ဒီနေ့ မိတ်ဆွေ တဦးက ကွယ်လွန်သူ သူ့အမေရဲ့ ၀ိညာဉ်နဲ့ ဆက်သွယ် ဖြစ်တဲ့ အကြောင်း ပြောပြတာ နားထောင် ရတယ်။ အများအားဖြင့် အမျိုးသမီး မဂ္ဂဇင်းတွေနဲ့ အပျော်ဖတ် သတင်းစာတွေမှာ သေဆုံးသွားတဲ့ သူတွေရဲ့ ၀ိညာဉ်နဲ့ ဆက်သွယ် ပေးမယ့် ကြားခံ လူတွေ အကြောင်း ကြော်ငြာ ပါလေ့ ရှိပါတယ်။ တဦးချင်း ကြားခံ ဆက်သွယ် ပေးတာ ရှိသလို အဖွဲ့အစည်းနဲ့ ကြီးကြီး မားမား လုပ်နေကြတာလည်း ရှိပါတယ်။ ဒီအကြောင်း ပြောပြတဲ့ မိတ်ဆွေက Spiritualist Association of Great Britain မှာ သွားမေးတာပါ။ ကွယ်လွန်သွားတဲ့ သူ့အမေက သူတို့ မောင်နှမတွေ တယောက်ကို တယောက် စောင့်ရှောက်ကြတာ ၀မ်းသာတဲ့ အကြောင်း၊ တဦးတည်းသော မြေးလေးက ကမ္ဘာအနှံ့ သွားနေရတဲ့ အလုပ် အကိုင်မျိုး ရလို့ ကျေနပ်တဲ့ အကြောင်း၊ နောက်ပြီး သူ့အမေ အသက်ရှင်စဉ်က တချို့ ကိစ္စတွေမှာ ချိုချို သာသာ စကား မဆိုမိတာ သူ့ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူးလို့ ကြားခံလူက တဆင့် သူ့ကို ပြောတယ် လို့ ပြောပြပါတယ်။ အဲ့ဒီ စကား ကြားလိုက်ရတော့ သူ့စိတ်ထဲ အတော်လေး သက်သာရာ ရတယ်လို့ လည်း ဆိုပါတယ်။ ဘာလို့လည်း ဆိုတော့ တခါတရံ သူ့အမေ ပြောတဲ့ စကားတွေဟာ သူ့အတွက် နာကျင်စရာ ဖြစ်နေတတ်လို့ ပါတဲ့။
ဒီကြားခံ လူတွေကို ယုံကြည်ပြီး ဆက်သွယ် မေးမြန်းတဲ့ သူတွေ ရှိသလို အဆိုး မြင်တဲ့ သူတွေလည်း ရှိပါတယ်။ အနီးစပ်ဆုံး ကိုယ် လုပ်ဖူးတာ ကတော့ ငယ်ငယ်က ကြို့ပင်ကောက်ကို အလည်သွားရင်း သူများတွေ လေချွန်နတ် မေးတာ လိုက်သွားဖူးတယ်။ ညဖက်မှ သွားမေးရတာဆိုတော့ ဘာမှ သဲသဲကွဲကွဲ မမြင်ရတဲ့ အပြင် ခွေးတွေကလည်း အပြင်ကနေ ဆွဲဆွဲ ငင်ငင် အူနေ ကြသေးတယ်။ သူငယ်ချင်းတွေ ဘာမေးကြလဲတော့ မသိဘူး၊ ကျောချမ်းသလို ဖြစ်လာတာနဲ့ အပြီးထိ မနေဘဲ အသာလေး ပြန်ထွက် လာခဲ့တယ်။
သူ့ ကိုယ်တွေ့ကို စိတ်ရှည် လက်ရှည် ပြောပြနေတဲ့ မိတ်ဆွေကို နားထောင်ရင်း ကွယ်လွန်သွားတဲ့ ကိုယ့်မိဘတွေ ကိုလည်း သတိရနေမိတယ်။ မိဘ နှစ်ပါးလုံး သားသမီးတွေ အလုပ်အကိုင်နဲ့ အခြေတကျ မဖြစ်ခင်မှာ ဆုံးပါး သွားကြတာမို့ အခုလို အချိန်မှာ သူတို့သာ အသက်ရှင်လျက် ရှိနေသေးလျှင် ဆိုတဲ့ အတွေး မကြာခဏ ၀င်ပါတယ်။ ငယ်ငယ်က နားမလည်နိုင်ခဲ့တဲ့ ကိစ္စတွေကို အခု နားလည်နိုင်လာတော့ သူတို့ကို ပြောချင်တဲ့ စကားတွေလည်း ရင်ထဲ အပြည့်ပဲ။ သမီးကို အမြဲ အရေးပေး ဆက်ဆံတဲ့ အဖေ့ကို ကျေးဇူးတင်တဲ့ အကြောင်း ထပ်ခါထပ်ခါ ပြောချင်သလို ဆယ်ကျော်သက် အရွယ် သမီးပျိုကို သူငယ်ချင်းအိမ် ညအိပ် မလွှတ်တဲ့ အမေ့ကိုလည်း အခု ကိုယ်ချင်းစာ နားလည်နိုင်တဲ့ အကြောင်း ပြောပြချင်ပါတယ်။
