Wednesday, 29 July 2009

ဘ၀တကွေ့မှာ

မှတ်မိသလောက် ပြန်စဉ်းစားကြည့်လိုက်တော့ သူငယ်ချင်း တချို့က ရွယ်တူ တချို့က ကိုယ်ထက် အသက်ကြီးသူတွေ၊ ကိုယ့်ကို သွေးသား အရင်းအချာလို ချစ်တဲ့ မိတ်ဆွေတွေနဲ့ ကိုယ့် အကျိုးကို လိုလားတဲ့ မိတ်ဆွေတွေ အများကြီး ဘ၀ ခရီး တလျှောက် တွေ့ခဲ့ရတာ။ တော်တော် များများ ကိုတော့ နံမည်၊ နေရာနဲ့ အကြောင်းအရာတွေပါ ကောင်းကောင်း မှတ်မိနေတယ်။ တချို့ကိုတော့ ၀ါးတားတား၊ တချို့ကျပြန်တော့ နံမည်တောင် မမှတ်မိတော့ဘူး။ ကိုယ့် ဘာသာလည်း ဘ၀င်မကျဘူး။ တကယ်ဆို ဘ၀မှာ ခင်မင် ရင်းနှီး ခဲ့သူတွေကို ဘာလို့ အကုန် မမှတ်မိ နိုင်တာလဲ။ ဒါနဲ့ပဲ စာအုပ်လေး တအုပ်ကို စလိုက်တာ။ ဘ၀ တကွေ့မှာ သိခွင့် ရခဲ့သူတွေ အားလုံးကို မှတ်မိ နေချင်တယ်။ တနေ့ကျ (မှတ်ဥာဏ်တွေ မကောင်းတော့တဲ့ အချိန်) ဒီစာအုပ်လေး ဖွင့်ပြီး ပြန်ဖတ်ဖို့ပေါ့။

စင်ကာပူကို ပထမဆုံး သွားတော့ လေယာဉ်ပေါ်မှာ မူးနောက်နေတဲ့ ကိုယ့်ကို အနားမှာ ထိုင်တဲ့ အမကြီး တယောက်က ခရီးစဉ် အဆုံး အထိ စောင့်ရှောက်ခဲ့တယ်။ လေယာဉ်ကွင်းကနေ ကွဲသွားလိုက်တာ နောက်မှ တရပ်ကွက်ထဲ ပြန်တွေ့ကြတော့ ပျော်လိုက်တာ။ နေရာ အသစ်မှာ ဆိုတော့ အမ တယောက် ကောက်ရလိုက် သလိုပဲ။ ၀မ်းနည်း စရာက အခု သူ့နံမည်ကို အစဖေါ်လို့ မရတော့ဘူး။ သူဘယ်မှာလဲ မသိတော့ဘူး။

မြန်မာ ဆရာဝန် အမကြီး တယောက် နဲ့လည်း ကျောင်းတက်ရင်း ခင်မင်ခဲ့ရဖူးတယ်။ ကျောင်းပြီးတော့ အဆက်အသွယ် မရှိတော့ဘူး။ အဲ့ဒီ အချိန်တုန်းက သူ့ အမျိုးသားက သင်္ဘောတက်နေတုန်း သူက နေခွင့် ရအောင် ကွန်ပြူတာ ကျောင်းတက်ပြီး စင်ကာပူမှာ သူတို့ နှစ်ယောက် တွေ့ရတယ်။ တက်ညီ လက်ညီ ကြိုးစားကြတဲ့ သူတို့ နှစ်ယောက် အခြေအနေ အမျိုးမျိုးကြောင့် အဲ့ဒီ အချိန်ကတော့ ကလေးယူဖို့ မစဉ်းစားနိုင်ခဲ့ဘူး။ ကံကောင်းရင်တော့ ကလေး တပြုံကြီးနဲ့ တမိသားစုလုံးကို ပြန်တွေ့ချင်သေးတယ်။ ငယ်ငယ်က ဆံပင်ညှပ်ပေးတဲ့ အမကြီးကို ရန်ကုန်ပြန်ရင် တွေ့မလားလို့ ရှာမိတယ်။ မတွေ့ဘူး။ သူ့ကို အိမ်နံမည်နဲ့ပဲ သိတော့လည်း ဘယ်လို သွားရှာမလဲ။ အားတိုင်း ဆံပင်ကို ပုံစံ အမျိုးမျိုး ပြောင်းချင်တိုင်း စိတ်ရှည် လက်ရှည် ညှပ်ပေးတတ်တဲ့ သူ့ကို ဒီမှာ ဆံပင်ညှပ်တာ စိတ်တိုင်း မကျတိုင်း အရမ်း ကျေးဇူးတင်ပြီး သတိရတယ်။

