Friday, 29 May 2009

ချောင်းသာသို့

အလှူ ပြီးတော့ ချောင်းသာ ရောက်သွားတယ်။ ကားစီးရတာ ပင်ပန်းတယ်။ ချောင်းသာ မရောက်ခင် လမ်းက ပိုဆိုးတယ်။ ကားခက တယောက်ကို အသွား အပြန် ၁၈၀၀၀။ ၂ညပဲ အိပ်မယ်ဆို ၁၅၀၀၀။ ကားထဲမှာ ဆယ်ကျော်သက်တွေ ပါလာတော့ ပိုစည်ကား သွားတယ်။ ဖွင့်ထားတဲ့ အခွေကို သူတို့ ကြိုက်တာနဲ့ ပြန်လဲခိုင်းတာ ဆူညံနေတာပဲ။ ကားဘရိတ်အုပ်လို့ သူတို့ ဖိနပ်တွေ ပျောက်ကုန်ရင် တကားလုံး မီးထိုးပြီး ခုံအောက်တွေမှာ လိုက်ရှာတာကို မသိချင် ယောင်ဆောင်ပြီး ကိုယ့်ဖိနပ်ပါ ပြန်ရှာ ခိုင်းလိုက်တယ်။ ရန်ကုန်က ည ၁၀နာရီ ထွက်တာ ချောင်းသာကို မနက် ၄နာရီ သာသာလောက် ရောက်သွားတယ်။ အရမ်း အိပ်ချင်နေလို့ အခန်းဖွင့်ပေးမယ် ပြောတော့ ကျေးဇူးတင်လိုက်တာ။ နိုင်ငံခြား မှာဆို check-in time ရောက်မှ ၀င်ရတာ များတာကိုး။ မိုးလင်းတော့ အခန်းရှေ့က ခုံတန်းလေးမှာ ထွက်ထိုင်ပြီး ပင်လယ်လေ တ၀ရှူတယ်။

ခုံတန်းလေးမှာ ထွက်ထိုင်တာနဲ့ ဈေးသည်တွေကလည်း တယောက်တမျိုး လာမေးကြတယ်။ ကြားဖူးထားတဲ့ ပုဇွန်ကင် ငါးကင်တွေတော့ သိပ်မရှိတော့ဘူး။ ဟိုတယ် အခန်းထဲမှာလည်း လာရောင်းတဲ့ ဈေးသည်တွေဆီက မသန့်တဲ့ အစာတွေ ၀ယ်မစားဖို့ သတိပေးထားချက်တွေ ရှိတယ်။ သဘောကောင်းပုံရတဲ့ အမကြီး တယောက်ဆီက နေ့လည်စာ ထမင်းဟင်း မှာစားလိုက်တယ်။ နောက်ရက်တွေတော့ ဟိုတယ်က လေလံဆွဲထားတဲ့ စားသောက်ဆိုင်ကပဲ မှာစားကြတာ အတော်လေး စားကောင်းတယ်။ ပင်လယ်ကြီး ရှေ့ထားပြီး ထမင်းစားရတဲ့ အရသာကိုလည်း အရမ်း ကြိုက်သွားတယ်။

ဟိုတယ် အခန်းကတော့ တကယ် စုတ်ပါတယ်။ ocean view ဆိုတာနဲ့ပဲ အခန်းကို ဘာမှ လုပ်စရာ မလိုဘူးလို့များ ထင်သလား မသိဘူး။ ရေချိုးခန်းက ညစ်ပတ်တယ်။ အကြံပြုလွှာမှာ ရေးခဲ့သေးတယ်။ မီးက နေ့ခင်း ၁နာရီက ၃နာရီအထိ၊ ညနေ ၆နာရီက ၁၁နာရီအထိ ရတယ်။ နံနက်စာ စားပြီးတာနဲ့ အချိန်ရသလောက် လမ်းလျှောက် စက်ဘီးစီး အစားမျိုးစုံ မှာစား ဒါတွေပဲ လုပ်ခဲ့တယ်။ကျောက်မောင်နှမ ဆိုတာလည်း ရောက်ခဲ့သေးတယ်။ အနားမှာ တွေ့တဲ့ ကလေးတွေနဲ့လည်း သူတို့ ဘ၀၊ စားဝတ်နေရေး အကြောင်းတွေလည်း စကားပြောဖြစ်ခဲ့တယ်။ ကိုယ့်အားကိုယ်ကိုး စီးပွားရှာနေကြတဲ့ ကလေးတွေကို တွေ့ရတာ အားရစရာ။ ဇွန်းခြစ် မှာစားတော့ ရင့်တဲ့ အုန်းသီးတွေကို ခြစ်ပြီး ဖန်ခွက်ထဲ ထည့်ပေးလိုက်တယ်။ အုန်းသီး တလုံး ၅၀၀ မို့ အောင့်သက်သက်နဲ့ အုန်းရည်တော့ သောက်လိုက်တယ်။ နောက်နေ့ကျတော့ အဲ့ဒီဆိုင်က မ၀ယ်ဖြစ်တော့ဘူး။ ချောင်းသာပြန် လက်ဆောင်ကတော့ ဟာလ၀ါနဲ့ ငါးမုန့်ကြော်။

