နှစ်သစ်မှာ ပို့စ်အသစ် တင်ဖို့ စဉ်းစားတာ ဘာမှ ထွက် မလာဘူး။ ဒါနဲ့ တလောက နိနိတို့ ဆီသွားရင်း ရန်ကုန်ပြန် အတွေ့အကြုံတွေ ကိုယ်စီ ရင်ဖွင့် ကြတာ သတိရပြီး တချို့ကို ချရေး လိုက်တာ။ ရန်ကုန် ပြန်ဖို့ ၂ပတ်လောက် အလို ဈေးဝယ်၊ ပစ္စည်းထည့်၊ မှာတာတွေ ထပ်ဝယ်၊ ညည အိပ်ရေးပျက်၊ အားလုံး စုံပြီး နှာစေး ချောင်းဆိုး ဖြစ်ပါ လေရော။ ရန်ကုန် ရောက်တာနဲ့ ယောက္ခမက ဆိုးနေ ပြန်ပြီလားတဲ့ ဆီးပြီး နှုတ်ဆက်တယ်။ ကိုယ်လည်း ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ငြိမ်နေ လိုက်တယ်။ ရောက်ပြီး နောက်တနေ့ ပုဂံ သွားလည်ပြီး ရန်ကုန် ပြန်ရောက်တဲ့ အထိ ချောင်းဆိုးက မရပ်။ ဒါနဲ့ ဆရာဝန်နဲ့ ပြဖို့ ဘွတ်ကင် တင်လိုက်တယ်။
ဆေးခန်း ပေါ်လည်း ရောက်ရော တိုကင် နံပါတ်ပြပြီး ကိုယ့်အလှည့် ရောက်ဖို့ ထိုင်စောင့်ကြတယ်။ ရောက်ရောက်ချင်း ဆရာမက ကိုယ်အလေး ချိန်တယ်၊ သွေးပေါင်ချိန်တယ်။ အ၀င်ဝမှာ ပေါင်ချိန်စက် ထားပြီး ၀င်လာတဲ့ သူကို တက်ခိုင်းတာပဲ။ ၁၀ မိနစ် လောက် ကတော့ သူ့ အချိန် နဲ့သူ ခေါ်တာ အတိအကျပဲ ကဲ တယောက်လာ တက်၊ နောက်တယောက် တက် ဆရာမလည်း ဈာန်ဝင်သွားပုံရတယ်။ လူ နောက် တစ်ယောက် ၀င်လာတာလည်း တွေ့ရော ထုံးစံအတိုင်း ကဲ တက် ဆိုတော့ အဲ့ဒီလူက ဘာလုပ်မလို့လဲ အဲ့ဒီ အခါမှာတော့ စိတ်မရှည်တော့တဲ့ မျက်နှာနဲ့ ဆရာမက တက် ပေါင်ချိန်မယ်လေ ဆိုတော့ ဟာ ကျွန်တော် လူနာမဟုတ်ဘူး လို့ ပြန်ပြောတာ ကြားလိုက်ရတယ်။
ကြားရတဲ့သူတွေလည်း ပြုံးစိစိနဲ့ပေါ့။ ဆရာမ အကြီးတစ်ယောက်က လူနာလား ဘာလား သေချာလည်း မေးပါဦးလို့ ဆက်ပြောနေသံကြားလိုက်ရတယ်။
ကိုယ့်အလှည့် ရောက်လို့ ၀င်သွားတော့ ဆရာဝန်မကြီးက ဘာဖြစ်တာလဲ မေးလို့ နှာစေး ချောင်းဆိုး ဖြစ်တာပါ ချောင်းဆိုး ကျန်နေခဲ့ပါတယ် မနေ့ကပဲ ပုဂံက ပြန်လာတာပါ ဖုန်တွေနဲ့ ပိုဆိုးသလား မသိပါဘူး မမရယ် လို့ ဖြေလိုက်တယ်။ ဒါနဲ့ ဆရာဝန်မကြီးက အော် ပုဂံမှာ ဟိုတယ် သွားဆောက်တာလား။ ကိုယ်တို့ နှစ်ယောက်လည်း တယောက် မျက်နှာ တစ်ယောက်ကြည့်၊ ရီချင်စိတ်ကို အောင့်ပြီး မဟုတ်ပါဘူး၊ အလည်သွားတာပါ လို့ ပြန်ပြောခဲ့ရတယ်။ ဆေးခန်း အပြင်ရောက်တော့ နှစ်ယောက်သား တ၀ါးဝါးနဲ့။
