Monday, 22 June 2009

အလွဲသုံးစားခြင်း

ဗြိတိန် ပါလီမန် အမတ်တွေ ၂၀၀၃ ခုနှစ်ကစပြီး အလွဲသုံးစား လုပ်ထားတဲ့ အသုံးစရိတ်ပေါင်း စတာလင်ပေါင် ၅သိန်းလောက် ပြန်ရတယ်လို့ သတင်းမှာ ကြားလိုက်ရတယ်။ Daily Telegraph သတင်းစာကြီးကနေ ဖော်ကောင်လုပ်လို့ ဘယ်အမတ်တွေ ဘယ်လို ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်တယ်ဆိုတာ အများပြည်သူတွေက သိခွင့်ရတာ။ တချို့က အိမ်ဝယ်ထားတဲ့ စရိတ်၊ တချို့ကျတော့ အိမ်ပြင်တဲ့ စရိတ်၊ သူတို့အိပ်တဲ့ အခန်းကို အသံလုံအောင် ပြုပြင်ရတဲ့ စရိတ်၊ သူတို့နေတဲ့ ခြံဝင်း တံခါး ၀ယ်ရတဲ့ စရိတ်၊ မီးဖိုချောင် ပြင်တဲ့ စရိတ်၊ အငှားကားစီး စရိတ်၊ ခြံရှင်း စရိတ်၊ လွမ်းသူ့ပန်းခွေ အတွက် ကုန်ကျစရိတ် စသဖြင့် မဆုံးနိုင်တော့ပါဘူး။ Daily Mail သတင်းစာက တခါ ဗြိတိန်က သံတမန် အရာရှိတွေ စနစ်တကျ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်နေကြတဲ့ အကြောင်း ဖော်ပြ ပြန်လာပါတယ်။ အရာရှိတွေ နိုင်ငံခြား အစည်းအဝေး သွားတက်တိုင်း အရာရှိ ကတော်တွေ အတွက်ပါ ကုန်ကျ စရိတ် တောင်းခံကြကြောင်း၊ သံအရာရှိနဲ့ မိသားစုဝင်တွေ တနှစ် တခါ အိမ်ပြန်ခရီးကို မရှည်ရှည်အောင် ခရီးဝေးတွေက ကွေ့ပတ် ပြန်ကြတဲ့အခါ လေယာဉ်စီးချိန် ၃နာရီထက် ပိုသွားတဲ့ အတွက် စီးပွားရေးတန်းကနေ စီးနင်းလိုက်ပါခွင့် ရအောင် ကြံဖန်ကြတဲ့ အကြောင်း စသဖြင့်ပါ။

ဒီသတင်းတွေ မထွက်ခင် ရံဖန်ရံခါ ကြားရတဲ့ အကြောင်းတွေကတော့ သာမန် ပြည်သူ တဦး လမ်းမလျှောက်နိုင်လို့ အလုပ်မလုပ်နိုင်ဘူး ဆိုပြီး ထောက်ပံ့ကြေး ယူကာ ဘောလုံး ကန်နေတာ တွေ့လို့ အရေးယူခြင်း ခံရတဲ့ အကြောင်း၊ အားကိုးရမယ့် ယောကျာ်း မရှိပါဘူးလို့ ကြေငြာပြီး မိသားစု ထောက်ပံ့ကြေး ယူနေသူ အမျိုးသမီး တဦး ကလေးတွေ တယောက်ပြီး တယောက် မွေးနေလို့ သက်ဆိုင်ရာက အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တဲ့ အကြောင်း၊ ကလေး ၅ယောက်ကို ကြည့်ရှုနေရလို့ ဘာအလုပ်မှ မလုပ်နိုင်ဘဲ အစိုးရ စရိတ်နဲ့ အိပ်ခန်း ၅ခန်းရှိတဲ့ အိမ်မှာ ပရိဘောဂ အပြည့်အစုံနဲ့ နေဖို့ တောင်းဆိုတဲ့ သူတွေရဲ့ အကြောင်း၊ ရရာ အလုပ် မလုပ်ဘဲ အလုပ် ရှာနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ရှာဖွေသူ ထောက်ပံ့ကြေး တောင်းခံတဲ့ လူတချို့ အကြောင်း၊ ၀င်ငွေစာရင်းကို လျှော့ပြပြီး အစိုးရကို အသုံးစရိတ် မလောက်လို့ ထပ်ဆောင်းပေးဖို့ လျှောက်ထားတဲ့ လူတွေ အကြောင်းပါ။