Wednesday, 27 May 2009

ရန်ကုန်သို့ အလည်ခရီး

မေလ ၄ ရက်နေ့က ရန်ကုန်ကို ၃ပတ် ပြန်လည်တယ်။ မိသားစုတွေနဲ့လည်း တွေ့ရင်း အနားလည်း ယူရအောင်လို့ ခွင့်တွေကို တကူးတက စုထားရတာ။ သွားခါနီးမှ ၀က်တုပ်ကွေး ကလည်း ကမ္ဘာပတ်နေတာနဲ့ လန့်တော့လန့်သား။ လမ်းခရီး တလျှောက်တော့ ချောချောမောမောပါပဲ။ ဘန်ကောက် လေဆိပ်ရောက်တော့ မမ KOM နဲ့ တခါက ပြောခဲ့ဖူးတာ သတိရပြီး ယောကျာ်းကို ဆေးလိပ် ၀ယ်ပါလို့ ပူဆာလိုက်တယ်။ ဒေါ်လာ ၂၀ဖိုး လို့ပြောတာကို ဆေးလိပ် ၂ဗူးဖိုး သူရှင်းတော့ ပေါင်၂၀ ဖိုးလောက်ကျနေတယ်။ ရှိစေတော့။ တခါမှ မလုပ်ဖူးတာတွေ လုပ်ရဦးမည်ပေါ့။ ဆေးလိပ်ဗူးတွေပေါ်မှာ ပြထားတဲ့ ဓါတ်ပုံတွေက အတော် ကြောက်စရာ ကောင်းပါတယ်။ ဆေးလိပ်ကို တရှိုက်မက်မက် သောက်နေကြတဲ့ မောင်လေးတွေကို မြင်ယောင်ပြီး စိတ် လေးသွားတယ်။ ရန်ကုန် လေဆိပ် ရောက်တော့ လူ၃ယောက် ကင်မရာနဲ့ စက်လှေကားက ဆင်းလာတဲ့ သူတွေကို ဓါတ်ပုံ ရိုက်နေတယ်။ ကိုယ်အပူချိန် အလကားနေရင်း မြင့်တတ်တဲ့ ကိုယ့်အတွက် နည်းနည်းတောင် စိတ်ပူသွားတယ်။ ခေါ်ထားရင် ဒုက္ခ။ လ၀ကရောက်တော့ ခွင့်စာ မယူလာလို့ D-form လုပ်ပါတဲ့။ ပြီးတာနဲ့ ပစ္စည်းတွေ ယူဖို့ စောင့်ရတယ်။ အနားမှာ တယောက်က ငါးကြီးဆီ ပါလားတဲ့။ အသည်း အဆီ ဖုံးနေလို့ ဆရာဝန်က သောက်ရမယ် ပြောလို့တဲ့။ ပစ္စည်း ရွေးပြီးတော့ အကောက်ခွန် အလှည့်။ ယောကျာ်းက ရိုးသားစွာနဲ့ ပိုက်ဆံ ၆၀လောက် ပါပါတယ် အရင် တခါကတော့ အလုပ်ရှုပ်တယ်လို့ ပြောပါတယ် ဆိုတော့ အဆူခံရတယ်။ သိပ်မဆိုးလာခင် ကိုယ့်ပစ္စည်း ကိုယ်ဆွဲပြီး အသာ လစ်လာခဲ့တယ်။ အပြင်ရောက်တော့ လာကြိုမည့်သူ မတွေ့ဘူး။ လူတွေ တော်တော် ကုန်သွားပြီ ဆိုတော့ တိုင်စီပဲ ငှားသွားမလား စိတ်ကူးနေတုန်း ကြိုတဲ့သူနဲ့ တွေ့သွားတယ်။ ဒီတခေါက်တော့ ပစ္စည်းလုသယ်တဲ့ သူတွေရဲ့ ဒုက္ခ မရှိဘူး။ ကားပေါ်ရောက်တော့ ဘယ်နှစ်ပတ် ခွင့်ရလဲလို့ မေးလို့ ၃ ပတ်ဆိုတော့ ဘာလုပ်မလို့လဲ တဲ့။ အိမ်မှာ ကောင်းကောင်း အနားယူမယ်လို့ တွေးထားတာ မှားများ သွားပြီလား။ ဘယ်သွားရင် ကောင်းမလဲလို့ အမြန်စဉ်းစား။