ချော့ကလက်တို့ ဒိန်ခဲတို့ ကို ခုံခုံ မင်မင် စားတတ်တဲ့ အမေ့ကို စားချင် သလောက် စားပါလို့ ၀ယ်ကျွေးချင်တယ်။ စာအုပ်ဆိုင်နဲ့ စာကြည့်တိုက် တွေထဲ ရောက်တိုင်း အဖေ့ အကြိုက် စာအုပ်တွေ ဖတ်ချင်တာ ဖတ်ပါ လို့ ပြောချင်တယ်။ ကွန်ပြူတာ ခေတ် မမီလိုက်တဲ့ အဖေက အင်တာနက်မှာ ကြိုက်တဲ့ အချက်အလက်တွေ ရှာလို့ ရတာကို ဘာထင်မြင်ချက်တွေ ပေးဦးမလဲ လို့လည်း သိချင်တယ်။ ကွန်ပြူတာမှာ solitaire ဆော့တဲ့ အမေက လက်ကိုင်ဖုန်းမှာလည်း ကစားလို့ ရတာ သိလျှင် ငါ့ကို တခုလောက် ၀ယ်ပေးစမ်းလို့ ပြောမှာလည်း မြင်ယောင်တယ်။ သူငယ်ချင်းတွေ လာလျှင် scrabble ကို ညလုံးပေါက် ဆော့တဲ့ အဖေ့ အတွက် online scrabble ပေး ကစားချင်တယ်။ အမေတို့ ခေတ်က ရုပ်ရှင်တွေ သီချင်းတွေ ကို အမေ သိမ်းထားဖို့ ၀ယ်ပေးချင်တယ်။ နေရာ အနှံ့က အမေတို့ အဖေတို့ရဲ့ မိတ်တွေတွေ နဲ့ သူတို့ရဲ့ သားသမီးတွေကို မျက်နှာ စာအုပ် ကတဆင့် ပြန်တွေ့ရတဲ့ အကြောင်း ပြောလျှင် ထူးဆန်းတယ်လို့ ပြောကြဦးမလား မသိ။
တနေ့ တချိန်တော့ ခွဲကြရမယ်ဆိုတာ သိပေမယ့် ဘယ်အချိန်လဲ ဆိုတာ အတိအကျ မသိနိုင်တော့လည်း ကြိုတင် ပြင်ဆင်မှုတွေ နည်းပါး ခဲ့ပါတယ်။ ကိုယ့်ဘက်က ပြောချင်တာတွေ လုပ်ပေးချင်တာတွေ အများကြီး ရှိနေသေးသလို သူတို့ မှာလည်း ရှိမှာ သေချာပါတယ်။ အချိန် အခါ မရွေး၊ နေရာ ဒေသ မရွေး၊ အရွယ် မရွေးတဲ့ သေခြင်း တရားက ခွဲခွာ ရတော့မယ် ဆိုတာကို နည်းနည်း လေးတောင် အရိပ်အမြွက် မပြခဲ့ပါဘူး။ ဒါကြောင့်လည်း ပြောစရာတွေ လုပ်ပေးစရာတွေ တပုံကြီး ကျန်နေခဲ့တာပေါ့။ ကြားခံလူတွေက တဆင့် ဘယ်လောက်ပဲ ပြောပြော၊ ဘယ်လောက်ပဲ ကြားရ၊ စိတ်ကျေနပ်မှုတော့ ရနိုင်မယ် မထင်ပါဘူး။ ကိုယ်တိုင် ကိုယ်ကျ ပြောရ ပြုရတာနဲ့တော့ ဘယ်လိုမှ မတူနိုင်တာ အမှန်ပဲလေ။ အခုတော့ သူတို့ အသက်ရှင်စဉ်က ပျော်စရာ အတွေ့အကြုံ အမှတ်တရ အကြောင်းတွေကိုပဲ ပြန် စဉ်းစားရင်း ၀မ်းနည်းတာကို ဖြေသိမ့်နေလိုက်တယ်။

16 comments:
စိတ်ထဲမကောင်းဘူးမီယာ
တွေးတောဆင်ခြင်စရာလေးတွေလည်း
ရသွားပါတယ်.......