တကယ်တမ်း ပြောကြကြေးဆို ပါလီမန် အမတ်တွေလို ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ ထောက်ပံ့ကြေး လိမ်ယူတဲ့ လူတန်းစားက တတန်းထဲပါပဲ။ ပြည်သူ့ဘဏ္ဍာကို နည်းမျိုးစုံနဲ့ အလွဲသုံးစား လုပ်နေကြတာခြင်း အတူတူ ပါလီမန် အမတ်တွေကတော့ အလျော်အစား ပြန်ပေးပြီး သူတို့ အပြစ်ကို လျှော်လိုက်ကြတယ်။ သာမန်လူ ဆိုရင်တော့ ထောင်နန်းစံရမှာပါ။ ပြည်သူတွေက ယုံကြည် အားထားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ဖို့ ပုံအပ်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေက ပြည်သူ့ဘဏ္ဍာကို အခုလို အလွဲသုံးစား လုပ်တာကို ပြည်သူတွေက ပိုပြီး မခံမရပ်နိုင် ဖြစ်ကြပါတယ်။ စည်းမျဉ်း ဥပဒေတွေကို သူတို့အပြင် နားလည်တဲ့သူ ဘယ်ရှိပါ့မလဲ။

ကိုယ့်အလုပ်ထဲမှာတော့ ရုံးက ကုန်ကျရမယ့် စရိတ်မျိုးဆို ဘယ်လောက် ဈေးကြီးကြီး မစဉ်းစားဘဲ သုံးပစ်လိုက်တဲ့ လူမျိုးတွေ ရှိတယ်။ ကားနဲ့သွားရင် ပိုသက်သာပေမယ့် ဈေးပိုကြီးတဲ့ ရထားနဲ့ သွားတာမျိုး၊ ကားပါကင်ကို အလကားရတဲ့ နေရာ မရှာဘဲ ဈေးကြီးပေးပြီး ရပ်တာမျိုး၊ ကုမ္ပဏီက ပေးမှာမို့ ဈေးကြီးတဲ့ အရက် ၀ယ်သောက်တာမျိုး တွေပေါ့။ ဘာမဟုတ်တဲ့ အသေးအဖွဲ အလွဲသုံးစားမှုလို့ ပြောလို့ ရပေမယ့် ဒီလို အသေးအမွှား ကိစ္စလေးတွေကပဲ စပြီး ကြီးမားတဲ့ အမှုတွေ ကျူးလွန်မိကြတာပဲ မဟုတ်လား။

စကားချပ်။ ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ အသုံးစရိတ် ဖြတ်ပိုင်းတွေတော့ ဖျက်ဆီးပစ်တဲ့ အထဲ မတော်တဆ ပါသွားတယ်လို့ ဆိုပါတယ်။

Wednesday, 17 June 2009

လူကြီးတွေအကြောင်း

မကြာခဏ အနီးအနား ပတ်ဝန်းကျင်က ကြားရတတ်တဲ့ လူကြီးတွေ အကြောင်း အမှတ်တရ ရေးထားချင်လို့ပါ။ ကိုယ်သူတို့ အရွယ်ရောက်ရင် သူတို့လို မဖြစ်ဘူးလို့ မပြောနိုင်ဘူး။

မသီတာရီရဲ့အဖွား
တက္ကသိုလ် ကျောင်းသူ အရွယ် မြေးမ နှစ်ယောက် ရှိပေမယ့် အသက် ၈၀ ကျော် အဖွားက အိမ်မှာ ဖုန်းလာရင် ဦးအောင် ပြေးကိုင်တယ်။ ချော်လဲလို့ အရိုးတွေ ဘာတွေ ကျိုးကုန်မှာ စိုးရိမ်လို့ အဖွားဆီ ဘယ်သူဆက်ဆက် ခေါ်ပေးပါ့မယ်လို့ မြေးတွေက ကတိ အခါအခါ ပေးရတယ်။