မှတ်မိသလောက် စာအုပ်လေးထဲ ချရေးထားတာ တော်တော် လေးတောင် များနေပြီ။ ခင်မင် သိကျွမ်းခဲ့တဲ့ သူတွေထဲမှာ တချို့လည်း လောကကြီးထဲ မရှိကြတော့ဘူး။ ကိုယ့်အတွက် မြန်မာ အင်္ကျီလေးတွေ စိတ်ရှည်လက်ရှည် ချုပ်ပေးတဲ့ အန်တီ တယောက် နဲ့လည်း ခင်မင် ခဲ့ရဖူးတယ်။ သူ့ အမျိုးသားက နံမည်ကြီး ဒီဇိုင်နာပေမယ့် ဟိတ်ဟန် မရှိတဲ့ အန်တီနဲ့ ကိုယ်ကတော့ မိတ်ဆွေတွေလို ဖြစ်သွားကြတယ်။ ကိုယ် မင်္ဂလာမဆောင်ခင် အမျိုးသားနဲ့ အန်တီ့ကို မိတ်ဆက်ပေးဖို့ သွားတွေ့တာ နောက်ဆုံးပဲ။ သေချာတာ တခုကတော့ သူတို့အားလုံး ကိုယ့်ဘ၀မှာ တစိတ် တဒေသ အရေးပါခဲ့တဲ့ သူတွေချည်းပဲ။ စိတ်အားဖြင့် လည်းကောင်း လူအားဖြင့် လည်းကောင်း ကိုယ့်အတွက် ကူညီဖေးမ ခဲ့ကြတယ်။ အခွင့်ရရင် အားလုံးနဲ့ ပြန်တွေ့ ချင်သေးတယ်။ အဲ့ဒီနေ့ မရောက် မချင်းတော့ တွေ့ဆုံ သိကျွမ်း ခွင့်ရတဲ့သူတွေကို စာအုပ်လေးထဲမှာပဲ မကြာမကြာ သွားတွေ့နေမိတယ်။

12 comments:

Dr. Yi Yi Win said...

ဒီလိုပါပဲ မီယာရေ။ တွေ့ ကြုံ ဆုံကွဲ ဖြစ်မြဲ ပါပဲ။ အခုလိုအမှတ်တရလေးတွေရှိနေခြင်းကိုက လူ့ ဘ၀ရဲ့ အနှစ်သာရထင်ရဲ့ နော်။ အခုမှ မန့် လို့ ရတော့တယ်။

မွန် said...

ဘဝတစ်ကွေ့မှာ တွေ့ခဲ့တယ် ဖေးမခဲ့ကြတယ် လက်တွဲခဲ့ကြတယ် ဘဝရဲ့ နောက်ထပ် အချိုးအကွေ့တစ်ခုမှာ
ဝေးသွားတယ် ကွဲကွာသွားတယ် ပျောက်ဆုံးသွားတယ်
ဖတ်ရင်း ငူငူဘကီးထိုင်နေမိတယ် စကားတွေနဲ့ ပြီးတော့ စာလုံးတွေနဲ့ သူတို့ကို ဘယ်လိုပောပြရပါ့
(မမ အကြောင်းအါရာလေးတွေ နဲ့ attitude လေးတွေ သိပ်ကောင်းတာပဲ ရင်ထဲဆို့သွားတာပဲ)

rose of sharon said...

ဒို့မှာလဲအဲလိုမမှတ်မိသူတွေဝါးတားတားတွေ... များနေတယ်... မီယာ့အကြံကောင်းတယ်... မှတ်မိသလောက်ချရေးကြည့်အုန်းမယ်...

sonata-cantata said...

မီယာရေ စိတ်ကူးလေးကောင်းလိုက်တာ...ပို့စ်နဲ့ ခေါင်းစဉ် (အထူး)လိုက်ဖက်တယ်

Anonymous said...