သွားတဲ့ကိစ္စက အလှူအတွက်။ အလှူကလည်း သွားရုံပဲ ဘာမှ စီစဉ်ဖို့ မလိုဘူး။ ပွဲမစခင် ယောကျာ်းကို မေးရတယ်။ ဘာလုပ်စေချင် သလဲလို့။ သူတို့ မိသားစုပွဲဆိုတော့ ကိုယ်က လိုတာ ဖြည့်ပေးမယ်ဆိုတဲ့ သဘောပါ။ ဘုန်းကြီးတွေ ရှေ့ မိုးတိုး မတ်တပ် ဓါတ်ပုံ မရိုက်နဲ့လို့ သတိပေးတယ်။ သူက ဗီဒီယိုရိုက် ကိုယ်က ဓါတ်ပုံရိုက် အဟုတ်ပဲ။ အမျိုးတွေ စုံအောင်လည်း လိုက်ရိုက်ရသေးတယ်။ တော်ကြာ မျက်နှာလိုက်တယ် ဖြစ်နေမှာ စိုးလို့။ ကလေးတွေကတော့ အကောင်းဆုံးပဲ။ ဓါတ်ပုံရိုက်မယ်ဆိုရင် သွားလေးတွေ ပေါ်တဲ့ အထိ ပြုံးပြကြတယ်။ ဘုန်းကြီးကျောင်းက စီစဉ်တဲ့ အစားအသောက်တွေကလည်း ကောင်းတယ်။ ယင်မနားသေးတဲ့ နေရာကို အမြန်ထိုင်ချပြီး ချဉ်ရည်ဟင်း ပူပူ၊ ငါးကြင်းကြော်နဲ့ ထမင်းစားတယ်။ အချိုကတော့ ထူးရေခဲမုန့်။ ဘုန်းကြီး ဟောတဲ့ တရားကို လင်မယား နှစ်ယောက် ပြန်ဆွေးနွေးဖြစ်ကြသေးတယ်။ သရဏဂုံတင်တဲ့ အကြောင်းဟောတာ။

Friday, 1 May 2009

အိပ်ဆေးမရှိ

အလုပ်ထဲမှာ အအိပ် ပျက်တဲ့သူတွေ များနေတာနဲ့ ဒီအကြောင်း ရေးဖြစ်တာပါ။ တချို့က ကလေးငယ်လို့၊ တချို့က စိတ်ပူလို့၊ တချို့ကျတော့လည်း အစာမကြေလို့ အကြောင်းမျိုးစုံပဲ။ အားလုံးထဲကမှ အန်ဂျီ ဆိုတဲ့ အမျိုးသမီးကတော့ အိပ်မရတာ အနှစ် ၂၀ ရှိပြီတဲ့။ သူ့ယောကျာ်းက ဆရာဝန်ပါ။ လက်ထပ်ပြီး အတော်ကြာတဲ့ အထိ ကလေး မရခဲ့ဘူး။ ရပြန်တော့လည်း ၂ယောက် ဆက်တိုက်။ ကလေး ၂ယောက် မွေးပြီး ကတည်းက ညဘက် အိပ် မရတော့တာပါ။ အစကတော့ သာမန် အိပ်မရတာပဲ ဆိုပြီး ဘယ်သူမှ သူ့ကို အရေးထားပြီး နားမထောင်ကြဘူး။ ၂နှစ် အတွင်းမှာ ပိန်သွားလိုက်တာ ဆိုဒ် ၁၆ ကနေ အခုဆို ၁၀ ဖြစ်နေပြီ။