အန်တီတိုး
၃နှစ်အရွယ် သူ့မြေးမကို အန်တီတိုးလို့ပဲ သူ့ကို ခေါ်ရမယ်လို့ သင်ထားတယ်။ ကိုးရီးယားကား လာတဲ့ အချိန် တဦးတည်းသော မြေးမလေး တီဗီရှေ့ ဖြတ် လျှောက်မိလို့ကတော့ နေစရာ မရှိအောင် ဆူပစ်လိုက်တယ်။ ကလေး နားလည် မလည်တော့ မသိဘူး။ သူတော့ တော်တော် မောသွားတယ်တဲ့။

ဒေါ်ရသီရဲ့အမေ
တနေ့လုံး အိမ်မှာ သူတယောက်ထဲ ရှိနေပေမယ့် လူတွေ ပြန်ရောက်လို့ ညနေစာ ချက်ပြုတ်တဲ့ အချိန် ရောက်တာနဲ့ မီးဖိုအခန်း ကျဉ်းကျဉ်းလေးထဲ ကိုဝင်လာတယ်။ လက်ဖက်ရည် ဖျော်ဖို့လို့တဲ့။ သူနဲ့ တည့်တာဆို ခံတွင်း သိပ် မတွေ့တတ်ပေမယ့် fish & chips, burger, Chinese takeaway တွေကို တနေ့ တမျိုး မရိုး ရလေအောင် မှာစားတယ်။

မဒီရဲ့အဖေ
သူ့ သမီးတွေကို မတန်တရာ ရထားတယ်လို့ အောက်မေ့ပြီး ဘယ် သားမက်ကိုမှ ကြည့်မရဘူး။ အခွင့်ရတိုင်း သူ့လောက် ဘယ်သားမက် အလုပ် လုပ်နိုင်သလဲလို့ နှိုင်းယှဉ် တတ်သေးတယ်။ သမီးတွေနဲ့ သူတို့ ယောကျာ်းတွေ စိတ် အခန့်မသင့်လို့ ရံဖန်ရံခါ စကား များတဲ့ အခါ ဒီကောင်တွေကို မြန်မြန် ကန်ထုတ် ပစ်လိုက်တာ အကောင်းဆုံးပဲ လို့ အကြံဥာဏ် ပေးတတ်တယ်။

အန်တီဘူး
တအိမ်ထဲ ပြေးကြည့်မှ ဒီ နှစ်ယောက်ထဲ ရှိပေမယ့် အတူနေတဲ့ ညီမကို စိတ်ဆိုးရင် စကား မပြောဘဲ နေတယ်။ စိတ်ဆိုးရခြင်း အကြောင်း တချို့က ကြမ်းပေါ် ကျတဲ့ မုန့် အစ အနတွေကို ပြန်မကောက်လို့၊ နောက်တနေ့ အစီအစဉ် လာနေတုန်း တီဗီ ပိတ်လိုက်လို့၊ ရုပ်ရှင် ပြနေတုန်း စကားတွေပြောလို့ စတာတွေကြောင့်ပါ။

အန်ကယ်UTH
အသက် ၈၀ ရောက်လို့ အိမ်မှာ သားသမီးတွေ ၀ိုင်းလုပ်တဲ့သူတွေ တပုံကြီး ရှိပေမယ့် တအိမ်လုံး အတွက် ရေခံတဲ့ အလုပ်ကို ကိုယ်တိုင် လုပ်တယ်။ မီးလာတဲ့ အချိန် ထပြီး သူများတွေ ရေစက် အားကောင်းကောင်းနဲ့ ဆွဲမသွားခင် ဇွဲရှိရှိနဲ့ မအိပ်ဘဲ ညတိုင်း စောင့်ပြီး ရေခံတယ်။

