Monday, 14 September 2009

ရမ်းပဲ လူပုလေး

ချစ်သော တူမလေး အတွက် ပုံပြင်လေး တပုဒ်ပါ။
ဟိုး ရှေးရှေးတုန်းက ဈေးမြို့လေး တမြို့မှာ ထင်ပေါ် ကျော်ကြား ချင်တဲ့ ဂျုံစက် ပိုင်ရှင် လူကြီး တယောက် ရှိတယ်တဲ့။ သူ့မှာ ချောမော လှပတဲ့ သမီးလေး တယောက်လည်း ရှိတယ်။ ဂျုံစက် ပိုင်ရှင် လူကြီးဟာ သူ့ကို လူတကာ အရေးစိုက်အောင် မကြာ မကြာ လေလုံးထွား ပုံကတော့ တတိုင်းပြည်လုံးမှာ ကျုပ် ဂျုံစက်က တခြားဂျုံ စက်တွေထက် မြန်အောင် ကြိတ် နိုင်တယ်ဗျို့။ ကျုပ်စက်က ထွက်တဲ့ ဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်က တခြား ဂျုံနဲ့ လုပ်တဲ့ ပေါင်မုန့်ထက် ၂ဆ ပိုမြင့်တယ် လို့ ကြွားပြော တတ်တယ်။ သူ့ အကြောင်း သိတဲ့ လူတွေ ကတော့ သိပ် အရေး မစိုက်ကြပါဘူး။

တနေ့တော့ ဘုရင်ကြီးက သူတို့မြို့ကို ကြွချီလာတယ်။ ဂျုံစက် ပိုင်ရှင် လူကြီးလည်း ထုံးစံအတိုင်း လေလုံးထွား ပြီး ကျွန်တော်မျိုးမှာ ကောက်ရိုးကို ရွှေဖြစ်အောင် ငင်တတ်တဲ့ သမီး တယောက် ရှိပါတယ် လို့ အသံကုန် ဟစ် ပါလေရော။ ကြားရတဲ့ လူတိုင်းက ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ မယုံနိုင်ဖွယ် ကြွားလုံးကို သြချ ယူရတယ်။ လူကြွားကြီး အကြောင်း မသိတဲ့ ဘုရင်ကြီးကတော့ သူ အမှန်တွေ ပြောနေတယ် ထင်ပြီး ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးကို နန်းတော်သို့ ခုချက်ချင်း ခေါ်စေ လို့ အမိန့်ထုတ် လိုက်တယ်တဲ့ကွယ်။ ဘုရင်ကြီး ကလည်း လောဘကြီးတဲ့ ဘုရင်ကြီးတဲ့။

ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေး နန်းတော် ကိုလည်း ရောက်လာရော ချည်ငင်စက်လေး တခုနဲ့ ကောက်ရိုးတွေ ခန်းလုံးပြည့် ဖြည့်ထားတဲ့ အခန်း တခန်း ထဲကို ဘုရင်ကြီးက ခေါ်သွား ပါလေရော။ မနက်ဖြန် မနက်မှ ကောက်ရိုး အားလုံးကို ရွှေဖြစ်အောင် မလုပ်ပေး နိုင်ရင် သေဒဏ်ပေးစေ လို့ အမိန့် ချမှတ်ပြီးတာနဲ့ အခန်းကို သော့ခတ်ပြီး ထွက်သွားတယ်။ သနားစရာ မိန်းကလေး ခမျာ ငိုရုံကလွဲပြီး ဘာမှ မလုပ်နိုင်ရှာဘူး။ ကောက်ရိုး အားလုံးကို ရွှေ ဖြစ်အောင်တော့ ဘယ်လို နည်းနဲ့မှ သူ မလုပ်နိုင်ပါဘူး။ ခုတော့ သူ့အဖေ ထင်ပေါ်လိုမှု၊ အကြွားလွန်မှုနဲ့ သူသေရတော့မယ်။