နောက်တနေ့ မျက်မှန်လုပ်မယ် ဆိုပြီး ဈေးချိုတယ်လို့ ပြောတဲ့ မြန်မာ့ မျက်မှန်ကို ထွက်လာ ကြတယ်။ မျက်စိစမ်းဖို့ အခန်းထဲကို သွားလိုက်ပါ ဆိုတော့ ကော်ဇော ခင်းထားတာ တွေ့လို့ ဖိနပ်အချွတ်မှာ please come in, don't take off your shoes တဲ့။ ကိုယ်ကလည်း မျက်စိစမ်းချင်လို့ပါ လို့ပြန် အပြော၊ please take a seat တဲ့။ သူအင်္ဂလိပ် ကိုယ်ဗမာနဲ့ ပြောကြတာ ပြီးတဲ့ အထိပဲ။ နှစ်ယောက်သား ငိုမလို ရီမလို မျက်နှာတွေနဲ့ ပြန်ထွက်လာကြတယ်။
နောက် တခေါက်က ဗိုလ်ချုပ်ဈေးမှာ။ ကိုယ်တို့ နှစ်ယောက်ကို လူတွေ ကွက်ကြည့် ကွက်ကြည့် လုပ်နေတာ သိပေမယ့် နှစ်ယောက် တကမ္ဘာ ရုပ်တွေနဲ့ လက်တွဲပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လုပ်နေကြတယ်။ ပို့စကဒ်ရောင်းတဲ့ ကလေး တစ်ယောက် အနားလာတော့ အတော်ပဲပေါ့ ရုံးကို တစ်ခုလောက် ပို့မယ် ဆိုပြီး ဘယ်လောက်လဲ ဆိုတော့ အမယူရင် ၅၀၀ သူ့ကို တော့ ၁၀၀၀ တဲ့။ ဟဲ့ ဘာကွာလို့လဲ ဆိုတော့ မြန်မာ အချင်းချင်း ရိုင်းပင်းတာပါ အမရာ တဲ့။ ဒါနဲ့ ခင်ပွန်းသည်က ငါဗမာကွ လို့ ပြောရော ခိုနိချီဝါ 1000 kyats only လို့ မှုတ်ပြန်ရော။ ရင်စေ့လက်ရှည် အင်္ကျီ အင်းလေး ထမီနဲ့ ကိုယ့်ကို ဂိုက်ဒ်လို့ ထင်ပြီး ဒီဗမာမတော့ နိုင်ငံခြားသားနဲ့ လက်တတွဲတွဲ လုပ်နေပါလား ဆိုပြီး ကြည့်ကြတာပဲ ဖြစ်မှာလို့ နောက်မှ တွေးမိတယ်။
တနေ့တော့ နှစ်ယောက်သား စမ်းချောင်းက သူငယ်ချင်းဆီ ကအပြန် ဆံပင်ညှပ်ဖို့ ပဒုမ္မာကွင်း နားက စတိုးဆိုင် အပေါ်ထပ်ကို သွားပါတယ်။ ပိတ်သွားပြီတဲ့။ မနှစ်ကပဲ ရှိသေးတယ်။ ဒါနဲ့ တွေ့တဲ့ ဆိုင်တစ်ခုကို ၀င်လိုက်ပါတယ်။ ဆံပင်ညှပ်တဲ့လူက စကားပြန်နဲ့ ပြောရပါတယ်။ ဆိုင်က ကလေးမလေးတွေကလည်း စီးဖူ စီးဖူ ပဲခေါ်တာ ကြားရတယ်။ သူ့ဘာသာသူ စိတ်ကူးနဲ့ ကိုယ့်ဆံပင်ကို ညှပ်အပြီးမှာ မေးတာက စီးစိုမလား တဲ့။ သူပြောတာ နားမလည်လို့ I am sorry, I don't understand လို့နှစ်ခါ သုံးခါ ထပ်ပြောလည်း ဒါပဲ မေးတယ်။ ဒါနဲ့ လာကြပါဦး ဘာတွေ ပြောနေလဲ မသိဘူး လို့ အော်ပြီး စစ်ကူ တောင်းတော့မှ သူ့တပည့်မလေးတွေ ထွက်လာပြီး ဘာသာပြန်ပေးတာက ဆေးဆိုးမလား လို့မေးတာပါတဲ့။
မှတ်ချက်။ ရန်ကုန်ပြန်တိုင်း ဘယ်သွားသွား နှစ်ယောက်လုံး မြန်မာလိုပဲ ၀တ်စားဆင်ယင်ပါတယ်။