ခရစ်စမတ်နဲ့ သူ့မွေးနေ့တွေမှာ ရတဲ့ လက်ဆောင်တွေက အိပ်ပျော်စေမယ့် အရာမျိုးတွေ။ အားလုံးကလည်း သူအိပ်မပျော်တာ သိနေတော့ စာအုပ်၊ လာဗင်းဒါ ခေါင်းအုံး၊ သီချင်းခွေ၊ တရားခွေ၊ ချယ်ရီ ဘရန်ဒီ စတာတွေ ပေးကြတယ်။ ဒါ ကိုယ် မြင်ရသလောက် ပြောတာ။ တခြား သူ့ သူငယ်ချင်းတွေ ကလည်း အိပ်ပျော်စေမယ့် လက်ဆောင်တွေ ပေးကြတယ် ပြောတယ်။ သွေးစစ်၊ ဆီးစစ် အပြင် တခြား မတဲ့နိုင်တဲ့ အစားအသောက် စစ်ဆေးရေးတွေလည်း အားလုံး လုပ်ပြီးပြီ။ သူ့မှာ ငွေကြေး အတွက်ရော မိသားစု အတွက်ပါ ပူပန်စရာ မရှိသလောက် အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။ အန်ဂျီ အိပ်မပျော်ရခြင်း အကြောင်းက ဘာလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး။

နောက်တယောက်ကတော့ ဆရာမ ပါ။ သူကလည်း ညညဆို အိပ်မပျော်လို့ အိပ်ဆေး သောက် အိပ်ရတယ်တဲ့။ မနက်ရောက်တော့ အိပ်ရာထချင်စိတ် မရှိလို့ စိတ်ကြွဆေး လိုမျိုး သောက်ပြီး ရုံးကို ထွက်လာရတယ်တဲ့။ ညအိပ်ချိန်က နာရီ အနည်းငယ်ပဲရှိလို့ စိတ်မကြည်မလင်လည်း ဖြစ်တတ်ပါသေးတယ်။ ပျော်စရာ သတင်းကြားရင် စိတ်လှုပ်ရှားပြီး အိပ်မရသလို စိတ်ညစ်စရာ ရှိရင်လည်း အိပ်မရတော့ဘူး ဆိုပဲ။ သူတို့ချင်း စကားပြောဖြစ်ကြရင် ဘယ်သူက အိပ်ပျော်လဲ ဘယ်လို အိပ်ပျော်အောင် လုပ်မလဲ စတာတွေပဲ ကြားရတယ်။

အသိဆရာဝန် တယောက်ကတော့ အလုပ် ပင်ပန်းလွန်းလို့ အိပ်ဆေး အမြဲ သောက်ရတယ်။ နောက်တနေ့ အလုပ်လုပ်ရမှာမို့ မအိပ်ရင် မဖြစ်တာကြောင့် အိပ်ဆေး သောက်ရတာတဲ့။ သူတို့ကို ကြည့်ပြီး စိတ်မသက်သာဘူး။ တတ်သလောက် မှတ်သလောက်လည်း အကြံပေးကြည့်ပါတယ်။ သူတို့က သမ္ဘာရင့်နေပြီ ဆိုတော့ ကိုယ်ပြောတာတွေက လုပ်ပြီးနေသားတွေ။ အိပ်ချင်တိုင်း အိပ်လို့ရတဲ့ သူတွေ အတွက်တော့ အိပ်မပျော်ဘူး ဆိုတာ မယုံနိုင်စရာပါပဲ။ ဒါပေမယ့်လည်း သူတို့ ကိုယ်ခန္ဓာတွေကိုပါ ထိခိုက်နေတာ တွေ့နေရတာ ဆိုတော့ တကယ် ဖြစ်ပျက် ခံစားနေရတာ။ အိပ်မပျော်တဲ့သူများ အိပ်ချင်တဲ့ အချိန်မှာ အိပ်ပျော်နိုင်ကြပါစေနော်။