ရုတ်တရက် ထူးဆန်းတဲ့ လူပုလေး တယောက် သူ့ရှေ့ရောက်လာတယ်။

ဘာဖြစ်နေတာတုန်း လူပုလေးက မေးတယ်။ ဂျုံစက် ပိုင်ရှင် လူကြီးရဲ့ သမီးလေးက ဖြစ်ကြောင်း ကုန်စင် ပြောပြတယ်။
ငါ ကူညီနိုင်မယ် ထင်တယ် ငါ့ကို ဘာဆုချမှာလဲ
လို့ လူပုလေးက မေးတယ်။
ဒါကိုယူပါ
လို့ မိန်းကလေးက သူ့ လည်ဆွဲလေးကို လူပုလေး လက်ထဲ ထည့်လိုက်တယ်။ လူပုလေးလည်း နောက်ထပ် စကား တလုံးမှ မပြောတော့ဘဲ ချည်ငင်တဲ့ ဘီးကလေးကို စလှည့်လိုက်တယ်။
ဝှီး ၀ှီးဝှီး
(နောက်တပတ်မှ ဆက်မယ်နော်) ပုံကို listverse.com ကယူပါတယ်။

Monday, 7 September 2009

ကိုယ်နဲ့အ၀တ်

သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်း တပုဒ်... အမျိုးသမီး တယောက် မသုံးစွဲ ရသေးတဲ့ အ၀တ်တွေ၊ ပစ္စည်းတွေ ပိပြီး အိမ်ထဲမှာ သေဆုံး နေတာကို ရဲက ဘူဒိုဇာနဲ့ အိမ်ကိုရှင်းပြီး သူ့အလောင်းကို သယ်ထုတ်ရတယ် တဲ့။ အဲ့ဒီ သတင်း ဖတ်ပြီး ကိုယ်နဲ့ အ၀တ် အကြောင်း တွေးမိတယ်။

ကိုယ်တို့ ငယ်ငယ်က အ၀တ်အထည်တွေ အခုလောက် ဈေး မကြီးပေမယ့် ဈေး မပေါပါဘူး။ ကျောင်းဝတ်စုံရယ် ပွဲသွား ပွဲလာ ၀တ်ဖို့ရယ်နဲ့ အိမ်နေ အ၀တ်ရယ် လို့ အကြမ်းဖျင်း ၃မျိုးလောက် ခွဲလို့ရပါတယ်။ ကျောင်းဝတ်စုံကတော့ တော်နေသရွေ့ မတိုတက် သရွေ့ ၀တ်ပါလေ့။ ခရစ်စမတ်တို့ ဘုရားကျောင်းပွဲနေ့တို့ ဆိုလျှင်တော့ အင်္ကျီချုပ်တတ်တဲ့ အဒေါ်က ခါတော်မီ အင်္ကျီ ချုပ်ပေးလေ့ရှိတယ်။ ညမအိပ်ခင်အထိ ကိုယ့်အင်္ကျီ ဘယ်လိုပုံလည်း မသိရသေးဘူး။ စိတ်ကူးယဉ်ပြီး အိပ်ရာဝင်သွားတာ မနက်နိုးတော့ အဒေါ်က ဂါဝန်လေးကို တန်းမှာ ချိတ်ထားပေးတယ်။ ကလေးသဘာဝ အသစ်ရတော့ ပျော်တာပေါ့။ လူကြီးတွေ ၀ယ်ပေးတာပဲ ၀တ်ရတဲ့ အရွယ်မှာတော့ ဘာရယ်ညာရယ်လို့ ပူဆာမိတာ မရှိပါဘူး။ ၀ယ်ပေးတာ ဆင်တာ ၀တ်လိုက်တာပါပဲ။ လောဘ မရှိသေးတဲ့ အရွယ်ပေါ့။

ဆယ်ကျော်သက် အရွယ်ရောက်တော့ ရတဲ့ မုန့်ဖိုးကို စုပြီး အင်္ကျီဝယ် ၀တ်တယ်။ ပြည်တွင်းဖြစ် ရယ်ဒီမိတ်တွေက ဈေးမကြီးပါဘူး။ မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ ဆင်တူ ပိတ်ဖေါက်ဇာ အကျိင်္ီလေးတွေ ၁၁၀ ကျပ် ပေးပြီး ၀ယ်ဝတ်ကြတယ်။ ကိုယ်ကြိုက်တဲ့ ပိတ်စ၀ယ်ပြီး ရုပ်ရှင် မင်းသမီး အဆိုတော် တွေရဲ့ အင်္ကျီပုံစံတွေ အတိုင်း ရအောင် အပ်ချုပ်သည်ဆီ အပ်ကြတယ်။ ကျောင်းသူဆိုတော့ ကိုယ့်အထွာနဲ့ ကိုယ် အ၀တ်အစားကို ရတဲ့ မုန့်ဖိုးနဲ့ ၀ယ်ဝတ်တယ်။ ၀တ်ချင်ပေမယ့် မတတ်နိုင်လို့ မ၀ယ်နိုင်တဲ့ အရွယ်ပေါ့။

