပါသေးတယ်။ လူတကိုယ် အကြိုက်တမျိုးပေါ့နော်။

15 comments:

ZT said...

ကျွန်တော်တို့တော့ အလကားရတဲ့ လက်ဆောင်ပစ္စည်းတွေ (ဥပမာ - အင်တာနက် စာချုပ်ချုပ်လို့ လက်ဆောင် ရလာတဲ့ ကင်မရာ လိုမျိုး) ကို ebay ကနေ ပြန်ရောင်းရင် ဆိုင်မှာ သွားရောင်းတာထက် ဈေးပိုရလို့ အဲဒီလိုမျိုးဆိုရင် ebay ကို သုံးလေ့ရှိပါတယ်။

ThuHninSee said...

ztကို မင်္ဂလာဆောင်လက်ဖွဲ့ပေးရင် အဲဒီက ၀ယ်ပေးအုံးမှ။ သူပြန်ရောင်းမှာနဲ့
အတော်ပဲလေ။ :D

ATN said...

အတွေ့အကြုံတွေ ဖတ်သွားပါသည်... တခါမျှ မ၀ယ်ဖူးပါ...

Anonymous said...

အင်း.. သူငယ်ချင်းတစ်ယောက်တော့ ကင်မရာဝယ်ဖူးတယ် မဆိုးဘူး
ဈေးမှန်တယ် ကောင်းတယ်.. ဒါပေမယ့် အ၀ယ်မတတ်ရင် အလိမ်လည်းခံရနိုင်သေးတယ်.. ကောင်းတာရှိသလို မကောင်းတာလည်းရှိပါတယ်.. စူပါမားကတ်တကာ လျှောက်လိုက်ပြီး
မ၀ယ်နိုင်သူတွေ အတွက်တော့ အတော့်ကိုအဆင်ပြေပါတယ်.. ဒါပေမယ့် အပြင်မှာဝယ်ရတာပဲ စိတ်တိုင်းကျတယ်.. စိတ်ချမ်းသာတယ်း)

Moe Cho Thinn said...

လျှို့ဝှက်သည်းဖိုတွေလိုပဲ မီယာ။ အသုံးအဆောင်ကို အမြင်နဲ့ မကြိုက်တတ်လို့ တခါမှ e bay မှာ မ၀ယ်ဖူးပါဘူး။ အမျိုးသားကတော့ သူလိုချင်တဲ့ စာအုပ်တွေ ၀ယ်ဖူးတယ် ထင်တာပဲ။ အဲဒါမျိုးတော့ ဈေးလဲချို၊ ဖတ်လဲ ဖတ်ရလို့ ကောင်းတယ် တဲ့။ ဘာပဲဖြစ်ဖြစ် စနစ်ကောင်းတော့ လူအများ သုံးကြတာပေါ့လေ။

MANORHARY said...

အမလည်းမဂျူပြောလို့ ebay မှာ account ဖွင့်ထာတာရက်ပိုင်းပဲ
ရှိသေးတယ်။ဝယ်ဖို့လိုက်မကြည့်ရသေးဘူး။ ခုလိုသိရတာကျေးဇူးပဲ။

Anonymous said...

ဟုတ်တယ်ဗျို့ အီးဘေးက ဈေးလဲသက်သာတယ် ရောက်တာလဲ
မြန်တယ်ဗျ ဒါပေမဲ့ တခါတလေ ဈေးသက်သာလို့ ၀ယ်လိုက်ရင်
တရုတ်ပစ္စည်းတွေ ဖြစ်နေတတ်တယ်ဗျာ အရည်အသွေးလဲ သိပ်
မကောင်းဘူးဗျ။

khin oo may said...

အဲဒါဆို zt က ဂဒီးဂဒီး မင်္ဂလာဆောင်မှာနော်။
တစ်ခါမှ မဝယ်ဘူးဘူး။
စိတ်ဝင်စားစရာတော့ကောင်းသာ။

Anonymous said...

တခါမှမဝယ်ဖူးဘူး အမမီယာ။ ဒါလည်း စနစ်တမျိုးပေါ့လေ။ ကောင်းတာတွေရှိလို့ သုံးကြတာဖြစ်မှာ။ စိတ်မရှည်တတ်လို့ ဆိုင်ကိုတန်းပြေးဝယ်နေတာ။

tg.nwai said...

သူများပြောတာတွေ နားထောင်..ဗဟုသုတ သိမ်းဆည်း သိုလှောင် ဖတ်မှတ်သွားပါတယ်..။ နောင်တချိန်မှာ အသုံးဝင်ကောင်း၏လို့...။

MrDBA said...

လာဖတ်သွားတယ် အိမ်က ကောင်လေးကတော့ တယ်လီဖုန်းတစ်လုံးဝယ်ဖူးတယ်၊ အပြင်မှာချိန်းပြီး ငွေပေး ပစ္စည်းယူလုပ်ကြတယ်။

ကိုရင်နော်ခင်လေးငယ် said...

ဝယ်မယ် ဝယ်မယ် ebay မှာ window shopping သွားလုပ်မယ်..

လမ်းညွှန်ပေးတာ ဇူးဇူးပါနော်..

ဦးနော် တီငယ် ကလေးလေး

nu-san said...

ebay ကို တစ်ခါမှ မသုံးကြည့်ဖူးဘူး.. မ၀ယ်ပေမယ့် အားရင် သွားတော့ကြည့်လိုက်ဦးမယ်.. :)

ksanchaung said...

“စ”လုံးက သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ကို eBAy ထဲကတဆင့် ၀ယ်တာကြုံဖူးတယ်။ ကိုယ်တိုင်ကတော့ စာအုပ်တွေလောက်ပဲ စိတ်ဝင်စားတယ်။

ရွှန်းမီ said...

ဟုတ်လား.. online shopping ဆိုရင် ring tone ပဲ ၀ယ်ဖူးတယ် :-)
အရည်မရ အဖတ်မရလေးတွေ..
သွားကြည့်လိုက်ဦးမယ်။