ဒေါက်တာ ရပ်ဂ်ျ
လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်လောက်က သူ့ အတွေ့ အကြုံတွေကို ထပ်ခါ တလဲလဲ ပြောပြတယ်။ အကြမ်းဖျဉ်း ပြောတာ မဟုတ်ဘူး။ အသေးစိတ်ကို ပုံဖော်ပြောတာ ရုပ်ရှင်ထဲကလို စလိုးမိုးရှင်းနဲ့ နောက်ကြောင်းပြန် သလိုပဲ။ ယဉ်ကျေးသမှုနဲ့ သူများ အကြောင်း မေးပြီး စကား ဆုံးအောင် မစောင့်ဘဲ သူ့ အကြောင်းပဲ ပြန် ရောက်သွားပြန်ရော။

မေရီနဲ့ဒေးဗစ်
ဧည့်သည်တွေကို အရှေ့မှာ ထားပြီး တယောက်နဲ့ တယောက် မနားတမ်း ပါးစပ် သေနတ်ပစ်တယ်။ ဧည့်သည်တွေက အစားပဲ ငုံ့စားရမလား မျက်နှာပဲ လွှဲထားရမလား မသိအောင် အနေရ ခက်သလောက် သူတို့ကတော့ တလောကလုံးမှာ သူတို့ နှစ်ယောက်ပဲ ရှိနေတဲ့ ပုံစံမျိုးနဲ့ ရန်ဖြစ်တာ သူတို့ရဲ့ trademark တခုလို ဖြစ်နေပြီ။ နှစ်ယောက်လုံး ၇၀ ကျော်ပြီ။ ပုံစံ မပြောင်းဘဲ ဆက်လက် ချီတက်တုန်း။

Sunday, 7 June 2009

စုံစီနဖာရန်ကုန်

ရန်ကုန် မပြန်ခင် ငွေဈေးတွေ ကျလို့ ဒီတခေါက်တော့ အသုံးအစွဲ သတိ ထားရမယ်လို့ ကိုယ့်ဘာသာ သတိ ပေးထားတယ်။ အစား အသောက် ကိုတော့ စားချင်တာတွေ စားမယ်ပေါ့။ မုန့်ဟင်းခါး ကိုတော့ ကြုံသလို စားဖြစ်တယ်။ မြေနီကုန်းကို မရောက်ခဲ့လို့ တင်တင်အေးနဲ့ ရွှေဥမှာတော့ မစားခဲ့ရပါဘူး။ နံမည်ကြီးတဲ့ ၄၆ လမ်း မုန့်ဟင်းခါးဆိုင် ရောက်တော့ ကုန်ပြီတဲ့။ စကားမစပ် အဲ့ဒီလမ်းက အမှိုက်ပုံကြီးက အနံ့ဆိုးလှပါတယ်။ ၃၈လမ်း ခင်ထွေးရီဆိုင် ကတော့ ပြောင်းသွားပါပြီတဲ့။
အနော်ရထာလမ်းဘက် လျှောက်ပြီး ဆံပင်ညှပ်တယ်။ မိန်းမဆိုင်က ၂၅၀၀၊ ယောကျာ်းကတော့ ဆံသမှာ ၁၀၀၀။ ၁၀ မိနစ် လောက်ပဲ ကြာတယ်။ ဘားလမ်းထဲက စပယ်ဦး တေးသံသွင်းကို အမှတ်တရ လှမ်းကြည့် လိုက်သေးတယ်။ ပြီးတော့ မျက်နှာချင်းဆိုင်က ရွှေမြို့တော်မှာ ကူးဖီးလ် ထိုင်စားတယ်။ တခြား အချိုမုန့်တွေလည်း အများကြီးပဲ။ ယင်ကောင်တွေလည်း တ၀ဲဝဲမို့ မစားဖြစ်တော့ပါ။ အပြန်ကျတော့ ဒူးရင်းသီးနဲ့ မင်းဂွတ်သီး ၀ယ်ခဲ့တယ်။ မလေးရှားသီးလို့ ပြောလို့ ကျိုက်ကော်သီး မရှိဘူးလားလို့ မေးတော့ မလေးရှားမျိုးပါတဲ့။ တလုံး ၁၆၀၀။ အလုံး သေးသေးနဲ့ အသားလည်း ရှိပါတယ်။ ချိုလည်း ချိုပါတယ်။ မင်းဂွတ်သီးကတော့ အရွယ်အလိုက် တလုံးကို ၁၀၀-၁၅၀ ပေးရတယ်။