အလုပ်ရတော့ စနေ တနင်္ဂနွေဆို ပိတ်စတွေ ၀ယ်ပြီး အပ်ချုပ်သည်ဆီ ပြေးတယ်။ အပ်ချုပ်သည်ကို မြန်မြန် ရအောင် အပူတပ် လိုက်သေးတယ်။ တင်္နလာကနေ သောကြာကို ပိုက်ဆံ ရှာပြီး စနေ တနင်္ဂနွေမှာ ရှာသမျှ သုံးသလို ဖြစ်နေတယ်။

အ၀တ်ဝယ်တဲ့ ကိုယ့်အကျင့်ကို သုံးသပ်ကြည့်တော့ ကွက်လပ် တခုကို ဖြည့်သလို ဖြစ်နေတယ်။ အ၀တ်တွေ ၀ယ်လိုက်ရလျှင် စိတ်ထဲ အားရ ကျေနပ်တာမျိုး ခံစားရတယ်။ ၀တ်ဖို့မရှိလို့ ၀ယ်တာလား ဆိုတော့ မဟုတ်ပါဘူး။ အေးတဲ့ အချိန်၊ သိပ် မအေးတအေး အချိန်၊ ပူတဲ့ အချိန်၊ မပူ့တပူ အချိန် ၀တ်ဖို့ရယ် ဆိုပြီး ရမယ်ရှာပြီး အမျိုးပေါင်း စုံအောင် ၀ယ်တတ်တယ်။ တောင်းမှာ အကွပ် လူမှာ အ၀တ် လို့ အ၀တ်အစား မ၀ယ်ခင် ဆင်ခြေပေးပြီး ၀ယ်တယ်။ အထည်များ အယားပြေ ဆိုပြီး ဈေးပေါတာတွေ အများကြီး ၀ယ်တယ်။ အပြင်သွားလို့ တခုခု မ၀ယ်လာရလျှင် စိတ်ထဲ မကျေမနပ် ဖြစ်တတ်တယ်။ မရမချင်း မွှေနှောက်ပြီး ဈေးဆိုင်တွေ လိုက်ပတ်နေတာပဲ။ ဘာရှာနေလဲလို့ မေးလျှင် ကိုယ် ကိုယ်တိုင်လည်း မသိပါဘူး။ sales မှာ £5 ဆိုလျှင် မလိုလည်း ၀ယ်ဖြစ်တယ်။ £1 ဆိုလျှင်တော့ ကိုယ့်ဆိုဒ် မဟုတ်တောင် လက်ဆောင်ပေးရတယ် ဆိုပြီး ၀ယ်ထားတယ်။ အင်္ကျီတွေ ၀ယ်ရင်း သတင်းစာထဲ ပါတဲ့ အမျိုးသမီး အကြောင်းကလည်း မကြာခဏ ခေါင်းထဲ ရောက်လာပြီး ချွေးတွေလည်း ပြန်လာတယ်။