အင်းနော် မေ့တတ်တာပါလားဆိုပြီး မေ့မေ့ပျောက်ပျောက်နေမိတယ်။ အခုလို စာအုပ်လေးနဲ့ မှတ်ထားပြီးခဏခဏတွေ့ဖို့ မကြိုးစားမိဘူးရယ်။ ကောင်းတဲ့ အကျင့်ပါပဲ အမ

MANORHARY said...

မီယာ့အတွေးလေးကောင်းလိုက်တာ
ကိုယ်လည်းချရေးထားဦးမှ...

မမသီရိ said...

နေ့စဉ်မှတ်တမ်းလေး ရေးဖြစ်တယ် ဆိုရင်တော့
အလိုလို ချရေးပြီးသား ဖြစ်သွားတာပေါ့ မီယာရေ
စိတ်ကူးလေး ကောင်းပါတယ်
မမ တို့ တွေ က ဘ၀ ရထားကြီး မရပ်မနာဒ ခုတ်မောင်နေကြတာ ဆိုတော့ အမှတ်ရနေတဲ့သူတွေ ရှိသလိုပဲ အာရုဏ်ထဲမှာ မှုန်ဝါးသွားတတ်တဲ့ ခါတွေလဲ ရှိသေးတာကိုး

အမှတ်တရလေးတွေ ရှိနေတာတော့ ပိုကောင်းတာပေါ့နော်

သက်ဝေ said...

သိပ်ကောင်းတဲ့ အတွေး စိတ်ကူးလေးပါလား...
ကိုယ်က အခုချိန်အထိတော့ ကိုယ့်ကိုယ့်ကိုယ် တော်တော်လေး မှတ်မိတတ်သူတယောက်လို့ ယူဆထားပြီး ဘာမှ ချရေး မှတ်သားထားတာမျိုး မရှိသေးဘူး။ ဒါပေမယ့် အခု ညီမရေးထားတာကို ဖတ်ပြီးတဲ့ အချိန်ကစလို့ လိုအပ်တာတွေကို ချရေးပြီး မှတ်ထားတော့မယ်လို့ တွေးမိတယ်။
မှန်ကန်တဲ့ အတွေးလေးယူလာပေးတဲ့အတွက် ကျေးဇူးတင်တယ်နော်...။

Rita said...

အတွေးကောင်းလေး ဖတ်မိပေမဲ့ ဘာလို့ရယ် မသိ။ ၀မ်းနည်းမိတယ်။

တန်ခူး said...

အရင်ကဆို အမက သိပ်မှတ်မိတာ… အမျိုးသားက ပြောယူရတဲ့အထိ… အသက်ရလာတော့ တခါတလေ နာမည်တောင် ဖော်မရတော့ဘူး… ညီမလို ချရေးထားတာ အမှတ်တရဖြစ်တယ်နော်… မွေးနေ့ တွေလဲ မေ့တတ်လွန်းလို့  သူငယ်ချင်းတွေက စိတ်ကောက်ကြတယ်… ခုတော့ မွေးနေ့ တွေကို ဖိုင်တခုနဲ့ မှတ်ထားရတယ်…

Moe Cho Thinn said...

မီယာ
သိပ်မှန်တာပဲ ညီမရယ်။ ဒီစာအုပ်လေးဟာ ဘယ်လောက် ဖတ်လို့ ကြည်နူးလို့ ကောင်းလိုက်မလဲ။ တို့က မေ့တတ်တယ်။ ဦးနှောက် မကောင်းဘူး။ အခုလို ချရေးထားရင် သိပ်ကောင်းမှာပေါ့။ ကြိုးစား ရေးအုံးမယ်။ အဲဒီ အိုင်ဒီယာလေး ပေးတာ ကျေးဇူးနော်။
ဒါနဲ့ မီယာ့လက်ရေးက လူကြီးဆန်တယ်။ စိတ်နူးညံ့ပြီး မှန်မှန်ကန်ကန် နေတတ်မယ် လို့ ခန့်မှန်းလိုက်တယ်။ ဘာလို့လဲဆိုတော့ တို့အမေလက်ရေးနဲ့ တူလို့။

ရွှန်းမီ said...

i miss u, too =)