ညဘက် တရုတ်တန်း လျှောက်တော့ ၁၉လမ်းမှာ ဆီချက် စားတယ်။ တပွဲ ၃၀၀။ စားနေရင်း ကိုးရီးယားတယောက်က ကိုယ်တို့ ပန်းကန်ကို လက်ညှိုးထိုးပြီး ဒါဘယ်လောက်လဲလို့ မေးလို့ မရှင်းခင် ဈေးသိလိုက်ရတာ။ ၃၀၀ ဆိုတော့ စိတ်ချမ်းသာလိုက်တာ။ နောက်နေ့ သူများခေါ်တာနဲ့ အင်းယားလမ်းက ခေါက်ဆွဲဆိုင်မှာ လိုက်စားဖြစ်တယ်။ ခေါက်ဆွဲ အမျိုးစုံရပါတယ်။ စားရတာလည်း အေးအေး ဆေးဆေး ရှိပါတယ်။ ဈေးတွေ ကြည့်ပြီး လိုက်ကျွေးတဲ့သူကို အရမ်း အားနာရတယ်။ မလေးရှား ခေါက်ဆွဲကြော်ပါ။ တပွဲ ၂၂၀၀။ ကိုယ်ကတော့ စားရင်း နှမြောနေတယ်။ စားလို့တော့ ကောင်းပါတယ်။ မုန့်ဟင်းခါးတပွဲ ၁၅၀၀ ရောင်းတဲ့ ဆိုင်လည်း ရှိသေးတယ်တဲ့။ ဆိုင်နေရာတော့ မမေးခဲ့တော့ဘူး။ သွားမှာမှ မဟုတ်တာ။

ရာသီဥတုက အရမ်းပူတော့ ကြုံသလို လက်ဖက်ရည်ဆိုင်လည်း ထိုင်ဖြစ်ပါတယ်။ MFTB အရှေ့က ပန်းဟေ၀န်မှာ အစားအသောက်တွေ စားလို့ ကောင်းတယ်။ ပဲပြုတ်နံပြားက အချိန်မရွေးရလို့ လက်ဖက်ရည်ဆိုင် ထိုင်တိုင်း မှာစားဖြစ်တယ်။ ရွှေပုဇွန် ရောက်ရင် ဖါလူဒါ သောက်တာ ထုံးတမ်းစဉ်လာ တခုလိုဖြစ်နေတာမို့ ဖါလူဒါ သောက်တယ်။ ကူးဖီးလ်က ၁၀၀၀ ဆိုတော့ ငယ်ငယ်က လှည်းနဲ့ ညဘက် လိုက်ရောင်းတဲ့ အသည်ကို သတိရတယ်။

တရက်တော့ ဟင်းစားဝယ်ဖို့ ဈေးလိုက်သွားတယ်။ ဟင်းသီးဟင်းရွက်တွေကတော့ အတန်ဆုံးပဲ။ ကန်စွန်းရွက်တစီး ၁၅၀။ ချဉ်ပေါင် ၁၀၀ဖိုး ၅စီး။ သခွားသီးတလုံး ၅၀။ အိမ်နဲ့ ဈေးက လမ်းလျှောက်သွားရင် ရောက်တာမို့ တနေ့တခါ သွားဝယ်လို့ရတယ်။ ရေခဲသေတ္တာ သုံးမရတာနဲ့လည်း အတော်ပါပဲ။ သားငါးတွေကိုတော့ ရာသီဥတု ပူပူမှာ ဒီလိုပဲ အပြင်မှာ ချရောင်းနေကြတယ်။ ဈေးလမ်းမှာ လမ်းလျှောက်ရင်း ကြွက်သေတွေ့လို့ တောင်တောင်အီအီ တွေးလိုက်သေးတယ်။ ပျံကျ ဈေးသည်တွေကတော့ အရင်လို ပြေးနေရတုန်းပဲ။ ၀ယ်နေရင်း တန်းလန်း သူတို့ပြေးတော့ ကိုယ်လည်း ဘယ်လိုက်ရမှန်း မသိဘူး။ စာပေဗိမာန် နားရောက်တော့ လမ်းဘေးမှာ ကျွဲကောသီးရောင်းနေတာတွေ့တာနဲ့ ဈေးမေးမိတယ်။ ၁၂၀၀ ဆိုတော့ မဆစ်တော့ဘဲ ဈေးသည်ကိုပဲ ရွေးခိုင်းလိုက်မိတယ်။ အိမ်ပြန်ရောက်တော့ စားမရအောင် ခြောက်နေတာနဲ့ လွှင့်ပစ် လိုက်ရတယ်။ စိတ်တော့ မကောင်းဘူး။