နောက် စဉ်းစားမိတာ တခုက ခုတလော အ၀တ် အစားတွေ သိသိ သာသာကြီး ဈေးပေါလာတယ်။ ဖက်ရှင် ပြပွဲတွေ ကဖြင့် မပြီးသေးဘူး၊ အင်္ကျီ ဒီဇိုင်း အသစ်တွေက ဆိုင်တွေပေါ် ရောက်ကုန်ပြီ။ အင်အားနဲ့ အချိန် ပိုစိုက်ရတဲ့ အ၀တ်အစားမျိုး (ဇာထိုး ပန်းထိုး ပုတီးစေ့) တွေကလည်း ဈေးပေါပေါနဲ့ ၀ယ်လို့ ရနေတယ်။ စီးပွားရေးကပ် ဆိုဒ်နေချိန်မှာ လူတွေကလည်း ဈေးပေါတဲ့ ဆိုင်တွေက အတော်လေး ၀ယ်ဖြစ်ကြတယ်။ ဒီတော့ ဆိုင်တွေကလည်း တဆိုင်နဲ့ တဆိုင် အပြိုင်အဆိုင် ဈေးလျှော့ ရောင်းကြရတယ်။ ဆိုင်တွေက အမြတ်အစွန်း အလျော့ မခံချင်တဲ့ အခါကျတော့ အခြား အသုံးစရိတ်တွေကို တတ်နိုင်သလောက် အသက်သာဆုံး ဖြစ်အောင် လုပ်ကြတယ်။ အ၀တ်အစား ထုတ်လုပ် စရိတ်၊ သယ်ယူခ၊ ထုပ်ပိုးခ စတာတွေ အပြင် ဆိုင်ဝန်ထမ်းတွေရဲ့ လခနဲ့ ရပိုင်ခွင့် တွေပါ ထိခိုက်ကုန်တယ်။ ဆိုင်ဝန်ထမ်းထဲမှာ ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ ပါတယ်။

ဈေးပေါတိုင်း လောဘတက်ပြီး လိုက်ဝယ်နေတာ ဒီဂယက်က ကိုယ့်ကို ရိုက်ခတ် နေတာတောင် သတိမထားမိဘူး။ အင်္ကျီပုံထဲ ကိုယ့်ကို ရှာမတွေ့မှာလည်း တွေးပြီးကြောက်တယ်။

Friday, 4 September 2009

ခရီးဖော်

တယောက် အကြောင်း တယောက် ကောင်းကောင်း သိချင်လျှင် ခရီး တခု တူတူ သွားလိုက်ပါတဲ့။ ဘယ်လို နေရာမျိုး သွားမှာလဲ၊ အပျော် ခရီးလား၊ ဈေးဝယ်တာ ၀ါသနာ ပါသလား၊ ပြတိုက်တွေ သမိုင်းကြောင်းတွေရော စိတ်ဝင်စား သလား၊ လမ်းမှာတွေ့တဲ့ ဒေသ အစာတွေ ၀ယ်စားရတာ ကြိုက်သလား၊ ပိုက်ဆံ ဘယ်လောက် အကုန်ခံနိုင် သလဲ၊ ဟိုတယ် သေးသေးလား ကြီးကြီးလား၊ နေ့လည်စာနဲ့ ညနေစာတွေကို ဆိုင်မှာစားမလား၊ အထုပ် ဆွဲစားမှာလား၊ အိမ်က ထည့်သွားမှာလား၊ ကိုယ်တိုင် ကားမောင်းမှာလား၊ ပြည်သူပိုင်ကားနဲ့ သွားမှာလား၊ ရထား စီးမလား၊ ကျန်းမာရေး အတွက် လမ်းလျှောက်မလား၊ တောတွေ တောင်တွေထဲ သွားဦးမလား၊ ပစ္စည်းတွေ တူတူ ထည့်မှာလား၊ ကိုယ့်အိတ်နဲ့ ကိုယ်လား၊ ပြောရရင်တော့ အများကြီးပါပဲ။ သဘောထားချင်း တိုက်ဆိုင်ဖို့ ညှိနှိုင်း နေလို့ကတော့ ခရီး ထွက်ရဖို့ရာ အကြောင်း မမြင်ပါ။