ကိုယ်တိုင်က ခုတိုင်မိဘနဲ့ကလေးလိုနေနေရသေးပေမယ့်
ကိုယ်တိုင်လည်း မိဘတစ်ယောက်ဖြစ်နေခဲ့ပြီမို့
တော်တော်တော့ပြန်ပြီးနားလည်ဆင်ခြင်နိုင်ခဲ့တယ်
ထင်နေတာ.......
း(
အင်းး ၀ိဥာဉ်နဲ့ စကားပြောတယ်ဆိုတာ စိတ်ဖြေရာတော့ ရမလားပါပဲ..။ အမဆိုရင် အဖေကို အရမ်းချစ်တော့ အဲလိုလေးတော့ တွေ့ချင်မိတယ်..။
မင်္ဂလာပါ။ ဒီဘလော့ကို အခုမှ ရောက်ဖူးတယ်။ စိတ်ဝင်စားလို့ မှတ်ချက်ထားခဲ့ပါတယ်။ သေသွားတဲ့လူတိုင်းက ဒီဘ၀မှာပဲ ရောက်နေကြတာမဟုတ်ဘူး။ မကျွတ်လွှတ်တဲ့ ဘ၀ကို ရောက်နေမှာ အဲဒီလို တွေ့လို့ရတာ။ လူ၊ နတ်၊ ဗြမ္မာ သွားဖြစ်နေရင် အဲဒီလိုတွေ့လို့မရပါဘူး။
ဟုတ်တယ်နော်။ အချိန်တွေ မလွန်ခင်မှာ ကောင်းကောင်း နေမှပဲ။
မန္တလေးမှာ နေတုံးကတော့ သေဆုံးသွားသူတွေရဲ့ ၀ိညာဉ်နဲ့ ဆက်သွယ်လို့ရတယ်လို့ ကြားဖူးတယ်။
ပြီးတော့ မကျွတ်လွှတ်သေးရင် ကြာနီကန် သင်္ချိုင်းမှာ အကျွတ်အလွတ်ပွဲဆိုပြီး လုပ်တာတွေလဲ ရှိတယ်လို့ ကြားဖူးတယ်။
မီယာရေ
ထပ်တူပဲ စိတ်မကောင်းဖြစ်ရတယ်
မမ ဆို ဇာတိမြေ ကိုပြန်ရောက်ခဲ့ တုန်းက မမ ငယ်ငယ် ကနေခဲ့တဲ့ ခြံကျယ်ကြီးထဲမှာ ဖေဖေ့ ၀ိဥာဉ်တွေ မေမေ့ ၀ိသာဉ်တွေ ရှိနေအုံးမှာ အသေအချာ ပဲ ထင်ပြီး ညနေစောင်းတွေ မနက်စောစော တွေ မှာ စိတ်ထဲကမှန်းပြီး စကားပြောဖြစ်တာ
The Ghost ဇာတ်ကားထဲမှာ လို တကယ်တွေ့လို့မေးလို့ ရရင် ကောင်းမှာ ပဲနော်
လေချွန်နတ် အကြောင်းတော့ ကြားဘူးတယ်။
သူလည်း မြန်မာပြည်မှာ နာမည်ကြီးပဲနော်။
နိုင်ငံခြားမှာလည်း ဒီလိုမျိုး အဖွဲ့အစည်းနဲ့ ကြီးကြီး မားမားတွေ
ရှိတယ်ဆိုတာ အံ့စရာပဲနော်။