အငှားကားခ တွေကတော့ ၁၀၀၀ ကနေစတာပါပဲ။ လိုင်းကားစီးနိုင်ရင်တော့ အတော်သက်သာပါတယ်။ ယုဇန ပလာဇာကို အဲကွန်းဘတ်စ်နဲ့ သွားခဲ့တယ်။ ကားခ ၂၀၀။ ကားပေါ်မှာ တီဗီပါလို့ ဓါတ်ပုံရိုက်ချင်တာ ကင်မရာ တကားကားနဲ့ သူများ မျက်စိနောက်မယ်နော်လို့ ယောကျာ်းက ကြိမ်းလို့ အသာလေး ငြိမ်နေရတယ်။ ဗိုလ်ချုပ်ဈေးကိုလည်း လိုင်းကားနဲ့ သွားတယ်။ ကားရှေ့ခန်းက စီးတာ ၂၀၀။ အနောက်က စီးရင် ၅၀။ ဈေးမှာ ဆိုင်အသစ်ဖွင့်တယ် ၀ယ်ကျွေးမယ်ဆိုလို့ ကြည့်လိုက်တာ ဆိုင်က အမှိုက်ပုံ အကြီးကြီး တခုနဲ့ ကပ်ရက်။ ဗိုလ်ချုပ်ဈေးက ဘာမှ မစားခဲ့ဘူး။ ရုံးချိန်တွေ ရှောင်ပြီး သွားတာမို့ ဘတ်စ်ကားစီးရတာ မဆိုးပါဘူး။ ပြည်ထောင်စုရိပ်သာလမ်းက feel ကိုလည်း ဘတ်စ်ကားနဲ့ပဲ သွားတာ။ စပယ်ယာက မီးပွိုင့်မှာ တံခါးဖွင့်ပေးလို့ ကျေးဇူးတောင် တင်ရသေးတယ်။ မြန်မာမုန့်တွေ အကုန်ရတယ်။ အဲ့ဒီနားက ထမင်းဂျိုးကြော်လည်း ၀ယ်စားခဲ့သေးတယ်။ ကိုယ်လည်း စားနိုင်မယ် ထင်သလောက် ၀ယ်တာပဲ။ ဆိုင်ပေါ်တင်ရောင်းတော့ သန့်ရှင်းတယ်လို့ ထင်စရာပေါ့လေ။ တကယ် ဟုတ် မဟုတ်တော့ ရောင်းသူတွေပဲ သိမှာပါ။ သွားနေကျ ပန်းဆိုးတန်းက စာပေလောက ဆိုင်လည်း ပြောင်းသွားတာနဲ့ တွေ့တဲ့ ဆိုင်မှာ စာအုပ်တွေ လိုက်ကြည့်တော့ စိတ်တိုင်း မကျပြန်ဘူး။ ပြန်ခါနီးတော့ အပြေးအလွှားနဲ့ စူပါဝမ်းမှာ ဖိနပ်ကလေးတွေ ၀ယ်တယ်။ မြန်မာညှပ်ဖိနပ်က ၁၅၀၀၊ ယိုးဒယား ညှပ်ဖိနပ်က ၇၀၀၀နဲ့ ဒေါက်ဖိနပ်လေးက ၈၀၀၀ပါ။ ဖိနပ်ကြိုက်တဲ့ သူငယ်ချင်းတွေကို သတိရတယ်။