ဒါနဲ့ပဲ အလုပ် ပိတ်ရက် အတိုလေးမှာ ခရီးတိုလေး တခု သွားခဲ့တယ်။ တယောက် ကျောပိုးအိတ် တခုဆီနဲ့ ကြိုးစား ပမ်းစား ပြင်ဆင်မှု မရှိဘဲ အိမ်က ထွက်ခဲ့တယ်။ သွားရမယ့် နေရာက ကားတတန် ရထားတတန် ခရီး။ ရထား လက်မှတ် ကြိုဝယ်ထားသလား ဆိုတော့ ဘူတာ ရောက်မှ ၀ယ်မှာတဲ့။ ကားပေါ် ရောက်တော့ မူးတတ်တဲ့ ကိုယ်က အာရုံလွှဲတဲ့ အနေနဲ့ စကားပြောဖို့ ဘေးကို ကြည့်လိုက်တော့ သူက မျက်လုံးစုံ မှိတ်ထားတယ်။ ကားရပ်တော့ စိတ်ထဲ မကြည်မသာ ဖြစ်တာနဲ့ ကော်ဖီ ၀င်သောက်မယ်လို့ အဆိုပြုလိုက်တယ်။ ဗိုက်ဆာလို့လား တဲ့။ မဆာပါဘူး၊ နောက်ခရီး မဆက်ခင် အားဖြည့်တာ။ ဘူတာရုံ ရောက်ဖို့ ဘတ်စ်ကား ထပ်စီး ရသေးတယ်။ ဘူတာရုံ ရောက်တော့ စက်မှာ သွားနှိပ် ကြည့်လိုက်တာ ရထားခ တယောက်ကို £84 ဆိုတော့ အိမ်မှာ ကြည့်ထားတာနဲ့ မတူဘူးဆိုပဲ။ လက်မှတ် ရောင်းတဲ့ ကောင်တာမှာတော့ ဈေးတမျိုး ဖြစ်နိုင်တယ်လို့ ကိုယ့်ကို နှစ်သိမ့်ရှာတယ်။ ရထားခ ဈေးကြီးလျှင် ဘာလုပ်ချင်လဲ လို့ မေးတာနဲ့ ဘာအကြံမှ မရှိလို့ ပြား ၂၀ ပေးပြီး ၀င်ရတဲ့ အိမ်သာထဲ ၀င်သွားလိုက်တယ်။ ပြန်ထွက်လာတော့ ရထား လက်မှတ် ၂စောင် သူ့လက်ထဲမှာ၊ တယောက်ကို £30တဲ့။

၂နာရီလောက် စီးရမယ့် ခရီးဆိုတော့ ဖတ်စရာ တခုခု လိုက်ရှာတာ သူများတွေ ချန်ထားခဲ့တဲ့ သတင်းစာတွေ ရှိနေတယ်။ သတင်းစာ တစောင်ကို သူက ရှေ့ဆုံးနဲ့ နောက်ကျော၊ ကိုယ်က အလယ် စာမျက်နှာတွေ ဖတ်တယ်။ သတင်းစာရဲ့ နောက်ဆုံး စာမျက်နှာတွေကို နားမလည်တာနဲ့ အတော်ပဲလေ။ လု မနေရတော့ဘူးပေါ့။ လက်မှတ်စစ်လာတော့ ကိုယ့်လက်မှတ် ရှာမတွေ့ဘူး။ သူ့ကို လှမ်းကြည့်တော့ ဘာလဲ ဆိုတဲ့ အကြည့်ပဲ ပြန်ရတယ်။ လက်မှတ်က ကိုယ့်ကို ပေးထား ပြီးသားကိုး။ လက်မှတ်စစ်က နောက် တခေါက်ပြန်လာမယ် ပြောပြီး ထွက်သွားလေရဲ့။ ၃မိနစ်လောက် ဟိုမွှေ ဒီမွှေ ရှာတော့မှ လက်မှတ်က ကိုယ့်အရှေ့အိတ်ထဲက ထွက်လာတယ်။ အပြန် လက်မှတ်တော့ မယူထား တော့ဘူးလို့ တခါတည်း ပြောထားလိုက်တယ်။ ရထား ဆိုက်တော့ လမ်းညွှန် မြေပုံ ရှာပြီး လည်စရာ နေရာတွေကို ဆုံးဖြတ်တယ်။ အကြိုက်ချင်း တူလျှင်တော့ သိပ်အချိန် ယူစရာ မလိုပါဘူး။ ကိုယ်ကတော့ အိမ်မှာ မနေရလျှင် ပြီးရောလို့ စိတ် ပိုင်းဖြတ် ထားတာ ဆိုတော့ ဘယ်သွားသွား ပျော်ပျော်ကြီး နောက်က လိုက်တယ်။ ဒါလည်း အဆင်ပြေပါတယ်။