စိတ်မကောင်းပါဘူး မီယာရယ်...တို့လည်း မိဘတွေ ရှိတုန်း ကိုယ့်အလုပ်တွေနဲ့ကိုယ်ရှုပ်နေတော့ သူတို့ပြောစကားတွေ သေသေချာချာ နားထောင်ပေးဖို့ အချိန်ယူဖို့ လိုနေသေးတာ သဘောပေါက်သွားပါတယ် မီယာ.. ကျေးဇူးးပါ..။
စိတ်မကောင်းဖြစ်မိတယ်
ဝိညာဉ် ဆိုလို့ ဖတ်ရမှာလန့်သွားသေးတယ်... ဖတ်ကြည့်မှစိတ်မကောင်းဖြစ်မိတယ်...
ခုရက်ထဲ စိတ်မကောင်းစရာတွေပဲ ဖတ်နေရပါလား...း(
ညီမမီယာရေ…ဖတ်ပြီးမျက်ရည်ဝဲတဲ့အထိ စိတ်မကောင်းဖြစ်ရပါတယ်…မိဘစကားကို နားထောင်တဲ့ သမီးလိမ္မာလေးဖြစ်ခြင်းကလဲ ကျေးဇူးဆပ်ခြင်းတမျိုးပါပဲညီမရယ်…
အစ်မရေ
အခု ရန်ကုန်မှာ လေချွန်နတ်လိုမျိုး ပေါ်နေပြန်ပြီလို့ ပြောတယ်။ တောင်ဥက္ကလာမှာ ဆိုလား မသိဘူး။ ရန်ကုန် ပြန်ရောက်တုန်းက ကြားခဲ့တယ်။ ဟုတ်မဟုတ်တော့ မသိဘူးပေါ့။ အမျိုးတွေ ကတော့ အတော် တိုက်ဆိုင်တယ် ပြောကြတာပဲ။
မိဘဆိုတာ ပျောက်ဆုံးသွားပြီး ပြန်မရနိုင်တော့တဲ့ အဖိုးအတန်ဆုံး ရတနာပါပဲ။ တို့လဲ အမြဲ အဲဒီလို တွေးမိတယ် မီယာ။
ဟင်းလေးချက်လို့ လက်တည့်သွားတာက အစ ကျွေးချင်တာ (ငါ့နှယ် အဖေရှိတုန်းက ဘာလို့ မချက်တတ်ပါလိမ့်လို့)။
သနပ်ခါးနံ့လေး မွှေးနေရင်၊ စပယ်ဖြူလေးတွေ တွေ့ရင် အမေ့ကို သတိရ ပေါ့။
ဝိဥာဉ်တွေနဲ့တော့ စကားမပြောချင်ဘူး။ သူတို့ ကောင်းရာ မွန်ရာမှာ နေတယ်လို့ ယုံကြည်ချင်လို့။ ခုထိ မကျွတ်မလွတ်သေးပါလားလို့ သံယောဇဉ်နဲ့ ဆွဲမထားချင်လို့။
အဲဒါတွေ ပြန်တွေးတိုင်း မျက်ရည်ဝဲမိတာ။
ဖတ်ပြီး စိတ်မကောင်းဘူး...
မိဘတွေ သက်ရှိထင်ရှား ရှိတုန်းမှာ အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ဖို့... ကျန်းမာနေတုန်းမှာ စားချင်တာ ကျွေးနိုင်ဖို့...
...
...
အတွေးတွေ အများကြီး ရသွားပါတယ် မီယာ...
ကျေးဇူးပါ။
Post a Comment