ဓါတ်ပုံကတော့ ကိုယ့်ဖာသာ ရိုက်ချင်ရာ ရိုက်တာ ပို စိတ်ချမ်းသာတယ်။ နှစ်ယောက်တွဲ ရိုက်ချင်တဲ့ အခါကျတော့ လမ်းမှာ တွေ့တဲ့သူကို အကူအညီ တောင်းရတာပေါ့။ သွားလည်တဲ့ နေရာမှာ ထုံးကျောက် တောင်တန်းတွေက မျက်စိရှေ့မှာ တတန်းကြီး၊ English Channel ရေပြင်ကြီးနဲ့ ဖြတ်သွားမယ့် သင်္ဘောတွေကိုလည်း မြင်နေရသေးတယ်။ မြင်ရတဲ့ မြင်ကွင်းတွေက ဖမ်းစားတာနဲ့ တောင်စွန်းတွေပေါ်ကို ဖြေးဖြေး တက်သွားလိုက်တာ အနောက်ကို လှည့် မကြည့်ဖြစ်ဘူး။ သတိရလို့ ကြည့်လိုက်တော့ ကိုယ် တယောက်တည်း။ ထုံးစံအတိုင်း သူမှီလာတော့ နောက်မကြည့်ဘဲ လျှောက်ရ ကောင်းလားလို့ ရေရွတ်တာပေါ့။ ရှေ့ဆက်ဖို့ ကြည့်လိုက်တော့ ဆက်သွားလို့ မရတော့ဘူး။ တောင်အစွန်း ရောက်နေပြီ။ ဒါနဲ့ အပေါ်ဖက်ကို တွားပြီး ပြန်တက်ရတယ်။ လှမ်းဆွဲတဲ့ မြက်ပင်တွေကလည်း ကြမ်းပါ့။ လက်တောင် ရှတယ်။ အောက်ကိုတော့ မကြည့်ရဲဘူး။ ကုန်းတက်ရင်း ဒီလိုအခက်အခဲတွေ လုပ်ဖို့ လာတာ မဟုတ်ဘူး လို့လည်း အဆူခံ လိုက်ရတယ်။ တောင်ပေါ်တော့ ပြန်ရောက်သွားလို့ တော်သေးတယ်။ ဒီတခေါက်တော့ ကိုယ့်ကို မျက်ခြေပြတ် မခံဘဲ ဖ၀ါးချင်းထပ် လိုက်လာတယ်။

လမ်းမှာ သဘာဝ ရှူခင်းတွေ ကြည့်ပြီး နေ၀င်တာ လာကြည့် ရအောင်လို့ ပြောတော့ ဟေ့ တိုးတိုးပြောပါကွာ သူများတွေ ကြားကုန်ဦးမယ်၊ ဒါ အရှေ့ဖက် တဲ့။ မိန်းမနဲ့ ယောကျာ်း သဘာဝချင်း မတူဘူး လို့ပဲ တွေးဖြေလိုက်တယ်။ ကိုယ်က သတိမထားမိဘဲ လုပ်ချင်တာသာ စိတ်ကူးယဉ်ပြီး ပြောလိုက်မိတာလေ။ မပြန်ခင်တော့ ကိုယ့်အကြောင်း သိလို့ ဈေးဝယ် ကောင်းတဲ့ နေရာ တခု ခေါ်သွားတယ်။ သိပ်မကြာဘူး သူ အနားကို ရောက်လာပြီး ပြောတာက လာဝယ်တဲ့ သူတွေက အဖွားကြီးတွေ ချည်းပဲနော် တဲ့။ ပေါင်းတာ ကြာပြီမို့ သူဘာကို ဆိုလိုတာလည်း သိလိုက်တယ်။ အ၀တ်အစားတွေ မ၀ယ်စေချင်ဘူး ပေါ့လေ။ ဒါနဲ့ပဲ ဘာမှ မ၀ယ်ခဲ့ဘူး။ မြို့ကြီး ပြန်ရောက်တော့ နှစ်ယောက်လုံး အကြိုက် တရုပ်စာ သွားစားကြတယ်။ ပြီးတော့ သူက ဖိနပ် ၀ယ်တယ်။ ၂ရံဝယ်လျှင် ၂၀%လျှော့မယ် ဆိုတာနဲ့ ကိုယ့်အတွက် ဖိနပ် ၁ရံဝယ်ပေးတယ်။

ခရီးတိုလေး တခုတော့ ပျော်ရွှင်စွာနဲ့ ပြီးသွားတယ်။ ဘ၀ခရီး ကိုလည်း ခရီးဖော်ကောင်းနဲ့ဆို မမှုပါဘူး။ မမောတမ်း နောက်က လိုက်ခဲ့မယ်။